အခုဆိုရင် နိုင်ငံတကာငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာ ကျပ်ငွေတန်ဖိုး လျင်လျင်မြန်မြန် ကျဆင်းလာနေပါတယ်။
အခုဆိုရင် နိုင်ငံတကာငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာ ကျပ်ငွေတန်ဖိုး လျင်လျင်မြန်မြန်
ကျဆင်းလာနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ ပြင်ပ ပေါက်ဈေးမှာ အမေရိကန် တစ်ဒေါ်လာဟာ မြန်မာကျပ်ငွေ
၁,၁၇၀ ၀န်းကျင် နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။
အလားတူ ထိုင်းနယ်စပ် ဘက်မှာလည်း ထိုင်းတစ်ဘတ်ဟာ မြန်မာကျပ်ငွေ ၃၄ ကျပ် ၁၆ ပြားနှုန်း
အထိ မြင့်တက်ခဲ့ပြီး လွန်ခဲ့တဲ့ လေးငါးနှစ်အတွင်း စံချိန်တင် မြင့်တက်တဲ့ နှုန်းထား ဖြစ်တယ်လို့
သိရပါတယ်။
ခုလို ကျပ်ငွေတန်ဖိုး လျင်လျင်မြန်မြန် ကျဆင်းလာတာနဲ့အတူ ကုန်ဈေးနှုန်းပါ လိုက်ပါမြင့်တက်လာ
ပါတယ်။
အဓိက ခံကြရတာကတော့ အောက်ခြေ ပြည်သူတွေနဲ့ လူလတ်တန်းစားတွေပါ။
နောက်ထပ် ခံကြရသူတွေကတော့ မြန်မာကျပ်ငွေ လက်ဝယ်ရှိသူတွေနဲ့ ဘဏ်ထဲ ကျပ်ငွေ
အပ်နှံထားသူတွေပါ။
သူတို့ ပိုင်ဆိုင်တဲ့ ကျပ်ငွေ တန်ဖိုး ကျဆင်းလာတာနဲ့အတူ သူတို့ ပိုင်ဆိုင်မှုတွေလည်း
လျော့နည်းလာတဲ့ သဘောပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကစ လုပ်ခ လစာတိုးရလာတဲ့ အစိုးရဝန်ထမ်းတွေလည်း မပျော်နိုင်ကြတော့ပါဘူး။
သူတို့ တိုးရတဲ့ လစာဟာ တစ်လနှစ်လ မပြည့်မီ ကုန်ဈေးနှုန်းက ကျော်တက်သွားလို့ပါပဲ။
ဒါပေမဲ့လည်း ခုလို ဒေါ်လာနဲ့ နိုင်ငံခြားငွေ တန်ဖိုးတက်၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းဆိုတဲ့
အခြေအနေအောက်မှာ အကြီးအကျယ် အမြတ်ထွက်နေကြသူ တချို့လည်း ရှိနေပါတယ်။
ဘယ်သူတွေလဲ၊ ဘာကြောင့် သူတို့က အလကားနေရင်း အကျိုးအမြတ်တွေ ရနေကြသလဲဆိုတာ
ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒေါ်လာနဲ့ နိုင်ငံခြားငွေ တန်ဖိုးတွေ မြင့်တက်လာမှု၊ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာမှုနဲ့အတူ
နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်တဲ့ မှောင်ခိုဈေးကွက်ကလည်း အဆမတန် ကျယ်ပြန့်လာနေတဲ့
ပြဿနာ ပေါ်ပေါက်လာပါတယ်။
အကြောင်းကတော့ အစိုးရက အသိအမှတ်ပြုထားတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာ
တွေမှာ တရားဝင် ငွေကြေး အရောင်းအဝယ် မလုပ်ကြတော့သလောက် ဖြစ်သွားလို့ပါပဲ။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်လုပ်ဆောင်လာတဲ့ နောက်ပိုင်း စီးပွားရေးနဲ့
ငွေရေးကြေးရေး လောကအတွက် အကြီးမားဆုံး အပြောင်းအလဲကတော့ ပုဂ္ဂလိကဘဏ်တွေကို
နိုင်ငံခြားငွေ ၀န်ဆောင်မှု လုပ်ကိုင်ခွင့်ပေးတာ၊ ပြည်သူတွေ ဒေါ်လာနဲ့ အခြားနိုင်ငံခြားငွေတွေကို
ပေါ်ပေါ်တင်တင် ကိုင်တွယ် အသုံးပြုလာနိုင်တာ၊ အခြားနိုင်ငံတွေနည်းတူ နိုင်ငံအနှံ့ တရားဝင်
နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်တဲ့ ကောင်တာတွေ အမြောက်အမြား ပေါ်ပေါက်လာတာ
တွေလည်း ပါ၀င်ပါတယ်။
အဲဒီလို ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကို နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်တဲ့
လုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့်ပြုထားပေမယ့် ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးအတိုင်း
ကိုယ့်ဘာသာကိုယ် ဈေးနှုန်းသတ်မှတ် ရောင်းဝယ်တာမျိုးကိုတော့ ခွင့်ပြုမထားပါဘူး။
ဗဟိုဘဏ်ဟာ ရည်ညွှန်း ငွေလဲနှုန်း တစ်ခုကို သတ်မှတ်ပါတယ်။ အဲဒီ သတ်မှတ်နှုန်းအပေါ်
မူတည်ပြီး ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေက လိုအပ်တဲ့ ငွေကြေးကို ဗဟိုဘဏ်ကနေ
လေလံဈေးဖွင့် ရောင်းချပေးပါတယ်။
ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဟာ ဗဟိုဘဏ်ကနေ ကိုယ်ဝယ်ယူထားတဲ့ ငွေကြေး၊
ကိုယ့်ဘဏ်နဲ့ ကောင်တာမှာ လာရောင်းကြတဲ့ ပြည်သူနဲ့ နိုင်ငံခြားသားတွေရဲ့ ငွေကြေး၊ ဘဏ်က
မတည်တာတွေကို ကိုင်ပြီး ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားအတွင်းမှာ အရောင်းအဝယ်
လုပ်ကြရတာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ တကယ့်လက်တွေ့ ဈေးကွက်ထဲမှာ ဒေါ်လာနဲ့ နိုင်ငံခြားငွေဝယ်လိုအား အလွန်များပြီး
ဒေါ်လာဈေးတက်လာတဲ့ အနေအထားမျိုးအောက်မှာ ဗဟိုဘဏ်ဟာ သူ့ရည်ညွှန်းနှုန်းထားကို
လိုက်ပါ မြှင့်တင်တာမျိုး လုပ်လေ့မရှိပါဘူး။
အခြားတစ်ဖက်မှာလည်း နေ့စဉ်ပြုလုပ်တဲ့ လေလံဈေးကွက်မှာ သူသတ်မှတ်ထားတဲ့
နှုန်းထားအတိုင်း ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေက ဒေါ်လာ ၀ယ်ယူလိုတဲ့
ပမာဏကိုလည်း ရောင်းချပေးနိုင်ခြင်း မရှိပါဘူး။
ပြောရရင် ဗဟိုဘဏ်ရဲ့ လုပ်ပုံ ကိုင်ပုံဟာ ဒေါ်လာနဲ့ နိုင်ငံခြားငွေ ဈေးနှုန်း တစ်ခုကို သူ့ဘာသာသူ
သတ်မှတ်တယ်၊ ဒါပေမဲ့ သူသတ်မှတ်တဲ့နှုန်းအတိုင်း ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာ
တွေက ၀ယ်ယူလိုတာကိုတော့ ရောင်းချပေးနိုင်ခြင်း မရှိဘူးဆိုတဲ့၊ ရှေ့နောက် မညီတဲ့
အခြေအနေမျိုးပါ။
နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြဿနာကတော့ ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေဟာ
ပုဂ္ဂလိကဘဏ်နဲ့ ငွေလဲကောင်တာတွေဆီ သွားပြီး သတ်မှတ်ဈေးအတိုင်း ဒေါ်လာသွားဝယ်လို့
မရတဲ့ ပြဿနာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့လို အခြေအနေမျိုးဆို ပိုဆိုးပါတယ်။
ဗဟိုဘဏ် သတ်မှတ်ချက်အရ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေမှာ ရေးထားတဲ့
နှုန်းထားတွေဟာ တစ်ဒေါ်လာကို ကျပ်ငွေ ၁,၁၀၀ စွန်းစွန်းပါ။
ပြင်ပပေါက်ဈေးမှာတော့ တစ်ဒေါ်လာ ကျပ် ၁,၁၇၀ ၀န်းကျင် ဈေးပေါက်နေပါပြီ။
ဒါကြောင့် ပုဂ္ဂလိကဘဏ်နဲ့ ငွေလဲကောင်တာတွေဟာ မသိနားမလည်တဲ့ ပြည်သူတွေနဲ့
နိုင်ငံခြားသားတွေ ဒေါ်လာသွားရောင်းရင် သတ်မှတ်ဈေးအတိုင်း ပြံုးပြံုးလေးနဲ့
လက်ခံဝယ်ယူပါတယ်။
အဲ ဒေါ်လာ ၀ယ်ချင်တယ်ဆိုရင်တော့ မရှိဘူး ပြောတာပါပဲ။
လိုချင်ရင် ပြင်ပ ပေါက်ဈေးအတိုင်း ၀ယ်ရမယ်လို့ ပေါ်ပေါ်တင်တင် ပြောတဲ့ ဘဏ်တွေ၊
ကောင်တာတွေတောင် ရှိပါတယ်။
ဒီနေရာမှာ ပြည်သူတွေ မသိတဲ့ မြှုပ်ကွက်တစ်ကွက်ရှိပါတယ်။
ဗဟိုဘဏ်ဟာ ဒေါ်လာနဲ့ နိုင်ငံခြားငွေကို ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ပုဂ္ဂလိက ဘဏ်နဲ့ ငွေလဲ
ကောင်တာတွေကို နေ့စဉ် ရောင်းချပေးနေတဲ့ ကိစ္စပါ။
လေလံလို့ နာမည်ခံထားပေမယ့် ၀ယ်ချင်သလောက် ရောင်းချပေးတာတော့ မဟုတ်ပါဘူး။
ခွဲတမ်းစနစ်နဲ့တော့ နေ့စဉ် ရောင်းချပေးပါတယ်။
ဒါပေမဲ့ ဗဟိုဘဏ်ကနေ ဘယ်ဘဏ်ကို ဒေါ်လာငွေ ဘယ်လောက် ရောင်းချပေးတယ်၊ ဘဏ်နဲ့
ကောင်တာ အားလုံးကို တစ်ရက် ဘယ်လောက် ရောင်းချပေးနေတယ်ဆိုတဲ့ ပမာဏကိုတော့
ထုတ်ပြန် ကြေညာခြင်း မပြုကြပါဘူး။
ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်မှာစိုးလို့ အဲလို ပွင့်ပွင့်လင်းလင်း မကြေညာရတာလို့
ဆိုပါတယ်။
ဒါပေမဲ့ သေချာတာကတော့ ဗဟိုဘဏ်ဟာ သူသတ်မှတ်တဲ့ ရည်ညွှန်း ဈေးအတိုင်း ပုဂ္ဂလိက
ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကို ခွဲတန်းစနစ်နဲ့ ပုံမှန် ရောင်းပေးနေတယ် ဆိုတာပါ။
ဗဟိုဘဏ်က ၀ယ်ယူခွင့်ရတဲ့ ဒေါ်လာငွေကို ပုဂ္ဂလိက ဘဏ်နဲ့ ငွေလဲကောင်တာတွေက
ဘာလုပ်ပစ်လိုက်တာပါလဲ။
တကယ်ဆို ဒီငွေတွေ သတ်မှတ်ဈေးအတိုင်း အများပြည်သူ လာဝယ်ရင် ရောင်းပေးရမှာ
ဖြစ်ပေမယ့် ရောင်းမပေးပါဘူး။
ကိုယ့်ဘာသာကိုယ် သိမ်းထား၊ လွှဲပြောင်း၊ တရားမဝင် ဈေးကွက်ကိုပို့ ကြိုက်ရာလုပ်နိုင်ကြပါတယ်။
အဓိက ပြတ်နေတဲ့ ကွင်းဆက်ကတော့ ဗဟိုဘဏ်က ရောင်းပေးလိုက်တဲ့ ဒေါ်လာငွေတွေကို
အဲဒီ ရည်ညွှန်းဈေး၊ အဲဒီ ပမာဏအတိုင်း ပြည်သူတွေကို တကယ် ပြန်ရောင်းပေး မပေး၊
ပြန်စိစစ်နိုင်တဲ့ စနစ်တစ်ခု ရှိမနေတာပါ။
ပြောရရင် ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဟာ ဗဟိုဘဏ်ကနေ ဒေါ်လာတွေ
၀ယ်ခွင့်ရရင် ရသလောက် အမြတ်ကြီးပါပဲ။
နမူနာအားဖြင့် ဇွန်လ ၆ ရက်နေ့မှာ ဗဟိုဘဏ်ကနေ ဒေါ်လာ တစ်သိန်း ၀ယ်ခွင့်ရတဲ့
ပုဂ္ဂလိကဘဏ် တစ်ဘဏ်ဟာ ကျပ်ငွေ သိန်း ရ၀ အသားတင် မြတ်စွန်းမှာ ဖြစ်လို့ပါပဲ။
ဗဟိုဘဏ်က သူ ၀ယ်ယူခွင့်ရတဲ့ ဈေးနှုန်းနဲ့ တကယ့် လက်တွေ့ ပြင်ပမှာ ပေါက်နေတဲ့ ဈေးနှုန်း
တစ်ဒေါ်လာ ကျပ် ရ၀ လောက် ကွာနေလို့ပဲ ဖြစ်ပါတယ်။
ကျပ်ငွေတွေ အရှိန်အဟုန်နဲ့ တန်ဖိုးကျပြီး တောမီးလောင်သလို ဖြစ်နေချိန် ဗဟိုဘဏ်ကနေ
သတ်မှတ်ဈေးနဲ့ ဒေါ်လာဝယ်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေကတော့ တောကြောင်တွေလို
လက်ခမောင်း ခတ်နိုင်တဲ့အခြေအနေမျိုးပါ။
တကယ်တော့ ကျပ်ငွေတန်ဖိုးတည်ငြိမ်ဖို့ဆိုရင် အစိုးရဟာ ဘတ်ဂျက်လိုငွေပြတာ လျော့ရပါမယ်။
ကျပ်ငွေစက္ကူ ရိုက်ထုတ်တာကို ထိန်းချုပ်တာ လုပ်ရပါမယ်။
ဒါတွေမလုပ်နိုင်ရင် အစိုးရဟာ သူပိုင်တဲ့ နိုင်ငံခြားငွေတွေကို ဈေးကွက်အတွင်း
ထုတ်ရောင်းပေးရပါမယ်။
အဲဒီလို နိုင်ငံပိုင် နိုင်ငံခြားငွေဈေးကွက်ထဲ ထုတ်ရောင်းပြီး ကျပ်ငွေတန်ဖိုး ထိန်းညှိတာမျိုး လုပ်ဖို့
ဗဟိုဘဏ်မှာ လုပ်ပိုင်ခွင့် မရှိတဲ့အကြောင်း တာဝန်ရှိသူတွေက တရားဝင် ၀န်ခံထားပြီးပါပြီ။
ဒီ ပြဿနာဖြေရှင်းရေးအတွက် ဗဟိုဘဏ်မှာ လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝ မရှိတဲ့အတွက်
ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။
အစိုးရအဖွဲ့ကသာ ဘတ်ဂျက် လိုငွေပြတာ နည်းသွားရအောင် အသုံးစားရိတ် လျော့ချတာ၊
အရှုံးလည်းပေါ်၊ ပြည်သူတွေလည်း အကျိုးမဖြစ်စေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်တာ၊
ကျပ်ငွေ စက္ကူ ရိုက်ထုတ်မှု ထိန်းချုပ်တာ၊ နိုင်ငံပိုင် နိုင်ငံခြားအရံငွေ အသုံးပြုပြီး ဈေးကွက်ထဲ
ရောင်းချပေးတာ စတာတွေ လုပ်ဖို့ လိုပါတယ်။
အနှစ်ချုပ်ကတော့ အစိုးရဟာ ငွေသုံးချင်ရင် ပြည်သူတွေ ဒုက္ခရောက် အောင် ပြည်သူတွေ
အိတ်ထဲက ခိုးယူပြီး မသုံးနဲ့ (ကျပ်ငွေစက္ကူတွေ အရမ်း ရိုက်မထုတ်နဲ့)၊ ကိုယ့်မှာရှိတဲ့ နိုင်ငံပိုင်
နိုင်ငံခြားငွေကို ကိုယ်သုံးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါကြောင်းသုံးသပ်လိုက်ရပါတယ်။
















