ဖွဲ့စည်းပုံပြင်ရေး အကျိုးစီးပွား လေးမျိုး

ဖွဲ့စည်းပုံပြင်ရေး အကျိုးစီးပွား လေးမျိုး

အခုဆိုရင် အများပြည်သူ စိတ်တဝင်စားနဲ့ စောင့်ကြည့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့ ဥပဒေကြမ်း နှစ်ခုထဲက ပုဒ်မ ၄၃၆ (က)နဲ့ ဆိုင်တဲ့ အပိုင်းကို လွှတ်တော်တွင်းမှာ ဆွေးနွေးနေကြပါပြီ။

အခုဆိုရင် အများပြည်သူ စိတ်တဝင်စားနဲ့ စောင့်ကြည့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့
ဥပဒေကြမ်း နှစ်ခုထဲက ပုဒ်မ ၄၃၆ (က)နဲ့ ဆိုင်တဲ့ အပိုင်းကို လွှတ်တော်တွင်းမှာ
ဆွေးနွေးနေကြပါပြီ။

ဒီအပိုင်းမှာ ပြင်ဆင်ဖို့ တင်ပြထားတဲ့ ပုဒ်မလေးခု ပါ၀င်ပြီး တချို့အချက်တွေကို ပြင်ဆင်ဖို့
ဆုံးဖြတ်နိုင်ခဲ့ရင် လူထုဆန္ဒခံယူပွဲ ဆက်လုပ်ဖို့ လိုအပ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ရေးဥပဒေကြမ်း လွှတ်တော်တွင်း ဆွေးနွေးပွဲတွေ မစခင် ကနဦး ထွက်ပေါ်လာတာက
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ သမ္မတ စနစ်နဲ့ သွားလိုသူ အုပ်စုနဲ့ သူရဦးရွှေမန်း
ခေါင်းဆောင်တဲ့ ပါလီမန်စနစ်ဘက် ယိမ်းတဲ့ အုပ်စုရဲ့ အငြင်းပွားမှုပါ။

သူရဦးရွှေမန်းအုပ်စုဘက်က သူတို့ လိုလားချက်တွေကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းထဲမှာ
စိတ်ကြိုက် ထည့်သွင်းထားသလို၊ သမ္မတ ဦးသိန်းစိန် အုပ်စုဘက်ကတော့ အဲဒီအချက်တွေကို
အစိုးရပိုင် သတင်းစာတွေထဲကနေ ဝေဖန်ရေးသားတာတွေ လုပ်လာပါတယ်။

တကယ်တော့ လက်ရှိ ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စကိုပြောရင် အဲဒီ အုပ်စုနှစ်စုရဲ့ အားပြိုင်မှု
သက်သက်ချည်းပဲ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)နဲ့ ပြည်သူတွေရဲ့ လိုလားချက်၊
တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေလည်း ရှိနေတာမို့ အကျိုးစီးပွား လေးခု အပြိုင်ရှိနေတယ်လို့
ပြောရင် ရနိုင်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ရေး အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားတွေက ဘာတွေလဲ၊ လွှတ်တော်တွင်း
ဘယ်နည်းဘယ်ပုံ ဆွေးနွေးနိုင်ကြမလဲ၊ ဘယ်လို အဖြေထွက်လာနိုင်မလဲဆိုတာ ဒီတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်ကတော့
ဖွဲ့စည်းပုံကို ဒီမိုကရေစီ ဖက်ဒရယ် ဖွဲ့စည်းပုံ ပုံစံ ဖြစ်အောင် ပြင်ချင်နေကြပါတယ်။

အသေးစိတ် ပြောမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ပိတ်ပင်ထားတဲ့
ပုဒ်မ ၅၉ (စ) ကိစ္စ၊ သမ္မတ ရွေးချယ်ရာမှာ တပ်မတော်သားတွေက မဲ ၂၅ ရာခိုင်နှုန်းရယူထားတဲ့
ပုဒ်မ ၆၀ ကိစ္စ၊ သမ္မတကပဲ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို ရွေးချယ်ပေးတဲ့ ပုဒ်မ ၂၆၁ ကိစ္စ၊
ဖွဲ့စည်းပုံကို တပ်မတော်သားအမတ်တွေက သဘောတူမှ ပြင်နိုင်မယ့် ပုဒ်မ ၄၃၆ ကိစ္စတွေကို
ပြင်ဆင်ချင်ကြပါတယ်။

လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းကို စိတ်ကြိုက်ပြုစုပြီး လွှတ်တော်တွင်း တင်ထားနိုင်တဲ့
လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးအုပ်စု လိုလားတာကတော့ ဒုသမ္မတနဲ့
သမ္မတအဖြစ် ရွေးချယ်ခံမယ့်သူတွေဟာ ရွေးကောက်ခံ အမတ် ဖြစ်ရမယ်ဆိုတဲ့ ပုဒ်မ ၆၀ ကိစ္စ၊
ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၄၃၆ ကို နည်းနည်းပါးပါး ပြင်ဆင်ရေး၊ တိုင်းရင်းသား အခွင့်အရေး
နည်းနည်းပါးပါး ပိုပေးရေး၊ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာ လျော့ချရေးဆိုတဲ့ အပိုင်းတွေ
ပြင်ဆင်လိုပါတယ်။

သမ္မတ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အုပ်စုနဲ့ တပ်မတော်ဘက်က လိုလားတာကတော့ တိုင်းရင်းသား
ပြည်နယ်တွေကို အခွင့်အရေး နည်းနည်းပါးပါး တိုးပေးပြီး ကျန်တာကို မပြုပြင်ဘဲ ထားရေး
ဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့ လိုလားချက်ကတော့ တိုင်းရင်းသား အခွင့်အရေး အပြည့်အဝရတဲ့ ဖက်ဒရယ်
ပြည်ထောင်စု ပုံစံ ပြင်ဆင်ရေး ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ပြီး ခုလို အုပ်စုလေးစု အကျိုးစီးပွား လေးမျိုး မတူညီကြပေမယ့်
ဖွဲ့စည်းပုံပြင်ရေး မူကြမ်းကိုတော့ အားလုံးအတူတကွ ရေးဆွဲခွင့်ရကြတာတော့ မဟုတ်ပါဘူး။

အုပ်စုဝင် အသီးသီးဟာ လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး
ကော်မတီ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ စတာတွေမှာ နှစ်နဲ့ချီ
အတူတကွ ဆွေးနွေး လုပ်ကိုင်လာခဲ့ကြပေမယ့် တကယ့်တကယ် ဥပဒေကြမ်း ဆွဲတာ၊
တင်တာကိုတော့ သူရဦးရွှေမန်းရဲ့ ပြည်ခိုင်ဖြိုး အုပ်စုကပဲ လုပ်ကိုင်သွားတာ ဖြစ်ပါတယ်။

အခြား ဘယ်သူမှ မသိလိုက်သလို၊ ဘယ်သူ့ရဲ့ သဘောထားတွေမှလည်း ပါမသွားပါဘူး။

အခု ဆွေးနွေးမယ့် ဥပဒေမူကြမ်းဟာ သူရဦးရွှေမန်း အုပ်စုက စိတ်ကြိုက် ရေးဆွဲ တင်သွင်းတဲ့
မူကြမ်းဖြစ်ပါတယ်။

ဆွေးနွေးမယ့် နည်းနာကတော့ ဥပဒေကြမ်းပါ အချက်တွေကိုပဲ မူတည်ပြီး ဆွေးနွေး၊ မဲခွဲ
ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။

အခြား ဥပဒေကြမ်းမှာ မပါတဲ့ အချက်တွေကို ဆွေးနွေးလို့ မရပါဘူး။

ဒီအတွက် အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသား အမတ်တွေဟာ သူတို့အနေနဲ့ ဘယ်အချက်တွေကိုပဲ
ဆွေးနွေးချင်သည်ဖြစ်စေ၊ ဥပဒေကြမ်းထဲမှာ မပါရင် မဲခွဲဖို့ နေနေသာသာ ဆွေးနွေးခွင့်တောင်
လုံးဝရမယ့် အခြေအနေမျိုး မရှိပါဘူး။

ဥပမာအားဖြင့် သမ္မတ ရွေးချယ်ရာမှာ တပ်မတော်သားတွေက မဲ ၂၅ ရာခိုင်နှုန်း ရယူထားတဲ့
ပုဒ်မ ၆၀(င) လို အချက်မျိုးနဲ့ အခြား ပုဒ်မပေါင်းများစွာဖြစ်ပါတယ်။

ဥပဒေကြမ်းကို ဘယ်အဖွဲ့အစည်းက ဘယ်နှစ်ယောက် ဆွေးနွေးခွင့်ရမလဲဆိုတဲ့ ကိစ္စ၊
ဘယ်သူတွေကို ဆွေးနွေးခွင့်ပေးမယ်ဆိုတဲ့ ကိစ္စ၊ မဲခွဲဆုံးဖြတ်တဲ့အခါ စက်ခလုတ်နှိပ်ပြီး
ဆုံးဖြတ်မှာလား၊ မတ်တပ်ရပ်ပြီး ဆုံးဖြတ်မှာလား၊ မဲစာရွက်မှာရေးပြီး ဆုံးဖြတ်မှာလား စတဲ့ ကိစ္စနဲ့
ကိစ္စအတော်များများကို ဆုံးဖြတ်မှာကတော့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း
ကသာ ဆုံးဖြတ်မှာဖြစ်ပြီး လုပ်ပိုင်ခွင့် အများစု သူ့လက်ထဲမှာ ရှိနေပါတယ်။

လက်ရှိ လွှတ်တော်ထဲ ဆွေးနွေးနေတဲ့ အနေအထားကိုကြည့်ရင် ပြည်ခိုင်ဖြိုးက
အမတ် ၃၃ ယောက် ဆွေးနွေးဖို့ တင်တာကို သူရဦးရွှေမန်းက ၁၁ ယောက်ပဲ
ဆွေးနွေးခွင့်ပြုပါတယ်။

အင်န်အယ်လ်ဒီဘက်က အမတ် ၂၆ ယောက် ဆွေးနွေးဖို့ တင်တာကိုတော့ အားလုံး
ဆွေးနွေးချင်ရင်လည်း ဆွေးနွေးနိုင်တယ်လို့ ခွင့်ပြုပေးထားပါတယ်။

အကြောင်းကတော့ ဥပဒေကြမ်းပါ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
အင်န်အယ်လ်ဒီအမတ်တွေ အားလုံး ဘယ်သူ့သဘောတူညီချက်မှ မယူဘဲ သူရဦးရွှေမန်းနဲ့
သူ့အဖွဲ့က တစ်ဖက်သတ် စိတ်ကြိုက်ရေးဆွဲ တင်သွင်းထားတာကို ထင်မြင်ချက် လျော့ကျစေဖို့၊
အထူးအခွင့်အရေးပေးတာ ဖြစ်နိုင်ပါတယ်။

တပ်မတော်သား အမတ်တွေကတော့ သုံးယောက်လောက်ပဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။

များများ မဆွေးနွေးဘူး။ မဲခွဲတော့မှသာ သဘောထားဆန္ဒကို ထုတ်ဖော်ပြမယ်ဆိုတဲ့ သဘောမျိုး
ဖြစ်နိုင်ပါတယ်။

ပြောရရင် လက်ရှိ ဥပဒေကြမ်းဟာ သူရဦးရွှေမန်း ဦးဆောင်တဲ့ အဖွဲ့ရဲ့ သဘောထားဆန္ဒကို
ရာနှုန်းပြည့် ထင်ဟပ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့
ဇွန်လ ၉ ရက်နေ့က ဂျပန်အခြေစိုက် The Mainichi သတင်းစာနဲ့ တွေ့ဆုံစဉ် ဖွဲ့စည်းပုံ ပြင်ရေး
သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးပါပြီ။

ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၄၃၆ ကို ပြင်လိုပုံ မရပါဘူး။

လွှတ်တော်ထဲက တပ်မတော်သားတွေဟာ အဲဒီအတိုင်း သဘောထားပေးကြပါလိမ့်မယ်။

ဒီ အုပ်စုနှစ်စုရဲ့ သဘောထားကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီက
ပြင်ဆင်ချင်တဲ့ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၆၀(င)၊ ပုဒ်မ ၄၃၆ ပြင်နိုင်မယ် မဟုတ်ဘူးဆိုတာ
သေခြာသလောက် ဖြစ်သွားပါပြီ။

ဖွဲ့စည်းပုံပြင်ရေးအတွက် အရေးကြီးတဲ့ အဲဒီ အုပ်စုနှစ်စုဟာ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် ပိုပေးရေး
ကိစ္စကိုတော့ နှစ်ဖက်စလုံးက ဆန္ဒရှိကြောင်း ထုတ်ဖော်ထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံထဲက ဇယား (၁) နဲ့ (၂) ပါ အချက်တစ်ချို့ကိုတော့ ဖွဲ့စည်းပုံထဲမှာ
သေခြာပေါက် ပြင်ဆင်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ သိပ်မရေ ရာသေးတာက ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်ရေး ကိစ္စပါ။

သူရဦးရွှေမန်းရဲ့ ပြည်ခိုင်ဖြိုး အုပ်စုက ပြည်နယ် လွှတ်တော်ကသာ ပြည်နယ် ၀န်ကြီးချုပ်ကို
မဲပေးရွေးချယ်ဖို့ သဘောထား ရှိပေမယ့် သမ္မတ ဦးသိန်းစိန် အုပ်စုဘက်ကတော့ အဲဒီလို
လုပ်လိုက်ရင် ပါလီမန် အုပ်ချုပ်မှုပုံစံ ဖြစ်သွားနိုင်တယ်၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်
ခွဲခြားထားတာကို ထိခိုက်နိုင်တယ်ဆိုပြီး သတင်းစာဆောင်းပါးတွေရေး ကန့်ကွက်နေတာ
တွေ့ရပါတယ်။

အခြေအနေအားလုံးကို ခြံုငုံသုံးသပ်လိုက်ရင်တော့ ပြည်နယ်တွေကို အခွင့်အရေး နည်းနည်းပါးပါး
ပိုပေးတာကလွဲပြီး ဖွဲ့စည်းပုံထဲက ကျန်အရေးကြီး အချက်တွေ ပြင်ဆင်နိုင်ရေး ဖြစ်နိုင်ခြေ
သိပ်မရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021