ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၁၀)

ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၁၀)

အပြန်အလှန်ဆွေးနွေးခြင်း (ဒိုင်လော့ခ်) လူ့အဖွဲ့အစည်းအတွင်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးသွားနိုင်မယ်။

အပြန်အလှန်ဆွေးနွေးခြင်း (ဒိုင်လော့ခ်)

လူ့အဖွဲ့အစည်းအတွင်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးသွားနိုင်မယ်။

လူ့အသိုက်အဝန်း တစ်ခုနဲ့ တစ်ခု၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုတွေ ပိုရလာနိုင်မယ်၊
အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိလာတော့မယ်ဆိုပြီး ကွဲပြားခြားနားတဲ့ အုပ်စုအသီးသီးက
အဖွဲ့ဝင်တွေဟာ တစ်နေရာမှာ လာရောက်တွေ့ဆုံကြတယ်။

ပွင့်ပွင့်လင်းလင်း အပြန်အလှန် ပြောဆိုဆွေးနွေးခြင်း (ဒိုင်လော့ခ်) လုပ်ကြတယ်။

သို့သော် အားလုံး ကျေနပ်လက်ခံနိုင်တဲ့ အဖြေတစ်ခု ရလာဖို့ဆိုတာ သိပ်ခက်ခဲတဲ့ အလုပ်ပါ။

ဒီအဖြေ တစ်ခုဆီကို ရောက်အောင်သွားရတဲ့ လမ်းကြောင်းဟာ များသောအားဖြင့်တော့
အဆင်ပြေချောမွေ့တဲ့လမ်းကြောင်း မဟုတ်ပါဘူး။

လူ့အဖွဲ့အစည်းအတွင်းမှာ နားလည်မှု ရရှိဖို့၊ ခွင့်လွှတ်နိုင်ကြဖို့၊ ပြန်လည်ရင်ကြားစေ့ကြဖို့အတွက်
ပုံသေကားကျ ကြိုတင်စီစဉ်သတ်မှတ်ထားတဲ့ လမ်းကြောင်း သို့မဟုတ် ဆွေးနွေးပွဲ အစီအစဉ်
မရှိပါဘူး။

အပြန်အလှန် ဆွေးနွေးပွဲတွေမှာ ပါ၀င်ကြသူတွေ ကိုယ်တိုင်ကပဲ အတူတကွ လမ်းထွင်ပြီး
သွားကြရတာပါ။

အပြန်အလှန် ဆွေးနွေးခြင်းမှာ ပါ၀င်တဲ့ ကိစ္စအတော်များများဟာ အတိတ်ကစရတာ
ဖြစ်နေပါတယ်။

နာကြည်းဖွယ်ခံစားချက်တွေဟာ ဒီနေရာမှာ နဖူးတွေ့ ဒူးတွေ့ တွေ့ကြရ တော့တာပါပဲ။

ဒီခံစားချက်တွေကြောင့်ပဲ သူတို့တစ်တွေဟာ အချိန်ကြာမြင့်စွာ အစွန်းတစ်ဖက်စီကို
ရောက်နေခဲ့ကြရတာပဲ မဟုတ်ဘူးလား။

အခုတော့ သူတို့အားလုံး မျက်နှာချင်းဆိုင်ထိုင်၊ ပြောသင့်တာတွေလည်း ပြောချလိုက်ပြီးပြီဆိုတော့
ကျန်နေတဲ့ ရင်ထဲက ခံစားချက်တွေကို တတ်နိုင်သမျှ ပြန်လည်ဖုံးဖိဖို့ ကြိုးစားရင်း ရှုထောင့်အသစ်
ကနေ ဆက်ဆံရေးအသစ်ဆီကို ရောက်ရှိစေမယ့် နည်းလမ်းအသစ်တွေ ရှာဖွေနေကြပါတယ်။

ခွင့်လွှတ် ခြင်းနဲ့ ပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာ အပြန်အလှန်ဆွေးနွေးခြင်း (ဒိုင်လော့ခ်)
ဟာ ဘယ်လောက်အထိ အရေးကြီးပြီး အသုံးဝင်တယ်ဆိုတာကို ကျွန်တော်တို့ ဆက်လက်
ဆွေးနွေးကြပါမယ်။

ဂရိစကားလုံး (Dialogos က ဆင်းသက် လာတဲ့ Dialogue ခေါ် အပြန်အလှန် ဆွေးနွေးခြင်းမှာ
(Dia) ဟာ "အစအဆုံး တောက်လျှောက်ဖြတ်သန်းသွားတယ်"လို့ အဓိပ္ပာယ် ဆောင်ပြီး (Logos)
ကတော့ "စကားလုံးများ"လို့ ဆိုပါတယ်။

ဒါကြောင့် ဒိုင်လော့ဂ်ဟာ "စကားလုံးများ အစအဆုံးတောက်လျှောက် ဖြတ်သန်းသွားခြင်းဖြင့်
ချိတ်ဆက်မိခြင်း"လို့ ယူဆနိုင်ပါတယ်။

အပြန်အလှန်ဆွေးနွေးခြင်းရဲ့ အခြေခံအကျဆုံး အလုပ်က နားလည်မှု ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့
လူပုဂ္ဂိုလ်တွေ၊ အုပ်စုတွေ၊ အဖွဲ့တွေ အတူတကွ ရောက်ရှိလာခြင်းက စရတာ ဖြစ်ပါတယ်။

သူတို့ ရောက် မလာရင်၊ သူတို့မှာ ဒီရည်ရွယ်ချက်မရှိခဲ့ရင် ဒီဆွေးနွေးပွဲဟာ အလုပ်မဖြစ်ပါဘူး။

တစ်ဦးချင်းနဲ့ အပြန်အလှန်ပြောဆိုကြရင်လည်း ဒါဟာ ဒိုင်လော့ခ်ပါပဲ။

ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းကဲ့သို့ ကြီးမားကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေမှာတော့
အလျဉ်းသင့်သလို အခြားလိုအပ်တဲ့ အုပ်စုတွေ၊ အဖွဲ့တွေ ပါ၀င်ပြီးတော့လည်း
ဆွေးနွေးနိုင်ပါတယ်။

အဓိကကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ အသိုက်အဝန်း၊ အုပ်စု၊ အဖွဲ့တွေက အဖွဲ့ဝင်တွေပါ၀င်ပြီး
အပြန်အလှန်ဆွေးနွေးကြဖို့ပါပဲ။

ကွဲပြားခြားနားတဲ့ လူမှုရေးကိုယ်ပိုင်လက္ခဏာရှိနေကြတဲ့ အဖွဲ့နှစ်ဖွဲ့၊ သို့မဟုတ် နှစ်ဖွဲ့ထက်
ပိုများတဲ့ အဖွဲ့တွေ အတူတကွ အပြန်အလှန် ဆွေးနွေးခြင်း ပြုလုပ်နိုင်ပါတယ်။

အရေးကြီးတာက အစည်းအဝေးတွေမှာ ဒီမိုကရေစီစိတ်ထား၊ ဒီမိုကရေစီသဘောထား၊ ဒီမိုကရေစီ
အလေ့အကျင့်ရှိဖို့ပါပဲ။

ဒီမိုကရေစီနည်းလမ်းနဲ့အညီ ထိတွေ့ဆက်ဆံမှု၊ ပြဿနာဖြေရှင်းရေးတို့ကို လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်။

လောကပါလတရားတွေဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတို့ကို
မပျက်ကွက်စေရဘူး။

အားလုံး တစည်းတလုံးတည်း ဒီစည်းမျဉ်းကို လက်ခံနိုင်ဖို့ လိုပါတယ်။

ဒါကြောင့်လည်း ဒီမိုကရေစီ မရှိရင် ပြန်လည်ရင်ကြားစေ့ရေးဖြစ်ဖို့ ခဲယဉ်းတယ်လို့
ကျွန်တော်ပြောခဲ့တာပါ။

အပြန်အလှန်ဆွေးနွေးရာမှာ မျက်နှာချင်းဆိုင် ဆွေးနွေးခြင်း၊ အကြောင်းအရာတစ်ခုတည်းကို
စူးစိုက်ဆွေးနွေးခြင်း၊ အထောက်အကူပြု လုပ်ငန်းတွေအတွက် ဆွေးနွေးခြင်းနဲ့ အတွင်းရေးသီးသန့်
ဆွေးနွေးခြင်းတွေလည်း ပါ၀င်နိုင်ပါတယ်။

တစ်ယောက်ပြောတာကို တစ်ယောက် ကနားထောင်ပြီး အသစ်သိရှိလာရသော
သတင်းအချက်အလက်တွေအပေါ် မူတည်၍ ဆီလျော်အပ်စပ်တဲ့ အတွေးအခေါ် အယူအဆ
ပြောင်းလဲခြင်းကို ဘယ်လို လုပ်ရမလဲဆိုတာ နားလည်သဘောပေါက်သည်အထိ
လေးလေးနက်နက် စဉ်းစားရပါမယ်။

ဒါကြောင့် အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့်သာ အုပ်စု၊ အဖွဲ့တို့ရဲ့ စဉ်းစားတွေးခေါ်မှုတို့ကို
စစ်မှန်သော ရွှေ့ပြောင်းမှုဖြစ်စေနိုင်ပါတယ်။

ထိတွေ့မှုသီအိုရီ (၁၉၅၄ ခုနှစ်) မှာဆိုရင် အပြန်အလှန် ဆွေးနွေးခြင်းလုပ်ငန်းစဉ်ဟာ
အုပ်စုအချင်းချင်း ပဋိပက္ခတွေ၊ မဆင်မခြင် ပြုမူခြင်းတွေနဲ့ အမုန်းတရားတွေကို လျှော့ချနိုင်ဖို့အတွက်
အောင်မြင်မှုအရှိဆုံးနည်းလမ်း တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အပြန်အလှန်ဆွေးနွေးခြင်းရဲ့ ပန်းတိုင်ဟာ အချင်းချင်းထိတွေ့မှု အတွေ့အကြံုများကတစ်ဆင့်
မလိုမုန်းထားသော ဆက်ဆံရေးကို စွန့်လွှတ်ပစ်နိုင်ရန်နဲ့ လူမှုရေးကိုယ်ပိုင်လက္ခဏာများ
အားပြိုင်မှုကို လျှော့ချနိုင်ရန်တို့ ဖြစ်ပါတယ်။


ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတိုင်းမှာ လက်သုံးကိရိယာအဖြစ် အပြန်အလှန်
ဆွေးနွေးခြင်းကို အသုံးပြုနိုင်ပါတယ်။

ဒါ့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြားဝင် ဆောင်ရွက်မှုအမျိုးမျိုးအတွက်လည်း ထိရောက်စွာ
အသုံးချနိုင်ပါတယ်။

အစိုးရ အဖွဲ့အစည်းတွေရဲ့ တရားဝင်လုပ်ဆောင် ချက်လမ်းကြောင်း (၁) မှာ ဆွေးနွေးခြင်း၊
တရားဝင်မဟုတ်သော (ရုံးကနားမဆန်သော) နိုင်ငံသားဒီပလိုမေစီလမ်းကြောင်း (၂) မှာ
ဆွေးနွေးခြင်းနဲ့ လူ့အသိုက်အဝန်းရဲ့ အောက်ခြေအလွှာများ၌ ဆွေးနွေးခြင်းတို့မှာ အပြန်အလှန်
ဆွေးနွေးခြင်း နည်းလမ်းကို ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် ဘယ်အဆင့်မှာမဆို အပြန်အလှန် ဆွေးနွေးခြင်းဟာ အသုံးဝင်သော်လည်း
ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေမှာတော့ ရုံးကနားမဆန်သော လမ်းကြောင်း (၂)၊ နိုင်ငံသား
ဒီပလိုမေစီဆွေးနွေးပွဲတွေနဲ့ အောက်ခြေအလွှာ ဆွေးနွေးပွဲတွေမှာ ပိုပြီးထိရောက်မှု ရှိပါတယ်။

အဲဒီ အစည်းအဝေးတွေမှာ အစိုးရအရာရှိကြီးတွေက ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက်ပဲ
ဦးစား ပေးညှိနှိုင်း ဆွေးနွေးကြတာများပြီး၊ နိုင်ငံသား ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်း
တွေကတော့ မိမိတို့လူ့အသိုက်အဝန်း ပြန်လည်ထူထောင်နိုင်ရေးနဲ့ လူထုအတွင်းမှာ
အနာကျက်ရေးကိစ္စတွေအတွက် အလုပ်လုပ်နေကြရတာ များပါတယ်။

ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ရေး အတွက်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးအတွက်ပဲ ဖြစ်ဖြစ်
ဆွေးနွေးကြတဲ့အခါမှာ တခြား အကြောင်းအရာကိစ္စတွေ ဆွေးနွေးတဲ့ပုံစံနဲ့ ကွာခြားပါတယ်။

ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့အခါ ဆွေးနွေးပွဲ တက်ရောက်လာတဲ့
အဖွဲ့ဝင်တွေကြားမှာ မူလကတည်းက နာကြည်းချက်များနဲ့ စိတ်ခံစားမှုတွေက ပြည့်ကျပ်နေပါ
တယ်။

ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးရင်းနဲ့ပဲ စိတ်ဒဏ်ရာကို တစ်စိတ်တစ်ပိုင်း
အနာကျက်စေပါတယ်။

ဒုတိယကွာခြားချက်ကတော့ အတိတ်တုန်းက ကွဲပြဲမှုတွေ ဖြစ်ခဲ့ရတာ နှစ်ဖက်စလုံးမှာ
အခြေခံခဲ့တာတွေ ရှိတယ်။

ဒါကြောင့် အတိတ်က အနာပျောက်အောင် နှစ်ဖက်စလုံးက အာရုံစူးစိုက်ဆောင်ရွက်မှ ဖြစ်နိုင်မယ်
ဆိုတာ နားလည်သဘောပေါက်စေတယ်။

တတိယကွာခြားချက်ကတော့ ပြန်လည်ရင်ကြားစေ့ရေး ကိစ္စဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကိစ္စဖြစ်ဖြစ်
ဆွေးနွေးကြတဲ့အခါ ဒါဟာ ပိုမိုကျယ်ပြန့်တဲ့ လူ့အဖွဲ့့အစည်းတစ် ရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စ၊ မိမိတို့အုပ်စု၊
အဖွဲ့တွေအနေနဲ့ တစ်စိတ်တစ်ပိုင်းစီ ပါ၀င်သင့်တယ်လို့ မြင်နိုင်ပါတယ်။

နောက်ဆုံး ကွာခြားချက်ကတော့ နက်ရှိုင်းစွာနဲ့ ကြာမြင့်စွာ ကွဲပြဲနေကြတဲ့ အဖွဲ့များဟာ အခုလို
အခွင့်အရေးပေါ်တုန်း တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ သူတို့ရဲ့ လိုလားချက်များကို အပြိုင်အဆိုင်
တင်သွင်းကြမှာ ဖြစ်ပါတယ်။

ပြဿနာမျိုးစုံ တစ်ပြိုင်နက် ၀င်ဆောင့်လိုက်တဲ့သဘော ဖြစ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေကို
ကျွန်တော်တို့က ကြိုတင် မျှော်တွေးထားပြီး အသေအချာ ကြိုတင်ပြင်ဆင် ဖွဲ့စည်းထားတဲ့
အပြန်အလှန်ဆွေးနွေးပွဲပုံစံ တစ်ခု ကျကျနနရှိနေမှသာ ခံနိုင်ရည်ရှိပါမယ်။

အိုင်ယာလန်မြောက်ပိုင်း၊ ဆိုက်ပရပ်၊ အရှေ့အလယ်ပိုင်း၊ ကမ္ဘောဒီးယားနဲ့ အာဖရိကဦးချိုဒေသ
အထိ ကမ္ဘာအနှံ့မှာတော့ အပြန်အလှန်အကျိုးပြုသော ပြဿနာဖြေရှင်းနည်း (IPS)လို့ ခေါ်တဲ့
အပြန်အလှန်ဆွေးနွေး ပွဲပုံစံကို အောင်မြင်စွာ သုံးစွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ အုပ်စုတွေရဲ့ တရားဝင်မဟုတ်တဲ့ ကိုယ်စားလှယ်တွေဟာ ပြဿနာဖြေရှင်းရေး
အတွက် ရက်ပေါင်းများစွာ အတူတကွ အပြန်အလှန် ဆွေးနွေးနေကြတဲ့နည်းလမ်း ဖြစ်ပါတယ်။

ဒီလိုအလုပ် ရုံဆွေးနွေးပွဲတွေမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်အောင် လူမှုရေး
အသိပညာရှင်တွေက ကမကထလုပ်ပြီး အကူအညီ ပေးကြရပါတယ်။

ပြဿနာအဟောင်းကို ရှုထောင့်အသစ်က မြင်တတ်အောင်၊ ဘယ်သူ့ အတွက်မျှ အကျိုးမရှိတဲ့
အကျပ်အတည်းဖြစ် စေမယ့်ကိစ္စတွေ၊ တစ်ဖက်စွန်းကို ရောက်သွားမယ့်ကိစ္စတွေကို
အရှိန်သတ်နိုင်အောင် ပါ၀င်ဆွေးနွေးပေးကြရပါတယ်။

ဆွေးနွေးကြတဲ့လူတွေဟာလည်း အစိုးရကိုယ်စားလှယ်တွေ မဟုတ်တော့ သဘောတူညီချက်
တစ်ခု ရဖို့အတွက် ရည်ရွယ်တာမရှိပါဘူး။

သို့သော် သူတို့ဟာ အထိုက်အလျောက် ဩဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံသားတွေဖြစ်ကြတဲ့အတွက်
သူတို့အသိုက်အဝန်းကို ပြန်ရောက်တဲ့အခါ ရှုထောင့်အသစ်က ရှုမြင်ကြဖို့ ပြောပေးနိုင်ကြပါတယ်။

သူတို့ဟာ နိုင်ငံသား ဒီပလိုမေစီအတွက် တာဝန်ပေးခံရလျှင် ဖြစ်စေ၊ နိုင်ငံရေးအာဏာရရှိလာတဲ့
အခါမှာဖြစ်စေ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေအတွက် အဆုံးအဖြတ်
ပေးတဲ့နေရာကို ရောက်ခဲ့ရင်ဖြစ်စေ၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာ အပြန်အလှန် ဆွေးနွေးပြီး ရခဲ့တဲ့
အချက်အလက်တွေ၊ သုံးသပ်ချက်တွေနဲ့ မဟာဗျူဟာအယူအဆတွေကို လက်တွေ့ ကျင့်သုံးနိုင်မှာ
ဖြစ်ပါတယ်။

ဒါကြောင့် ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး အပြန်အလှန်ဆွေးနွေးပွဲတွေ ချောမော
အောင်မြင်ရေးမှာ ကြိုတင်ပြင်ဆင်ထားတဲ့ အပြန်အလှန် အကျိုးပြုပြဿနာဖြေရှင်းနည်း (IPS)က
များစွာအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ရေးတို့ဟာ ဆက်စပ်မှုရှိကြောင်း အထောက်အထားတွေဖြင့်
ကျွန်တော်တို့ ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီတင်ပြချက်တွေအရ ဆုံးရှုံးနစ်နာမှု သို့မဟုတ် နာကျည်းမှု ရှိခဲ့သူတွေအတွက် ခွင့်လွှတ်ခြင်းဟာ
သူတို့ရဲ့ အတွင်းစိတ်ထဲက ဖြစ်ပေါ်လာရတဲ့ ရလဒ်အဖြစ် ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။

ဒါကြောင့် ခွင့်လွှတ်ခြင်းအတွက် အပြန်အလှန်ဆွေးနွေးဖို့ မလိုအပ်ဘူး၊ ပြန်လည် ရင်ကြားစေ့ရေး
အတွက်သာ အမြဲတမ်းလိုလို အပြန်အလှန် ဆွေးနွေးမှု လိုအပ်တယ်လို့ စဉ်းစားကောင်း
စဉ်းစားနိုင်ပါတယ်။

တကယ်လို့ အဲဒီလိုစဉ်းစားတွေးခေါ်မယ်ဆိုရင် တစ်ဝက်ပဲ မှန်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည် ရင်ကြားစေ့ရေးတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို
ကျော်လွန်ပြီးနောက် အသွင်ကူးပြောင်းရေးအတွက် နက်ရှိုင်းသောစူးစမ်းရှာဖွေရေး လုပ်ငန်းစဉ်
အဖြစ် ရောက်ရှိလာနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းရဲ့ သဘာဝတရားနဲ့ အသွင်ကူးပြောင်းနိုင်သော ဖြစ်နိုင်ခြေများကို အထူးအာရုံစိုက်
စူးစမ်းရှာ ဖွေရတဲ့ ဒီလုပ်ငန်းစဉ်မှာ အပြန်အလှန် ဆွေးနွေးခြင်း (ဒိုင်လော့ခ်)တွေရဲ့ အကူအညီ
ထပ်မံလိုအပ်လာပါတယ်။


တကယ်တမ်း ပြောရမယ်ဆိုရင် ခွင့်လွှတ်ခြင်းနဲ့ ပြန်လည် ရင်ကြားစေ့ရေးဆိုတာ အတိတ်နဲ့
အနာဂတ် နဖူးတိုက်ဒူးတိုက် တိုက်ရိုက်တွေ့ဆုံတဲ့ နေရာပါပဲ။

အတိတ်ကဖြစ်ရပ်ကိုရော၊ အနာဂတ် အလားအလာကိုပါ အသိအမှတ်ပြု လက်ခံပေးရတဲ့ နေရာပါ။

အပြန်အလှန် ဆွေးနွေးခြင်းဆိုတာကလည်း ဒီလို နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံရခြင်း
သဘောတရားကို လက်တွေ့သရုပ်သကန်ပေါ်အောင် ပုံဖော်ပေးရတာပဲလေ။

စိတ်ဒဏ်ရာဆိုတာ မြန်မြန်ကုသနိုင်လေ ကောင်းလေပါပဲ။

ဒါကြောင့် ပဋိပက္ခတွေ ပေါ်လာရင် တတ်နိုင်သလောက် ဆောလျင်စွာ ဖြေရှင်းပေးနိုင်ဖို့
ကျွန်တော်က တိုက်တွန်းနေတာပါ။

ကာလရှည်ကြာစွာ စိတ်ဒဏ်ရာ ခံစားလာရပြီဆိုရင် လူ့အသိုက်အဝန်း တစ်ခုအတွင်းမှာ
ကွဲပြဲမှုတွေကို တာရှည်ဆက်ဖြစ်စေနိုင်တဲ့ အပြစ်မြင်တတ်တဲ့ ယုံကြည်မှု အသစ်တစ်မျိုး
ပေါက်ဖွားလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားဖို့ လိုအပ်ပါတယ်။

ဒီယုံကြည်မှုဟာ သူတို့အချင်းချင်းရဲ့ နာကျင်သော စိတ်ခံစားမှုတွေ၊ ကွဲပြားတဲ့ တန်ဖိုးထားမှုတွေ၊
အခြားလူတွေအပေါ် လွဲမှားသော ရှုထောင့်အမြင်တွေနဲ့ ကြာရှည်လှပြီဖြစ်သော အချိန်ကာလရဲ့
ဖိအားအောက်မှာ ပေါင်းစပ်မိပြီး ဓာတ်ပေါင်းအသစ်၊ အစိုင်အခဲတစ်ခုလို ဖြစ်ပေါ်ခဲ့တာပါ။

ဒါကြောင့် သူတို့ရဲ့ ယုံကြည်မှုဟာ ခိုင်မြဲမှုရှိနေတယ်။ ဒီအတွက် သူတို့ကို ကျွန်တော်တို့
အပြစ်တင်လို့ မရဘူး။ အပြစ်တင် မယ်ဆိုရင် ပြဿနာကို စောစောစီးစီး မဖြေရှင်းခဲ့သူတွေကိုသာ
အပြစ်တင်ရမှာပါ။

အခုအချိန်မှာ ကျွန်တော်တို့ လုပ်စရာတစ်ခုပဲ ရှိတော့တယ်။ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်
ရင်ကြားစေ့ရေးပါပဲ။

ခွင့်လွှတ်ခြင်းဖြင့် ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက် နိုင်ပုံကို ရှင်းပြနိုင်ရမယ်။
အတိတ်ကရှိခဲ့တဲ့ ယုံကြည်မှု အဟောင်းကနေ အကောင်းမြင် ယုံကြည်မှုအသစ်သို့
ရွှေ့ပြောင်းပေးနိုင်ရမယ်။

ဒီလိုယုံကြည်မှုနဲ့ ဆက်ဆံရေး ရွှေ့ပြောင်းပေးနိုင်ဖို့ဟာ ခံစားမှုအပိုင်းချည်း သာမက အသိပညာ
အဆင့်အတန်းအရပါ လက်ခံနိုင်မှုရှိရပါမယ်။

ဒီလိုဖြစ်လာပြီဆိုရင် စကားလုံးတွေ၊ ကိုယ်ပိုင်အမှတ်လက္ခဏာတွေ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊
လူ့အသိုက်အဝန်းကို ပြန်လည်တည်ဆောက်ခြင်းမှစ၍ လုပ်စရာအလုပ်တွေ အတူတကွ
ရှိလာကြပါပြီ။

ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူ့အသိုက် အဝန်းဆိုင်ရာ ပဋိပက္ခအများစုဟာ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်
လက္ခဏာပေါ်မှာသာ အခြေခံကြောင်း တွေ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့က လူ့အသိုက်အဝန်းများရဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာတွေကို မပျောက်
မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းနဲ့ နက်ရှိုင်းစွာ စူးစမ်းရှာဖွေ ဖော်ထုတ်ပေးခြင်းတို့ဟာ
ခွင့်လွှတ်ခြင်းနဲ့ ပြန်လည် ရင်ကြားစေ့ရေးတို့အတွက် လမ်းစကောင်းတစ်ခု ဖြစ်လာ နိုင်ပါတယ်။

အပြန်အလှန်ဆွေးနွေးပွဲကို ရောက်လာပြီဆိုမှဖြင့် ပါ၀င်တက်ရောက်သူအားလုံးဟာ
ခွင့်မလွှတ်နိုင်ခြင်းကို လျှော့ချလိုစိတ်ရှိကြပါတယ်။

ဆက်လက်၍ အပြန်အလှန်ဆွေးနွေး ပြောဆိုနေခြင်းဖြင့် ခွင့်လွှတ်ခြင်း တံခါးပေါက်ကို
တွန်းဖွင့်ပေးနိုင်ပါတယ်။

ဒါပေမဲ့လည်း ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ရေးတို့ဟာ သက်ဆိုင်ရာအသိုက်အဝန်း၊ အုပ်စု၊
အဖွဲ့၊ ပုဂ္ဂိုလ်တို့ရဲ့ ဆုံးဖြတ်ချက်သာဖြစ်လို့ အတင်းအဓမ္မ တောင်းဆိုလို့ ရှိရင် ဘယ်သူကမှ
လက်ခံကြမှာ မဟုတ်ပါဘူး။

အပြန်အလှန် ဆွေးနွေးခြင်းဟာ အနာကျက်ဖို့ အကူအပံ့ ဖြစ်စေသော်လည်း ပုံသေကုထုံး
အဖြစ်တော့ သုံးလို့မရပါဘူး။

မတူတဲ့အဖွဲ့တွေ အတူတကွ ထိုင်ပြီး တစ်ဦးကိုတစ်ဦး လေးစားစွာ နားထောင်ရန်၊ သမိုင်းမှာ
ရှည်ကြာလှပြီဖြစ်သော အကွဲအပြဲဆက်ဆံရေးကို ပြုပြင် ပြောင်းလဲစေရန်၊ နောက်ထပ်အနာတရ
ထပ်မဖြစ်စေရန် သတိကြီးစွာ ထားရပါမယ်။

ပါ၀င်ဆွေးနွေးသူ အားလုံးဟာ ပဋိပက္ခကို ဖြေရှင်းလိုသော ဆန္ဒအမှန်တကယ်ရှိရန် လိုပါတယ်။

ပြုပြင်ပြောင်းလဲမှု တကယ် ဖြစ်စေလိုတဲ့ဆန္ဒလည်း ရှိရပါမယ်။ ဒီလိုအခြေအနေမျိုးဟာ
အပြန်အလှန်ဆွေးနွေးဖို့ ရင့်မှည့်ချိန်လို့ ခေါ်ပါယ်။ ရင့်မှည့်ချိန်မဟုတ်ဘဲ ဆွေးနွေးရင် စိန်ခေါ်မှု
ပိုကြီးပါတယ်။

အလားတူပါပဲ၊ ပါ၀င် ဆွေးနွေးကြသူတွေရဲ့ ဩဇာချိန်ခွင်မှာ မညီမျှရင်လည်း စိန်ခေါ်မှုကြီးပါတယ်။

စစ်မှန်ပြီး တာရှည်ခံသော ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် သို့မဟုတ် ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်ဟာ နှေးကွေးစွာ ဖြစ်ထွန်းပေါ်ပေါက်လေ့ ရှိသော်လည်း အပြန်အလှန်ဆွေးနွေးစဉ်
ကာလအတွင်းမှာပဲ တရားမျှတမှု မရှိတဲ့ ဖြစ်ရပ်များ၊ မထီမဲ့မြင်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့သော်
ဒဏ်ရာဟောင်းပေါ် အနာထပ် ဖြစ်သလို ပို၍နာကျင်စေပါတယ်။

ဆွေးနွေးပွဲမှာ ပြောတာတစ်မျိုး လက်တွေ့လုပ်လာတာ တစ်မျိုးဆိုပြီး ယုံကြည်မှု ပျက်ယွင်း
သွားနိုင်ပါတယ်။

ခွင့်လွှတ်ခြင်းနဲ့ ပြန်လည် ရင်ကြားစေ့ရေး သို့မဟုတ် ငြိမ်းချမ်းရေးအစီအစဉ်ဟာ မဖြစ်နိုင်တော့ဘူး၊
မဟုတ်ရင်တောင်မှ အများကြီး ခက်ခဲသွားပြီလို့ ပြောနိုင်ပါတယ်။

နိဂုံးချုပ်အားဖြင့်ဆိုရသော် နက်နဲသော ခွင့်လွှတ်ခြင်းနဲ့ စစ်မှန်သောပြန်လည်ရင်ကြားစေ့ရေးတို့ဟာ
အားကောင်းတဲ့ အပြန်အလှန် ဆွေးနွေးခြင်း (ဒိုင်လော့ခ်) ကနေ ပေါ်ထွက် လာနိုင်ပါတယ်။

ဒီဆွေးနွေးပွဲကြောင့် သမိုင်းက အနာများကို ကျက်သွားစေနိုင်ပြီး ကွဲပြားခြားနားသော အနာဂတ်ကို
စိတ်ကူးပုံဖော်နိုင်ကြမယ်။

အနာဂတ်စိတ်ကူးပုံကို ဆုံးဖြတ်ပြီးသွားတဲ့အခါ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲခြင်းနဲ့
ငြိမ်းချမ်းရေးအတွက်လည်း ရုပ်လုံးပုံပေါ်ပေါက်ပါလိမ့်မယ်။

အဲဒီတော့မှ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အားလုံးဆီသို့ စစ်မှန်တဲ့ ပြန်လည်
ရင်ကြားစေ့ခြင်းဟာ တဖြည်းဖြည်းချင်း ဖြိုးဖြိုးဖြောက်ဖြောက်နဲ့ ၀င်ရောက်လာမှာ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021