ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို အထူးအလေးထားလျက် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ ပြည်သူလူထု ဗဟိုပြု လူထုလှုပ်ရှားမှုအသွင်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါတယ်။
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့
တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို အထူးအလေးထားလျက် မေလ ၂၆ ရက်နေ့မှ
ဇွန်လ ၂၆ ရက်နေ့အထိ ပြည်သူလူထု ဗဟိုပြု လူထုလှုပ်ရှားမှုအသွင်ဖြင့် မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းတို့တွင် ရွှေလီစစ်ဆင်ရေး၊ သံလွင် စစ်ဆင်ရေး၊
မဲခေါင်စစ်ဆင်ရေး စတဲ့ စီမံချက်များဖြင့် မူးယစ်တပ်ဖွဲ့စုများစွာက ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ်
ဆေးပြားများ အမြောက်အမြား သိမ်းဆည်းရမိပြီး ကျူးလွန်သူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းစာတွေ၊
ဂျာနယ်တွေမှာ ဖတ်ရှုရပါတယ်။
မြို့နယ်တွေမှာ ပညာပေး ဟောပြောပွဲတွေ၊ ပညာပေးပြခန်းတွေ ကျင်ပပြီး လူငယ်လူရွယ်တွေ
မူးယစ်ဆေးဝါး မသုံးစွဲအောင် စည်းရုံး လှုံ့ဆော်ပေးလျက်ရှိတာကို တွေ့ရပါတယ်။
"ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်" ဆိုတဲ့အတိုင်း မူးယစ်ဆေးဝါးတွေကို
သိမ်းဆည်းဖမ်းဆီးပြီး ဥပဒေအရ အရေးယူတာက ကာကွယ်ခြင်းဖြစ်သလို အထက်ဖော်ပြပါ
စည်းရုံးလှုံ့ဆော်ပေးတာကလည်း ကာကွယ်တားဆီးခြင်း နည်းတစ်မျိုး ဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်လအတွင်း လုပ်တဲ့ လှုပ်ရှားမှုလောက် မပြင်းထန်ပေမယ့် စဉ်ဆက်မပြတ်
လုပ်သွားရင် ကာကွယ်တားဆီးခြင်းက တဖြည်းဖြည်း ထိရောက်လာမယ်လို့ ကျွန်မ ယူဆပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က ဘိန်းဖြူ စွဲသွားပြီး ပြတ်သွားတဲ့ ညီအစ်ကိုနှစ်ယောက်က
ပြောဖူးပါတယ်။
အဲဒီအချိန်တုန်းက ဘိန်းဖြူကို ရှာဝယ်ရတာ သိပ်အခက်အခဲ မရှိဘူးလို့ ပြောပါတယ်။
လူငယ်လူရွယ်တွေဟာ ကိုယ့်စိတ်ကို ကိုယ်နိုင်တယ်ဆိုပြီး ဘိန်းဖြူးကို မစမ်းကြပါနဲ့လို့ သူတို့က
တိုက်တွန်းကြောင်းနဲ့ စမ်းလိုက်တာနဲ့ စွဲသွားတယ်လို့ ပြောပါတယ်။
သူတို့ ညီအစ်ကိုရဲ့ ဖခင်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတုန်းက သိပ်စိတ်ထိခိုက်ပြီး
ယူကျံုးမရဖြစ်နေတဲ့အခါမှာ သူတို့အိမ်ကို လာလေ့မရှိတဲ့ သူငယ်ချင်းတစ်စု ပေါက်ချလာတဲ့
အကြောင်း၊ ညဉ့်နက်အထိ နေသွားကြပြီး သူတို့ကို စီးကရက်တိုက်ကြောင်း ညီဖြစ်သူက
ပြောပြပါတယ်။
နောက်ပိုင်းမှာ မိခင်ဖြစ်သူ ရုံးသွားတဲ့အချိန်မှာ အဲဒီ သူငယ်ချင်းတွေ ရောက်လာပြီး ပါလာတဲ့
ပစ္စည်းကို မျှဝေသုံးစွဲလာရာက ဘိန်းဖြူစွဲသွားကြောင်း ၎င်းကပြောပြတယ်။
စွဲမိသွားတဲ့ ဘိန်းဖြူကို ဖြတ်ချင်တဲ့ အသိတရားလေးကြောင့် ဖြတ်ပေးတယ်ဆိုတဲ့ ဆရာဝန်ဆီ
သွားကြောင်း အသပြာဆရာဝန် ဖြစ်နေလို့ ပြတ်အောင် ဖြတ်မပေးလို့၊ ပြတ်လိုက်
ပြန်စွဲသွားလိုက်နဲ့ ဖြစ်နေကြောင်း သူတို့ရဲ့ မိခင်သိသွားလို့ ဆရာဝန်၊ သူနာပြု တွေနဲ့ အိမ်မှာ
ထိထိရောက်ရောက်ဖြတ်ပေးကြောင်းနဲ့ အဲဒီနောက်ပိုင်း ညီဖြစ်သူက လုံးဝ ပြတ်သွားကြောင်း
သိရပါတယ်။
လူငယ်လူရွယ်တွေ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများကို စမ်းကြည့်တာမျိုး
လုံးဝရှောင်ပြီး အဲဒါတွေလုပ်နေတဲ့ သူငယ်ချင်းတွေကို ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင်ပါလို့
ပြတ်သွားတဲ့ ညီကဆိုပါတယ်။
အစ်ကိုဖြစ်သူက အဲဒီတုန်းက ပြတ်သွားပေမယ့် ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်တဲ့အခါမှာ ထပ်တွေပြီး
ထပ်ဖြစ်သွားတယ်လို့ သိရပါတယ်။
အဲဒီအချိန်မှာ မိခင်ဖြစ်သူက ရင်နာနာနဲ့ တံတားလေးဆေးရုံကိုပို့ပြီး ကုသမှု ခံယူစေကြောင်း၊
အဲဒီမှာ တစ်လနေပြီး ပြန်ကောင်းလာကြောင်း၊ အဲဒီဆေးရုံမှာ ကိုယ်တိုင်ကြွလာတဲ့ ဆရာတော်က
ဟောကြား ဆုံးမကြောင်းနဲ့ ဆရာတော်ရဲ့ တရားပြမှုဖြင့် နေ့စဉ်တရားထိုင်ပြီး ဘိန်းဖြူ
ပြတ်သွားကြောင်း သိရပါတယ်။
တရားထိုင်ပြီး ပြတ်သွားတဲ့အကြောင်းကို ဆေးရုံအုပ်ကြီး သိသွားလို့ အိမ်ပြန်ပြီး
တစ်ပတ်အကြာမှာ ဆရာဝန်ကြီးက ဆေးရုံသို့ ပြန်ခေါ်ပြီး အင်တာဗျူးတဲ့အကြောင်း၊
ကက်ဆက်နဲ့လည်း သွင်းထားကြောင်း အစ်ကို ဖြစ်သူက ဂုဏ်ယူစွာ ပြောပြပါတယ်။
ကျွန်မတို့နိုင်ငံမှာ လူငယ်လူရွယ်တွေ လူညွန့်မတုံးအောင် မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်
ဆေးပြားတွေ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးကို အလေးထား ဆောင်ရွက်ရာမှာ
ရောင်းဝယ် သယ်ဆောင်သူတွေကို ဖမ်းဆီး အရေးယူခြင်းနဲ့ အတိုင်းအတာ တစ်ခုထိအောင်
ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အဓိက ထုတ်လုပ်သူတွေနဲ့ ဖြန့်ဖြူးနေသူတွေကိုလည်း မျက်ခြည်မပြတ်သင့်ပါ။
သားသမီးတွေ မူးယစ်ဆေးဝါး သုံးစွဲခြင်းက ကာကွယ်ဖို့ မိဘတွေရဲ့ အခန်းကဏ္ဍကလည်း
အရေးပါပါတယ်။
သားသမီးတွေကို အမြဲစောင့်ကြည့်ပြီး လမ်းမှန်ပေါ်လျှောက် လှမ်းနိုင်အောင် နည်းမျိုးစုံရှာကြံကာ
ပံ့ပိုး ကူညီ ပေးဖို့လိုပါတယ်။
သားတွေက အကြောင်းတစ်ခုခုကြောင့် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း မိဘတွေက သိရှိလာရင်
"သားအဖြစ်မှ အမွေဖြတ် စွန့်လွှတ်ခြင်း" ကြေညာပြီး စွန့်လွှတ်မယ့်အစား အဲဒီနွံထဲက ဆွဲထုတ်ဖို့
နည်းလမ်း ရှာကြံသင့်ပါတယ်။
မိဘတွေရဲ့ ထိထိရောက်ရောက် ကူညီမှုကြောင့် ဘိန်းပြတ်တဲ့သူတွေ ရှိပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ ညီအစ်ကို နှစ်ယောက်မှာ ညီဖြစ်သူဟာ မိခင်ရဲ့ အကူအညီ၊ မိမိရဲ့
အသိတရားနဲ့ ဘိန်းလုံးဝပြတ်သွားတာဟာ သာဓကတစ်ခု ဖြစ်ပါတယ်။
အစ်ကိုဖြစ်သူဟာ မိခင်ရဲ့ အကူအညီကြောင့် ပထမ ပြတ်သွားပေမယ့် ၎င်းရဲ့ စိတ်ဓာတ်
ပျော့မှုကြောင့် နောက်တစ်ကြိမ် ထပ်ဖြစ်တယ်။
ဘုရားတရားကြည်ညိုတဲ့ ၎င်းရဲ့ မူရင်းစိတ်ဓာတ်ကြောင့် တံတားလေး ဆေးရုံမှာ တရားပြတဲ့
ဆရာတော်ရဲ့ ဟောကြားဆုံးမတာ ခံယူပြီး တရားထိုင်ရင်း ဘိန်းပြတ်သွားတာလည်း
သာဓကတစ်ခုပါ။
နိုင်ငံတော်အစိုးရ၊ ပြည်သူတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မိဘတွေရဲ့ ဘက်ပေါင်းစုံက
အရေးယူဆောင်ရွက်မှုနဲ့ လူငယ် လူရွယ်တွေရဲ့ အသိတရားတွေနဲ့ မူးယစ်ဆေးဝါးနဲ့
စိတ်ကြွရူးသွပ်ဆေးပြားတွေ သုံးစွဲခြင်းက ကင်းဝေးကြပါစေ။
















