အော်စလို ကွန်ဖရင့်ကို မြန်မာအစိုးရ ကန့်ကွက်တာ မှန်သလား

အော်စလို ကွန်ဖရင့်ကို မြန်မာအစိုးရ ကန့်ကွက်တာ မှန်သလား

ပြီးခဲ့တဲ့ မေလ ၂၆ ကနေ ၂၈ ရက်နေ့အထိ နော်ဝေနိုင်ငံ အော်စလိုမြို့က နိုဘယ်အင်စတီကျုမှာ The Oslo Conference to End Myanmar's Systematic Persecution of Rohingyas ဆိုတဲ့ နိုင်ငံတကာ ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ကနေ ၂၈ ရက်နေ့အထိ နော်ဝေနိုင်ငံ အော်စလိုမြို့က နိုဘယ်အင်စတီကျုမှာ
The Oslo Conference to End Myanmar's Systematic Persecution of Rohingyas
ဆိုတဲ့ နိုင်ငံတကာ ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါတယ်။

အဲဒီ ကွန်ဖရင့်ကို နိုင်ငံတကာက ထင်ရှားတဲ့ ပညာရှင်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ
တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ (ဘင်္ဂါလီ) ရိုဟင်ဂျာတွေ
တက်ရောက်ခဲ့ကြသလို နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်တွေ၊ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ၊
ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက ကြိုတင် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကနေ တစ်ဆင့်
အမှာစကားတွေ ပါးခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးနဲ့ အမှာစကားပါးခဲ့ကြသူတွေရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး
မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃၀ ရက်နေ့မှာပဲ လက်မခံကန့်ကွက်တဲ့အကြောင်း
သတင်းထုတ်ပြန်လိုက်ပါတယ်။

နော်ဝေကွန်ဖရင့် ကို ဘယ်သူတွေက ဘာရည်ရွယ်ချက်တွေနဲ့ ကျင်းပတာလဲ၊ အမှာစကားပါးသူ
တွေက ဘာတွေ ပြောဆိုခဲ့ကြသလဲ၊ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဘယ်လို
အကြောင်းပြချက်နဲ့ ကန့်ကွက်သလဲ၊ ဒါဟာ မှန်ကန်မှုရှိပါရဲ့လားဆိုတာ ဒီတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။

အော်စလို နိုင်ငံတကာ ကွန်ဖရင့်ကို နော်ဝေဂျီယန် နိုဘယ်အင်စတီကျုက ကမကထလုပ် ဦးစီး
ကျင်းပတာပါ။

အစည်းအဝေးအတွက် Justice for All? Burma Task Force USA၊ Parliament of the
World's Religions၊ Refugees International (USA)၊ International State Crime
Initiative (ISCI)၊ Queen Mary University of London၊ Harvard Global Equality
Initiative (HGEI)၊ Oxford Poverty and Human Development Initiative (OPHI) စတဲ့
အဖွဲ့အစည်းတွေက ၀ိုင်းပြီး ကူညီ ပံ့ပိုးပေးကြတာပါ။

ကွန်ဖရင့်ကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို အစီရင်ခံစာ
တင်သွင်းသူဟောင်း မစ္စတာ ကင်တားနား၊ နော်ဝေ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး၊ နော်ဝေ
၀န်ကြီးချုပ်ဟောင်း၊ စကင်ဒီနေးဗီးယားနိုင်ငံတွေရဲ့ အစိုးရ တာဝန်ရှိသူတွေ၊ ပညာရှင်တွေ၊
ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ၊ ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံက
ရဟန်းတော်တချို့နဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတချို့၊ ပညာရှင်တွေ၊ သတင်းစာဆရာတွေနဲ့
အခြား စိတ်ပါ၀င် စားသူတွေ တက်ရောက်ကြပါတယ်။

အစည်းအဝေးကို ဗီဒီယို ရိုက်ကူးပြီး အမှာစကားပါးသူတွေကတော့ မြန်မာ့ ဒီမိုကရေစီရေးကို
ကူညီအားပေးနေတဲ့ အိုးပင်းဆိုဆိုင်းရတီး ဖောင်ဒေးရှင်း တည်ထောင်သူ ဘီလျံနာ သူဌေးကြီး
ဂျော့ချ်ဆိုးရော့စ်၊ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ မိုဟာမက်၊ နိုဘယ်ဆုရ ဘုန်းတော်ကြီး
ဒက်စမွန်တူတူ၊ နိုဘယ်ဆုရ အိုင်းရစ် ငြိမ်းချမ်းရေး လှုပ်ရှားသူ မာရီမက်ဂွဲ၊ နိုဘယ်ဆုရ တီမော
သမ္မတနဲ့ ၀န်ကြီးချုပ်ဟောင်း ဂျိုဆေးရာမို့ဟော်တာ၊ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရ အမာတာဆင်း
စတဲ့သူတွေ ဖြစ်ကြပါတယ်။

အဲဒီ အားလုံးထဲမှာမှ ငယ်စဉ်က ကိုယ်တိုင် နာဇီဂျာမန်တွေရဲ့ ဂျူးတွေကို ခွဲခြားစုစည်းရာ
ရပ်ကွက်ထဲမှာ နေခဲ့ဖူးပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့ ဘီလျံနာသူဌေးကြီး ဂျော့ချ်ဆိုးရော့စ်
ရဲ့ ပြောစကားတွေဟာ ၀မ်းနည်း၊ စာနာမှု လေသံနဲ့အတူ စိတ်ဝင်စားစရာ ကောင်းပြီး မြန်မာနိုင်ငံ
အပေါ် စေတနာထားတာကိုလည်း ကြည့်ရှုကြရပါတယ်။

သူက "နှစ်ပေါင်းများစွာတုန်းကလိုပဲ ဇန်နဝါရီလက မြန်မာပြည်ကို စတုတ္ထအကြိမ်မြောက်
ကျွန်တော် သွားရောက် လည်ပတ်ခဲ့စဉ်အတွင်း မြေပြင်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို
ကိုယ်တိုင် တပ်အပ် မြင်တွေ့နိုင်ဖို့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို ခဏသွားလည်ခဲ့ပါတယ်။
ပြည်နယ်ခေါင်းဆောင်တွေ၊ ဒေသခံခေါင်းဆောင်တွေနဲ့သာမက ရခိုင်လူထုနဲ့ရော (ဘင်္ဂါလီ)
ရိုဟင်ဂျာတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး ပြည်တွင်းရွှေ့ ပြောင်းဒုက္ခသည်များနှင့်ရော၊
ဂက်တို(ghetto)လို့သာ ခေါ်ဝေါ်ဖို့ကောင်းတဲ့ အောင်မင်္ဂလာရပ်ကွက်အမည်ရ (ဘင်္ဂါလီ)
ရိုဟင်ဂျာအများစု နေထိုင်ကြရတဲ့ စစ်တွေမြို့ရဲ့ အစိတ်အပိုင်းတစ်ခုမှာ နေထိုင်ကြသူတွေနဲ့ပါ
စကားပြောခဲ့ပါတယ်။ အောင်မင်္ဂလာရပ်ကွက်မှာ ကျွန်တော်ရဲ့ ကလေးဘဝက ပဲ့တင်သံတွေကို
ပြန်ကြားရပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း ၁၉၄၄ ခုနှစ်တုန်းက ဘူဒါပက်စ်မြို့က
ဂျူးတစ်ယောက်အနေနဲ့ ကျွန်တော်ဟာလည်း (ဘင်္ဂါလီ)ရိုဟင်ဂျာတစ်ယောက် လိုပါပဲ။
ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ ဥရောပတစ်ခွင်မှာ နာဇီတွေ တည်ထောင်ထားတဲ့ ဂျူးရပ်ကွက်တွေ
လိုပဲ အောင်မင်္ဂလာရပ်ကွက်ဟာလည်း မိသားစုထောင်ပေါင်းများစွာရဲ့ မနေချင်ဘဲ နေရတဲ့ အိမ်ရာ
ဖြစ်လာပါတယ်။ ဒီမိသားစုတွေဟာ တစ်ခါက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့်
အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။ အခုအချိန်မှာတော့ သူတို့
တစ်တွေဟာ တွင်းဆုံးကျအောင် ချို့ချို့ငဲ့ငဲ့အခြေအနေနဲ့ ခွဲခြားကန့်သတ်ခံရတဲ့ ဘဝမှာ
ဆက်လက်ကျရောက်နေအောင် ဖိအားပေးတွန်းပို့ခြင်းကို ခံနေရပါတယ်။ နာဇီတွေရဲ့
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တုနှိုင်းယှဉ်ဖွယ် လုပ်ရပ်တွေဟာ အလန့်တကြားဖြစ်လောက်ပါတယ်။
ကံကောင်းထောက်မစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း အဆင့်အထိတော့
မရောက်သေးပါဘူး။

"ကျွန်တော်တို့ဟာ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ သိပ်အချိန်မနှောင်းခင်မှာ ကူပြောဖို့လိုပြီလို့
ကျွန်တော် အခိုင်အမာ ခံစားမိပါတယ်။ (ဘင်္ဂါလီ) ရိုဟင်ဂျာတွေကို သူတို့ရဲ့ လုံခြုံမှုအကာအကွယ်
အတွက် ဂက်တိုထဲမှာ ထည့်ထားရတာပါဆိုတဲ့ မြန်မာအစိုးရ အစဉ်တစိုက်ပြောကြားနေမှုဟာ
ယုံကြည်လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်တော် ယုံကြည်လက်ခံလာစေဖို့ အစိုးရအာဏာပိုင်တွေက
ကြိုးစားခဲ့ကြပါသေးတယ်။ သူတို့က အခြေအနေတွေ တည်ငြိမ်သွားပြီ။ ရခိုင်ပြည်နယ်ရဲ့ ရှည်လျား
ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းနဲ့ ဒေသဓလေ့ထုံးစံတွေကို နားမလည်သူများလို့ သူတို့ စွပ်စွဲတဲ့
အပြင်လူများပြောသလောက် အခြေအနေတွေဟာ မဆိုးလှပါဘူးလို့ ပြောကြပါတယ်။
ရာစုနှစ်တစ်ဝက်လောက် ဖိနှိပ်ခံဘဝမှာ တသီးတခြား နေလာခဲ့ရတဲ့အခါ လူသားမျိုးနွယ်စုတစ်ခု
အနေနဲ့ နည်းလမ်းမျိုးစုံနဲ့၊ ကြားက ခလောက်ဆန်တာတွေ၊ အမြတ်ထုတ်ခြင်းတွေကို အလွယ်တကူ
ခံရနိုင်တယ်ဆိုတာ ကျွန်တော် သဘောပေါက်နားလည်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လူအားလုံး
နီးပါးဟာ မျှတတဲ့ စိတ်ထားရှိကြပြီး သူတို့ တိုင်းပြည်ကို အားလုံးလွတ်လွတ်လပ်လပ်
နေထိုင်နိုင်ကြတဲ့ နေရာတခုအဖြစ် လိုချင်ကြတယ်လို့လည်း ကျွန်တော် သိထားပါတယ်"လို့
ပြောဆိုပါတယ်။

သူက ဆက်ပြီး "မြန်မာပြည်ရဲ့ ကာလရှည်ကြာ မိတ်ဆွေတစ်ယောက်အနေနဲ့ရော
ထောက်ခံအားပေးသူ တစ်ယောက်အနေပါ တိုင်းပြည်တွင်းက လူအားလုံးအတွက်
အပေါင်းလက္ခဏာ ရလဒ်တခုကိုကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တစ်ခါက
အကောင်းမြင်စိတ်များခဲ့ ရသလောက် အခုတော့ ကျွန်တော့်မှာ အနာဂတ်အတွက်
စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေရပါပြီ။ အာဏာလက်ကိုင်ရှိနေသူများအနေနဲ့ အစွန်းရောက်မှုကို
တန်ပြန် နိုင်ဖို့နဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို အမြစ်တွယ်စေဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကို
ချက်ချင်းဆိုသလို လုပ်ဆောင်ကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲတွေ မတိုင်မီမှာ
လူမှုကွန်ရက်များပေါ်က မြင့်တက်နေတဲ့ အမုန်းတရားများ၊ (ဘင်္ဂါလီ)ရိုဟင်ဂျာဆန့်ကျင်ရေး
လှုံ့ဆော်မှုများနဲ့ လူမျိုးရေးခွဲခြားဖိနှိပ်တဲ့ ၉၆၉ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့အတွက် တရားဝင်
ဆောင်ရွက်ချက်တွေကို ပြုလုပ်ဖို့ အခရာကျလှပါတယ်။ ဗမာပြည်ဟာ စည်ပင်ဝပြောပြီး
အုတ်အုတ်ကျက်ကျက် ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အနာဂတ်ကို
လက်လှမ်းမီနိုင်ပါသေးတယ်။ ဒီအနာဂတ်ကို လှမ်းကိုင်နိုင်ဖို့ကတော့ ဗမာပြည်က
ခေါင်းဆောင်များနဲ့ လူထု အပေါ်မှာပဲ မူတည်ပါတယ်" ဆိုပြီး သူ့အမှာစကားကို နိဂုံးချုပ်ခဲ့ပါတယ်။

တကယ်တော့ အော်စလို ကွန်ဖရင့်ရဲ့ အနှစ်ချုပ်ဟာ ရခိုင်ပြည်နယ်ထဲက (ဘင်္ဂါလီ) ရိုဟင်ဂျာတွေရဲ့
ပြဿနာကို ကမ္ဘာက သတိပြုမိလာကြစေဖို့ပါ။

ဒီကွန်ဖရင့်မှာ ရိုဟင်ဂျာအရေး လေ့လာတဲ့ ပညာရှင်တချို့က မြန်မာအစိုးရကနေ ရိုဟင်ဂျာတွေကို
ပြုမူနေပုံဟာ Slow Genocide လုပ်သလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကွန်ဖရင့်ကို ဦးစီးကျင်းပရာမှာ ပါ၀င်သူ ဒေါက်တာဇာနည်ကတော့ Genocide
ဆိုတာဟာ လူမျိုးတုံး သတ်ဖြတ်တာ တစ်ခုကိုပဲ ခေါ်ဝေါ်တာမဟုတ်၊ လူသတ်မှ မဟုတ်၊
ဘာသာတစ်ခု လူမျိုးတစ်ခုကို ပျက်စီးသွားအောင် ဖျက်ဆီးပစ်တာကိုလည်း ခေါ်ဝေါ်တဲ့အကြောင်း၊
လက်ရှိ ရခိုင်ပြည်နယ်က (ဘင်္ဂါလီ) ရိုဟင်ဂျာတွေဟာ အဲလို အခြေအနေမျိုးရင်ဆိုင်နေရတဲ့
အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ထုံးစံအတိုင်း မြန်မာအစိုးရကတော့ အဲဒီလို ပြောဆိုမှုတွေကို ကန့်ကွက်တဲ့အကြောင်း မေလ
၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေး ၀န်ကြီးရဲ့ အကြောင်းပြချက်ကတော့ "ယင်းတို့၏ ပြောကြားချက်များတွင် မြန်မာနိုင်ငံ
အနေဖြင့် ရခိုင်ဒေသရှိ အသိုက်အဝန်း နှစ်ခုအကြား ဆောင်ရွက်ပေးနေသည့် ယုံကြည်မှု ပြန်လည်
တည်ဆောက်ရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုအတွက် အစီအမံများ၊ မြန်မာနိုင်ငံအတွင်း
ယခင် နှစ်ပေါင်းများစွာကပင် နေထိုင်လာခဲ့သည့် (ဘင်္ဂါလီ) ရိုဟင်ဂျာများကို နိုင်ငံသား စိစစ်ရေး
လုပ်ငန်းစဉ်များကတစ်ဆင့် တရားဝင် နိုင်ငံသားဖြစ်ခွင့်ရရန် ဆောင်ရွက်နေမှု၊ ရေရှည်တွင်
အသိုက်အဝန်း နှစ်ခုအကြား ခိုင်မာမှန်ကန်သည့် အထောက်အထားများဖြင့် လက်တွဲ
နေထိုင်သွားရန် အစီအမံတို့ကို လျစ်လျူရှု ပြစ်တင်ဝေဖန်မှုများကို ပြုလုပ်ခဲ့ပါသည်။ ဤသို့
အပြုသဘော မဆောင်သည့် ၎င်းတို့၏ ပြောကြားချက်များကို ကန့်ကွက်ပါသည်" ဆိုပြီး
ဖြစ်ပါတယ်။

တကယ်တော့ အော်စလိုကွန်ဖရင့်က အဓိက ထောက်ပြတဲ့အချက်နဲ့ မြန်မာ နိုင်ငံခြားရေး
၀န်ကြီးဌာနရဲ့ ဖြေရှင်းချက် မတူညီပါဘူး။ အော်စလို ကွန်ဖရင့်ကတော့ (ဘင်္ဂါလီ) ရိုဟင်ဂျာတွေ
ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေဟာ အစိုးရက စနစ်တကျ ဖန်တီးထားတာဖြစ်ပြီး နိုင်ငံခြားရေး
၀န်ကြီးဌာနရဲ့ ဖြေရှင်းချက်မှာတော့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေနဲ့ (ဘင်္ဂါလီ)
ရိုဟင်ဂျာတွေရဲ့ ပဋိပက္ခအဖြစ် ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဘယ်လိုပဲ စကားလုံးအရ ဖြေရှင်းသည်ဖြစ်စေ ရခိုင်ပြည်နယ်မှာ အစိုးရအနေနဲ့ လူ့အဖွဲ့အစည်း
နှစ်ခု အတူတကွ သင့်သင့်မြတ်မြတ် ပြန်လည်နေထိုင်နိုင်ရေး အကောင်အထည်ဖော်နေတာ
မတွေ့ရသေးသလို၊ နိုင်ငံသားဖြစ်ခွင့်ရဖို့ စိစစ်မှုဆိုတာကလည်း နှစ်ပေါင်း ၂၀ ကျော်
ကြာလာသည်အထိ လက်တွေ့အကောင်အထည် ပေါ်လာသေးတာ မဟုတ်ပါဘူး။

အထူးသဖြင့် ၂၀၁၂ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်စခန်းကို ရောက်သွားရသူတွေဟာလည်း
ဒီကနေ့အချိန်ထိ နဂိုမူလ နေရပ်တွေကို ပြန်ခွင့်မရသေးသလို နောင်ဘယ်တော့ ပြန်ခွင့်ရမလဲ
ဘယ်လိုမှ မမှန်းဆနိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် (ဘင်္ဂါလီ) ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ
အသိုင်းအဝိုင်းရဲ့ ဝေဖန်ထောက်ပြမှုတွေကို အရင် စစ်အာဏာရှင်ခေတ်တွေတုန်းကအတိုင်း
မျက်စိမှိတ် ငြင်းဆန်နေမယ့်အစား တပ်မတော်၊ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင်
တိုင်းရင်းသား ပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လက်တွေ့ကျကျ ဖြေရှင်းမှသာ ပြေလည်မယ့်
လမ်းကြောင်းပေါ် ရောက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021