ပေးလျော်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၄)

ပေးလျော်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၄)

ပေးလျော်ရန် ဘယ်သူ့မှာ တာဝန်ရှိသလဲ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုကို ဖော်ဆောင် ပေးဖို့ပဲဖြစ်ဖြစ်၊ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက်ပဲဖြစ်ဖြစ်၊ ပေးလျော်ခြင်း အစီအစဉ်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပေးလျော်ရန် ဘယ်သူ့မှာ တာဝန်ရှိသလဲ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး
ကာလမှာ တရားမျှတမှုကို ဖော်ဆောင် ပေးဖို့ပဲဖြစ်ဖြစ်၊ ပြန်လည်ရင်ကြားစေ့ရေး
လုပ်ငန်းစဉ်အတွက်ပဲဖြစ်ဖြစ်၊ ပေးလျော်ခြင်း အစီအစဉ်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း
တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ကျွန်တော်က တင်ပြတဲ့အတွက် ပေးလျော်ခြင်းအစီအစဉ်ကို ပြန်လည်တည်ဆောက်ရေး
လုပ်ငန်းတွေကနေ ခွဲထုတ်စဉ်းစားပြီး သူတစ်ခုတည်းကိုပဲ ထီးထီးကြီး လုပ်ပေးဖို့
တောင်းဆိုနေတာ မဟုတ်ပါဘူး။

အယူအဆရေးရာကပဲ ကြည့်ကြည့်၊ လက်တွေ့ လုပ်ငန်းသဘောအရပဲ ကြည့်ကြည့်၊
ပေးလျော်ခြင်းဆိုတာ နိုင်ငံတော် တည်ဆောက်ရေးဆိုတဲ့ ပိုမိုကြီးမား ကျယ်ပြန့်သော
လုပ်ငန်းစဉ်ကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့သာ ပါ၀င်ရမှာ ဖြစ်ပါတယ်။

အားလုံးသိပြီးသားလည်း ဖြစ်ကြပါတယ်။ ပဋိပက္ခလွန် အခြေအနေတစ်ရပ်၊ သို့မဟုတ် နိုင်ငံရေး
အသွင်ကူးပြောင်းမှု ကာလမှာ နိုင်ငံရေးအရ အနည်းဆုံး လုပ်ဆောင်ရမယ့် လုပ်ငန်းကြီး လေးရပ်
ရှိပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ အင်စတီကျူးရှင်းများ ပြန်လည်တည်ဆောက်ခြင်း၊
ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနဲ့ အခြားသော နိုင်ငံတော်
တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်ကြပါတယ်။

ဒီလိုကြီးကျယ်များပြားတဲ့ လုပ်ငန်းတွေ လက်မလည်အောင် ရှိနေတဲ့ကြားထဲမှာ ပေးလျော်ခြင်း
သဘောထားနဲ့ ပေးလျော်ခြင်းပန်းတိုင်တို့ကို သီးသန့်အာရုံစိုက်ပြီး လုပ်သွားကြမယ်ဆိုရင်
နစ်နာခဲ့သူများ အပါအဝင် ပြည်သူ လူထုကြီးတစ်ရပ်လုံးအတွက် အရေးကြီးတဲ့ လိုအပ်ချက်တွေနဲ့
အခြေခံကျတဲ့ အခွင့်အရေးတွေ လုံလောက်စွာမရရှိဘဲ ဖြစ်သွားနိုင်ပါတယ်။

နေစရာအိမ်၊ ရေ၊ မီး၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံ လူမှု စီးပွားရေး
ရပိုင်ခွင့်တွေဟာ အရေးကြီးတဲ့ လိုအပ်ချက်တွေ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ လူ့အဖွဲ့အစည်း တစ်ရပ်လုံးဟာ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ
အခွင့်အရေးတွေလည်း ရရှိနေဖို့ လိုအပ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလ အစိုးရတွေဟာ အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ
ပေါင်းသင့်တာ ပေါင်း၊ အသစ်ဖန်တီးဖွဲ့စည်းသင့်တာ ဖွဲ့စည်းပြီး ပြည်သူလူထုတစ်ရပ်လုံးရဲ့
လိုအပ်ချက်များဖြစ်တဲ့ အထက်ကတင်ပြခဲ့တဲ့ လူမှုစီးပွား အခွင့်အရေးများနဲ့ နိုင်ငံသား၊ နိုင်ငံရေး
အခွင့်အရေးများရရှိအောင် အားဖြည့်ပေးခြင်း၊ ကြီးကြပ်ပေးခြင်းတို့ ပြုလုပ်ကြရပါတယ်။

ဒီလိုကျယ်ပြန့်တဲ့ အခွင့်အရေးတွေနဲ့အတူ ပေးလျော်ခြင်းအတွက် တာဝန်ယူ သွားရမယ့်
အစီအစဉ်ကို ဟန်ချက်ညီကျင့်သုံး သွားရမှာ ဖြစ်ပါတယ်။

ဒါဟာ အသွင်ကူးပြောင်းရေးကာလ အစိုးရများရဲ့ အရေးကြီး သောတာဝန်များပဲ ဖြစ်ပါတယ်။

အစီအစဉ် တစ်ခုက အခြားအစီအစဉ်တစ်ခုကို ဖုံးလွှမ်းသွားခြင်း၊ ဖုံးကွယ်သွားခြင်းတော့
မဖြစ်စေရပါဘူး။

အထူးသဖြင့် နှစ်ပေါင်းများစွာ နစ်နာခဲ့တဲ့ လူတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး တစ်စုံတစ်ရာပင်
လက်လွှတ်ဆုံးရှုံးရတာ မဖြစ်စေရပါဘူး။

ကောင်းပါပြီ။ ပေးလျော်ခြင်းအစီအစဉ်ကို နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၊
နိုင်ငံသားအခွင့်အရေး ပြည့်ဝစွာ ခံစားရရှိနိုင်ရေးအစီအစဉ်တို့နဲ့ အတူယှဉ်တွဲပြီး လုပ်ဆောင်
သွားသင့်တာကိုတော့ လက်ခံနိုင်ပြီ။

ဒါပေမဲ့ ပေးလျော်ခြင်း အစီအစဉ်အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ မေးခွန်းထုတ်လာမယ်
ဆိုရင်တော့ အဲဒီမေးခွန်းကို မဖြေခင် စာဖတ်သူများအားလုံး သိရှိပြီးသား အချက်တစ်ချက်ကို
ရှေးဦးစွာ ဆွေးနွေး တင်ပြလိုပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ ရှိနေကြတဲ့ နိုင်ငံသူနိုင်ငံသား အားလုံးဟာ
လူ့အခွင့်အရေးတွေကို ပြည့်ဝနိုင်သမျှ ပြည့်ဝစွာ ရရှိခံစားနိုင်ဖို့အတွက် အစိုးရတွေမှာ
တာဝန်ရှိတယ်ဆိုတာ ဘယ်သူမျှ မငြင်းနိုင်တဲ့ကိစ္စပါ။

အလားတူပါပဲ။ ပြည်သူ လူထုရဲ့ လူ့အခွင့်အရေးတွေဟာ ကျူးလွန် ဖောက်ဖျက်ခြင်း၊
အလွဲသုံးစားပြုခြင်းခံရမယ် ဆိုရင်လည်း တရားမျှတမှုကို အားလုံးညီတူ ညီမျှ ပြန်ဖြစ်ရအောင်
လုပ်ပေးဖို့ကလည်း အစိုးရတွေကပဲ အာမခံချက်ပေးထားရပါတယ်။

ဒီအချက်တွေကို အစိုးရတွေက မလုပ်ချင်လို့ မရဘူး၊ မလုပ်နိုင်လို့ မရဘူး၊ ဒါဟာ သူတို့ရဲ့
တာဝန်ပါပဲ။ ပေးလျော်ခြင်းဟာ ပြည်သူလူထုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ နစ်နာခဲ့တဲ့ လူတွေကို
တရားမျှတမှု တန်းတူ ညီတူ ပြန်ရအောင် လုပ်ပေးခြင်းဖြစ်တဲ့အတွက် ဒီလိုပေးလျော်ခြင်း
အစီအစဉ်ကို ဆောင်ရွက်ပေးဖို့အတွက် အစိုးရများမှာပဲ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

အထူးသဖြင့် တစ်ချိန်တုန်းက ကျူးလွန်ဖောက်ဖျက်မှုတွေ လုပ်ခဲ့တာဟာ အစိုးရအဖွဲ့အစည်းတွေ၊
အစိုးရဝန်ထမ်းတွေ၊ အစိုးရ ကိုယ်စားလှယ်တွေ ဖြစ်နေရင် ဒီလိုတာဝန်ရှိမှုဟာ ပိုပြီး
ရှင်းရှင်းလင်းလင်း ရှိပါတယ်။

အစိုးရများရဲ့ တာဝန်ရှိမှုဟာ ဒီမှာတင် ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ အစိုးရနဲ့ ပူးပေါင်း
ဆောင်ရွက်နေတဲ့၊ အစိုးရက လက်ခံခွင့်ပြုပေးထားရာ ရောက်တဲ့၊ အစိုးရက လက်နက်တပ်ဆင်
ပေးထားတဲ့ ပြည်သူ့စစ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အရေးယူ ဆောင်ရွက်ချက်
အမှားအယွင်းများနဲ့လည်း သက်ဆိုင်တယ်ဆိုတာကိုလည်း သတိပြုရပါတယ်။

သာဓကတစ်ခု တင်ပြပါမယ်။ ကိုလံဘီယာ အစိုးရက ဖွဲ့စည်းအားပေးခဲ့တဲ့ လက်ျာအစွန်းရောက်
ပြည်သူ့စစ်အုပ်စုများက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တာကို အနစ်နာခံခဲ့ရတဲ့ လူတွေက
အမေရိကတိုက် လူ့အခွင့်အရေးရုံးသို့ တိုင်ကြားခဲ့ပါတယ်။

ဒီတိုင်ကြားချက်အပေါ် စုံစမ်းစစ်ဆေးတဲ့အခါ ကိုလံဘီယာအစိုးရအပေါ်မှပဲ ထပ်တလဲလဲ
တာဝန်ရှိနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စောစောပိုင်းမှာ ကျွန်တော်တင်ပြခဲ့ပြီး ဖြစ်သလို အပြည် ပြည်ဆိုင်ရာဥပဒေတွေအရ
နိုင်ငံတစ်နိုင်ငံမှာ လက်ရှိတာဝန်ယူနေရတဲ့ အစိုးရဟာ သူ့ရှေ့က တာဝန်ယူသွားခဲ့ရတဲ့ အစိုးရနဲ့
သူနဲ့က မူဝါဒချင်း လုံးဝကွဲပြားခြားနားပြီး ဖိနှိပ်တဲ့ အစိုးရဖြစ်နေတယ်ဆိုရင်တောင်မှ အဲဒီအစိုးရရဲ့
လုပ်ဆောင်ချက်တွေအတွက် လက်ရှိအစိုးရကပဲ ဆက်ခံရမှာဖြစ်ပါတယ်။

ဒီလိုကိစ္စမျိုးကတော့ တောင်အာဖရိက နိုင်ငံရေး အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အထင်အရှား
တွေ့ရပါတယ်။

အသားအရောင် ခွဲခြား ပြီးဆက်ဆံခဲ့တဲ့ အတိတ်အစိုးရရဲ့ လုပ်ဆောင်ချက်များအတွက် သူတို့နဲ့
ဘာမျှမပတ်သက်၊ ဆက်စပ်မှုမရှိတဲ့ နောက်တက်တဲ့ ဒီမိုကရက် အစိုးရက အလုံးစုံ
တာဝန်ယူခဲ့ပါတယ်။

တချို့နိုင်ငံတွေမှာဆိုရင်တော့ အစိုးရများရဲ့ထိန်းချုပ်မှု၊ သို့မဟုတ် သဘောတူညီမှု မရှိဘဲ
လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ သူပုန်သူကန်အုပ်စုတွေက ကျူးလွန် ဖောက်ဖျက်ခဲ့တဲ့
ကိစ္စတွေမှာပါ နစ်နာခဲ့ရတဲ့ လူတွေအတွက် ပေးလျော်မှုကို အစိုးရများက ဆောင်ရွက်ပေးခဲ့တာ
ရှိပါတယ်။

အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတချို့မှာ ဒါမျိုး ရှိခဲ့ပါတယ်။

ဒီနိုင်ငံတွေရဲ့ သဘောထားကတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ဥပဒေအရ အစိုးရများက
ကာကွယ်စောင့်ရှောက်ပေးရန် အာမခံခဲ့ကြသော်လည်း ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်
အစိုးရက ပျက်ကွက်ခဲ့တာကြောင့်လို့ ဆိုကြပါတယ်။


ပေးလျော်ခြင်းရဲ့ ရည်ရွယ်ချက်တစ်ခုက နစ်နာခဲ့ကြရတဲ့ လူတွေ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်
ပေါင်းစည်းဝင်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်း အတွင်းရှိ ကျန်လူတွေအားလုံးက သူတို့အပေါ်မှာ
ဂရုစိုက်ကြောင်း သိရှိခံစားစေခြင်းနဲ့ သူတို့ကို တရားသဖြင့် ပြန်ဖြစ်အောင် လုပ်ပေးနေကြောင်း
ဖော်ပြခြင်းတို့ ပါ၀င်ပါတယ်။

တစ်နည်းအားဖြင့် သူတို့ ဘေးဒုက္ခရောက်နေရတာကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက
အကုန်အကျခံပြီး တရားသဖြင့် ပြန်ဖြစ်အောင် လုပ်ပေးနေတယ်လို့လည်း အဓိပ္ပာယ်ကောက်ယူနိုင်
ပါတယ်။

ဒါကြောင့် အစိုးရများက ပေးလျော်တယ်ဆိုတာ ပြည်သူလူထုများရဲ့ ဘဏ္ဍာရန်ပုံငွေက
ပေးလျော်ခြင်းသာ ဖြစ်ပါတယ်။

နောက်ပြီး အစိုးရတစ်ရပ်က ပေးလျော်တာဟာ အမှားအယွင်းကို သူတို့လုပ်ခဲ့လို့ ပေးလျော်ရတဲ့
သဘောမဟုတ်ပါဘူး။

ကျူးလွန်ဖောက်ဖျက်ခဲ့သူတွေဟာ ဘယ်သူပဲဖြစ်ဖြစ် နစ်နာခဲ့တဲ့လူတွေရဲ့ ကောင်းကျိုးချမ်းသာ
အတွက်၊ သူတို့ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ လူချင်းတူတူ သူချင်းမျှမျှ ပြန်လည် ပေါင်းစည်း
၀င်ရောက်လာနိုင်ဖို့အတွက် လူသားဆန်သော သဘောထား၊ လူ့ကျင့်ဝတ်၊ လူ့ကိုယ်ကျင့်တရား
တို့နဲ့အညီ လုပ်ပေးရမယ့် တာဝန်ဝတ္တရား ရှိနေလို့ လုပ်ပေးရခြင်း ဖြစ်တယ်လို့ မှတ်ယူရမှာ
ဖြစ်ပါတယ်။

ဒါကြောင့် ပေးလျော်ခြင်းဟာ အစိုးရများ အတွက် ရှက်စရာ သိက္ခာကျစရာ မဟုတ်ဘူး။

နှမြောတွန့်တိုစရာလည်း မဟုတ်ဘူး၊ သူများ ဓားခုတ်ရာ လက်ဝင်လျှိုတာမျိုးလည်း မဟုတ်ဘူး။

အတိတ်က တာဝန်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေအတွက် တရားနည်းလမ်းကျစွာ သင်ပုန်းချေ ပေးနေတာ၊
အဆိုးကျော့သံသရာကို ဖြတ်တောက်ပြီး လူထုနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ပေးနေတာ၊
နစ်နာခဲ့တဲ့လူတွေအတွက် တရားမျှတမှုရအောင် လုပ်ပေးနေတာလို့ ရှင်းရှင်းလင်းလင်း
တင်ပြချင်ပါတယ်။

အတိတ်က အမှားအယွင်းအတွက် တာဝန်ရှိခဲ့မှုတွေကို ငြင်းပယ်ပြီး ပေးလျော်ရန် တာဝန်ရှိမှု
ကိုလည်း ဆက်လက် မျက်ကွယ်ပြုနေကြမယ်ဆိုရင်သာ အဆိုးကျော့ သံသရာကို လည်သထက်
လည်စေတော့မှာ ဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလ အစိုးရများက ကိုယ့်တာဝန်ဝတ္တရားများ ကိုယ်သိလို့ လုပ်ပေးနေရတာ
ဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကျတော့ ယေဘုယျ အားဖြင့် ဒီလိုမျိုး
ပေးလျော်ရမယ့် တာဝန်ကို မျှဝေခံယူလိုခြင်း မရှိကြပါဘူး။

ဒီကိစ္စမျိုးမှာ အကူအညီလည်း သိပ်မပေးချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်က ဖြစ်ခဲ့ရတဲ့
ဘေးဒုက္ခတွေအတွက် အစိုးရများက တာဝန်ရှိလို့ လုပ်ပေးရမှာဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာ
အလှူရှင်တွေက ဒီကိစ္စကို မျှဝေယူလိုက်ရင် အစိုးရတွေက သူတို့ရဲ့ တာဝန်ရှိမှု ၀န်ထုပ်ဝန်ပိုးကြီးကို
ဆက်လက်ထမ်းဆောင်ခြင်း မပြုတော့ဘဲ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေအပေါ်မှာ
ပစ်ချပေးလိုက်ပြီး သူတို့ကိုယ်တိုင် ရှောင်ထွက်သွားနိုင်တယ်လို့ ယူဆကြလို့ ဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရက ပေးလျော်ရမယ့် ၀န်ထုပ်ဝန်ပိုးကြီးက မတန်တဆ ကြီးမားနေမယ်ဆိုရင်တော့
ဆက်စပ်တဲ့ အကြောင်းကိစ္စတွေအတွက် ကျွမ်းကျင်မှု အကူအညီ၊ ရုပ်ဝတ္ထုပစ္စည်း အကူအညီ
ပေးတာတွေ ရှိပါတယ်။

အရှေ့တီမောမှာ အမှန်တရားကော်မရှင်က အင်ဒိုနီးရှားအစိုးရကို ၎င်းတို့ သိမ်းပိုက်ထားစဉ်
ကာလအတွက် ပေးလျော်မှုလုပ်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

လက်ငင်းအခြေအနေအရ အမှန်တကယ် ပေးလျော်ခြင်းဖြစ်လာဖို့အတွက် နိုင်ငံတကာ
ဆက်ဆံရေးနဲ့ အခြားအခက်အခဲတွေ အများကြီးရှိနေတဲ့အပြင် လက်တွေ့ပေးလျော်ခြင်းက
ဖြစ်လာနိုင်တယ်ဆိုရင်တောင် အချိန်အများကြီး စောင့်ရဦးမှာ ဖြစ်ပါတယ်။

နစ်နာခဲ့တဲ့လူတွေရဲ့ အခြေအနေတွေကလည်း ဆိုးဝါးနေတော့ ဒီလောက်အထိ စောင့်ဆိုင်းလို့
မဖြစ်နိုင်တော့ဘူး။

အဲဒီအခါမှာ ကမ္ဘာ့ဘဏ်က အရေးပေါ်ကြားဖြတ်ပေးလျော်ခြင်း အစီအစဉ်တစ်ရပ်ကို ဖြစ်ရိုးဖြစ်စဉ်
မဟုတ်ဘဲ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။

အစိုးရများက တာဝန်ရှိလို့ပဲဖြစ်ဖြစ်၊ တာဝန်သိလို့ပဲဖြစ်ဖြစ် ပေးလျော်ခြင်းကို လုပ်တော့မယ်လို့
ဆုံးဖြတ်ခဲ့ရင်တောင်မှ ကုန်ကျမယ့်စရိတ်ကို စဉ်းစားလိုက်ရင် နည်းနည်းတော့ တွန့်ဆုတ်
သွားတတ်ကြပါတယ်။

နိုင်ငံတိုင်းဟာ ပဋိပက္ခလွန် အသွင်ကူးပြောင်းရေးကာလမှာ ငွေကြေးအရင်းအမြစ်
ကန့်သတ်ချက်က ကြီးမားလေ့ရှိကြပါတယ်။

နိုင်ငံတည်ဆောက်ရေးအတွက် ဦးစားပေးရမယ့် အလုပ်တွေကလည်း တသီတတန်းကြီး
ရှိနေတာမို့ ပေးလျော်ခြင်းကိစ္စအပေါ် ထိခိုက်လာနိုင်ပါတယ်။

ဒါကြောင့် အစိုးရများက ပေးလျော်ခြင်းကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံရေး
ဆန္ဒပြင်းပြမှုနဲ့ တိကျသေချာတဲ့ စီမံကိန်းရှိဖို့ အရေးကြီးပါတယ်။

နိုင်ငံရေးဆန္ဒ ပြင်းပြမှုမရှိခဲ့ရင် အခက်အခဲတွေ မကျော်လွှားနိုင်တဲ့အပြင် နစ်နာခဲ့တဲ့
လူတွေအတွက် တရားသဖြင့် ပြန်ဖြစ်ရေးခရီးလမ်းဟာ အလွန်ရှည်လျားပြီး အကွေ့အကောက်
အတက်အဆင်း များပါလိမ့်မယ်။

ပေးလျော်ခြင်းအတွက် လိုအပ်တဲ့ ဘတ်ဂျက်ရန်ပုံငွေ ချပေးဖို့ရာမှာ လူမှုရေး အဖွဲ့အစည်းများ၊
နစ်နာခဲ့ရတဲ့လူတွေရဲ့ မဟာမိတ်အဖွဲ့အစည်းများနဲ့ အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းတွေကနေ
ကျယ်ပြန့်တဲ့ နိုင်ငံရေးထောက်ခံအားပေးမှု လိုအပ်ပါတယ်။

အဲဒီလိုထောက်ခံမှုမျိုး ရရှိတယ်ဆိုရင်တောင်မှ ချပေးတဲ့ ငွေလုံးငွေရင်းပမာဏဟာ နစ်နာခဲ့တဲ့
လူတွေအတွက် မလုံမလောက် ဖြစ်ပြီး စိတ်ကျေနပ်မှု မဖြစ်စေခဲ့တာ နိုင်ငံများစွာမှာ တွေ့ရပါတယ်။

ငွေကြေးပမာဏ အချိုးအစား ကြီးကြီးမားမားဟာ အစွန်အဖျား မဲဆန္ဒနယ်တွေဆီကို
ပျံ့နှံ့သွားတတ်တဲ့ အတွက်လည်း နိုင်ငံရဲ့နှလုံးသားနယ်မြေက လူတွေက စိတ်ဝင်စားမှုနှုန်း
ကျဆင်းသွားနိုင်ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ အတွေ့အကြံုအရဆိုရင် ပေးလျော်ခြင်းဘတ်ဂျက်က ကာကွယ်ရေး
ဘတ်ဂျက်နဲ့ ယှဉ်လို့ရအောင် ကြီးမားနေခဲ့တာတောင် ပေးလျော်ရန် ထောက်ခံတင်ပြထားတဲ့
ပမာဏရဲ့ အစိတ်အပိုင်း တစ်ခုမျှသာ ရှိတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက နစ်နာခဲ့တဲ့လူတွေကလည်း ပေးလျော်မှန်းသိလေ ပိုတောင်းလေ ဖြစ်လာလို့
နောက်ပိုင်းမှာ ပေးလျော်ခြင်းကို ငွေလုံးငွေရင်းနဲ့ မပေးတော့ဘဲ နစ်နာခဲ့သူတွေအတွက်
နေအိမ် ဆောက်လုပ်ပေးခြင်းအဖြစ်နဲ့ ပြောင်းလဲ သုံးစွဲလာတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပေးလျော်ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်
ရှိမယ်ဆိုရင်တော့ ကိုယ့်ရှေ့မှာ နမူနာယူစရာတွေ အများကြီးရှိပါတယ်။

ပေးလျော်ရန် နိုင်ငံရေးဆန္ဒရှိမှုက အရေးကြီးပါတယ်။

ပေးလျော်ခြင်းကို သင်္ကေတအမှတ်လက္ခဏာဖြင့် အသိအမှတ်ပြုပေးခြင်း၊ လိုအပ်သည့် ဥပဒေများ
ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ မြေယာ၊ အိုးအိမ်၊ လက်သုံးပစ္စည်းကိရိယာ၊ အလုပ်အကိုင်အခွင့်အလမ်း၊
ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနဲ့ တွဲဖက်ပြီး
ဘက်စုံရည်ရွယ်ချက်ဖြင့် ပေးလျော်ခြင်း ပြုနိုင်ပါတယ်။

သို့ရာတွင် နစ်နာခဲ့ရတဲ့ လူတွေအတွက် ပေးလျော်ခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ မထိခိုက်စေရန်
အရေးကြီးပါတယ်။

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့လည်း အတိတ်က အမှားတွေအတွက် အစိုးရရဲ့
တာဝန်ရှိမှုကို ကူညီတဲ့သဘော မသက်ရောက်စေဘဲ ငြိမ်းချမ်းရေးတည် ဆောက်ခြင်း အစီအစဉ်၊
ပြန်လည် ရင်ကြားစေ့ရေး အစီအစဉ်တွေမှာ ပေးလျော်ခြင်းလုပ်ငန်းရဲ့ အရေးပါမှုကို
အသိအမှတ်ပြုတဲ့အနေနဲ့ အထောက်အပံ့များ ၀င်ရောက်လာနိုင်ခြေ ရှိတယ်လို့
တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021