ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ထူးခြားတဲ့ အရေးကြီး အဆိုတစ်ခု တင်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ထူးခြားတဲ့
အရေးကြီး အဆိုတစ်ခု တင်ပါတယ်။
ထူးခြားတယ်လို့ ပြောရတာ အစိုးရက လုပ်ကိုင် ဆောင်ရွက်နေတဲ့ တင်ဒါခေါ်ယူရေး လုပ်ငန်း
တစ်ခုကို ဆက်မလုပ်ဘဲ ဆိုင်းငံ့ထားဖို့ တင်တဲ့ အဆိုဖြစ်နေလို့ပါ။
ဒါနဲ့ သိပ်မတူပေမယ့် ပြီးခဲ့တဲ့ ၂၀၁၃ လွှတ်တော် အစည်းအဝေး ကာလ တုန်းကလည်း
ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် အစိုးရက နိုင်ငံတကာ တင်ဒါခေါ်၊
တင်ဒါချပေးခါနီးကျမှ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေ အခွင့်အရေး ဆုံးရှုံးနိုင်တယ်၊ နစ်နာနိုင်တယ်၊
တင်ဒါကြေညာဖို့ ဆိုင်းငံ့ထားပါဆိုပြီး အစိုးရကို တောင်းဆိုခဲ့ဖူးပါတယ်။
အဲဒီ အချိန်တုန်းကတော့ အစိုးရက နိုင်ငံတကာ တင်ဒါခေါ်တဲ့ ကိစ္စကို နိုင်ငံတကာ အသိအမှတ်ပြု
အကြံပေး ကုမ္ပဏီတွေ ငှားရမ်းပြီး ပွင့်ပွင့်လင်းလင်း အကောင်အထည် ဖော်ခဲ့တာမို့၊ တင်ဒါပေးတာ
ရပ်ဆိုင်းလို့ မဖြစ်နိုင်ဘူးဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
အားလုံးသိကြတဲ့အတိုင်း နောက်ပိုင်း တယ်လီနောနဲ့ အူရီဒူး ကုမ္ပဏီနှစ်ခု တင်ဒါအောင်ပြီး
လုပ်ငန်းတွေ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နေပါပြီ။
အခု လွှတ်တော်မှာ တင်တဲ့ အဆိုကရော အဲဒီတုန်းက ဖြစ်ခဲ့ပျက်ခဲ့တာနဲ့ တူသလား၊ ဘာကြောင့်
အရေးကြီး အဆိုတင်ရသလဲ၊ ဘယ်လို ဖြစ်သင့်သလဲဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး
တင်ပြသွားပါ့မယ်။
အဆိုတင်သူကတော့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ အမတ် ဦးအောင်သိန်းလင်း
ဖြစ်ပါတယ်။
သူ့ အဆိုကတော့ 'မရမ်းကုန်းမြို့နယ်၊ ရေကူးအသံလွှင့် စက်ရုံ ၀င်းဟောင်း မြေနေရာ
ဧက ၉၀ ခန့်ကို ပုဂ္ဂလိကသို့ အပြီးအပိုင် လွှဲပြောင်းပေးရမည့် တင်ဒါခေါ်ယူမှုကို ပြန်လည်
သုံးသပ်ပြီး စီမံကိန်းကို ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်နိုင်ဖို့အတွက် ဆိုင်းငံ့ထားရန်
ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း' ဆိုပြီး ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး လွှတ်တော် နာယက သူရဦးရွှေမန်းက အဲဒီအရေးကြီး အဆိုဟာ အစိုးရရဲ့
လုပ်ကိုင်ဆောင်ရွက်မှုကို စွက်ဖက်တာမဟုတ်၊ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အပိုဒ် ၆၆ (က) ပါ
စည်းကမ်းချက်နဲ့ ညီညွတ်လို့ လက်ခံတင်သွင်းခွင့် ပြုရတာဖြစ်တယ်ဆိုပြီး ရှင်းလင်း
ပြောဆိုပါတယ်။
လွှတ်တော်တွင်းမှာ တောင်ဥက္ကလာပ အမတ် ဦးအောင်သိန်းလင်း အဲဒီအရေးကြီးအဆို
တင်ပြခဲ့ရတဲ့ အကြောင်းကတော့ တင်ဒါကိစ္စ ငွေကြေးပမာဏာ အလွန်ကြီးမားတယ်၊ အဲဒီတင်ဒါ
စည်းကမ်းတွေဟာ အများပြည်သူ လုပ်ငန်းရှင်တွေကို ခေါ်ယူတဲ့ သဘောမျိုး မသက်ရောက်ဘဲ
ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းရှင် တစ်ဦးနှစ်ဦးကို ပေးဖို့ ကြိုတင်ကြံစည် ရေးဆွဲထားတဲ့သဘော
သက်ရောက်နေတယ်၊ အဲဒီလို လုပ်လိုက်ရင် အစိုးရအပေါ် ပြည်သူယုံကြည်ကိုးစားမှု
ကျဆင်းလာစေ နိုင်တာကြောင့်လို့ ဆိုပါတယ်။
တင်ဒါပါ စည်းကမ်းချက်တွေကို ကြည့်ရင် ဦးအောင်သိန်းလင်း ပြောတာ မှန်ကန်ကြောင်း
တွေ့နိုင်ပါတယ်။
တင်ဒါမှာပါ၀င်တဲ့ အချက်အလက်တွေကတော့ မရမ်းကုန်းမြို့နယ်ထဲက ပြန်ကြားရေးဝန်ကြီးဌာနပိုင်
ရေကူး အသံလွှင့် စက်ရုံဝင်းဟောင်းဟာ မြေဧက ၁၂၀ လောက် ကျယ်ဝန်းတယ်၊ အဲဒီထဲက
၁၅ ဧကမှာ လက်ရှိ အဆောက်အအုံဟောင်းတွေဖြစ်တဲ့ အသံလွှင့်ရုံ နှစ်ရုံနဲ့ စတူဒီယို သုံးရုံကို
ဆက်လက် ထားရှိ အသုံးပြုမယ်၊ နောက်ထပ် ၁၅ ဧကပေါ်မှာ ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ထမ်း
၃၀၀ နေထိုင်နိုင်မယ့် ၀န်ထမ်း အိမ်ရာတွေကို တင်ဒါအောင်သူက ကိုယ့်စားရိတ်နဲ့
ကိုယ်ဆောက်ပေးရမယ်၊ ကျန်ဧက ၉၀ ကိုတော့ တင်ဒါအောင်သူက အပြီးအပိုင် ရရှိမယ်လို့
ဆိုထားပါတယ်။
မရမ်းကုန်းမြို့နယ်ထဲက ပြန်ကြားရေး ၀န်ကြီးဌာနပိုင် မြေဧက ၉၀ ရမယ့် တင်ဒါအောင်သူဟာ
ရန်ကုန်တိုင်းဒေသကြီးထဲက ပြန်ကြားရေးဝန်ကြီးဌာနက လက်ခံနိုင်မယ့် နေရာတစ်ခုခုမှာ မြေဧက
၁၅၀ အစား ပြန်ပေးရမှာ ဖြစ်ကြောင်း၊ အဲဒီ မြေပေါ်မှာ တင်ဒါပါ ကြိုတင်သတ်မှတ်ထားတဲ့
စည်းကမ်းချက်တွေနဲ့အညီ နေရာဟောင်းက အသံလွှင့်စက်ရုံအစား အသံလွှင့်စက်ရုံအသစ်
တည်ဆောက်ပေးရမယ်လို့ ဖော်ပြထားပါတယ်။
ဒီလောက် အထိတော့ ပြဿနာ မရှိသေးပါဘူး။ ငွေကြေး တတ်နိုင်သူ စီးပွားရေးလုပ်ငန်းရှင်တွေ
တင်ဒါ ၀င်ပြိုင်ခွင့် ရှိပါသေးတယ်။
ဒါပေမဲ့ အခြား ဖော်ပြချက်တွေအရ ဆိုရင်တော့ ဒီတင်ဒါဟာ ဘယ်သူ့ကို ရည်ညွှန်းသလဲဆိုတာ
ရှင်းရှင်းလင်းလင်းပေါ်လာပါတယ်။
တင်ဒါ စည်းကမ်း နံပါတ်(၁) မှာ 'တင်ဒါတင်သွင်းလိုသူသည် မီဒီယာလုပ်ငန်းကို အနည်းဆုံး
လွန်ခဲ့သော သုံးနှစ်က စပြီး ယခုတိုင် ထိတွေ့ လုပ်ကိုင် နေသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ
ဖြစ်ရမည်၊ အထူးသဖြင့် ရုပ်သံမီဒီယာ လုပ်ငန်း အတွေ့အကြံုရှိသူ ဦးစားပေး ဆောင်ရွက်ခွင့်ပြုမည်'
ဆိုပြီး ဖော်ပြထားပါတယ်။
ဒါ့ပြင် တင်ဒါ စည်းကမ်း နံပါတ် ၂ နဲ့ ၃ မှာ အသံလွှင့် စက်ရုံ အဟောင်းကို ဖြုတ်ပြီး အသစ်
ပြန်တပ်ဆင်မှာမို့ အသံလွှင့်လုပ်ငန်းမှာ နားလည် တတ်ကျွမ်းသူ ဖြစ်ရမည်။
နေရာသစ်ကို ရွှေ့ပြောင်းနေစဉ် အသံလွှင့်ထုတ်မှု လုံးဝ ပြတ်တောက်သွားခြင်း မရှိစေရ ဆိုပြီး
ဖော်ပြထားတာမို့ ဒီအရည်အချင်းနဲ့ ပြည့်မီသူဟာ ရွှေသံလွင် ကုမ္ပဏီရဲ့ စကိုင်းနက်နဲ့ ဖော်အဲဗား
ဂရုဖ်ရဲ့ MRTV 4 ကုမ္ပဏီ နှစ်ခုပဲ ရှိတယ် ဆိုတာ အားလုံးက နားလည်ကြရပါတယ်။
အဲဒီ ကုမ္ပဏီ နှစ်ခုတည်းကသာ ရေဒီယိုရော၊ ရုပ်သံလွှင့် လုပ်ငန်းရော လုပ်ကိုင်နေတဲ့ မြန်မာပိုင်
ကုမ္ပဏီတွေ ဖြစ်နေလို့ပါပဲ။
ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရဟာ ဒီကနေ့အချိန်ထိ တိုင်းပြည် ကို မီဒီယာလွတ်လပ်ခွင့်
ပေးသေးတာ မဟုတ်ပါဘူး။
ရုပ်သံနဲ့ ရေဒီယို လုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် မပြုသေးပါဘူး။ ဥပဒေ မရှိသေးလို့ဆိုတဲ့
အကြောင်းပြချက်နဲ့ အချိန်ဆွဲထားတာလို့ နားလည်နိုင်ပါတယ်။
ဒါပေမဲ့လည်း အရင် စစ်အစိုးရခေတ်ကတည်းက သူတို့နဲ့ အလွမ်းသင့်တဲ့ ဖော်အဲဗားဂရုဖ်နဲ့
ရွှေသံလွင် ကုမ္ပဏီတွေကိုတော့ ရုပ်သံလုပ်ငန်း လုပ်ခွင့်ပေးပြီး အခြားခရိုနီ တချို့ကိုတော့ ရေဒီယို
ထုတ်လွှင့်ခွင့်ပြုထားပါတယ်။
ဒီလောက်လား ဆိုတော့ မကသေးပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနဟာ အဲဒီ ရုပ်သံ မီဒီယာ
လုပ်ငန်းကြီးနှစ်ခုကို အခွင့်ထူးတွေ ပေးရုံမက သူပိုင် စက်ရုံ၊ စတူဒီယိုတွေ အသုံးပြုခွင့်၊ မြေ
အသုံးပြုခွင့်၊ အခွန်သက်သာခွင့် စတာတွေကိုလည်း လက်သိပ်ထိုးပေးခဲ့သေးတာဖြစ်ပါတယ်။
အခုနောက်ပိုင်း ပွင့်လင်းမြင်သာမှုရှိရမယ့် အချိန် တင်ဒါလုပ်ငန်းကို ခုလို လုပ်ကိုင်တာကတော့
သင့်တော်မှု မရှိလှပါဘူး။
စည်းကမ်း နံပတ် ၉ ဖော်ပြချက်မှာတော့ တင်ဒါအောင်သူဟာ အဲဒီရမယ့် မြေဧက ၉၀ မှာ
လုပ်ချင်တာ လုပ်လို့ မရပါဘူး။
ကိုယ့်စားရိတ်နဲ့ကိုယ် Broadcasting Complex တစ်ခု၊ တီဗွီနဲ့ ရေဒီယို စတေရှင်တစ်ခု၊
Satellite Head-end Gateway တစ်ခု၊ တာဝါတိုင် နှစ်ခု၊ စတူဒီယို ကွန်ပလက်စ် တစ်ခု၊
ပရိသတ် တစ်သောင်းခွဲဆံ့ မိုးလုံလေလုံ ကဇာတ်ရုံ၊ ပရိသတ် ငါးသောင်းဆံ့ အမိုးဖွင့် ကဇာတ်ရုံ၊
မာလ်တီ မီဒီယာ တက္ကသိုလ်ကျောင်းနဲ့ အခြားဆက်စပ် အဆောက်အအုံတွေ မဖြစ်မနေ
ဆောက်ရမယ်ဆိုပြီး ထည့်သွင်းထားပါတယ်။
ပြောရရင် တင်ဒါအောင်သူဟာ အဲလို ငွေကြေးရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားတဲ့ လုပ်ငန်းကြီးတွေ
လုပ်ဖို့ အစီအစဉ်ရှိရမယ်လို့ ဆိုထားတဲ့အတွက် ဒီတင်ဒါကို စကိုင်းနက်နဲ့ ဖော်အဲဗားဂရုဖ်က လွဲရင်
အခြား ဘယ်စီးပွားရေး လုပ်ငန်းရှင်၊ အခြား ဘယ်ကုမ္ပဏီကမှ ၀င်ရောက် ယှဉ်ပြိုင်ဖို့
မဖြစ်နိုင်တော့ပါဘူး။
ဒီ တင်ဒါခေါ်ယူမှုဟာ ဆက်သွယ်ရေး ၀န်ကြီးဌာနက နိုင်ငံတကာ ကုမ္ပဏီတွေကို အော်ပရေတာ
လုပ်ငန်းအတွက် တင်ဒါခေါ်ယူပုံနဲ့ အတော်လေးကို ခြားနားပါတယ်။
တူချင်းတူရင် ပြီးခဲ့တဲ့နှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှို့ဝှက် အကောင်အထည်ဖော်ဖို့
ကြိုးစားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ အလားသဏ္ဌာန် တူပါတယ်။
အလွန့်အလွန် တန်ဖိုးပမာဏ ကြီးမားတဲ့ စီမံကိန်းအကြောင်း ဘယ်သူ့ကိုမှ မပြောဘဲ
ကိုယ့်လူကိုယ် လုပ်ကိုင်ခွင့်ချပေးလိုက်တာမျိုး ဖြစ်ပါတယ်။
ပြောရရင် ပြန်ကြားရေး ၀န်ကြီးဌာနဟာ တန်ဖိုးကြီးမားတဲ့ သူပိုင် မြေဧက ၉၀ လွှဲပြောင်းပေးမယ့်
ကိစ္စ တင်ဒါ ခေါ်တာဟာ တင်ဒါခေါ်တာနဲ့ မတူဘဲ ကြိုတင်တိုက်ထားတဲ့ ဇာတ်တစ်ခု ကနေတာနဲ့
တူနေပါတယ်။ ကိုယ့်လူကိုယ်ပေးဖို့အတွက် ကိုယ့်လူရဲ့ အရည်အချင်း၊ ကိုယ့်လူလုပ်ချင်တဲ့
စီမံကိန်းတွေ အကုန်ထည့်ဆွဲထားပြီး အခြားသူတွေ တင်ဒါ ဘယ်လိုမှ ၀င်မပြိုင်နိုင်အောင်
ကန့်သတ်ထားတာ အလွန်ထင်ရှားပါတယ်။
ဒါကြောင့် ဦးအောင်သိန်းလင်း အဆိုတင်သလို ဒီ တင်ဒါခေါ်ယူမှုကို ဆိုင်းငံ့ထားရုံမက ဒီကိစ္စမှာ
အဂတိလိုက်စားမှုတွေ ပါ မပါ စစ်ဆေးကြည့်သင့်ပါတယ်။
အလားတူ နောင် ခုလို တင်ဒါပေးမယ့် ကိစ္စတွေ ပေါ်ပေါက်လာရင် ကိုယ့်လူကိုယ်ပေးတာမျိုး
မဖြစ်ရအောင်၊ အဂတိလိုက်စားမှုတွေ မပေါ်ပေါက်အောင် လွှတ်တော်အနေနဲ့ တင်ဒါဆိုင်ရာ
ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်း နည်းဥပဒေ တစ်ခု ရေးဆွဲတင်ပြဖို့ အစိုးရကို တိုက်တွန်းသင့်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
















