ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၉)

ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၉)

ခွဲခြားထားခြင်းခံရသော လူ့အဖွဲ့အစည်း တစ်ခုရဲ့ ခရီးရှည် လူ့အဖွဲ့အစည်းတစ်ရပ် လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက်ဆိုရင် ဒီအဖွဲ့အစည်းအတွင်းမှာ ပါ၀င်တဲ့ လူ့အသိုက်အဝန်းတွေ အားလုံးဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို အချင်းချင်းပြန်လည်ရင်ကြားစေ့ရေး ချဉ်းကပ်နည်းကို မလွဲမသွေ ရွေးချယ်အသုံးပြုရပါမယ်။

ခွဲခြားထားခြင်းခံရသော လူ့အဖွဲ့အစည်း တစ်ခုရဲ့ ခရီးရှည်
လူ့အဖွဲ့အစည်းတစ်ရပ် လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက်ဆိုရင် ဒီအဖွဲ့အစည်းအတွင်းမှာ
ပါ၀င်တဲ့ လူ့အသိုက်အဝန်းတွေ အားလုံးဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို အချင်းချင်းပြန်လည်
ရင်ကြားစေ့ရေး ချဉ်းကပ်နည်းကို မလွဲမသွေ ရွေးချယ်အသုံးပြုရပါမယ်။

ဒီလိုအသုံးပြုတဲ့အခါမှာ အမှန်တရားကို လေးစားလိုက်နာခြင်း၊ အပြန်အလှန်အသိအမှတ်ပြုမှုရှိခြင်း၊
တရားမျှတမှုရှိခြင်း၊ လူ့ အသိုက်အဝန်းကို အကာအကွယ်ပေးနိုင်ခြင်း၊ မေတ္တာကရုဏာတရား
ထားရှိခြင်း၊ နောင်တ တရားကို လက်ခံခြင်းနဲ့ အမျိုးသား ပြန်လည်ညီညွတ်ရေးတည်ဆောက်ခြင်း
တို့အတွက် ၀ိုင်းဝန်းကူညီပေးနိုင်တဲ့ လူမှုရေးရာ၊ ယုံကြည်မှုရေးရာ၊ တရားဥပဒေရေးရာနဲ့
နိုင်ငံရေးရာကွန်ရက် အဖွဲ့အစည်းတွေရဲ့ အားကို ရယူပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လူအများအပြားပါ၀င်သော အကြမ်းနည်း လုပ်ဆောင်ချက်များကြောင့် ကွဲပြဲခဲ့ရတဲ့ လူ့အဖွဲ့အစည်း၊
သို့မဟုတ် ခွဲခြားထားခြင်းခံရသော လူ့အဖွဲ့အစည်းအတွင်းမှာ ပြန်လည် ရင်ကြားစေ့ဖို့ဆိုတာ
ပြဿနာမျိုးစုံ ပါ၀င်နေတဲ့အတွက် မျက်နှာစာတစ်ခုကောင်း၊ နှစ်ခု ကောင်းကနေ တုံ့ပြန်မှုပြုတဲ့ ပုံစံနဲ့
မလုံလောက်နိုင်ပါဘူး။

မျက်နှာစာတစ်ခုကနေ လုပ်ဆောင်မှုတစ်ခုဟာ အခြားမျက်နှာစာတွေဆီ တစ်နည်းနည်း
သက်ရောက်မှု ရှိနိုင်ပါတယ်။

သာဓကအနေနဲ့ ပြောရမယ်ဆိုရင် မေတ္တာကရုဏာတရား၊ သို့မဟုတ် ခွင့်လွှတ်ခြင်း မပါ၀င်တဲ့
ပြန်လည် ရင်ကြားစေ့ရေးဟာ ဥပဒေအတိုင်းလုပ်ဖို့သာ ဖြစ်သွားတဲ့အတွက် ခံစားချက်မဲ့ပြီး
ခြောက်ကပ်ကပ် ဖြစ်သွားစေပါတယ်။

တကယ်လို့ ပြန်လည် ရင်ကြားစေ့ရေးမှာ ဥပဒေနဲ့ တရားမျှတမှုဆိုတာ လုံးဝမပါ၀င်ခဲ့ရင်လည်း
အနစ်နာခံ ရသူများအတွက် တရားဝင်သော အကာအကွယ်မရနိုင်တဲ့အပြင် အနာဂတ်မှာ
ဖြစ်ပေါ်လာနိုင်တဲ့ ဘေးရန်များကိုလည်း မတားဆီးနိုင်ပါဘူး။

အလားတူပါပဲ စစ်မှန်သော နောင်တ တရား မရရှိတဲ့ကျူးလွန်သူများရဲ့ အမှားအယွင်းကို
လက်ခံအသိအမှတ်ပြုပေးလိုက်မယ်ဆိုရင်လည်း ပုံသေကားကျ လုပ်ပေးရတဲ့သဘောလို့
မြင်သွားနိုင်ပါတယ်။

နောက်ပြီး တရားမျှတမှုရှိအောင် လုပ်တဲ့နေရာမှာ ပေးဆပ်ခြင်းဆိုတာ မပါရှိခဲ့ရင် လူတွေက
တရားမျှတမှုကို အရေးမကြီးပါဘူး၊ အရေးတယူ လုပ်စရာ မလိုပါဘူးလို့ သဘောထားလာနိုင်ပါ
တယ်။

ဒါကြောင့် လက်တွေ့ဖွဲ့စည်းတည် ဆောက်ထားမှု ရှုထောင့်က ကြည့်ကြည့်၊ လူမှုရေးစိတ်ပညာ
ရှုထောင့်က ကြည့်ကြည့် လူတွေရဲ့ အတွင်းစိတ်ဒဏ်ရာကို ကျက်အောင် လုပ်ရတဲ့ အလုပ်နဲ့
အပြင်မှာ ဆင်းရဲ ဒုက္ခရောက်ရတဲ့ အနာတွေကို ကျက်အောင် လုပ်ရတဲ့ အလုပ်တွေဟာ
အချင်းချင်း အပြန်အလှန် ဆက်စပ်နေကြတယ်လို့ ဆိုနိုင်ပါတယ်။

ဆိုလိုတာကတော့ အတွင်းစိတ်ဒဏ်ရာကိုလည်း ပြေအောင်ဖြေ၊ အပြင်ဘက်က လူမှုရေး
စီးပွားရေး ဆုံးရှုံးနစ်နာခဲ့မှုများကိုလည်း ခံသာအောင် ပေးဆပ်ဖို့ လိုပါတယ်။

ပြန်လည်ရင်ကြားစေ့ရေး၊ သို့မဟုတ် လူမှုရေး အသွင်ကူးပြောင်းမှု တစ်ခုကို ပြုလုပ်ရာမှာ
ဥပဒေရေးရာ လုပ်ငန်းစဉ်ဟာ မရှိမဖြစ် လိုအပ်သော်လည်း ဒီတစ်ခုတည်းနဲ့တော့ အောင်မြင်သော
ပြန်လည် ရင်ကြားစေ့ရေး ဖြစ်မှာ မဟုတ်ပါဘူး။

ထိခိုက်နစ်နာတဲ့လူတွေ ကို အကာအကွယ်ပေးဖို့အတွက် တရားဥပဒေ မူဘောင်ရှိရပါမယ်။
အလားတူပါပဲ။ ဘယ်လို အပြုအမူဆိုရင် လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူးဆိုတဲ့ စည်းမျဉ်း
စည်းကမ်းသတ်မှတ်ချက်လည်း ရှိရပါမယ်။

တကယ်လို့ တရားဥပဒေဆိုင်ရာ အင်စတီကျူးရှင်းတွေက အကြမ်းနည်းဆောင်ရွက်မှုကို
အခိုင်အမာ ငြင်းပယ်နိုင်စွမ်း မရှိရင်၊ ကျူးလွန်ဖောက်ဖျက်သူများက လက်ငင်းအခြေအနေမှာ
သူတို့က အပေါ်စီး ရထားပြီလို့ အထင်ရှိနေမှာဖြစ်တဲ့အတွက် နောက်ထပ်တစ်ဖန် တိုက်ခိုက်မှုများ၊
အကြမ်းနည်းဆောင်ရွက်မှုများ ဖြစ်လာနိုင်ခြေ သိပ်များနေပြီ ဖြစ်ပါတယ်။

ပဋိပက္ခလွန် အခြေအနေရောက်နေပြီဆိုရင်လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ တရားဥပဒေရေးရာ
ယန္တရားများဟာ လူထုရဲ့ လူနေမှုဘဝလုံခြံုရေးအတွက် ယုံကြည်မှုရရှိစေရပါမယ်။

နောက်ထပ် ကျူးလွန်ဖောက်ဖျက်မှုများအတွက် လုံးဝ သည်းခံလိမ့်မည်မဟုတ်၊ ထိရောက်စွာ
အရေး ယူသွားမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေး အကြောင်းကြားထားရမယ်။

လူထုအတွက် ဥပဒေနဲ့အညီ ဘေးကင်းစွာနေနိုင်တဲ့ နယ်နိမိတ်သတ်မှတ်ပြီး ဖြစ်ရပါမယ်။

ဒါကြောင့် ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာ ဥပဒေမူဘောင် တိကျစွာရှိဖို့ လိုအပ်ပါတယ်။

အမျိုးသားအဆင့် ပြန်လည်ရင်ကြားစေ့ရေးလုပ်သည်ဖြစ်စေ၊ လူ့အသိုက်အဝန်း အချင်းချင်း
ပြန်လည်ရင်ကြားစေ့ရေးအတွက် ဖြစ်စေ ပြီးမြောက်အောင် လုပ်ရမယ့် ရည်မှန်းချက်
တာဝန်လေးရပ်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကြီးက သတ်မှတ်ထားရှိပြီး
ဖြစ်ပါတယ်။

ဒါတွေကတော့ အမှန်တရား အပြည့်အဝ ရရှိရမယ်။ တရားဥပဒေ စိုးမိုးရေး အားကောင်းရမယ်။
အများပါ၀င်နိုင်မှုနဲ့ ကိုယ်ကျင့်တရား လေးစားလိုက်နာရမယ်ဟူ၍ ဖြစ်ပါတယ်။

ဒီရည်မှန်းချက် တာဝန်များဟာ တိုင်းတာဖော်ပြနိုင်တဲ့ အမာထည် ပန်းတိုင်များသာ ဖြစ်ပါတယ်။

သို့သော် ပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တိုင်းဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များနဲ့လည်း
သက်ဆိုင်နေတဲ့အတွက် လက်ဆုပ်လက်ကိုင် တိုင်းတာပြီး မဖော်ပြနိုင်တဲ့ အပျော့ထည်
စိတ်ထားများအကြောင်းကိုလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ရေး ခရီးလမ်းကို လျှောက်လှမ်းဖို့
ဆုံးဖြတ်ထားပြီးပြီဆိုရင်၊ အနစ်နာခံခဲ့ ရသူများဘက်မှာ အလေးအမြတ်ထားအပ်တဲ့
ဂုဏ်ဒြပ်တစ်ခုရှိနေတာကို သတိထားရပါလိမ့်မယ်။

အဲဒါကတော့ သံသရာလည်နေသရွေ့ မိမိတို့ကို အမုန်းတရားများနဲ့ နာကျင်မှုများဆီသို့ အစဉ်အမြဲ
တွန်းပို့တတ်သော အတွင်းစိတ် ခံစားချက်များအပေါ်မှာ အနိုင်ယူလိုက်နိုင်တဲ့ ကုသလဝိတက္က
ကောင်းသော အကြံအစည် ဖြစ်ပေါ်လာခြင်းပါပဲ။

ခွင့်လွှတ်နိုင်ဖွယ် မရှိတော့ဘူးလို့ ထင်ထားရတာတွေကို စိတ်ပိုင်းဆိုင်ရာ အောင်နိုင်မှုအဖြစ်
ခွင့်လွှတ်လိုက်နိုင်တာပါပဲ။

တောင်အာဖရိကနိုင်ငံက အမှန်တရားနှင့် ပြန်လည်ရင်ကြားစေ့ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ
စိတ်ပညာရှင် ဂိုဘိုဒိုမာဒီကီဇီလာရဲ့ ရေးသားဖော်ပြချက်တစ်ခုမှာ အခုလို တွေ့ရှိရပါတယ်။

"ခွင့်လွှတ်တာဟာ ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကို သတိမမူမိလို့ မဟုတ်ပါဘူး။
အဲဒါတွေကို ကျော်လွန်ပြီးမှ ဖြစ်လာရတာပါ။ ဒါဟာ လူသားဆန်ကြောင်း ပြောပြလိုက်တာပါပဲ။
ငါ့ကို ဒုက္ခပေးနေတဲ့ အနိဋ္ဌာရုံတွေဆီကို ပြန်မသွားနိုင်ဘူး။ ဘယ်တော့မှ ပြန်မသွားတော့ဘူးလို့
ပြောလိုက်တာပါပဲ။"


ကလဲ့စားချေဖို့ စိတ်ကူးယဉ် အိပ်မက်တွေ ပျက်ပြယ်သွားအောင်နဲ့ နှလုံးသားထဲက အမုန်းတရား
အဆိပ်အတောက်ကို ဖောက်ထုတ်နိုင်တဲ့ စွမ်းရည်ဟာ လူသားတစ်ယောက်အနေနဲ့
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့ကျင့်ဝတ် လူ့စည်းကမ်း လေးစားလိုက်နာမှုအဆင့်တစ်ခု
ရောက်နေကြောင်း အချက်ပြလိုက်တာပါပဲ။

ဒါဟာ လူသားတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားက အမှန်တရားရှိရာသို့ ဒက်ထိလမ်းညွှန်ပေး
လိုက်တာဖြစ်သလို တခြားလူတွေ နောက်က လိုက်ပါလာစေဖို့အတွက် မီးအလင်းရောင်
ထွန်းညှိပေးလိုက်တာလည်း ဖြစ်ပါတယ်။

လူအများအပြားရဲ့ အကြမ်းနည်းအသုံးပြု ခြင်းကို ခံခဲ့ရတဲ့ နစ်နာသူတွေအတွက်ကတော့
လူ့အသိုက်အဝန်းထဲမှာ အားကောင်းတဲ့ ဘာသာရေးအဆုံးအမနဲ့ မိမိတို့ကိုယ်တိုင်ရဲ့ အတွင်းစိတ်နဲ့
သဘာဝတရားအပေါ်မှာ လေးလေးနက်နက် ဆင်ခြင်ကြည့်ရှုခြင်းဖြင့် ခွင့်လွှတ်နိုင်တဲ့ စိတ်ဆန္ဒ
ထွက်ပေါ်လာနိုင်ပါတယ်။

ခွင့်လွှတ်တယ်ဆိုတာဟာ အနစ်နာခံခဲ့ရသူတွေက ထမ်းပိုးထားရတဲ့ အမုန်းတရားနဲ့ နာကျင်မှု
၀န်ထုပ်ဝန်ပိုးကြီးကို ပစ်ချထားလိုက်တာပဲလို့ အတွင်းစိတ်က ခံယူလိုက်တာ ဖြစ်ပါတယ်။

အနစ်နာခံခဲ့ရသူရဲ့ နှလုံးသားကို တင်းကျပ်စေခဲ့တဲ့ နာကျည်းမှုများနဲ့ ဆုံးရှုံးမှုများကို
လုံးဝမေ့ပျောက်ပစ်လိုက်ခြင်းတော့ မဟုတ်ဘဲ တင်းကျပ်မှုကို ဖြေပေးခြင်း၊ လျှော့ပေးခြင်းသာ
ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အမုန်းတရား ၀န်ထုပ်ဝန်ပိုးကို ဖြုတ်ချလိုက်ခြင်းဖြင့် နှလုံးသားတင်းကျပ်မှုကို
ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာ ဒီလိုမျိုး လုပ်နိုင်ဖို့
သတ္တိရှိရပါတယ်။

ဒီလုပ်ငန်းစဉ်ရဲ့ အဆင့်တိုင်းမှာ အသေးစိတ်ကြိုတင် ပြင်ဆင်ရခြင်းနဲ့ တစ်ဖက်ရဲ့ တုံ့ပြန်မှုအပေါ်
စောင့်ကြည့်လေ့လာရခြင်းတို့ ပါ၀င်ပါတယ်။

ဒါကြောင့် ခွင့်လွှတ်ဖို့နဲ့ ပြန်လည်ရင်ကြားစေ့ဖို့ဆိုတာ ကိုယ်တိုင်က လုပ်ချင်အားကြီးလို့
အတင်းတွန်းလို့လည်း မရဘူး၊ အခြားလူတွေရဲ့ တောင်းဆိုချက်ကြောင့်လည်း ရေးကြီးသုတ်ပျာ
လုပ်လို့လည်း မရပါဘူး။

ခွင့်လွှတ်ခြင်းမှာ ကျူးလွန်ခဲ့သူများကို အပြစ်ပေးခြင်းမှ လုံးဝ ဥဿံု ကင်းလွတ်ခွင့်ပေးရန် ကတိကဝတ်
မပါ ရှိပါဘူး။

သို့သော် အနစ်နာခံခဲ့ရသူများ သယ်ဆောင်ထားရတဲ့ အမုန်းတရားဝန်ထုပ် ၀န်ပိုးကြီးကို
ဖယ်ရှားပေးနိုင်တယ်။

ကျူးလွန်ခဲ့သူများရော လူ့အသိုက်အဝန်း တစ်ခုလုံးကိုရော အနှောင်အဖွဲ့မှ လွတ်မြောက်စေနိုင်ပါ
တယ်။

လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ ရှိနေကြတဲ့ အသိုက်အဝန်းအချင်းချင်း ပြန်လည် ရင်ကြားစေ့ရေး
လုပ်ငန်းစဉ်မှာ အနစ်နာခံခဲ့ရသူများက ခွင့်လွှတ်လိုတဲ့ဆန္ဒရှိကြမယ်ဆိုရင် အားသစ်လောင်းထားတဲ့
တရားမျှတမှု (Restorative Justice)ကို ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း
တစ်ရပ်အနေဖြင့် ကျင့်သုံးဖို့ အခက်အခဲ မရှိနိုင်တော့ပါဘူး။

အားသစ်လောင်းထားတဲ့ တရားမျှတမှု ရဲ့ ရည်ရွယ်ချက်တွေက ကျူးလွန်ခဲ့သူများအပေါ် လူသားချင်း
စာနာထောက်ထားမှု ပြန်လုပ်ပေးနိုင်ရန်၊ အပြစ်ပေးဖို့ထက် ပြုပြင်သွားနိုင်ဖို့ ဦးတည်ရန်၊
ထောင်ချခြင်းအစား ပြန်လည်ထူထောင်မှုပြုနိုင်ရန်နဲ့ လူမှုရေး ချိတ်ဆက်မှုများကို ပြုပြင်ပေးခြင်းဖြင့်
ပြတ်တောက်သွားခဲ့ရသော လူ့အသိုက်အဝန်းနဲ့ ဆက်ဆံရေးပြန်လည်ဆန်းသစ်လာစေရန်တို့
ဖြစ်ပါတယ်။

ဆုံးရှုံးခဲ့ရမှုများအတွက် ပေးလျော်သော၊ သို့မဟုတ် ပေးဆပ်သော ချဉ်းကပ်နည်းဟာ အနစ်နာခံခဲ့ရ
သူများနဲ့ ကျူးလွန်ခဲ့သူများအကြား တံတားခင်းပေး နိုင်ပါတယ်။

အားသစ်လောင်းထားတဲ့ တရား မျှတမှု အယူအဆအရဆိုရင် အမှတ်သင်္ကေတ စတိသဘောနဲ့
ဖြစ်ဖြစ်၊ တန်ရာတန်ကြေး စီးပွားရေးအနေနဲ့ဖြစ်ဖြစ် ပြန်လည်ပေးဆပ်ခြင်း၊ ပေးလျော်ခြင်းတို့မှာ
အသိအမှတ်ပြုခြင်း၊ နောင်တရခြင်း ဖော်ပြချက်တို့ ပါရှိရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တရားဥပဒေစိုးမိုးရေး အားနည်းနေတာတွေ၊ တစ်ဖက်နဲ့
တစ်ဖက် တရားမျှတမှုမရှိဘဲ စွပ်စွဲပုတ်ခတ်နေတာတွေ၊ လူမှုရေးဆန့်ကျင်မှုတွေ တိုးပွားလာနေတာ
တွေဟာ အားသစ် လောင်းထားတဲ့ တရားမျှတမှု အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီဆိုတာကို
ဖော်ညွှန်းနေတာပါပဲ။

လူစုလူဝေးဖြင့် အကြမ်းနည်း အသုံးပြုပြီး ပြစ်မှုကျူးလွန်ခြင်းများအပါအဝင် ဆိုးဝါးသော ပြစ်မှုများ
ပပျောက်စေရန်အတွက် အားသစ်လောင်းထားသော တရားမျှတမှုဟာ လူ့အဖွဲ့အစည်းအတွင်း
လူမှုရေး ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်သွားရန်အထိ တောင်းဆိုနိုင်ပါတယ်။

ခွဲခြားထားခြင်း ခံခဲ့ရတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ရေး
လုပ်ငန်းစဉ်ဟာ ခရီးရှည်ကြီးတစ်ခုသွား နေရသလိုပါပဲ။

လမ်းခုလတ်မှာကို အဆင့်တွေ အများကြီး ဖြတ်ကျော်နိုင်ရပါမယ်။ ပထမဦးဆုံး ပြဿနာကို
လက်ခံအသိအမှတ်ပြုခြင်းက စတင်ရပါမယ်။ တောင်းပန်ရမယ်။ ပြေငြိမ်းရာ ပြေငြိမ်းကြောင်း
ပြုလုပ်ရမယ်။ နောင်တရခြင်း ရှိရမယ်။ အားသစ်လောင်းထားတဲ့ တရားမျှတခြင်းကို ကျင့်သုံးရမယ်။

နောက်တစ်ဖန် ကျူးလွန်ခြင်း မဖြစ်စေရန် လက်ဆုပ်လက်ကိုင် တာဝန်ယူမှုရှိရမယ်။
ပေးဆပ်ခြင်းလည်း ရှိရမယ်။ နေရာဒေသအခြေအနေအပေါ် မူတည်ပြီး အခြားအဆင့်များလည်း
ရှိနိုင်ပါသေးတယ်။

နောက်ဆုံးအဆင့်ကတော့ ပူးပေါင်းအနာဂတ်ကို အခိုင်အမာထူထောင်ဖို့ပါပဲ။

အနစ်နာခံခဲ့ရတဲ့ဘက်ကရော၊ ကျူးလွန်မှုဖြစ်ခဲ့ရတဲ့ဘက်ကပါ အတူတကွ ပူးပေါင်း၍ တရားမျှတပြီး
အပြန်အလှန် ကျေနပ်မှု ရရှိစေတဲ့ ဆက်ဆံရေးအသစ်ကို ထူထောင်နိုင်ရပါမယ်။

အနစ်နာခံခဲ့ရသူများနဲ့ သူတို့ကဆင်းသက်ဆက်ခံတဲ့ မျိုးဆက်များဟာ ကျူးလွန်ခဲ့သူများနဲ့ သူတို့က
ဆင်းသက်ဆက်ခံတဲ့ မျိုးဆက်များနဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ အဆင်သင့်ဖြစ်ရပါမယ်။

ဒီလိုပြန်လည်ထိတွေ့ ဆက်ဆံတာကို အနစ်နာခံရတဲ့ မျိုးဆက်ဘက်က သဘောထားရမှာက
ကျူးလွန်သူမျိုးဆက်ဘက်က တောင်းပန်မှု၊ ပြေငြိမ်းရာ ပြေငြိမ်းကြောင်းလုပ်ဆောင်မှု၊ တာဝန်ယူမှုနဲ့
ပေးဆပ်မှုများဟာ စစ်မှန်တယ်၊ ယုံကြည်ထိုက်တယ်လို့ မြင်နိုင်ရပါမယ်။

ကျူးလွန်သူမျိုးဆက်ဘက်ကလည်း ယခင်က သူတို့ရှေ့ မျိုးဆက်တွေရဲ့ ရန်မူခြင်းခံခဲ့ရသူများဟာ
ကတိတည်တယ်၊ ယုံကြည်ထိုက်တယ်လို့ မြင်နိုင်ရပါမယ်။

တကယ်တော့ ဒီကမ္ဘာကြီးပေါ်မှာ မတည့်တဲ့လူတွေ ခွဲခြားပြီးနေဖို့အတွက် ပိုင်းခြားပေးထားတဲ့
နေရာ မရှိပါဘူး။

အားလုံးအတူတူနေပြီး အတူတူ ရှင်သန်နေကြရမှာပဲ မဟုတ်ပါလား။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021