အခုဆိုရင် အများပြည်သူ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့ ဥပဒေကြမ်း နှစ်ခု လွှတ်တော်အတွင်း တင်သွင်းခဲ့ပါပြီ။
အခုဆိုရင် အများပြည်သူ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့
ဥပဒေကြမ်း နှစ်ခု လွှတ်တော်အတွင်း တင်သွင်းခဲ့ပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဆင်မယ်ဆိုပြီး လွှတ်တော်တွင်း လုပ်ငန်းတွေ
စတင်ချိန်ကနေ နှစ်နှစ်ကြာလာတဲ့ ဒီကနေ့ အချိန်ကျမှ ဥပဒေကြမ်း လွှတ်တော်ထဲ
ရောက်သွားတာပါ။
ထူးဆန်းတာ တစ်ခုက ဥပဒေကြမ်းတင်ပြီး နောက်ပိုင်း အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေက
လွှတ်တော်ထဲ ရောက်သွားတဲ့ ဥပဒေမူကြမ်းထဲက အချက်တွေဟာ သူတို့ သဘောတူထားတဲ့
အချက်တွေ မဟုတ်ဘူး၊ လွှတ်တော်တွင်း တင်သွင်းပြီးသွားချိန်အထိ သူတို့ထဲက ဘယ်သူကမှ
အဲဒီ ဥပဒေကြမ်းကို မြင်ဖူးကြတာ မဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုပြီးတော့သာ
လက်မှတ်ရေးထိုးပေးလိုက်တာ ဖြစ်တယ်ဆိုပြီး ပြောဆိုလာကြပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ဒီတစ်ကြိမ်လည်းဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီ ပါတီဝင်တွေ အလိမ်ညာခံလိုက်ရပြန်ပြီလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြ
သွားပါ့မယ်။
တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကို အစောဦးဆုံးနဲ့ တောက်လျောက် ပြောဆိုလာသူဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ ဖြစ်ပါတယ်။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်စဉ်တုန်းကလည်း လွှတ်တော်ထဲ ရောက်သွားရင် ဖွဲ့စည်းပုံ
ပြင်ဆင်ရေးကိစ္စ ဦးစားပေး ဆောင်ရွက်မယ်ဆိုပြီး မဲဆွယ်ခဲ့ကြသူတွေပါ။
ဒါတင်မက နောက်ပိုင်း ပုဒ်မ ၄၃၆ နဲ့ အခြား အချက်အလက်တွေ ပြင်ဆင် နိုင်ရေး
လူထုစုရုံးဟောပြောပွဲတွေ ကျင်းပခဲ့ပြီး ပြည်သူလူထု ထောက်ခံလက်မှတ် ငါးသန်းကျော် ရအောင်
စုစည်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တကယ်တန်း ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲ လုပ်ငန်း စတင်တဲ့အခါ ပြည်ခိုင်ဖြိုးပါတီက
လက်ဦးမှု အရယူလိုက်ပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်တဲ့ အဆိုကို ပြည်ခိုင်ဖြိုးပါတီ အမတ်တွေကပဲ တင်ပြပြီး
၂၀၁၃ နှစ်လယ်မှာ လုပ်ငန်းတွေ စတင်ပါတယ်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ အဖွဲ့ဝင် ၁၀၈ ဦးပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ
လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဆိုတာကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီ ကော်မတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးနိုင်ပါတယ်ဆိုပြီး
လူထု လူတန်းစား အသင်းအဖွဲ့တွေနဲ့ ပြည်သူတွေဆီက သဘောထား တောင်းခံတာတွေ
လုပ်ခဲ့ပါတယ်။
နောက်ပိုင်း အဲဒီ အကြံပြုချက်တွေကို စိစစ်ပြီး ၂၀၁၄ ဇန်နဝါရီ ၃၁ ရက်နေ့မှာ လွှတ်တော်ကို
အစီရင်ခံစာ ပြန်တင်ခဲ့ပါတယ်။
အဲဒီနောက် အဖွဲ့ဝင် ၃၁ ဦးပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု
ကော်မတီဆိုတာကို လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးခဲ့ပြန်ပါတယ်။
အဲဒီကော်မတီက လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်နာယက
သူရဦးရွှေမန်းက တိကျတဲ့ လုပ်ငန်းလမ်းညွှန်စာ တစ်စောင်ကို ၂၀၁၄၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ
ပေးပို့ခဲ့ပါတယ်။
တိတိကျကျ လမ်းညွှန်ချက်တွေ အများကြီးထဲက အရေးကြီးတဲ့ နှစ်ချက်ကတော့ ဖွဲ့စည်းပုံ ပြင်ရေး
ဥပဒေကြမ်းထဲမှာ သမ္မတ၊ ဒုသမ္မတနဲ့ ၀န်ကြီးတွေအဖြစ် ခန့်အပ်မယ့်သူတွေဟာ ရွေးကောက်ခံ
ဖြစ်ရမယ်ဆိုပြီး ထည့်သွင်းဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ခြောက်လ အလိုမှာ ဥပဒေကို
ပြင်ဆင် အတည်ပြုပြီးသားလည်းဖြစ်ရမယ်ဆိုတဲ့ အချက်တွေ ပါ၀င်ခဲ့ပါတယ်။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကြားထဲမှာ ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေအကြောင်း
အမျိုးမျိုးကြောင့် အခုလို ရွေးကောက်ပွဲ ကျင်းပဖို့ လေးလကျော်လောက်ပဲ လိုတော့တဲ့ အချိန်ကျမှ
ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေကြမ်း လွှတ်တော်ထဲ ရောက်ပါတယ်။
ဥပဒေကြမ်းကို ဆွေးနွေးငြင်းခုံ၊ အတည်ပြုတာတွေ လုပ်ရပါဦးမယ်။
အဲဒီအထဲမှာ ပုဒ်မ ၄၃၆ (က) ဆိုင်ရာ ပုဒ်မတွေ ပါ၀င်လာရင် ပြည်လုံးကျွတ် လူထု ဆန္ဒခံယူပွဲ
လုပ်ကြရပါဦးမယ်။
အဓိပ္ပာယ်ကတော့ သူရဦးရွှေမန်း ညွှန်ကြားခဲ့သလို၊ ကတိပေးခဲ့သလို ရွေးကောက်ပွဲ မတိုင်ခင်
ခြောက်လ အလိုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း အတည်ပြုပြီးသား ဖြစ်နေရမယ်ဆိုတဲ့
ကတိပျက်ပြယ်သွားတာ ဖြစ်ပါတယ်။
ကတိမတည်ခဲ့ဘူးလို့လည်း မှတ်ယူနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ထဲကိုတော့ ပြင်ဆင်ချက် ဥပဒေကြမ်း နှစ်ခု ရောက်သွားပါပြီ။
အဲဒီ ဥပဒေကြမ်းထဲမှာ အင်န်အယ်လ်ဒီဘက်က အဆိုပြုတင်ပြထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်
မပေးထားသလို၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာလည်း နဂို အမတ်စုစုပေါင်းရဲ့ ရ၅ ရာခိုင်နှုန်းကျော်
သဘောတူမှ ဖွဲ့စည်းပုံ ပြင်နိုင်မယ်ဆိုတဲ့အချက်အစား ရ၀ ရာခိုင်နှုန်း သဘောတူရင် ပြင်နိုင်မယ်
ဆိုတာလောက် ပြင်ဆင်ထားတာပဲ ရှိပါတယ်။
ပြောရရင် ဒီဥပဒေကြမ်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်က ပြင်ဆင်လိုတဲ့
အခြေအနေမျိုးနဲ့ အလွန် အလှမ်းကွာနေတာ တွေ့နိုင်ပါတယ်။
ဥပဒေကြမ်းတင်ပုံကလည်း အလွန် ထူးဆန်းပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅ မှာ အခုလို ဖော်ပြထားပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်
ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို
ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရမည်"လို့ တိတိကျကျ ဖော်ပြထားပါတယ်။
ဒါပေမဲ့ လွှတ်တော်တွင်းမှာ အဲဒီ ဥပဒေကြမ်းကို တင်ဖို့ လွှတ်တော် အမတ်တွေရဲ့ လက်မှတ်
စုဆောင်းတဲ့အခါ တင်ပြသူ ဦးသိန်းဇော်ရော အခြားဘယ်တာဝန်ရှိသူ တစ်စုံတစ်ယောက်ကမှ
လက်မှတ်ထိုးတဲ့ အမတ်တွေကို ဥပဒေကြမ်း မပြသခဲ့ပါဘူး။
ပြည်ခိုင်ဖြိုး အမတ် ၂၃၃ ယောက်နဲ့ အတူ ဖွဲ့စည်းပုံပြင်ဖို့ လက်မှတ်ထိုးပေးလိုက်တဲ့
အင်န်အယ်လ်ဒီ အမတ် ၃၈ ယောက်စလုံးကအဲဒီ ဥပဒေကြမ်းကို မမြင်ဖူးကြပါဘူး။
ဒါတင်လားဆိုတော့ မကသေးပါဘူး။
တကယ့်တကယ် လွှတ်တော်ထဲ ဥပဒေကြမ်း တင်တဲ့အခါမှာလည်း ပြည်ခိုင်ဖြိုး အမတ်
ဦးသိန်းဇော်က ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ခဲ့ကိုင်ခဲ့တဲ့ အချိန်ဇယား၊ မှတ်တမ်းနဲ့တကွ၊
တင်ပြမယ့် ဥပဒေကြမ်းထဲမှာ ဘယ်လို ပုဒ်မတွေကို ပြင်မယ်၊ ပုဒ်မဘယ်နှစ်ခုလောက် ပြင်မယ်
ဆိုတာပဲပြောပြီး ဥပဒေကြမ်းကို တင်သွားခဲ့တာပါ။
လွှတ်တော်တွင်းမှာ တင်တဲ့ ဥပဒေကြမ်းကို လုံးဝ ဖတ်မပြပါဘူး။
ဒါပေမဲ့ အဲဒီဥပဒေကြမ်းတင်စဉ်မှာတော့ ဥပဒေကြမ်းကို ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ၊ တစည
အပါအဝင် နိုင်ငံရေးပါတီ အသီးသီးနဲ့ တစ်သီးပုဂ္ဂလ အမတ်ပေါင်း ၂၈၉ ယောက်၊
အမတ်အားလုံးရဲ့ ၄၃ ရာခိုင်နှုန်းကျော် လက်မှတ်နဲ့တကွ တင်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
အင်န်အယ်လ်ဒီပါတီ အမတ်တွေဟာ ကိုယ်တင်မယ့် ဥပဒေကြမ်းကို မမြင်မတွေ့ရပဲ လက်မှတ်
ထိုးပေးလိုက်ရတဲ့ သဘောသက်ရောက်ပါတယ်။
ဦးသိန်းဇော်တင်ပြီးကျမှသာ သူရဦးရွှေမန်းက ဥပဒေကြမ်းကို ညနေ လွှတ်တော် အစည်းအဝေး
ပြီးဆုံးချိန်မှာ ဖြန့်ဝေပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။
ဒီ လုပ်ရပ်ဟာ သဘောရိုးနဲ့၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကိုင်တယ်လို့ မယူဆနိုင်ပါဘူး။
အရင်က လွှတ်တော်ထဲမှာ ဘယ်သူမှ မမြင်ဘူးတဲ့ ဥပဒေကြမ်းတစ်ခုကို တင်လိုက်တယ်ဆိုတာမျိုး
အစဉ်အလာ မရှိခဲ့လို့ပါပဲ။
ဒါကြောင့်လည်း ဥပဒေကြမ်းစာရွက်ကို လက်ခံရပြီးနောက် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်မထားတာ၊
အခြားအချက်တွေဟာလည်း အင်န်အယ်လ်ဒီက ပြင်ချင်တဲ့ အခြေအနေနဲ့ အလွန်ကွာခြားနေတဲ့
အတွက် ဦးဝင်းမြင့်အပါအဝင် အင်န်အယ်လ်ဒီ အမတ်တွေ ပြာယာခတ်သွားကြပါတယ်။
တရုတ်ပြည်သွားဖို့ ရန်ကုန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ကမန်းကတန်း ဖုန်းဆက်
အကြောင်းကြားကြရပါတယ်။
သတင်းဌာနတွေကိုလည်း သူတို့ လက်မှတ်ထိုးလိုက်တာဟာ ဖွဲ့စည်းပုံ ပြင်ဖို့၊ အဲဒီ
ဥပဒေကြမ်းမှာပါတဲ့ အချက်တွေကို သဘောတူလို့ လက်မှတ်ထိုးလိုက်တာ မဟုတ်ပါဘူးဆိုပြီး
ဖြေကြရပါတော့တယ်။
တကယ်တော့ ဦးဝင်းမြင့်ဟာ လွှတ်တော်က ဖွဲ့ထားပေးတဲ့ ၁၀၈ ယောက်ပါ ဖွဲ့စည်းပုံ သုံးသပ်ရေး
ကော်မတီမှာရော၊ ၃၁ ယောက်ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မရှင်မှာရော ပါခဲ့သူပါ။
သူကိုယ်တိုင်တောင် အဲဒီ ဥပဒေမူကြမ်း ဘယ်သူတွေက ရေးဆွဲထားပြီး ဘယ်က
ထွက်ပေါ်လာတယ်ဆိုတာ မသိဘူးလို့ ဆိုပါတယ်။
တကယ်တော့ ဒီအဖြစ်အပျက်ဟာ တိုက်ဆိုင်တယ်လို့ မဆိုနိုင်ပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်ထောင်စုုလွှတ်တော်မှာ ပြည်ထောင်စုု
လွှတ်တော်ဆုုိင်ရာနည်းဥပဒေများကိုု ပြင်ဆင်တဲ့ ဥပဒေတစ်ခု အတည်ပြုခဲ့ပါတယ်။
အဲဒီ ပြင်ဆင်ချက်ထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ လုုပ်နည်းတွေကို
ပြင်ဆင်ထားချက်တွေပါပါတယ်။
အထူးသဖြင့် နည်းဥပဒေ ၁၃၃ ကနေ ၁၄၃ အထိ ဖြစ်ပါတယ်။
နည်းဥပဒေ ၁၃၆ မှာ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကိုု စတင်ဆွေးနွေးခြင်း မပြုမီ
ဥပဒေမူကြမ်းနဲ့ ပူးပေါင်းကော်မတီရဲ့ စိစစ်တွေ့ရှိချက်ကို ကိုယ်စားလှယ်တွေထဲ အနည်းဆုံုး
ခုုနစ်ရက် ကြိုတင်ဝေရမယ်အစား လွှတ်တော် နာယက သတ်မှတ်သည့်နည်းလမ်းအတိုုင်း
လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဝေငှရမည်လို့ ပြင်ထားပါတယ်။
အခု လက်ရှိ သူရဦးရွှေမန်း၊ ဦးသိန်းဇော်နဲ့ ပြည်ခိုင်ဖြိုး တာဝန်ရှိသူတချို့ဟာ အဲဒီ
ပြင်ဆင်ထားချက်ကို အသုံးပြုပြီး ဖွဲ့စည်းပုံ ပြင်ရေးဥပဒေကြမ်းကို ကိုယ့်ဖာသာကိုယ်ကြိတ်ရေး၊
ဥပဒေကြမ်းအတွက် လက်မှတ် ထိုးချိန်မှာလည်းမပြ၊ လွှတ်တော်ထဲ တင်ချိန်ထိလည်း မပြောဘဲ၊
ဥပဒေကြမ်းတင်ပြီးမှ၊ နောက်ကျပြီးမှသာ စာရွက်ဝေ အသိပေးခဲ့တာပါ။
အခုလို လုပ်ကိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာ ပေါ်လွင်ပါတယ်။
တကယ်လို့သာ ဥပဒေကြမ်းကို အရင်မြင်ရရင် အင်န်အယ်လ်ဒီနဲ့ အခြား တိုင်းရင်းသားပါတီ
တွေဟာ ဒီ ဥပဒေ ကြမ်းကိုတင်ဖို့ လက်မှတ်ရေးထိုးပေးချင်မှ ထိုးပေးကြပါလိမ့်မယ်။
ခုတော့ လွှတ်တော်တွင်း ပါတီအားလုံးက တညီတညွတ်တည်းတင်တဲ့ ဥပဒေကြမ်း ဖြစ်အောင်
ဖန်တီးလိုက်တာပါ။
အမှန်အတိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အလှည့်ဖျား ခံနေရတာ ခုမှ
မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ကာလတွေထဲက လွှတ်တော် တာဝန်ရှိသူတွေနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေဟာ
ဖွဲ့စည်းပုံပြင်ရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ဘက်ကို လွှဲချခဲ့ပါသေးတယ်။
သူတို့ လုပ်ကိုင်ပုံကတော့ ဖွဲ့စည်းပုံပြင်ရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုလားချက်နဲ့ ပတ်သက်ရင်
လွှတ်တော်ထဲမှာ အဆင်ပြေတယ်၊ ပြည်ခိုင်ဖြိုးကလည်း အဆင်ပြေတယ်၊ ဒါပေမဲ့ အဲဒီအတိုင်း
ဆက်ဆောင်ရွက်ရင် တပ်မတော်သား အမတ်တွေက သဘောတူမှာ မဟုတ်ဘူး၊ မဲခွဲရင်
ရှုံးလိမ့်မယ်၊ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ရေး အဆင်ပြေချောမွေ့အောင် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ
ခေါ်ရအောင် ဆိုပြီး သမ္မတနဲ့ တပ်ချုပ်အပေါ် အပြစ်ပုံချ၊ လမ်းလွှဲခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်တို့ကပဲ သဘောတူရင် ဖွဲ့စည်းပုံကို အဆင်ပြေပြေ ပြင်နိုင်မယ်ဆိုပြီး ထင်မှတ်မှား၊
သမ္မတနဲ့ တပ်ချုပ်ကို ဗီလိန်တွေသဖွယ် မြင်ခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောထားနဲ့ ပတ်သက်ရင်
သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အားလုံး
သဘောထား အတူတူပါပဲ။
ခုဆို သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားကို ဥပဒေကြမ်းထဲမှာ
မျက်ဝါးထင်ထင် မြင်တွေ့ကြရပြီ ဖြစ်ပါတယ်။
ဒါဟာ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ အချိန်ဆွဲခံ၊
အလှည့်ဖျားခံရတဲ့ သဘောဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

















