လွတ်လပ်ရေးရအပြီး ၁၉၄၈ ခုနှစ်နှင့် ၁၉၅၁ ခုနှစ်အတွင်းတို့တွင် နှစ်ကြိမ်တိုင် မြန်မာနိုင်ငံ ၏ တိုင်းပြည်ဝင်ငွေ ခန့်မှန်းခြေတို့ကို လာရောက် တွက်ချက်ပေးခဲ့သော မစ္စပီတာအေဒီ (Miss Peter Ady) ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံ၏ စာရင်းအင်း အထောက်အထား မှတ်တမ်းများထားရှိမှုသည် စစ်ပြီးခေတ် နောက်ပိုင်း ဆိုးဆိုးဝါးဝါး အားနည်းခဲ့ပြီး အာဖရိကနိုင်ငံများ လောက်ပင် စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက် မပြည့်စုံဟု လေ့လာတွေ့ရှိ ရသည်။
လွတ်လပ်ရေးရအပြီး ၁၉၄၈ ခုနှစ်နှင့် ၁၉၅၁ ခုနှစ်အတွင်းတို့တွင် နှစ်ကြိမ်တိုင် မြန်မာနိုင်ငံ ၏
တိုင်းပြည်ဝင်ငွေ ခန့်မှန်းခြေတို့ကို လာရောက် တွက်ချက်ပေးခဲ့သော မစ္စပီတာအေဒီ
(Miss Peter Ady) ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံ၏ စာရင်းအင်း အထောက်အထား
မှတ်တမ်းများထားရှိမှုသည် စစ်ပြီးခေတ် နောက်ပိုင်း ဆိုးဆိုးဝါးဝါး အားနည်းခဲ့ပြီး အာဖရိကနိုင်ငံများ
လောက်ပင် စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက် မပြည့်စုံဟု လေ့လာတွေ့ရှိ ရသည်။
ထို့ကြောင့်ပင် တောင်အာဖရိက နိုင်ငံများသည် မြန်မာနိုင်ငံထက်စော၍ တိုင်းပြည် စာရင်းစနစ်
SNN ကို အကောင်အထည် ဖော်နိုင်ခဲ့သည်ဟု မှတ်ချက်ပြုရပေမည်။
အပိုင်း (၄) တွင် ဖော်ပြခဲ့သည့်အတိုင်း မစ္စပီတာအေဒီသည် မြန်မာနိုင်ငံ၏ တိုင်းပြည်ဝင်ငွေ
ခန့်မှန်းခြေကို ၁၉၃၉ - ၄၀ ခုနှစ် နှင့် ၁၉၄၆ - ၄၇ ခုနှစ်တို့အတွက် ရာအို၏ နည်းအတိုင်း
တွက်ချက်ခဲ့ပါသည်။
ရာအို၏ တိုင်းပြည်ဝင်ငွေ ခန့်မှန်းခြေတွက်ချက်ပုံ အသေးစိတ်နှင့် သီအိုရီဆိုင်ရာ သဘောတရား
တို့ကို ၁၉၄၀ ပြည့်နှစ်က ပုံနှိပ်ထုတ်ဝေသော V.K.R.V. RAO (ရာအို)၏ "THE NATIONAL
INCOME OF BRITISH INDIA, 1931-32" စာအုပ်တွင် စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုနိုင်ပါသည်။
ရာအိုက မြန်မာနိုင်ငံကို ဗြိတိသျှ အိန္ဒိယ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၁၉၃၁ - ၃၂ ခုနှစ်အတွက်
တိုင်းပြည်ဝင်ငွေကို ခန့်မှန်းတွက်ချက်ခဲ့ပါသည်။
ယင်းခန့်မှန်းခြေတွင် စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်း၊ သစ်တော
တွင်းထွက်၊ သတ္တုကဏ္ဍတို့မှ ၀င်ငွေကို ကုန်ထွက်နည်းဖြင့် တွက်ချက်ပြီး ၀င်ငွေခွန်တွက်ချက်သော
၀င်ငွေများ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စက်မှုလက်မှု ၀န်ဆောင်မှု ကဏ္ဍများက
၀င်ငွေခွန်မပေးဆောင်ရသော အလုပ်သမားများ၏ ၀င်ငွေများ အိမ်ပိုင်ဆိုင်မှုက ၀င်ငွေများ၏
စုစုပေါင်းကို တွက်ချက်ပါသည်။
ကုန်ထွက်နည်းဖြင့် တွက်ချက်ထားသော ကဏ္ဍကြီး ငါးခု၏ ကုန်ထွက်တန်ဖိုးနှင့် ၀င်ငွေနည်းဖြင့်
တွက်ချက်ထားသော ကျန်ကဏ္ဍများ၏ စုစုပေါင်း ၀င်ငွေတို့ကိုပေါင်းပြီး အိန္ဒိယနှင့် ကုန်သွယ်ရာတွင်
သွင်းကုန်ထက် ပို့ကုန်က တန်ဖိုးများသဖြင့် ထိုအခွင့်အလမ်းသာသော ကုန်သွယ်ရှင်းတမ်း
တန်ဖိုးကို နုတ်ပါသည်။
ရာအို၏ ခန့်မှန်းခြေအရ မြန်မာနိုင်ငံ၏ တိုင်းပြည်ဝင်ငွေမှာ ကျပ် သန်းပေါင်း ၉၉၀ ခန့်ဖြစ်ပြီး
အနားသတ်အမှား (Margin of Error) အပေါင်း - အနုတ် ၁၀ ရာခိုင်နှုန်း ဖြစ်ပါသည်။
ခန့်မှန်းခြေ၏ သဘောတရားမှာ ခန့်မှန်းခြေတွင် အနားသတ်အမှားကို ဖော်ပြပေးရပါသည်။
ထို့ကြောင့် နမူနာစစ်တမ်းများက တွက်ချက်ရရှိသော ခန့်မှန်းခြေတို့တွင်လည်း အနားသတ်အမှားကို
ဖော်ပြနိုင်စွမ်း ရှိရပါမည်။
ခန့်မှန်းခြေဆိုသည်မှာ အမှန်တန်ဖိုး အတိအကျကို မသိနိုင်သောကြောင့် ခန့်မှန်းရခြင်းဖြစ်သဖြင့်
အမှားရှိပါသည်။
ထိုအမှားကို အနားသတ်အမှားဖြင့် ကန့်သတ်ပေးပါသည်။
ရာအို၏ တွက်ချက်မှုကို တစေ့တစောင်း လေ့လာပါက ဦးစွာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါး၊
မုယောစပါး၊ နှံစားသီးနှံ၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ချည်မျှင်၊ ဆေးရွက်ကြီးနှင့် အခြား သီးနှံများဟူ၍
အမျိုးအစား ကိုးမျိုးခွဲကာ ထုတ်လုပ်မှုကို တွက်ချက်ပါသည်။
ဗြိတိသျှ အိန္ဒိယဒေသကြီး ကိုးခုအနက် မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ဧကမှာ တတိယလိုက်ပြီး
စိုက်ဧက ထောင်ပေါင်း ၁၂,၅၁၇ ရှိခဲ့ပါသည်။
ဆန်စပါး စိုက်ဧက အများဆုံးဒေသမှာ ဘင်ဂေါလ် (Bengal) ဖြစ်ပြီး ဒုတိယအများဆုံးမှာ
ဘီဟာနှင့် အိုရစ်စ (Bihar and Orissa) တို့ ဖြစ်ခဲ့ပါသည်။
စပါးအထွက် စုစုပေါင်းကို တွက်ချက်ရာတွင် (စိုက်ဧက x တစ်ဧကစံအထွက်နှုန်း x ရာသီလိုက်
အခြေအနေ) ပုံသေနည်းအရ တွက်ပါသည်။
ထိုစဉ်က မြန်မာနိုင်ငံ၏ တစ်ဧက ဆန်အထွက်နှုန်းမှာ သုည ဒသမ ၃၃၅၇ တန် ရှိခဲ့ပြီး
အခြားဒေသများနှင့် နှိုင်းယှဉ်ပါက သတ္တမ လိုက်ခဲ့ပါသည်။
နှမ်း စိုက်ဧကမှာ ဒေသကြီး ကိုးခုတွင် မြန်မာနိုင်ငံက အများဆုံးဖြစ်ခဲ့ပြီး အထွက်နှုန်းမှာ
နည်းခဲ့ပါသည်။
ကုန်ထွက်တန်ဖိုးကို တွက်ချက်ရန် ဈေးနှုန်းကို ရိတ်သိမ်းချိန် ဈေးနှုန်း (Harvest Price) ဖြင့်
စဉ်းစားပါသည်။
သီးနှံအထွက်ကို ဈေးနှုန်းဖြင့် မြှောက်ပါက စုစုပေါင်း ကုန်ထွက်တန်ဖိုး ရရှိပါသည်။
ထိုစုစုပေါင်း ကုန်ထွက်တန်ဖိုးထဲမှ အလေအလွင့် တန်ဖိုး၊ မျိုးစေ့တန်ဖိုး၊ စိုက်ပျိုးရေးအကြွေး
(ချေးငွေ) ပေါ် အတိုး၊ ခိုင်း ကျွဲ နွားများ ထိန်းသိမ်းစရိတ်နှင့် တန်ဖိုးလျှော့၊ လယ်ယာသုံးကိရိယာများ
ပြင်ဆင်စရိတ်နှင့် တန်ဖိုးလျှော့တို့ကို နုတ်ပြီး အသားတင်တန်ဖိုးသည် ကုန်ထွက်နည်းအရ
တွက်ချက်ရရှိသော စိုက်ပျိုးရေး ကဏ္ဍ၏ ၀င်ငွေဖြစ်ပါသည်။
နည်းပညာပိုင်းဆိုင်ရာအရ စုစုပေါင်း ကုန်ထွက် တန်ဖိုးထဲမှ နုတ်သော အလေအလွင့်မျိုးစေ့ စသော
တန်ဖိုး စုစုပေါင်းကို သီးနှံတစ်မျိုးချင်းအတွက် ကြားခံစားသုံးမှု (Intermediate Cosumption)
တန်ဖိုးဟု ခေါ်ဆိုပါသည်။
စုစုပေါင်း ကုန်ထွက်တန်ဖိုးထဲမှ ကြားခံသုံးစွဲမှု တန်ဖိုးကို နုတ်ရခြင်း အကြောင်းရင်းမှာ
တစ်ကြိမ်ထက် ပို၍ တန်ဖိုးများ မတွက်မိစေရန် ဖြစ်သည်။
မစ္စပီတာအေဒီ က ၁၉၃၉ - ၄၀ နှင့် ၁၉၄၆ - ၄၇ နှစ်များအတွက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင်
သီးနှံ အမျိုးအစား ၄၃ မျိုးခွဲကာ ထုတ်လုပ်မှုကို တွက်ချက်ခဲ့ပါသည်။
ထိုအချိန်အခါက ဓနိ/သက်ငယ်ကို မြန်မာနိုင်ငံ တစ်ဝန်း အများအပြား အသုံးချရပြီး မြေလွတ်
မြေရိုင်းတွင် စိုက်ပျိုးနိုင်သော စိုက်ပျိုးရေး ထုတ်ကုန်တစ်မျိုးဖြစ်သည်။
ဤတွင် မြန်မာနိုင်ငံအတွက် SNA 2008 အကောင်အထည် ဖော်ရန်အတွက် အသုံးဇယားများ
(Supply and Use Tables - SUT) စတင် တည်ဆောက်ရန် ကြိုးစားခဲ့ကြပါသည်။
စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များ မပြည့်စုံသောအခါ SUT ကို အသုံးပြုရသဖြင့်
SUT ကို တည်ဆောက်ရန် လိုအပ်ပါသည်။
အာရှနိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ ဖီဂျီ၊
အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊ တရုတ်၊ သီရိလင်္ကာ၊ စင်ကာပူ၊
ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် SUT အသီးသီး ရေးဆွဲပြီး ဖြစ်ပါသည်။
SUT ရေးဆွဲရန်အတွက် ကနဦးပြုလုပ်ရမည့် လုပ်ငန်းမှာ မျိုးတူလုပ်ငန်းစု (Industry) နှင့်
ထုတ်ကုန် (Product) တို့ကို နိုင်ငံအချင်း ချင်း နှိုင်းယှဉ်ရာတွင် စနစ်တကျ လွယ်ကူစွာ
နှိုင်းယှဉ်နိုင်ရန် Code နံပါတ်များ တပ်ရခြင်း ဖြစ်ပါသည်။
အကြောင်းမှာ SUT တွင် အတန်း (Row) များ၌ ထုတ်ကုန်များကို ဖော်ပြပြီး အတိုင်၌
မျိုးတူလုပ်ငန်းစုများကို ရေးသွင်းရသောကြောင့် ဖြစ်ပါသည်။
ထုတ်ကုန်များကို ကမ္ဘာ့ကုလသမဂ္ဂက ပုံနှိပ်ထုတ်ဝေသော CPC (Central Product
Classification) အရ အမျိုးအစားခွဲခြားပြီး မျိုးတူလုပ်ငန်းစုများကို ISIC (International Standard
Industrial Classification of All Economic Activities) အရ အုပ်စုဖွဲ့ပါသည်။
ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းနှင့်အညီ ပြုပြင် ပုံနှိပ်ထုတ်ဝေခဲ့ရာတွင် CPC မှာ
ဒုတိယမြောက် ပြန်လည်ပြင်ဆင်မှု (Version 2.0) ရောက်ခဲ့ပြီး ISIC မှာ စတုတ္ထမြောက်
ပြန်လည်ပြင်ဆင်မှု (Revision 4) သို့ တိုင်ခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရေ၊ မြေ၊ သဘာဝ၊ ဖွံ့ဖြိုးတိုးတက်မှု မတူညီ ကွဲပြားခြားနားသည်
နှင့်အညီ နိုင်ငံအသီးသီးကို ကိုယ်ပိုင် CPC နှင့် ISIC များ ပြုစုထုတ်ပြန်ခွင့်ပြုထားရာတွင် ISIC နှင့်
ချိတ်ဆက်နိုင်သော မူဘောင်အတွင်းမှ ဖြစ်စေရန် ပြဋ္ဌာန်းထားပါသည်။
မြန်မာနိုင်ငံ အနေဖြင့်လည်း MSIC (Myanmar Standard Industrial Classification)ကို
ပြုစုခဲ့ပါသည်။
ထောက်ပံ့သော အဖွဲ့အစည်းမှာ JICA (Japan International Cooperation Agency) ဟု
သိရသည်။
၀မ်းနည်းစရာ ကောင်းသည်မှာ ထို MSIC သည် ISIC ကို ၉၅ ရာခိုင်နှုန်းနီးပါး ကူးချလိုက်ခြင်းပင်
ဖြစ်သည်။
အမှန်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထုတ်ကုန်များ မတူကြပါ။ ဥပမာ မြန်မာရွှေချည်ထိုး ငွေချည်ထိုး
လုပ်ငန်း၊ အိုး လုပ်ငန်း၊ ထိုးမုန့် လမုန့်လုပ်ငန်းများ စသည်။
ထိုလုပ်ငန်းများကို မြန်မာ့သဘာဝနှင့်လုပ်ငန်း ပေါ်လွင်အောင် MSIC တွင် ပုံဖော်ပေးရမည်။
ပုံတူကူးချထားသော MSIC ကို နိုင်ငံခြား ကျွမ်းကျင်သူပညာရှင်များ အသုံးပြုရန်
လက်တွန့်ကြသည်။
UNDP တွင် အလုပ်လုပ်စဉ် နှစ်လအတွင်း ကျွနု်ပ်အားပြင်စေလိုခဲ့ပါသည်။
ငြင်းဆန်ခဲ့ပါသည်။ MSIC ကို ပြုစုစဉ်က နှစ်နှစ်အချိန်ယူရသည်ဟု ပြောပါသည်။ ဤအလုပ်မှာ
ကျွနု်ပ်တစ်ဦးတည်း လုပ်ရုံဖြင့် မပြည့်စုံမပြီးမြောက်နိုင်ပါ။
ကဏ္ဍအားလုံး၏ လုပ်ငန်းများ ပါ၀င်ရမည်ဖြစ်သဖြင့် ကဏ္ဍအသီးသီးက ကျွမ်းကျင်သူပညာရှင်များက
အကြိမ်ကြိမ် အထပ်ထပ် စေ့စေ့စပ်စပ် လုပ်ရမည့် MSIC ဖြစ်ပါသည်။
ထိုသို့လည်း လုပ်စေချင်ပါသည်။ သို့မှသာ မြန်မာသည် ကမ္ဘာ့အလယ်၌ ၀င့်ထည်နိုင်ပါမည်။
ကျွနု်ပ်က "မရှိသော လုပ်ငန်းများကို အဘယ်ကြောင့် ထည့်ထားပါသနည်း" ဟု MSIC နှင့်
ပတ်သက်သူတစ်ဦးကို မေးကြည့်ရာ "နောင်တွင်ရှိလာမည်ဟု ရည်မှန်းချက်ဖြင့် ထည့်ထားသည်"
ဟု အဖြေရပါသည်။
အလွန်ရည်မှန်းချက် ကြီးမားသော မြန်မာနိုင်ငံသားများပါဟု ကျွနု်ပ် ကောက်ချက်ချလိုက်ရပါသည်။
ISIC Revision 4 တွင် ကိန်းဂဏန်း လေးလုံးအထိ သုံးထားရာ မိမိတို့ နိုင်ငံအလိုက် ပြုစုကြသော
နိုင်ငံများမှာ ငါးလုံး သုံးကြပါသည်။
ISIC က ခွဲထုတ်ခြင်းဖြစ်ပါသည်။ MSIC တွင်လည်း ကိန်းဂဏန်း ငါးလုံး သုံးထားရာ အများစုမှာ
ပုံတူကူးချထားခြင်းကြောင့် သိက္ခာရှိရှိ ပညာသားပါပါ သုံးလိုလျှင် ကိန်းဂဏန်း နှစ်လုံး (2 - digit)
အထိသာ သုံးသင့်ပါသည်။
စာရေးသူသည် SNA အတွက် MSIC တစ်မျိုးတည်းနှင့်ပင် အားကုန်ခဲ့ရပါသည်။
ပိုဆိုးသည်မှာ ISIC မှာ လေးကြိမ်မြောက် ပြင်ဆင်ခြင်းဖြစ်သဖြင့် Rev. 4 ဟု ရေးသားထားသည်
ကို MSIC ကိုလည်း Rev.4 ဟု ရေးလိုက်ခြင်းပင် ဖြစ်သည်။
MSIC သည် ပထမဆုံးအကြိမ် ပေါ်ထွက်ခြင်းဖြစ်သဖြင့် Revision 1 သာ ဖြစ်ရပေမည်။
မည်သို့ပင် ဖြစ်စေကာမူ MSIC ပြုစုရန် ဆန္ဒရှိပြီး ထွက်ပေါ်လာခြင်းကိုပင် ချီးကျူးရမည်ဖြစ်ပြီး
ပြန်လည်ပြင်ဆင်ခြင်းကို ပြုလုပ်ခြင်းဖြင့် နောက်ဆုံးတွင် အဆင့်မီသော MSIC
ထွက်ပေါ်လာမည်မှာ အမှန်မုချဟု ယုံကြည်ပါသည်။
အခြားနိုင်ငံများက အထောက်အပံ့ကို စောင့်မနေဘဲ ကဏ္ဍအလိုက် ဘတ်ဂျက်များ အကုန်ခံပြီး
ကဏ္ဍအလိုက် ကျွမ်းကျင်သူများက ပြင်ဆင်သင့်ပေသည်။
စာရေးသူ အနေဖြင့် ဤ MSIC ကို ပြန်လည်ပြင်ဆင်ပြီး MSIC Revision 2 အဖြစ် ထွက်ပေါ်စေလို
ပါသည်။
သို့မှသာ ထို MSIC ကို တာဝန်ယူသော အကြီးအကဲများ၊ ၀န်ထမ်းများ၏ အရည်အချင်း
မြင့်မားလာပြီး မိမိတို့နိုင်ငံ၏ ထုတ်ကုန် လုပ်ငန်းများ လက်လီလက်ကားလုပ်ငန်းများ၊
ငွေကြေးလုပ်ငန်းများ၊ သွင်းကုန် ပို့ကုန်လုပ်ငန်းများ၊ သယံဇာတများ စသည်တို့ကို မှန်ကန်စွာ
အမျိုးအစားခွဲခြားပြီး မူဝါဒချမှတ်ရာတွင်လည်း ထိရောက်သော မူဝါဒများ ချမှတ်နိုင်သော
စွမ်းရည်နှင့် ပြည့်စုံမည်ဟု ယုံကြည်မိပါသည်။
ဆက်လက်ဖော်ပြပါမည်။
















