ပေးလျော်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၂)

ပေးလျော်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၂)

ဘာလို့ပေးလျော်ဖို့ လိုအပ်သလဲ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအသွင်ကူးပြောင်းမှု တစ်ခုဖြစ်လာခဲ့ပြီ၊ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်ကိုလည်း ကနဦးအဆင့် စတင်အကောင် အထည်ဖော်တော့မယ်ဆိုရင် ပေးလျော်ခြင်း သဘောထားဟာ မရှိမဖြစ် လိုအပ်ပါတယ်။

ဘာလို့ပေးလျော်ဖို့ လိုအပ်သလဲ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအသွင်ကူးပြောင်းမှု တစ်ခုဖြစ်လာခဲ့ပြီ၊
ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်ကိုလည်း ကနဦးအဆင့်
စတင်အကောင် အထည်ဖော်တော့မယ်ဆိုရင် ပေးလျော်ခြင်း သဘောထားဟာ မရှိမဖြစ်
လိုအပ်ပါတယ်။

ကြီးမားကျယ်ပြန့်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်တွေထဲမှာ ပေးလျော်ခြင်း
လုပ်ငန်းဟာ နစ်နာခဲ့ရတဲ့ လူများအပေါ် အပြည့်အဝ အာရုံစူးစိုက်ပြီး အကျိုးသက်ရောက်မှု
တိုက်ရိုက်ဖြစ်ပေါ်စေတဲ့ လုပ်ငန်းပါပဲ။

တစ်ချိန်တုန်းက သူတို့ရဲ့အခွင့်အရေးတွေ နင်းချေဖျက်ဆီးခြင်းခံခဲ့ရတာတွေ၊ သူတို့ဟာ ဘေးဒုက္ခ
အဖုံဖုံနဲ့ နပန်းလုံးခဲ့ရတာတွေ၊ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာတွေကို ဘယ်လိုပြန်လည်
ပြင်ဆင်ပေးနိုင်မလဲဆိုပြီး နည်းလမ်းများကို ကြိုးစားရှာဖွေကြရပါတယ်။

ဒါပေမဲ့ ပေးလျော်ခြင်းမှာ ပုံသေနည်းလည်းမရှိ၊ အသင့်ဖော်စပ်ပြီးသား ဆေးဝါးလည်း မဟုတ်ပါဘူး။

အနာနဲ့ဆေး တည့်အောင်ပေးရတာဖြစ်လို့ ကိုယ့်အခြေအနေနဲ့ကိုယ် အသစ်ဖော်စပ်ပြီး
သုံးစွဲရတာပါ။

တစ်ခုတော့ရှိတယ်၊ အနစ်နာခံခဲ့ရတဲ့ လူများဟာ သူတို့ရဲ့ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို
ပြန်လည် ရပိုင်ခွင့်ရှိကြတဲ့လူတွေ ဖြစ်တယ်ဆိုတာကိုတော့ လက်ခံနိုင်ကြရပါမယ်။

ဒီအချက်ကို လက်ခံနိုင်ပြီဆိုမှ ကျွန်တော်တို့ဟာ ပေးလျော်ခြင်းအစီအစဉ်ကို ရေးဆွဲကြရပါမယ်။

နောက်ပြီး ကျွန်တော်တို့ဆီမှာ သူတို့ကို ပြန်လည်ပေးဆပ်ရမယ့် အကြွေးတင်ရှိနေတယ်ဆိုတဲ့
ခံစားမှုမျိုးလည်း ရှိဖို့လိုပါတယ်။

ကျွန်တော်တို့သာ အဲဒီလိုလက်ခံနိုင်ရင်၊ အဲဒီလို ခံစားနိုင်ကြမယ် ဆိုရင် ယနေ့မြန်မာပြည်မှာ
ဖြေရှင်းရခက်တယ်လို့ ထင်နေရတဲ့ လယ်ယာမြေပြဿနာ၊  အိုးအိမ်ပြဿနာအပါအဝင်
ပြဿနာအတော်များများ ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ပေးလျော်ခြင်း သဘောထားဟာ အတိတ်ကာလက ကျူးလွန်ဖောက်ဖျက်မှုများ အမှန်တကယ်
ရှိခဲ့ကြောင်း အသိအမှတ်ပြုခြင်း၊ အနစ်နာခံခဲ့ရတဲ့လူများ ကြံုတွေ့ခဲ့ရတဲ့ ဘေးဒုက္ခများအတွက်
နိုင်ငံတော်က တာဝန်ယူမည်ဖြစ်ခြင်းနဲ့ သူတို့အပေါ် အများပြည်သူလူထုကလည်း နားလည်မှု၊
စာနာမှုပေးခြင်းတို့ ပါ၀င်ကြပါတယ်။

အရင်လူတွေလုပ်ခဲ့တာ အားလုံးကို နောက်လူက လိုက်ဖြေရှင်းပေးနေရမှာလားလို့ မေးရင်
ဟုတ်ပါတယ်၊ အများနဲ့သက်ဆိုင်တဲ့ ပြဿနာတွေအားလုံး ဖြေရှင်းပေးဖို့ ကျွန်တော်တို့မှာ
တာဝန်ရှိပါတယ်လို့ပဲ ဖြေလိုပါတယ်။

ရှေးတုန်းက ချမှတ်ခဲ့တဲ့ နိုင်ငံရေးပန်းတိုင် တစ်ခုကို အကောင်အထည်ဖော်ရာမှာ အမှားအယွင်းတွေ
ရှိခဲ့တယ်ဆိုရင် ဒီအမှားအယွင်းတွေအတွက် ၀န်ခံပြီး အနစ်နာခံခဲ့ရတဲ့ လူတွေကို ပေးလျော်မှု
ပြုလုပ်တာဟာ အမှန်တရားနဲ့ တရားမျှတမှုပြန်ရအောင် လုပ်တာပါပဲ။

ရှေး လူတွေအတွက်လည်း ကာကွယ်ပေးရာကျတယ်၊ နောက်လူတွေကလည်း ကိုယ့်တာဝန်
ကိုယ်သိရာ ကျပါတယ်။ ပြဿနာအများစုကို ဒီလိုနည်းနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။

ရှေးက အမှားအယွင်းတွေအတွက်လည်း ရှင်းရှင်းလင်းလင်း ၀န်ခံမှုမပြုဘူး၊ ကိုယ်နဲ့ မဆိုင်သလိုပဲ
နေတယ်။ အနစ်နာခံခဲ့ရတဲ့ လူတွေအတွက်လည်း ဟုတ်တိပတ်တိ ပေးလျော်ခြင်းမလုပ်ဘူး၊
ပြဿနာတက်လာရင်လည်း ဟိုလူလွှဲ ဒီလူလွှဲ လုပ်နေမယ်ဆိုရင်တော့ တာဝန်ခံမှု မရှိခြင်းနဲ့
အမြော်အမြင်နည်းလို့ပဲ ပြောရတော့မှာပါပဲ။

နိုင်ငံတကာဥပဒေတွေမှာလည်း ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ ရှေ့ကရှိခဲ့တဲ့ အုပ်ချုပ်ရေးက
ကျူးလွန်ခဲ့တဲ့ မတော်မတရား ပြုကျင့်ဖိနှိပ်ခဲ့မှုများအတွက် ဆက်ခံသော အုပ်ချုပ်ရေး၊ သို့မဟုတ်
အစိုးရက တာဝန်ယူရမယ်ဆိုတာ လုံးဝသံသယဖြစ်စရာမလိုတဲ့ ကိစ္စပါ။

တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုတာဝန်ခံရတဲ့ အချက်ကို အစိုးရသစ်က လေးစားသောအားဖြင့်
နိုင်ငံတော်သစ်အဖွင့်မိန့်ခွန်းနဲ့ နိုင်ငံရေးကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ရာမှာ ထည့်သွင်း
ပြောကြားလေ့ရှိကြပါတယ်။

ဒါဟာ ပဋိပက္ခလွန်နိုင်ငံတိုင်း၊ သို့မဟုတ် ဒီမိုကရေစီအသွင်ကူးပြောင်းမှုတိုင်းမှာ အစိုးရတစ်ရပ်ဟာ
တရားဥပဒေစိုးမိုးရေးအတွက် ကိုင်တွယ်ထိန်းကျောင်းမှု ပြုလုပ်ရာမှာ နိုင်ငံသားတစ်ဦးချင်းရဲ့
အခွင့်အရေးကို ဘယ်လိုအကြောင်းပြချက်နဲ့မျှ ချိုးဖောက်မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို
အာမခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ယခင်အုပ်ချုပ်ရေး ကာလက ကျူးလွန်ဖောက်ဖျက်ခဲ့ခြင်းများအတွက် လက်ရှိအုပ်ချုပ်ရေးက
တာဝန်ခံ ကြောင်း အလေးအနက်ပြု ဖော်ပြတဲ့ အနေနဲ့ အနစ်နာခံခဲ့ရသောလူများကို ပေးလျော်ခြင်း
ကိစ္စကိုလည်း ဆောလျင်စွာ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

ပြန်လည်ရင်ကြားစေ့ရေးရဲ့ ရည်ရွယ်ချက်က အကြမ်းနည်းသုံးတဲ့ အဆိုးကျော့သံသရာကို
ရပ်ပစ်ဖို့နဲ့ ငြိမ်းချမ်းစွာ အတူတကွ ရှင်သန် ရပ်တည်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဒီပန်းတိုင်ကို ရောက်ဖို့အတွက်ဆိုရင် အတိတ်က ဖိနှိပ်ခဲ့မှုများအတွက် အနစ်နာခဲ့ရသောလူများက
ပြန်လည်ကလဲ့စားချေတဲ့စိတ်နဲ့ လုပ်တဲ့ လုပ်ရပ်မှန်သမျှကို ဖြတ်တောက်ပစ်ရပါမယ်။

တစ်ချိန်တည်းမှာပဲ တရားမျှတမှုကို ဆာလောင်မွတ်သိပ်နေတဲ့ အနစ်နာခံခဲ့ရတဲ့လူများကို
တရားနည်းလမ်းကျစွာ ကူညီဆောင်ကြဉ်း ပေးရပါမယ်။

ဒီလိုကူညီရာမှာ နစ်နာခံခဲ့ရတဲ့ လူများရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းကို အများပြည်သူက
အသိအမှတ်ပြုမှုရှိခြင်း၊ သူတို့မှာ ပျက်စီးဆုံးရှုံးခဲ့မှုတွေ ရှိခဲ့လင့်ကစား သူတို့ရဲ့ ကြံ့ကြံ့ခံ
ရပ်တည်ခဲ့မှုနဲ့ သူတို့ရဲ့ ခံစားချက်များ ကို အသိအမှတ်ပြုမှုရှိခြင်းနဲ့ သူတို့ ဘေးဒုက္ခ
ရောက်နေရမှုအပေါ် အများပြည်သူက ပြင်ဆင် ပြောင်းလဲပေးရန် အလေးအနက်ထား အားထုတ်မှု
ရှိခြင်းတို့ ပါ၀င်ပါတယ်။

ဒီလို အရေးကြီးတဲ့ လုပ်ငန်းဆောင်ရွက်မှုများကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ရာသက်ပန်
ဆက်လုပ်နေမှလည်း တရားမျှတမှုဟာ သူတို့နဲ့အတူ ရှိနေနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ အနစ်နာခံခဲ့ရတဲ့လူများရဲ့ ခံစားချက်ကို အသိအမှတ်ပြုခြင်းနဲ့ ပြင်ဆင်နိုင်ရန်
ကူညီဆောင်ရွက်ပေးခြင်းတို့ဟာ သူတို့ကို ကျွန်တော်တို့က ထူးထူးကဲကဲကြီး အခွင့်အရေး
ပေးနေတာ မဟုတ်ပါဘူး။

သူတို့ကို ကျွန်တော်တို့လိုပဲ လူသားများအဖြစ် ရှုမြင်ခြင်းသာလျှင် ဖြစ်ပါတယ်။

သူတို့ဟာ ကျွန်တော်တို့လိုပဲ တန်းတူညီတူ လူသားဂုဏ်သိက္ခာ ရှိကြတယ်၊ လူ့ယဉ်ကျေးမှုကို
လေးစားလိုက်နာစောင့် ထိန်းပေးသော ကျင့်ဝတ်များနဲ့အညီ နေကြတယ်ဆိုတာ ကျွန်တော်တို့
သေသေချာချာ လက်ခံနိုင်ရပါမယ်။

သူတို့ကို ကျွန်တော်တို့က တန်းတူညီတူမမြင်နိုင်ဘူး၊ အုတ်တံတိုင်း ခြားနေမယ်ဆိုရင်တော့
ကျွန်တော်တို့ကိုယ်တိုင် လူ့ယဉ်ကျေးမှုကို သေသေချာချာ လေးစားလိုက်နာမှု ရှိ မရှိ မေးခွန်း
ထုတ်ခံရနိုင်ပါတယ်။

လူ့ယဉ်ကျေးမှုက ကျွန်တော်တို့ကို ကိုယ်ချင်းစာတရားရှိအောင်၊ မေတ္တာ ကရုဏာ တရားများ
ရှိအောင်၊ လူသားချင်း စာနာ ထောက်ထားမှုရှိအောင် သင်ကြားပေးထားတယ် မဟုတ်လား။

အနစ်နာခံခဲ့ရတဲ့ လူတွေဘက်က လှည့်ကြည့်မယ်ဆိုရင်လည်း သူတို့ဟာ လူသားများ အနေနဲ့
လောကဓံ တရားကို ရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နိုင်ဖို့ပဲဖြစ်စေ၊ လူ့အဖွဲ့အစည်းအသစ်မှာ
ဟန်ကျပန်ကျ ပါ၀င်လှုပ်ရှားနိုင်ဖို့ အတွက်ပဲဖြစ်စေ သူတို့ကိုယ်သူတို့ ယုံကြည်မှု အသစ်တွေနဲ့
အားဖြည့်ပေးဖို့ လိုပါလိမ့်မယ်။

ယုံကြည်မှုအသစ်တွေ ရလာဖို့အတွက် ကိုယ်စိတ်ကျန်းမာရေးနဲ့ ဂုဏ်သိက္ခာ အားသစ်လောင်းပေး
ရမှာ ဖြစ်ပါတယ်။

အဲဒီလို အားသစ်လောင်းပေးနိုင်ဖို့ကလည်း ငွေရေး ကြေးရေးအပါအဝင် ရုပ်ဝတ္ထုပစ္စည်းများ
သာမက ရုပ်ဝတ္ထု မဟုတ်သော အင်အားတွေ ကလည်း သူတို့ဘဝ ရှေ့သို့တက်လှမ်းနိုင်ဖို့အတွက်
တကယ့်ကို အသုံးဝင်တဲ့ လက်သုံး ကိရိယာများပါပဲ။

သူတို့ရဲ့ ရင်ထဲက သောက ပရိဒေဝမီးတွေကို မငြိှမ်းသတ်နိုင်ဘူးဆိုရင် သူတို့နဲ့ ကျွန်တော်တို့ကြား
ပြန်လည် ရင်ကြား စေ့ရေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ပေးလျော်ခြင်း တစ်မျိုးမျိုးကို လက်ခံရရှိခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုဟာ နစ်နာခဲ့ရတဲ့
လူတွေအတွက် မမြင်နိုင်တဲ့ စိတ်ဓာတ်ရေးရာ အင်အားတွေကို ဖြစ်ပေါ်စေပြီး သူတို့ကိုယ် သူတို့
ယုံကြည်မှုတိုးပွားစေသလို အများပြည်သူ တွေကြားထဲမှာလည်း သူတို့အပေါ်မှာ
အမြင်ကွဲပြားခြားနားမှု အကြီးအကျယ်ဖြစ်စေပါတယ်။

ဒါပေမဲ့ ပေးလျော်ခြင်းရဲ့ ထိရောက်မှုဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာကိုလည်း
ကျွန်တော်တို့ သတိပြု ဆင်ခြင်နိုင်ဖို့ လိုပါတယ်။

ပေးလျော်တာခြင်း အတူတူပင် ဖြစ်သော်လည်း တချို့အနစ်နာခံခဲ့ရတဲ့လူများအတွက်
လုံးဝအနာကျက်မှုကို ဖြစ်စေသော်လည်း တခြားအနစ်နာခံခဲ့ရတဲ့လူများအတွက်ကတော့
တစ်စိတ်တစ်ပိုင်း အနာကျက်မှု၊ သို့မဟုတ် အနာစတင်ကျက်စသာ ဖြစ်နိုင်ပါတယ်။

သီအိုရီသဘောအရ ပြောရမယ်ဆိုရင် နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ခုဟာ ဥပဒေရေးရာ
အပါအဝင် အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲခြင်းနဲ့ ကျူးလွန်ဖောက်ဖျက်ခဲ့တဲ့လူများကို အရေးယူ
အပြစ်ပေးခြင်းအားဖြင့် စတင်ရတာ ဖြစ်ပါတယ်။

အဲဒီအတိုင်းဆိုရင် အနစ်နာခံခဲ့ ရတဲ့လူများကိစ္စ ထည့်စဉ်းစားရာမလိုတဲ့ သဘော ဖြစ်နေပါတယ်။

ဒါပေမဲ့ ခေတ်တွေက တဖြည်းဖြည်းနဲ့ ကိုယ်ကျင့်တရားလိုက်နာ စောင့်ထိန်းမှုဘက်ကို
ရွေ့လာတယ်လို့ ကျွန်တော်ထင်ပါတယ်။

နိုင်ငံရေးအသွင်ကူး ပြောင်းမှုမှာ ပေးလျော်ခြင်းသဘောထားကို ထည့်သွင်းလိုက်ခြင်းအားဖြင့်
အနစ်နာခံခဲ့ရသူများဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်း ပါ၀င်လာနိုင်တဲ့
အခြေအနေကို ဖြစ်ပေါ်လာစေပါတယ်။

အကျိုးဆက်အနေနဲ့ အနစ်နာခံခဲ့ရတဲ့လူများနဲ့ ကျူးလွန်ဖောက်ဖျက်ခဲ့တဲ့လူများအကြား
ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေကနေ ပြန်လည်ရင်ကြားစေ့ရေးအတွက် ဆက်ဆံမှု
အသစ်များဖြင့် ပေါင်းကူး ပေးနိုင်တဲ့အခြေအနေသစ်သို့ ပြောင်းလဲဖြစ် ပေါ်လာစေပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂွာတီမာလာနိုင်ငံရဲ့ အတွေ့အကြံုကို သမိုင်းကြောင်း အမှန်တရားပေါ်ပေါက်ရေး
ကော်မရှင်ရဲ့ အစီရင်ခံစာမှာ စုပေါင်းပေးလျော်ခြင်းများ ဆောင်ရွက်ရာတွင် အနစ်နာခံခဲ့ရသော
လူများနဲ့ ကျူးလွန်ဖောက်ဖျက်ခဲ့သော လူများအကြား တစ်ဦးကိုတစ်ဦးကဲ့ရဲ့အပြစ်ဆိုခြင်း မဖြစ်စေဘဲ
ရင်ကြားစေ့ ပေးနိုင်တဲ့ နည်းလမ်းများကိုသာ ကျင့်သုံးသင့်တယ်လို့ ဖော်ပြထားတာကို
တွေ့ရပါတယ်။

တစ်ခါတလေကျတော့လည်း ပေးလျော်ခြင်းသဘောထားကို အပေးအယူလုပ် ညှိနှိုင်းခြင်း
ကိစ္စအတွက် အသုံးပြုနိုင်ပါတယ်။

တချို့ ပဋိပက္ခလွန် လူ့အဖွဲ့အစည်းများမှာ အတိတ်ကာလတုန်းက ဖိနှိပ်မှုများမှာ ပါ၀င်ခဲ့ကြတဲ့
လူအားလုံးကို ပြစ်မှုကြောင်းအရ တရားစွဲမယ်ဆိုရင် နိုင်ငံရေး မတည်မငြိမ်ဖြစ်နိုင်တဲ့အပြင်
ဒီမိုကရေစီညီညွတ်ရေးအတွက်ပါ ထိခိုက်နိုင်တာတွေ ရှိပါတယ်။

ဒါကြောင့် ဒီလိုတရားစွဲတဲ့ နည်းလမ်းကို ဇွတ်မှိတ်လုပ်မယ်ဆိုရင် ဆုံးရှုံးမှုဟာ ခန့်မှန်းလို့ရနိုင်မှာ
မဟုတ်ပါဘူး။

ဒီလိုပါပဲ အတိတ်ကို အတင်းမေ့ပစ်ရမယ့်ကိစ္စ၊ ပြည်ဖုံးကားချလိုက်ရမယ့် ကိစ္စဟာလည်း
နိုင်ငံတကာဥပဒေတွေနဲ့ မညီညွတ်တဲ့အပြင် သမိုင်းကို စွန်းထင်းစေပါလိမ့်မည်။

ဒီတော့ ပေးလျော်ခြင်းသဘောထားဟာ အရေးယူ အပြစ်ပေးခြင်း သဘောထားနဲ့ အနစ်နာခံခဲ့ရတဲ့
လူတွေရဲ့ အခွင့်အရေးကို တန်ဖိုးထား လေးစားတဲ့ သဘောထားတို့အကြားမှာ အပေးအယူ
အလျော့အတင်းလုပ်ပြီး ညှိနှိုင်းနိုင်ဖို့အတွက် များစွာအသုံးဝင်ပါတယ်။

နောက်ပြီး ပေးလျော်ခြင်းသဘောထားဟာ လူသားတွေရဲ့ ပိုပြီးခိုင်မာလာတဲ့ ကိုယ်ကျင့်တရား
အခြေခံကနေ ဆင်းသက်လာတာဖြစ်ပါတယ်။

တရားမျှတမှုကိုလည်း ဖြစ်စေချင်တယ်၊ လူသားအချင်းချင်း ဘေးဒုက္ခတွေကိုတော့
မပေးစေချင်တော့ဘူးဆိုတဲ့ လူသားဆန်တဲ့ ခံစားချက်က ပေါက်ဖွားလာတာဖြစ်တယ်။

ကမ္ဘာ့နိုင်ငံတချို့ဟာ ကြာမြင့်လှပြီဖြစ်သော သမိုင်းမှာ ဖြစ်ခဲ့ရတဲ့ တရားမျှတမှုမရှိခဲ့ခြင်း
အများအပြားတို့ ကိုပင်လျှင် ပြန်လည် ပြင်ဆင်ရန် ကြိုးစားအားထုတ်မှုများ ရှိနေကြပါတယ်။

ဒါဟာ ကမ္ဘာ့နိုင်ငံရေးမှာ ကိုယ်ကျင့်တရားဆိုင်ရာ အစီအစဉ် သစ်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်နေပြီ
ဖြစ်ကြောင်း သက်သေထူနိုင်တဲ့ အချက်တစ်ချက်ပါပဲ။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးနဲ့ မီဒီယာဆိုင်ရာဖိုရမ်များမှာ ပြောကြဆိုကြ၊ ငြင်းခုံကြ၊
အချေအတင်ဆွေးနွေးကြရာမှာ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စတွေကို ပိုပြီးဦးစားပေး
စဉ်းစားလာကြတာ တွေ့နေရပါတယ်။

ဒါကြောင့် ပေးလျော်ခြင်း သဘောထားဟာ ကိုယ်ကျင့် တရားတန်ဖိုးများ ရှိသလို နိုင်ငံရေးအရ
လိုလားအပ်တဲ့ ပန်းတိုင် တစ်ခုသို့ ရောက်ရှိစေဖို့အတွက် ပြည်တွင်း ဥပဒေများအရရော၊
နိုင်ငံတကာဥပဒေများအရပါ နိုင်ငံရေးမူဝါဒမှာ မူဘောင်အသစ်များ သတ်မှတ်ပေးနိုင်တယ်လို့
ယုံကြည်ပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ အထောက်အထားတွေအရ စစ်မှန်သော အသွင်ကူးပြောင်းရေးကာလ
တရားမျှတမှု လုပ်ငန်းစဉ်နဲ့ ပြန်လည် ရင်ကြားစေ့ ရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့
စိတ်ကူးရှိကြမယ်ဆိုရင် ကျွန်တော်တို့မှာ ပေးလျော်ခြင်းမူဝါဒဟာ မရှိမဖြစ် လိုအပ်ပါတယ်။

ပေးလျော်ခြင်း မူဝါဒကသာလျှင် အတိတ်က အနစ်နာခံခဲ့ရတဲ့ လူများရော ကျူးလွန်ခဲ့ကြတဲ့ လူများပါ
အနာဂတ်ပန်းတိုင်ဆီသို့ အတူတကွ လိုက်ပါနိုင်ဖို့အတွက် တံတားခင်းပေးနိုင်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021