ပေးလျော်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၁)

ပေးလျော်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၁)

နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ ပေးလျော်ခြင်း သဘောထား ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ချိန်မှာ ဖြစ်စေ ပဋိပက္ခလွန်အခြေအနေတစ်ခုမှာ ဖြစ်စေ လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု အယူအဆနဲ့ ပေးလျော်ခြင်း သဘောထားတို့ဟာ အနှစ်သာရအားဖြင့် ဆက်စပ်နေပါတယ်။

နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ ပေးလျော်ခြင်း သဘောထား

ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ချိန်မှာ ဖြစ်စေ ပဋိပက္ခလွန်အခြေအနေတစ်ခုမှာ ဖြစ်စေ
လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု အယူအဆနဲ့ ပေးလျော်ခြင်း
သဘောထားတို့ဟာ အနှစ်သာရအားဖြင့် ဆက်စပ်နေပါတယ်။

အပြန်အလှန် မှီခိုနေကြတယ်လို့လည်း ပြောနိုင်ပါတယ်။

ပေးလျော်ခြင်း သဘောထား ကျွန်တော်တို့မှာ မရှိဘူးလား။ ကျွန်တော်တို့ဟာ
အတိတ်အုပ်ချုပ်ရေးမှာ အမှားမရှိခဲ့ဘူးလို့ ကာကွယ်ရာ ရောက်တယ်။ အမှားအယွင်းတချို့
ရှိခဲ့တယ်လို့ ပြောခဲ့ရင်လည်း အဲဒီအမှားအယွင်းတွေအတွက် လက်ရှိအုပ်ချုပ်ရေးက ဆက်လက်
တာဝန်ယူရန် ပျက်ကွက်ရာရောက်ပါတယ်။

စစ်မှန်သော အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်နဲ့ ပြန်လည် ရင်ကြားစေ့ရေး
လုပ်ငန်းစဉ်တို့မှာ ပေးလျော်ခြင်း သဘောထားဟာ သော့ချက်ပမာ အရေးကြီးပါတယ်။

ပေးလျော်ခြင်း သဘောထား နားမလည်သေးဘူး၊ မကျင့်သုံးနိုင်သေးဘူးဆိုရင် စစ်မှန်သော
အသွင်ကူးပြောင်းရေးလို့ ပြောဖို့ သိပ်ခက်ပါတယ်။

ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းဆိုတာ အတိတ်ကရှိခဲ့တဲ့ ခွဲခြားဆက်ဆံမှုများ၊
တရားမျှတမှု မရှိခဲ့ခြင်းများ၊ တစ်ဖက်စောင်းနင်းဖြစ်ခဲ့ခြင်းများကို လျော့နည်း ပပျောက်စေရန်
ရည်ရွယ်ရတာဖြစ်ပါတယ်။

စံနှုန်းများ ပြုပြင်ပြောင်းလဲခြင်း၊ အင်စတီကျူးရှင်းများနဲ့ လုပ်ထုံးလုပ်နည်းများ ပြုပြင်ပြောင်းလဲခြင်း
အစရှိတဲ့ ကနဦး လုပ်ရမယ့် အလုပ်ကလေးလောက်နဲ့ ပြီးနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။

ဒီထက်ကျော်လွန်ပြီး လုပ်သွားစရာအလုပ်တွေ အများကြီးရှိနေပါသေးတယ်။ ဒီအထဲမှာ
လူတစ်ဦးချင်းရဲ့ ရပိုင်ခွင့်များနဲ့ လွတ်လပ်ခွင့်များကို အသိအမှတ်ပြုပေးခြင်း၊ အကာအကွယ်ပေးခြင်း၊
ယခင် အစိုးရအဆက်ဆက်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများက အခြေခံလူ့အခွင့်အရေးများကို
ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းများရှိခဲ့ပါက လက်ရှိအစိုးရဟာ တရားသဖြင့်ဖြစ်အောင် ပြန်လုပ်ပေးရမယ့်
တာဝန်ဝတ္တရားကို လိုက်နာကျင့်သုံးရခြင်းတို့ ပါ၀င်ပါတယ်။

တစ်နည်းအားဖြင့် အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှု ရရှိအောင် ပေးလျော်ခြင်း
သဘောထားနဲ့ ပုံဖော်ရတာဖြစ်ပါတယ်။

ပေးလျော်ခြင်း သဘောထားဟာ ရှေးပဝေသဏီ ကတည်းကရှိခဲ့တဲ့ လျော်ကြေးပေးခြင်း
အယူအဆကနေ အစပျိုးလာခဲ့သော်လည်း ဒီဘက် ခေတ်မှာတော့ အများကြီး ကျယ်ပြန့်လာခဲ့ပြီ
ဖြစ်ပါတယ်။

နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ ပေးလျော်ခြင်းရဲ့ အဓိပ္ပာယ်ဟာ
ငွေကြေးပစ္စည်းပစ္စယပေး လျော်ခြင်းသာမက သင်္ကေတအမှတ် လက္ခဏာ အသိအမှတ်ပြုခြင်းနဲ့
အနာဂတ်သို့ ရှေးရှုသော ပြုပြင်ပြောင်းလဲမှုအထိ ပါ၀င်လာပြီ ဖြစ်ပါတယ်။

ပေးလျော်ခြင်း (Reparation) သဘောထားဟာ ပြန်အပ်ခြင်း (Restitution)၊ လျော်ကြေးပေးခြင်း၊
ပြန်လည်ထူထောင်ပေးခြင်း၊ စိတ်ကျေနပ်မှု ရရှိစေခြင်း၊ တရားသဖြင့် ပြန်ဖြစ်စေခြင်း (Redress)
အယူအဆများနဲ့ တချို့နေရာများမှာ တစ်ထပ်တည်းကျသလို တချို့နေရာများမှာ ဆင်တူရိုးမှား
ဖြစ်ပါတယ်။

ဒါကြောင့် ပေးလျော်ခြင်းသဘောထားမှာ အားလုံး အကျုံးဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အတိတ်တုန်းက လူတစ်ယောက်၊ သို့မဟုတ် လူအများအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှု
ဖြစ်စေ ပြစ်မှုကြောင်းကျူးလွန်ခဲ့မှုဖြစ်စေ အမှားအယွင်းများ ရှိခဲ့တာကို တရားသဖြင့်ဖြစ်အောင်
ပြန်လုပ်ပေးတဲ့ အတိုင်းအတာ မှန်သမျှဟာ ပေးလျော်ခြင်းလို့ပဲ ကျွန်တော်တို့ လွယ်လွယ်ကူကူ
မှတ်သား ထားနိုင်ကြပါတယ်။

ဒီနေရာမှာ လူတွေရဲ့ ပိုင်ဆိုင်မှု အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အိုးအိမ်မြေယာ ပစ္စည်းဥစ္စာများကို
ပြန်လည် ပေးအပ်ခြင်း၊ လွတ်လပ်ခွင့်၊ နိုင်ငံသားဖြစ်မှုနဲ့ ဥပဒေကြောင်းအရ ပေးအပ်ထားတဲ့
အခွင့်အရေးများကို ပြန်လည်အားသစ် လောင်းပေးခြင်း၊ အလုပ်အကိုင်ပြန်လည်ရရှိစေခြင်း
စသည်တို့ ပါ၀င်ပါတယ်။

လျော်ကြေးပေးတယ် ဆိုတာကတော့ ဖြစ်ခဲ့ရတဲ့အမှားကို အသိအမှတ်ပြုခြင်းနဲ့ တခြားလူများ
ခံစားခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုများပေါ်မှာ ကောင်းမွန်သော အခြေအနေတစ်ရပ် ဖြစ်လာရအောင်
ငွေပေးချေခြင်းပဲ ဖြစ်ပါတယ်။

ပျက်စီးဆုံးရှုံးမှုများ အပေါ်မှာလည်း မည်ကာမတ္တဆုံးရှုံးခြင်း၊ ငွေကြေးဆုံးရှုံးခြင်း၊ ကိုယ်ကျင့်သိက္ခာ
ဆုံးရှုံးခြင်းနဲ့ ပြင်းထန် ဆိုးဝါးစွာ ဒဏ်ခတ်ခြင်းခံရ၍ ဆုံးရှုံးခြင်းဆိုပြီးတော့ ခွဲခြားလို့ရပါတယ်။

ပြန်လည်ထူထောင်ပေးခြင်းကတော့ နစ်နာခဲ့သူရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းကို ပြန်လည်အားသစ်လောင်း
ပေးရခြင်း ဖြစ်ပါတယ်။

အစိုးရက ဦးဆောင်ပြီး ဆေးဝါးနဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ တရားဥပဒေကြောင်းက
အကူအညီပေးခြင်းနဲ့ လူမှုရေးဝန်ဆောင်မှုပေးခြင်းတို့ ပါ၀င်ပါတယ်။

ကူးပြောင်းရေးကာလမှာ လူတွေရဲ့ စိတ်ကျေနပ်မှုရရှိအောင် လုပ်ဖို့ အလုပ်က သီအိုရီအရ
ထင်သလောက် မခက်ပါဘူး။

လူတစ်ဦး တစ်ယောက်ချင်းရဲ့ ဆုံးရှုံးမှု၊ ဘေးဒုက္ခရောက်ခဲ့ရမှုတို့အတွက်သာ တိုက်ရိုက်
ရည်ရွယ်ခြင်း မဟုတ်သော လူအများစုအတွက် တရားသဖြင့် ပြန်ဖြစ်စေတဲ့ လုပ်ငန်းမှန်သမျှဟာ
နစ်နာခဲ့သူများရဲ့ စိတ်ကိုကျေနပ်မှု ဖြစ်စေပါတယ်။

လူတွေရဲ့ စိတ်ကို ကျေနပ်မှုဖြစ်စေတဲ့အချက်က လေးချက်ပဲ ရှိတယ်လို့ ဆိုကြပါတယ်။

ပထမအချက်က အမှန်တရားကို ဖော်ထုတ်ခြင်းနဲ့ ဖြစ်စေခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်အမှန်ကို
အတည်ပြုခြင်း၊ ဒုတိယအချက်က တောင်းပန်မှု ရှိခြင်း၊ တတိယအချက်က
ကျူးလွန်ဖောက်ဖျက်ခဲ့သူများကို ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်မှု ရှိစေခြင်းနဲ့
စတုတ္ထအချက်က နစ်နာခဲ့သူများကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုမှုရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

ပေးလျော်မှုတိုင်းဟာ နောက်ကြောင်း ပြန်မလှည့်နိုင်ရန် ဟန့်တားထားတဲ့ သဘောတွေ
အနည်းနဲ့အများ ပါ၀င်ကြပါတယ်။

အလားတူဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်စေရဘူးလို့ ရှင်းလင်းတိကျစွာ အကာအကွယ်ပေးနိုင်ဖို့
အတွက်ကတော့ တရားစီရင်ရေးလွတ်လပ်ခွင့်၊ လုံခြံုရေးတပ်ဖွဲ့များအပေါ်မှာ အရပ်သား
ထိန်းချုပ်ခွင့်နဲ့ လူ့အခွင့်အရေး လေးစားလိုက်နာရေးအတွက် ဖွဲ့စည်းတည်ဆောက်ပုံ
ပြုပြင်ပြောင်းလဲရေးတွေ ဆက်တိုက်လုပ်ပေးသွားရမှာ ဖြစ်ပါတယ်။

ဒါတွေ လုပ်နေသရွေ့ကတော့ အခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ စစ်မှန်တယ်လို့
ကျွန်တော်တို့ အားလုံးက အာမခံနိုင်ကြပါတယ်။

ပေးလျော်ခြင်းနဲ့ ပတ်သက်တဲ့ နိုင်ငံသား အခွင့်အရေးတချို့ဟာ ပြည်တွင်းဥပဒေတွေမှာသော်
လည်းကောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေတွေမှာသော်လည်းကောင်း ရှာဖွေတွေ့ရှိနိုင်ကြပါတယ်။

ဥပဒေမှာပါတဲ့ အခွင့်အရေးတော့ရမယ်၊ ဥပဒေမှာ မပါတာကတော့ မရနိုင်ဘူးလို့ ပြောရင်
အတိတ်ကတည်းက ချည်ထားတဲ့ ကြိုးနီ အခုထက်ထိ မဖြေနိုင်သေးတဲ့သဘော ဖြစ်ပါတယ်။

ဥပဒေမှာ ပြည့်စုံအောင် မဖော်ပြနိုင်သေးတဲ့ တခြားပေးလျော်ခြင်းများအတွက်ကတော့ နိုင်ငံရေး
မူဝါဒနဲ့သာ သက်ဆိုင်ပါတယ်။

သာဓကအနေနဲ့ ပြောရမယ်ဆိုရင် ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် လျော်ကြေးတောင်းခံတယ်
ဆိုရင် ပြစ်မှုကြောင်း၊ တရားမကြောင်းနဲ့ အုပ်ချုပ်မှုလုပ်ထုံးလုပ်နည်းများအရ တရားမျှတမှုကို
ပြန်လည်ရရှိအောင် တောင်းခံနိုင်သော်လည်း အတိတ်က ညှဉ်းပန်းနှိပ်စက်ခံရဖူးသူများကို
အသိအမှတ်ပြုသော အထိမ်းအမှတ်ပြုလုပ်ခြင်း၊ တရားစီရင်ရေးစနစ် လွဲမှားခဲ့မှုများအတွက်
ပြုပြင်ပြောင်းလဲရေး၊ ဥပဒေရဲ့ ပျော့ကွက် ဟာကွက်များကြောင့် နစ်နာခဲ့ရသူများက တရားမျှတမှု
ပြန်လည်တောင်းခံခြင်း အစရှိတဲ့ အခြားနည်းပေးလျော်ခြင်းများအတွက် တည်ဆဲဥပဒေများက
အကူအညီ မပေးနိုင်ကြတာ တွေ့ရှိပါတယ်။


ဒီလိုပေးလျော်မှုမျိုးဟာ ပုဂ္ဂလဓိဋ္ဌာန် လူတစ်ဦးချင်း ခံစားချက်ထက် ပိုအရေးကြီးတဲ့
လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းတည်ဆောက်မှုအဆင့်ဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှု
အလွန်ကြီးမားစေပါတယ်။

ဒါတွေကို တောင်းဆိုနေရမှာ၊ အဆိုတင်သွင်းနေရမှာ၊ ဆွယ်တရားဟောနေရမှာက နိုင်ငံရေးပါတီ
တွေနဲ့ အရပ်ဘက်လူ့ အဖွဲ့အစည်းတွေပါပဲ။

နိုင်ငံအုပ်ချုပ်ရေး အပိုင်းက ဒီလိုမူဝါဒမျိုးကို သူ့ဘာသာသူ အစပျိုး၊ သူ့ဘာသာသူ ချမှတ်ပေးတယ်
ဆိုတာက အတော်ကလေးကို ရှားပါတယ်။

ဘာပဲဖြစ်ဖြစ် တည်ဆဲဥပဒေများက ရရှိ နိုင်တဲ့ ပေးလျော်ခြင်းအခွင့်အရေးများနဲ့ ကိုယ့် တိုင်းပြည်
ကိုယ့်လူမျိုး ကိုယ့်အင်စတီကျူးရှင်းနဲ့ကိုယ် ပေးလျော်ခြင်းသဘောထား ပြည့်စုံစွာ ပါ၀င်ပြီးဖြစ်တဲ့
ပေးလျော်ခြင်းမူဝါဒတို့ကို အချိတ်အဆက်မိမိ အတူယှဉ်တွဲအသုံးချနိုင်ရေးဟာ အခုလို
အသွင်ကူးပြောင်းရေးကာလမှာ နစ်နာခဲ့သူများ စိတ်ကျေနပ်မှုအတွက်ရော အစိုးရအပေါ် လူထုရဲ့
ယုံကြည်စိတ်ချမှု ရရှိရေးအတွက်ပါ အရေးကြီးပါတယ်။

ကျွန်တော်တို့အားလုံး သတိထားမိကြမှာပါ။ ခွဲခြားခြင်းခံခဲ့ရတဲ့ အတိတ်ကာလမှာ နစ်နာခဲ့သူ
အများအပြားရှိခဲ့ပါတယ်။

အိုးအိမ်မြေယာ ပစ္စည်း ဥစ္စာ ဂုဏ်သိက္ခာ နောက်ဆုံးကိုယ်ခန္ဓာနဲ့ အသက်ပါ ဆုံးရှုံးခဲ့ရခြင်းများဟာ
အဲဒီအချိန်က ရှိခဲ့တဲ့ တည်ဆဲဥပဒေနဲ့ညီတာလည်း ရှိခဲ့တယ်၊ မညီတာလည်း ရှိခဲ့တယ်။

အနည်းငယ် လွတ်လပ်ပွင့်လင်းလာတဲ့ အသွင်ကူးပြောင်း ရေးကာလမှာ ဒီလိုပျက်စီးဆုံးရှုံးခဲ့ရမှု
တချို့အတွက် တရားမျှတမှုကို ပြန်လည်တောင်းခံတဲ့အခါ တည်ဆဲဥပဒေနဲ့ညီတာလည်း ရှိမယ်၊
မညီတာတွေလည်း ရှိမယ်။

တာဝန်ရှိသူတွေက အဖြစ်မှန်၊ အခြေအနေမှန်ကို သတိထားမိလာပြီး အတော်အသင့် တရားမျှတမှု
ပြန်လည် ရရှိတာလည်းရှိတယ်၊ တစ်စိတ်တစ်ပိုင်း တရားမျှတမှု ရရှိတာလည်း ရှိတယ်။
တရားမျှတမှု လုံးဝပြန်မရသေးတာလည်း တွေ့ရပါတယ်။

ဥပဒေမရှိလို့ လုပ်မပေးနိုင်ကြောင်း ငြင်းပယ်ခြင်းခံရတာလည်း ရှိတယ်။ ယခင်က တည်ဆဲ
ဥပဒေနဲ့မညီ ဆုံးရှုံးလက်လွှတ်ခဲ့ရခြင်းများ ရှိခဲ့သလို ယခုတည်ဆဲဥပဒေနဲ့မညီသော
တောင်းဆိုမှုအတွက် အရေးယူခံရတာတွေလည်း ရှိနေပြန်ပါတယ်။

အစိုးရရော၊ လူထု ကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊
ရှေ့နေများရော ဒီပြဿနာကို ဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘဲ ဒီမှာတင်လမ်းဆုံးသလို
ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။

တရားမျှတမှု ပြန်ရပြီလားလို့မေးရင် မရသေးဘူးလို့ဘဲ ဖြေကြပါလိမ့်မယ်။

တရားမျှတမှုရအောင် ဘယ်လို ဆက်လုပ်ကြမလဲဆိုတာကို နိုင်ငံတကာ အသွင်ကူးပြောင်းရေး
ကာလ တရားမျှတမှု လုပ်ငန်းစဉ်အမြင်နဲ့ လေ့လာတိုင်းတာ ကြည့်လိုက်ရင် အစိုးရမှာ
ပေးလျော်ခြင်း မူဝါဒများ (Reparation Policies) ရှိဖို့ လိုတယ် ဆိုတဲ့ အဖြေထွက်လာပါတယ်။

တည်ဆဲ ဥပဒေ က ဖြေရှင်းမပေးနိုင်တာတွေကို ပြည်သူလူထု စိတ်ကျေနပ်မှုရသည်အထိ
ဖြေရှင်းပေးနိုင်တာကတော့ ပေးလျော်ခြင်း မူဝါဒများပါပဲ။

ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ တစ်ခုမှာ ပြည်သူလူထုအတွက် တရားမျှတမှုကို
ရနိုင်သလောက် ပြန်ရအောင် လုပ်ပေးနိုင်မှ ဒီနိုင်ငံရေးပြောင်းလဲခြင်းက စစ်မှန်တယ်လို့ လူထုက
လက်ခံနိုင်ကြမှာ ဖြစ်ပါတယ်။

ပြည်သူလူထုအတွက် တရားမျှတမှု ရှိနိုင်သလောက် ပြန်ရအောင် လုပ်ပေးနိုင်ရင် အစိုးရအပေါ်
ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ သိသိသာသာ တိုးတက်လာပါလိမ့်မယ်။ တရားမျှတမှု
ပြန်ရအောင်လည်း လုပ်မပေးနိုင်၊ အကျိုးသင့်အကြောင်းသင့်လည်း မဖြေရှင်းနိုင်ရင်တော့
ယုံကြည်မှုသိသိသာသာ ဆုံးရှုံးစေပါလိမ့်မယ်။

အာဂျင်တီးနားနိုင်ငံရဲ့ အသွင်ကူးပြောင်း ရေးကာလမှာလည်း ကျွန်တော်တို့ အခုရင် ဆိုင်နေရတဲ့
အခြေအနေမျိုးတွေ ဖြစ်ခဲ့ပါ တယ်။

အဲဒီမှာတော့ နစ်နာခဲ့သူတွေဟာ ပြည်တွင်းဥပဒေနဲ့ လမ်းဆုံးအောင် လုပ်ပြီးတဲ့တိုင်
တရားမျှတမှုကို ပြန်လည်မရရှိခဲ့ကြလို့ အမေရိကတိုက်နိုင်ငံများရဲ့ လူ့အခွင့်အရေး ကော်မရှင်ကို
ဆက်လက်တိုင်ကြားတဲ့ အမှုတွဲတွေ အများကြီးဖြစ်လာခဲ့တယ်။

အဲဒါကြောင့်ပဲ ပြည်တွင်းမှာ "အမျိုးသား ပေးလျော်ခြင်း မူဝါဒ"ကို ရေးဆွဲအတည်ပြုခဲ့ရတဲ့
အခြေအနေအထိ ရောက်လာခဲ့တာပါ။

ဒီမူဝါဒမှာတော့ နစ်နာခဲ့သူအများအပြားနဲ့ သက်ဆိုင်တဲ့ လိုအပ်ချက်များကို ပြည့်စုံစွာ
ဖော်ပြပေးနိုင်ခဲ့ပါတယ်။

တစ်ချိန်တုန်းက အဓမ္မခိုင်းစေမှုကြောင့် ပျောက်ဆုံးသွားခဲ့ရတဲ့လူတွေအတွက် ထောက်ခံချက်
ထုတ်ပေးခြင်းအထိ အသေးစိတ်အချက်အလက်တွေ ပါ၀င်ခဲ့ပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်များကို ဖော်ဆောင်တဲ့ နေရာမှာ
အတိတ်ကာလ အုပ်ချုပ်ရေးစနစ်ကြောင့် ဖြစ်ခဲ့ရတဲ့ ကျူးလွန်ဖောက်ဖျက်မှု အများအပြားကို
လက်ရှိအုပ်ချုပ်ရေးက တာဝန်ယူပြီး ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။

လူတစ်ဦးချင်းစီအတွက် ပေးလျော်ရမယ့် ကိစ္စများကိုပါ လက်တွေ့ ဆောင်ရွက်ပေးဖို့ဆိုတာကတော့
မဖြစ်နိုင်သလောက်ပါပဲ။

ဒါပေမဲ့ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ၊ အလုပ်အကိုင် အခွင့်အလမ်း စတဲ့ တစ်ပေါင်းတည်း
လုပ်ပေး နိုင်တဲ့ အတိုင်းအတာမှန်သမျှကို လူမျိုး၊ ဘာသာစကား၊ ယုံကြည်မှု၊ မသန်စွမ်းမှု၊ ကျား/မ
မခွဲခြားဘဲ လုပ်ပေးရမှာ ဖြစ်ပါတယ်။

ငွေကြေးမပါ၀င်သော တစ်ဦးချင်းအတွက် ပေးလျော်ခြင်းအစီအစဉ်များကိုတော့ ဆောင်ရွက်ပေးနိုင်
ပါတယ်။

သာဓကအနေနဲ့ နိုင်ငံသားဖြစ်မှု၊ ပြည်ဝင်ခွင့်၊ ပျောက်ဆုံးသေဆုံးခဲ့သူများအတွက်မှတ်တမ်း၊
ပြန်လည်သင်္ဂြိုဟ်ပေးခြင်း၊ ပြစ်မှုမှတ်တမ်းဟောင်းများမှ ပယ်ဖျက်ပေးခြင်း စသည်တို့ ဖြစ်ပါတယ်။

နောက်ထပ်ပေးလျော်ခြင်းတစ်မျိုးကတော့ အထိမ်းအမှတ်အခမ်းအနား၊ အမှတ်တရရုပ်တု၊
ကျောက်တိုင် စတာတွေကို ပြုလုပ်ခွင့်ပဲ ဖြစ်ပါတယ်။

အချို့ကိစ္စများဟာ အတိတ်က ကြမ်းကြုတ်ရက်စက်မှုများကို အမှတ်ရစေခြင်း၊ အရှက်ခွဲလိုခြင်းများ
ပါ၀င်နေခဲ့ရင် အဆိုး ကျော့သံသရာကို အားပေးရာရောက်နိုင်ပြီး ပြန်လည်ရင်ကြားစေ့ရေး
လုပ်ငန်းစဉ်မှာ အနှောင့်အယှက်ဖြစ်နိုင်လို့ ဤကဲ့သို့သော ပေးလျော်ခြင်းများအတွက်ကတော့
အများကြီး စဉ်းစားသင့်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခေတ်မှာ ဦးဆောင်နေကြသူများရော ပါ၀င်လှုပ်ရှားနေကြသူများပါ
ပေးလျော်ခြင်း သဘောထားကို သေသေချာချာ နားလည် လက်ခံသင့်တယ်လို့ ကျွန်တော်
ထင်ပါတယ်။

ခေတ်နဲ့လျော်ညီအောင် မိမိတို့ရဲ့ စဉ်းစားတွေးခေါ်မှုစံများကို အကျိုးသင့် အကြောင်းသင့်
မပြောင်းလဲနိုင်ကြသေးသူများအဖို့ကတော့ ဒါဟာနားလည်ဖို့ ခက်ခဲတယ်၊ တစ်ဖက်သတ်အယူ
ဖြစ်လို့ လက်ရှိအခြေအနေကို ကယောက်ကယက် ဖြစ်စေနိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်
ကာကွယ်လိုသော အမြင်တစ်ခုတည်းကိုပဲ လက်ကိုင်ထားလိုကြပါတယ်။

အမှန်ကတော့ တရားမျှတမှု မရှိခဲ့လို့ လူ တစ်ဦးချင်းရဲ့စိတ်ထဲမှာသော်လည်းကောင်း၊
လူ့အဖွဲ့အစည်းမှာသော် လည်းကောင်း ကပြောင်းကပြန်ဖြစ်နေတာတွေကို နိုင်ငံတော်ရဲ့
ပေးလျော်ခြင်း သဘောထားနဲ့ တရားမျှတမှု မျှခြေတစ်ခုသို့ ရောက်အောင် ပြန်လည်
ပို့ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်။

ဒါမှလည်း နိုင်ငံရေးတည်ငြိမ်မှုကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တို့မှာ
ပေးလျော်ခြင်းသဘောထားမရှိရင် ဘယ်လိုနည်းနဲ့မျှ ရှေ့ကို ဆက်တိုးနိုင်မယ် မဟုတ်ပါ။

ပေးလျော်ခြင်းဟာ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့ရတဲ့ တရားမျှတမှုကို ပြန်လည် ဖြန့်ဝေပေးခြင်း
ဖြစ်တဲ့အတွက် လူ့ အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အုပ်ချုပ်မှုယန္တရား လှုပ်ရှားလည်ပတ်ရာမှာ ချောဆီ
ထည့်သွင်းပေးလိုက်သလို အဆင်ပြေချော မွတ်စေမယ့် နည်းလမ်းလည်းဖြစ်ပါကြောင်း
တင်ပြလိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021