ဘယ်လိုနည်းနဲ့ ပေးလျော်နိုင်သလဲ ပေးလျော်ခြင်း မူဝါဒတစ်ရပ်ဟာ စစ်မှန်သော အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်မှာ မရှိမဖြစ် လိုအပ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဘယ်လိုနည်းနဲ့ ပေးလျော်နိုင်သလဲ ပေးလျော်ခြင်း မူဝါဒတစ်ရပ်ဟာ စစ်မှန်သော
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်မှာ မရှိမဖြစ် လိုအပ်ကြောင်း
တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီမူဝါဒမှာ ဘယ်လိုနည်းနဲ့ ပေးလျော်ရမလဲဆိုတဲ့ အစီအစဉ်တစ်ခု ပါရှိဖို့ လိုအပ်ပါတယ်။
အဲဒီပေးလျော်ခြင်း အစီအစဉ်ကလည်း ဒီနိုင်ငံမှာ နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို
ဘယ်အကြောင်းတရားတွေက ပုံဖော်ပေးခဲ့သလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပါလိမ့်မယ်။
ဒီအကြောင်းအရာတွေထဲမှာ အရေးကြီးတဲ့ အချက်အလက် တချို့ကတော့ "အတိတ်ကာလ
အုပ်ချုပ်ရေးရဲ့ သဘော သဘာဝက ဘယ်လိုလဲ။ အာဏာရှင်လား၊ ဒီမိုကရက်လား၊ ခန့်အပ်လား၊
ရွေးကောက်ခံလား။ လူထုထောက်ခံမှု ဘယ်လောက်ရှိခဲ့သလဲ။ အသွင်ကူးပြောင်းမှုပုံစံကရော
ဘယ်လိုလဲ။ ရွေးကောက်ပွဲလား၊ လက်ဆင့်ကမ်း လွှဲပေးတာလား၊ တော်လှန်ရေးနဲ့လား၊
လူထုအုံကြွမှုကြောင့်လား။ အုပ်ချုပ်ရေးအသစ်ရဲ့ သဘောသဘာဝကရော ဘယ်လိုလဲ။ မူဝါဒက
ရှေးရိုးစွဲမယုတ်မလွန်လား၊ လွတ်လပ်ပြီး သဘောထားကြီးလား၊ တော်လှန် ပြောင်းလဲရေးလား၊
လူကအဟောင်းလား၊ အသစ်လား၊ အမိန့်ခံသမားလား၊ လွတ်လပ် ရွေးကောက်ခံလား၊
အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းတွေက ဘယ်လောက်အတိုင်းအတာအထိ
ထောက်ခံမှုရသလဲ" စသည်တို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပေးလျော်ခြင်း အစီအစဉ်တစ်ရပ်ကို ရေးဆွဲရာမှာ နိုင်ငံအလိုက်၊ အသွင်ကူးပြောင်း
လာခဲ့တဲ့ဖြစ်စဉ်အလိုက် မတူညီနိုင်ကြတဲ့အတွက် တစ်ပုံစံတည်း၊ တစ်သမတ် တည်းဖြစ်ဖို့ဆိုတာ
မရှိသလောက်ပါပဲ။
သို့ရာတွင် ကျွန်တော်တို့နိုင်ငံမှာ ပေးလျော်ခြင်း မူဝါဒတွေ၊ ပေးလျော်ခြင်းအစီအစဉ်တွေကို
လုပ်ဆောင်သွားတော့မယ်ဆိုရင်ဖြင့်၊ တခြား နိုင်ငံတွေမှာ များသောအားဖြင့် တွေ့ကြံုခဲ့ရတဲ့
ကန့်သတ်ချက်တွေ၊ အခက်အခဲတွေ၊ အကျိုး ကျေးဇူးရရှိခဲ့တာတွေအပေါ်မှာ လေ့လာသုံးသပ်
သွားနိုင်ဖို့အတွက် ဆွေးနွေး တင်ပြသွားပါမယ်။
ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆွေးနွေးတင်ပြချက်တွေဟာ သီးသန့်အခြေအနေတစ်ရပ် အတွက်သာ
ရည်ရွယ်တဲ့ ယူဆချက်တွေ၊ သို့မဟုတ် အကြံပြုချက်တွေလို့ပဲ သဘောထားကြစေလိုပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာတွေကို သေချာပေါက် ဖြေရှင်းပေးနိုင်တဲ့ ချဉ်းကပ်နည်းလို့တော့
အာမမခံနိုင်ပါဘူး။
ပထမဦးဆုံး ကျွန်တော် တင်ပြချင်တာကတော့ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအသွင်ကူးပြောင်းနေစဉ်
ကာလအတွင်း၊ အတိတ်ကာလ အုပ်ချုပ်ရေး အဆက်ဆက်အောက်မှာ အနစ်နာခံခဲ့ရတဲ့
လူအမြောက်အမြားအတွက် ပေးလျော်ခြင်းအစီအစဉ်များကို အဲဒီနိုင်ငံမှာရှိတဲ့ တရားစီရင်ရေး
နည်းလမ်းတစ်ခုတည်းက လုပ်မပေးနိုင်ဘူးဆိုတာပါပဲ။
မှန်ပါတယ်။ သူတို့ခံစားခဲ့ရတဲ့ ဘေးဒုက္ခအဖုံဖုံအတွက် တရားသဖြင့် ပြန်ဖြစ်လာရအောင်
ကြိုးစားရှာဖွေတဲ့နေရာမှာ တရားမျှတခြင်းနဲ့ တရားဥပဒေကုထုံးများဟာ သူတို့အတွက် သိပ်ကို
အရေးကြီးပါတယ်။
အစိုးရအသီးသီးက အတည်ပြုလက်မှတ် ရေးထိုးထားပြီး လိုက်နာစောင့်ထိန်းဖို့ ကတိကဝတ်
ပေးထားပြီးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေ မှာလည်း အနစ်နာခံခဲ့ရတဲ့လူတွေရဲ့ အခွင့်အရေး
တွေကို အခိုင်အမာပြဋ္ဌာန်းပေးထားတာဟာ သူတို့အတွက် အားတက်စရာ မျှော်လင့်ချက်များပါပဲ။
ဒါပေမဲ့နစ်နာသူများအတွက် အောင်မြင်သော တရားစီရင်ရေး ရလဒ်တစ်ခု ထွက်ပေါ်လာဖို့
ဆိုတာကတော့ ကန့်သတ်ချက်တွေ အများကြီးရှိနေပါတယ်။
လက်တွေ့ဘဝတွေမှာ အနစ်နာခံခဲ့ရတဲ့လူ တစ်ယောက်ဟာ ဥပဒေ နားလည်ကျွမ်းကျင်မှု
အားနည်းချက် ရှိနိုင်ပါတယ်။
တိကျခိုင်မာတဲ့ သက်သေခံ အထောက်အထားပြဖို့လည်း အခက်အခဲရှိနိုင်တယ်။
ငွေရေးကြေးရေး သိပ်အကုန်အကျ မခံနိုင်တာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး တချို့ ကိစ္စတွေမှာ
ကျူးလွန် ဖောက်ဖျက်ခဲ့သူဟာ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပြီးသားလည်း ဖြစ်နိုင်တယ်။
ဒါကြောင့် အနစ်နာခံခဲ့ရတဲ့ လူအများစုဟာ တရားစီရင်ရေးယန္တရားကနေ တရားမျှတမှုကို ပြန်လည်
ရရှိဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ မဆိုသာရင်တောင်မှ ခက်ခဲနိုင်တယ်လို့တော့ ပြောနိုင်ပါတယ်။
သို့ရာတွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ရှာဖွေရာမှာ တရားစီရင်ရေးယန္တရားရဲ့
အရေးပါအရာရောက်မှုကိုတော့ လျှော့တွက်လို့ မရပါဘူး။
တရားစီရင်ရေးယန္တရားအနေနဲ့ တစ်ချိန်က အနစ်နာခံခဲ့ရတဲ့လူတွေရဲ့ ပေးလျော်ခြင်း ရပိုင်ခွင့်
အတွက် တောင်းခံမှုတွေကို ပိတ်ပင်ခြင်းနဲ့ သူတို့ရဲ့ တရားသဖြင့် ပြန်ဖြစ်လာစေရေးအတွက်
တင်ပြချက်တွေကို ပယ်ချခြင်းတို့ မဖြစ်စေရေးအတွက် စောင့်ထိန်းပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။
နောက်ပြီး ပေးလျော်ခြင်း မူဝါဒကို ကိုင်စွဲထားတဲ့ ပုဂ္ဂိုလ်များအနေနဲ့ တရားစီရင်ရေးနည်းလမ်း
မဟုတ်သော အခြားနည်းလမ်းများဖြင့် ပေးလျော်ခြင်း အစီအစဉ်ကို ဆောင်ရွက်ရန် ရွေးချယ်ထား
ခဲ့သည်ရှိသော် အဆိုပါနည်းလမ်းမှာလည်း တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနဲ့ တတ်နိုင်သမျှ
ညီညွတ်အောင် ရေးဆွဲပြဋ္ဌာန်း သွားရမှာ ဖြစ်ပါတယ်။
သာဓကအနေနဲ့ ပြောရမယ်ဆိုရင် လျော်ကြေးငွေ သတ်မှတ်ရာမှာဖြစ်စေ အနစ်နာခံခဲ့ရသူ
အမျိုးအစား ခွဲခြားသတ်မှတ်ရာမှာဖြစ်စေ တရားစီရင်ရေးမှာ စီရင်ထုံးများကို ကိုးကားပြီး
ဆုံးဖြတ်ချက်ချ သကဲ့သို့ ပေးလျော်ခြင်း အစီအစဉ်မှာလည်း အလားတူ ကျင့်သုံးရပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ တရားစီရင်ရေးစနစ် တစ်ခုဆိုတာဟာ ဒီနိုင်ငံသူနိုင်ငံသားတွေအတွက်
တရားမျှတမှုရရှိအောင် ဆောင်ရွက်ပေးရတဲ့စနစ်ဖြစ်တာကြောင့် သူ့မှာ နမူနာယူစရာ အားသာချက်
အများအပြား ရှိပါတယ်။
သို့ရာတွင် အသွင်ကူးပြောင်းရေးကာလမှာ ကြံုတွေ့ရမယ့် ပေးလျော်ခြင်းအများအပြား
အတွက်တော့ သူ့မှာ ကန့်သတ်ချက်များ ရှိနေတာကိုလည်း ကျွန်တော်တို့ နားလည် နိုင်ဖို့
လိုပါတယ်။
မြင်သာအောင် ကန့်သတ်ချက်တချို့ကို ဆွေးနွေးတင်ပြပါမယ်။
နိုင်ငံအများအပြားရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလ၊ သို့မဟုတ် ပဋိပက္ခလွန်ကာလ
လူ့ အဖွဲ့အစည်းတွေမှာ များသောအားဖြင့် တွေ့ရှိရတာကတော့ တရားစီရင်ရေး စနစ်ကိုယ်တိုင်က
အတိတ်ကာလ ဖိနှိပ်မှုအောက်မှာ သားကောင်အဖြစ် ရောက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။
ဥပဒေတွေ၊ တရားရေးဝန်ထမ်းတွေနဲ့ တရားရုံးဖွဲ့စည်း တည်ဆောက်မှု အပိုင်းတွေမှာ
အရည်အချင်းရော အရေအတွက်ရော မလုံမလောက်ဖြစ်မှုတွေနဲ့ ရင်ဆိုင်နေရနိုင်ပါတယ်။
ပြစ်မှုကြောင်းဆိုင်ရာ တရားစီရင်ရေး စနစ်များဟာလည်း အလွန်ကြီးမား ကျယ်ပြန့်သော
ဥပဒေချိုးဖောက်မှုများနဲ့ပတ် သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ထားတာ မဟုတ်ဘူး
ဖြစ်နေပါတယ်။
စာဖတ်သူများ အားလုံး သိကြတဲ့အတိုင်းပါပဲ။ အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှု
ပြန်ရအောင် လုပ်ပေးရမယ့် အမှုတွေက ထောင်သောင်းမက ရှိနိုင်သလို၊ အမှုအမျိုးအစား တစ်ခုရဲ့
သက်ရောက်မှုကလည်း လူများစွာနဲ့ သက်ဆိုင်နိုင်ပါတယ်။
နောက်ပြီး သာမန်ပြစ်မှုများနဲ့ ကွာခြားတာက တရားမျှတမှု ရှာဖွေပေးရမယ့်အမှုက ပို၍သိမ်မွေ့
နက်နဲခြင်းပါပဲ။
သာဓကပြရမယ်ဆိုရင် အတိတ်က မှားယွင်းမှု တစ်ခုမှာ တိုက်ရိုက်နစ်နာသော လူများရှိသလို
တိုက်ရိုက်မဟုတ်သော နစ်နာသူများစွာလည်း ရှိနိုင်ပါတယ်။
တိုက်ရိုက်ရော တိုက်ရိုက် မဟုတ်ဘဲရော နစ်နာခဲ့ရတဲ့လူတွေ အများအပြားကို တရားမျှတမှု
ပြန်လည်ရရှိစေခြင်း၊ သို့မဟုတ် ပေးလျော်မှုတစ်ခုခုကို ခံစားရရှိစေ ခြင်းဟာ တရားရုံးများရဲ့
လုပ်ထုံးလုပ်နည်းအရ သူတို့ရဲ့ စွမ်းဆောင်ရည် ကန့်သတ်ချက်ထက် အများကြီး ကျော်လွန်
သွားစေနိုင်ပါတယ်။
ဒါက နစ်နာခဲ့တဲ့လူတွေနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ တာဝန်ရှိကြတဲ့လူတွေ ကျူးလွန် ဖောက်ဖျက်ခဲ့တဲ့
လူတွေနဲ့ ပတ်သက်လာရင်လည်း ဒီလိုပါပဲ။
အသွင်ကူးပြောင်းရေးကာလမှာ အတိတ်က အမှားများအတွက် တာဝန်ရှိမှုကိစ္စကို ပြောရမယ်ဆိုရင်
ခေါင်းဆောင်လုပ်သူများသာမက သူလို ကိုယ်လိုလူ တွေထဲကလည်း ကျူးလွန်ဖောက်ဖျက်တဲ့
လူတွေ အများကြီးရှိနေနိုင်ပါတယ်။
အတိတ်က အမှားအယွင်းတစ်ခုခုကြောင့် အကျိုးကျေးဇူးတစ်မျိုးမျိုး ခံစားခဲ့ကြတဲ့လူတွေ
အများအပြားရှိနေခဲ့တာကိုလည်း သတိပြုရပါမယ်။
ဒါကြောင့် စစ်မှန်တဲ့ တရားမျှတမှုကိုရအောင် ပြန်လုပ်ကြမယ်ဆိုရင် အလွန်ရှုပ်ထွေးခက်ခဲပါတယ်။
ကကြီးအုပ်စုက ကျူးလွန်သူ၊ ခခွေး အုပ်စုက နစ်နာသူလို့ နေရာတိုင်းမှာ ရှင်းရှင်းလင်းလင်း
ခွဲခြားလို့ မရနိုင်ဘူး။
အချိန်အခါ အခြေအနေပေါ် မူတည်ပြီး ကကြီးဖြစ်လိုက် ခခွေးဖြစ်လိုက် လူတွေ အများကြီး
ရှိနေတာပါ။
တရားစီရင်ရေးလုပ်ငန်းစဉ်ဟာ ဥပဒေရေးရာနဲ့ လုပ်ထုံးလုပ်နည်းများကို အသေအချာ လိုက်နာရပြီး
ပြစ်မှုကြောင်းအရ အပြစ်ဒဏ်ချမှတ်ရန်ဖြစ်စေ၊ ပေးလျော်ခြင်းကို ဆုံးဖြတ်ရန်ဖြစ်စေ အချိန်ယူပြီး
အများကြီး စဉ်းစားရပါတယ်။
အစဉ်အလာမရှိ အလျင်စလို ဆုံးဖြတ်လို့ မရပါဘူး။ ကျူးလွန်ဖောက် ဖျက်တယ်လို့ ယူဆရတဲ့
လူတွေရဲ့ လူ့အခွင့်အရေးကိုလည်း လေးစားသမှုပြုရမှာ ဖြစ်ပါတယ်။
တရားစီရင်ရေးနည်းလမ်းမှာ ဒီလို ဆောင်ရွက်မှုမျိုးဟာ လျော်ကြေးကော်မရှင်က အုပ်ချုပ်မှု
သဘောတရားအရ အရေးယူဆောင်ရွက်ခြင်းနဲ့ သော်လည်းကောင်း၊ ပြစ်မှုကြောင်းနဲ့
မသက်ဆိုင်သော ပေးလျော်ခြင်း သဘောထားနဲ့သော်လည်းကောင်း လုံးဝခြားနားမှု ရှိပါတယ်။
တရားစီရင်ရေးမှာ အနစ်နာခံခဲ့ရတဲ့ လူတွေအတွက် နစ်နာမှုတွေ ရှိကြောင်း ပြသရမယ့်
အထောက်အထားတွေက တိကျခိုင်မာမှု အများကြီးလိုပါတယ်။
နစ်နာသူက ပျက်စီးဆုံးရှုံးမှုကို ပြောပြနိုင်သော်လည်း သံသယများ လုံးဝကင်းစင်သွားအောင်
ကျိုးကြောင်းဆီလျော်တဲ့ သက်သေခံချက်တင်သွင်းဖို့ ခက်ခဲနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကျတော့ ရှင်းလင်းစွာ သဘောပေါက်အောင် ထုတ်ဖော်
ပြောကြားဖို့တောင် ခက်ပါသေးတယ်။
ဒီလိုကိစ္စတွေမှာ တရားစီရင်ခြင်းမဟုတ်သော အခွင့်အာဏာရှိ အခြားအဖွဲ့ကသာ အနစ်နာခံခဲ့ရတဲ့
လူတွေအတွက် သံသယအကျိုးခံစားခွင့်အနေနဲ့ ပေးလျော်ခြင်းပြုနိုင်ပါတယ်။
အတိတ်တုန်းက ကျူးလွန်ဖောက်ဖျက်ခဲ့မှုများကြောင့် တိုက်ရိုက်မဟုတ်သော အကျိုးကျေးဇူး
တစ်စုံတစ်ရာ ရရှိခံစားခဲ့ကြသူ အများစုဟာ ဥပဒေအရ ပြောရရင် ကျူးလွန်ဖောက်ဖျက်မှုများအတွက်
တာဝန်ရှိ သူများမဟုတ်ကြပါဘူး။
ဒီအတွက် သူတို့ရဲ့ ပေးလျော်ခြင်းဟာ တရားစီရင်ရေး ချဉ်းကပ်နည်းအရဆိုရင် တရားနည်းလမ်း
မကျဘူးလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် နစ်နာခံခဲ့ရသူများကိစ္စမှာ ထိုသူများ ပါ၀င်လာအောင် တရားစီရင်ရေးမဟုတ်သော
ယန္တရားကသာ လုပ်နိုင်မှာဖြစ်ပါတယ်။
ဒါမှလည်း အတိတ်ကာလဖိနှိပ်ခံမှု သို့မဟုတ် အလွဲအသုံးပြုမှု တစ်ခုခုကြောင့် သူတို့ အကျိုးကျေးဇူး
ရရှိခဲ့တာကို လက်ခံအသိအမှတ်ပြုခြင်း၊ အနစ်နာခံခဲ့ရတဲ့ လူများအား ပေးလျော်ခြင်း အစီအစဉ်မှာ
ပါ၀င်လာစေခြင်းတို့ဖြင့် စိတ်ကျေနပ်မှုနဲ့ ညီညွတ်မှု ရရှိစေမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းဖြင့် ပြန်လည်ရင်ကြားစေ့ရေးကို မြှင့်တင်ပေးနိုင်ပါတယ်။
ကျူးလွန် ဖောက်ဖျက်တယ်လို့ သံသယရှိသူကို တရားစီရင်ရေး နည်းလမ်းနဲ့ တရားစွဲမယ်
ဆိုရင်တော့ နစ်နာသူဟာ တခြားနည်းလမ်း ရွေးချယ်ခွင့် မရှိတော့ဘူး။
ဆုံးဖြတ်ချက်ကြောင့် နစ်နာသူဟာ စိတ်ကျေနပ်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တရားရုံးရဲ့
အဆုံးအဖြတ်ကိုပဲ ခံယူရမှာ ဖြစ်ပါတယ်။
တကယ်လို့ ကျူးလွန်ခဲ့သူဟာ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ၊ ငြိမ်းချမ်းရေးသဘောတူစာချုပ်အရ
ပေးသော ကင်းလွတ်ခွင့်၊ သို့မဟုတ် ဥပဒေပြု အဖွဲ့ရဲ့ သီးခြားပြဋ္ဌာန်း ချက်တစ်ရပ်ရပ်အရ
ခံစားခွင့်ရသွားခဲ့ရင် ပေးလျော်ရန်အတွက် တာဝန်မရှိတော့ဘူး ဖြစ်သွားနိုင်ပါတယ်။
ဒါ့ပြင် တစ်ခါတစ်ရံမှာ တရားစွဲဆိုထားတဲ့ ဥပဒေပုဒ်မများဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေများနဲ့
ညီညွတ်မှုမရှိသေး ရင်လည်း အနစ်နာခံခဲ့ရတဲ့လူတွေဟာ တရားမျှတမှု လုံလောက်စွာပြန်ရနိုင်မယ်
မဟုတ်ပါဘူး။
ဒါကြောင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ပြန်ရရှိနိုင်ဖို့အတွက် အနစ်နာ ခံခဲ့ရတဲ့
လူများအတွက် လုံခြံုစိတ်ချရတဲ့ မဟာဗျူဟာကတော့ တရားစီရင်ရေး မဟုတ်သော ယန္တရားကို
အသုံးပြုရန်ပဲ ဖြစ်ပါတယ်။
တရားစီရင်ရေးချဉ်းကပ်နည်းမှာ ဒီလိုကန့် သတ်ချက်တွေ ရှိနေပေမယ့် သူ့ဆီမှာ တရားမျှတမှု
အတွက် နမူနာယူစရာ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။
စီရင်ချက်ထုံးနည်းများကို သုံးစွဲချင့်ချိန်ခြင်း၊ လုပ်ထုံးလုပ်နည်း လေးစားလိုက်နာရခြင်းတို့ဟာ
တရားစီရင်ရေး မဟုတ်သော ယန္တရားကလည်း နမူနာယူ ကျင့်သုံးသင့်တဲ့ ကိစ္စများ ဖြစ်ပါတယ်။
တရားစီရင်ရေးမှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီဆိုရင် ဒါဟာ ဘယ်လိုအပြုအမူမျိုးဆိုရင် ခွင့်လွှတ်မှာ
မဟုတ်ကြောင်း ခိုင်မာတဲ့အချက်ပြမှု တစ်ခု ဖြစ်လာပါတယ်။
ဒါ့ပြင် နစ်နာသူများကိုလည်း တရားသဖြင့် ပြန်ဖြစ်အောင် လုပ်ပေးရမယ့် တာဝန်ရှိမှုကိုလည်း
ဖော်ပြတာဖြစ်ပါတယ်။
တရားစီရင်ရေးတွေမှာ ကျူးလွန် ဖောက်ဖျက်ခဲ့တဲ့ အမှုအသွားအလာနဲ့ ကျူးလွန်
ဖောက်ဖျက်သူတွေက ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတဲ့ အချက်များအပေါ် ပိုမိုအာရုံစူးစိုက်မှု
ရှိကြသော်လည်း တရားမျှတမှုရရှိအောင် လုပ်ပေးနိုင်တဲ့အတွက် အနစ်နာခံရတဲ့ လူများအတွက်
စိတ်ကျေနပ်မှု တစ်စုံတစ်ရာတော့ ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး တရားစီရင်ရေး ဆုံးဖြတ်ချက်များဟာ အတိတ်က ပြစ်မှုအကြောင်းအရာ မှန်ကန်တိကျမှု
ရှိကြောင်း အတည်ပြုချက်ပေးတဲ့ သဘောဖြစ်သလို ကျူးလွန်ဖောက်ဖျက်ခဲ့မှုများဟာ ဘယ်လို
အတန်းအစားဖြစ်တယ် ဆိုတာကိုလည်း သက်သေထူနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ တရားစီရင်ရေးဆုံးဖြတ်ချက်များကို တန်ဖိုးထားရမှာဖြစ်ပြီး
တရားစီရင်ရေး မဟုတ်သော ယန္တရားအသုံးပြုတဲ့အခါမှာ စံပြုချက်တစ်ရပ်အနေနဲ့
အသုံးပြုနိုင်ပါတယ်။
နိုင်ငံများစွာတို့ရဲ့ အသွင်ကူးပြောင်းရေး ကာလတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ လက်တွေ့
အတွေ့အကြံုတွေအရ ပြောရမယ်ဆိုရင်တော့ အနစ်နာခံခဲ့ရတဲ့ လူတွေရဲ့ တရားဥပဒေဘောင်
အတွင်းက တင်ပြတောင်းဆိုမှုတွေဟာ တရားမျှတမှု ပြန်လည်ရရှိရေးအတွက် အလွန်အရေးကြီးတဲ့
အစပျိုးမှုဖြစ်တာကို တွေ့ရှိ ရပါတယ်။
အဲဒီအစပျိုးမှုတွေဟာလည်း များသောအားဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက
ဦးဆောင်တာဖြစ်ပါတယ်။
ဒီလို အစပျိုးမှုတွေရှိပါမှ အစိုးရမဏ္ဍိုင် သုံးရပ်စလုံးဟာ အနစ်နာခံခဲ့ရတဲ့ လူတွေရဲ့ ခံစားမှုများကို
အသိအမှတ်ပြုရန်၊ ပေးလျော်ခြင်း ဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြုရန်နဲ့ တရားစီရင်ရေး
မဟုတ်သော ပေးလျော်ခြင်း ယန္တရားတစ်ရပ် ထူထောင်ရန်တို့အတွက် တာဝန်ရှိ သွားစေပါတယ်။
ကမ္ဘာပေါ်မှာထင်ရှားတဲ့ သာဓက ပြစရာတစ်ခုကတော့ ဒုတိယကမ္ဘာစစ်အတွင်းက
ဆောင်ကြာမြိုင်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အမျိုးသမီးနှစ်သောင်းခန့်ထဲက တစ်ယောက်က
သူ့ကို လိင်ကျေးကျွန်အဖြစ် စေခိုင်းခဲ့ခြင်းအတွက် တရားစွဲဆိုမှု တစ်ခု ပြုခဲ့ပါတယ်။
အဲဒီက စတင်ကာ ဂျပန်အစိုးရက သူတို့အတွက် ပေးလျော်ခြင်းကိစ္စကို အလေးအနက်ထား
စဉ်းစားပြီး ဆောင်ရွက်ပေးခဲ့ရတဲ့ အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါတယ်။
တချို့ကိစ္စတွေမှာ ပြည်တွင်း ဥပဒေတွေက အဲဒီလို တရားစွဲဆိုနိုင်ဖို့အတွက် ပြဋ္ဌာန်းချက်တွေ
မပါရှိတဲ့အခါ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်တွေမှာ
တင်ပြတောင်းခဲ့လျှင်လည်း အလားတူ ထိရောက်မှု ရရှိစေနိုင်ပါတယ်။
တကယ်လို့ တရားစီရင်ရေးမဟုတ်သော ပေးလျော်ခြင်း ယန္တရားတစ်ခုကို ထူထောင်ထားပြီး
ဖြစ်တယ်ဆိုရင်တောင်မှ အဲ့ဒီယန္တရားရဲ့ ဆောင်ရွက်ချက်အပေါ် စိတ်ကျေနပ်မှုမရှိခဲ့လျှင်
နစ်နာသူတွေအနေနဲ့ လူ့အခွင့်အရေးကော်မရှင် လမ်းကြောင်းက ဖြစ်စေ တရားစီရင်ရေး
လမ်းကြောင်းကဖြစ်စေ ဆက်လက်တင်ပြတောင်းဆိုနိုင်ရန် ရွေးချယ်ပိုင်ခွင့် ရှိကြပါတယ်။
ပေးလျော်ခြင်းဆိုတာ အလွန်ရိုးစင်းတဲ့ စကားလုံးကလေးပါ။ လူ့သမိုင်းအစောပိုင်းကတည်းက
ရှိခဲ့တဲ့ လူတစ်ဦးချင်းရဲ့ တရားနဲ့ အညီ ရပိုင်ခွင့်ဖြစ်ပါတယ်။
လူတစ်ဦးချင်း လိုက်နာစောင့်ထိန်းရမယ့် ကိုယ်ကျင့်တရား တစ်ရပ်လည်း ဖြစ်ပါတယ်။
တည်ဆဲ ဥပဒေနဲ့ မညီလို့၊ အချက်အလက် အထောက်အထား မပြည့်စုံလို့၊ အချိန်ကြာမြင့်လှပြီ
ဖြစ်လို့၊ ယခင်ကတည်းက ကျူးကျော်သူတွေဖြစ်ခဲ့ကြလို့၊ အစိုးရဌာနများက လက်ရှိအသုံးပြုထားပြီး
ဖြစ်လို့၊ ယခင်ကတည်းက လွှဲပြောင်းပေးရန် သဘောတူလက်မှတ် ရေးထိုးထားပြီဖြစ်လို့ အစရှိတဲ့
အကြောင်းပြချက်အမျိုးမျိုးနဲ့ ပေးလျော်ရန် တောင်းဆိုမှုများကို ကျွန်တော်တို့ ပယ်ချခဲ့တာ
ဘယ်လောက်များနေပြီလဲ။
ဆယ်စုနှစ်တွေနဲ့ချီပြီး ကျွန်တော်တို့ဟာ ကြားရည်မှန်းချက်ပန်းတိုင် အမျိုးမျိုး ရရှိရေး အတွက်သာ
ရှေးရှုပြီး အလုပ်လုပ်ခဲ့ကြပါတယ်။
လူတစ်ဦးချင်းရဲ့ တရားနဲ့အညီ ရပိုင်ခွင့်တွေ၊ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားတွေကို
လျစ်လျူရှုမိခဲ့ကြပါတယ်။
အခုအခါ ကျွန်တော်တို့ဟာ ယခင်က ရှိခဲ့တဲ့ စဉ်းစားတွေးခေါ်မှု စံပြုချက်အဟောင်းတွေကို
စွန့်လွှတ်ဖို့ အချိန်ကျပါပြီ။
နစ်နာခဲ့ရတဲ့လူတွေကို ဗဟိုပြုပြီး စဉ်းစားသင့်တဲ့အချိန် ရောက်လာပါပြီ။
သူတို့အတွက် တရားမျှတမှု ပြန်ရရှိအောင် ကျွန်တော်တို့က လုပ်ပေးနိုင်လျက်နဲ့ ငြင်းပယ်ခဲ့မိရင်
ဘယ်လို၊ လုပ်ပေးခဲ့ရင် ဘယ်လို အကျိုးသက်ရောက်နိုင်တယ် ဆိုတာကိုတော့
စဉ်းစားကြည့်ကြဖို့ပါ။
















