အခုအချိန်ဟာ လွှတ်တော်တွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ဆွေးနွေးနေကြချိန်ပါ။ ပုဒ်မ ၄၃၆ (က) ဆိုင်ရာ အပိုင်းဆွေးနွေး မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ခုရက်ပိုင်းမှာတော့ ပုဒ်မ ၄၃၆(ခ) ဆိုင်ရာ အပိုင်းတွေကို ဆက်ဆွေးနွေးနေကြပါတယ်။
အခုအချိန်ဟာ လွှတ်တော်တွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ဆွေးနွေးနေကြချိန်ပါ။ ပုဒ်မ ၄၃၆ (က)
ဆိုင်ရာ အပိုင်းဆွေးနွေး မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ခုရက်ပိုင်းမှာတော့ ပုဒ်မ ၄၃၆(ခ) ဆိုင်ရာ
အပိုင်းတွေကို ဆက်ဆွေးနွေးနေကြပါတယ်။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို
အချိန် ၁၅ နှစ်လောက်ယူ၊ စိတ်ကြိုက် ရေးဆွဲပြီး ထားရစ်ခဲ့တာပါ။
ဒီမိုကရေစီ၊ လွှတ်တော် နဲ့ ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်တွေ အောက်မှာ အတိုက်အခံ
အင်အားစုတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကို ဘယ်ဘက်ကမှ လှုပ်လို့မရအောင်
ထိန်းချုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး စစ်ဘုရင်မင်းဆက် တည်ဆောက်ဖို့ အသေအချာ
ရေးဆွဲထားခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အခု အဲဒီ ဖွဲ့စည်းပုံနဲ့ ဆက်စပ်ပြီး ပြဿနာတွေတော့ ပေါ်နေပါပြီ။
ထူးခြားတာကတော့ အတိုက်အခံတွေ၊ တိုက်ခဲ့ ခိုက်ခဲ့တဲ့ ရန်ဘက်တွေ၊ ပြည်သူတွေဆီကနေ
ပေါ်လာတာမျိုး မဟုတ်ဘဲ စစ်ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကြားထဲက ပေါ်လာတဲ့
ပြဿနာ ဖြစ်နေလို့ပါပဲ။
ဒီတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်။
၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်ဘုရင်မင်းဆက်က တိုင်းပြည်ကို အုပ်ချုပ်နိုင်အောင်
ရေးဆွဲထားတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။
အခြေခံဥပဒေအရ တိုင်းပြည်ကို အာဏာကြီးတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တစ်ယောက်နဲ့
သမ္မတ တစ်ယောက်က ပူးတွဲ အုပ်ချုပ်ကြပါလိမ့်မယ်။
၂၀၁၀ စစ်အာဏာရှင် စနစ်ကနေ အာဏာအလွှဲအပြောင်း လုပ်တဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေဟာ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို သမ္မတအဖြစ် တင်မြှောက်ပြီး အရင် ၀န်ကြီးတချို့၊
နောက်ထပ် အစားဝင်လာတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အစိုးရအဖွဲ့သစ် ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။
အရင် နံပတ် (၃) စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်နဲ့ စီနီယာ ၀န်ကြီး
အတော်များများကို လွှတ်တော်တွင်း ပို့ခဲ့ပါတယ်။
အဲဒီ အုပ်စု နှစ်စုလက်ထဲ ပြည်ခိုင်ဖြိုးပါတီကို အပ်ပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ပိုပြီး ငယ်ရွယ်တဲ့၊ ပိုပြီး ဂျူနီယာကျတဲ့ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ကို ခန့်အပ်ခဲ့ပါတယ်။
ပုံမှန်အတိုင်းဆိုရင်တော့ လာမယ့် ရွေးကောက်ပွဲ အလွန် လွှတ်တော်ထဲက တပ်မတော်သား
အစုအဖွဲ့ဟာ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်ယောက်ကို ဒုသမ္မတ တင်ပါလိမ့်မယ်။
လက်ရှိ လွှတ်တော်နဲ့ အစိုးရ အဖွဲ့ထဲ ရောက်နေတဲ့ ပြည်ခိုင်ဖြိုး ခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်း
တွေက ရွေးကောက်ပွဲမှာ အမတ်ရာခိုင်နှုန်း တစ်ခုရအောင်ကြိုးစား၊ လွှတ်တော်ထဲ ရောက်ရင်
တပ်မတော်သား အမတ်တွေနဲ့ ပူးပေါင်းပြီး တပ်မတော်သား အမတ်တွေက တင်ထားတဲ့
ဒုသမ္မတကို သမ္မတ တင်မြှောက်နိုင်အောင် အားဖြည့်ပေးကြဖို့ ဖြစ်ပါတယ်။
အဲဒီ သမ္မတဟာ သမ္မတ ဦးသိန်းစိန် လက်ထက်က ၀န်ကြီးတာဝန်ယူခဲ့သူ တချို့၊ နောက်ထပ်
ငယ်ရွယ်တဲ့ စစ်ဗိုလ်ချုပ် တချို့နဲ့ အစိုးရဖွဲ့ပြီး တိုင်းပြည်ကို ဆက်အုပ်ချုပ်ပါလိမ့်မယ်။
လက်ရှိ အစိုးရအဖွဲ့ ၀န်ကြီးတာဝန်ယူခဲ့ပြီး အစိုးရအဖွဲ့သစ်ထဲ ပြန်မပါတဲ့၊ ရွေးကောက်ပွဲမှာလည်း
ရွေးကောက်ခံရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက လွှတ်တော်ထဲဝင်ပြီး ရေးရာကော်မတီတွေမှာ ၀င်ပါ၊
လွှတ်တော် နိုင်ငံရေး လုပ်ကြရပါလိမ့်မယ်။
လက်ရှိ လွှတ်တော်ထဲက သက်တော်ရှည် အမတ်ကြီးတွေကတော့ လွှတ်တော်နိုင်ငံရေးမှာ
ဆက်ပါချင်သူပါ၊ နိုင်ငံရေးက အနားယူသူယူ လုပ်ကြရပါလိမ့်မယ်။
စစ်ရာထူး၊ အစိုးရတာဝန်၊ လွှတ်တော်တာဝန် တစ်ဆင့်ပြီး တစ်ဆင့် စနစ်တကျ ယူသွားဖို့
အသေအချာ ဖန်တီးထားတာပါ။
ပြောရရင် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော်ထဲက
စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားအတွက် အလုပ်လုပ်ရမယ် ဆိုတာမျိုးပါ။
ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော်ခေါင်းဆောင်တွေကို နာခံပြီး စစ်ဗိုလ်ချုပ်ဘဝကနေ အစိုးရရာထူး
ရယူရာမှာ ကြားခံ အသုံးပြုမယ့် ပါတီအဖြစ် အသုံးတော်ခံဖို့ပါ။
ဒီစီမံကိန်း အောင်မြင်ဖို့ဆိုရင် ပြည်ခိုင်ဖြိုးပါတီကို တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ
ရွေးကောက်ပွဲမှာ အနည်းဆုံး ၃၄ ရာခိုင်နှုန်းလောက် အနိုင်ရအောင် ကြိုးစားဖို့ပါပဲ။
သူတို့ကို ကူညီဖို့ တပ်မတော်ထဲက ပူပူနွေးနွေး စစ်ဗိုလ်ချုပ်တွေကလည်း အငြိမ်းစားယူပြီး
ပြည်ခိုင်ဖြိုးထဲဝင်၊ ခေါင်းဆောင်နေရာယူ၊ ရွေးကောက်ပွဲမှာလည်း ၀င်ပြိုင်ပေးကြဦးမှာ ဖြစ်ပါတယ်။
ဒါဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်ခေါင်းဆောင်တွေ စီစဉ်သွားတဲ့
စီမံချက်ပါ။
အခု အဲဒီ အစီအစဉ်ကို စပြီး စိန်ခေါ် လာသူကတော့ တခြားသူ မဟုတ်ပါဘူး။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွှတ်တော် အကြီးအကဲ အဖြစ် နေရာပေးသွားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း
သူရဦးရွှေမန်း ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက သမ္မတ ဖြစ်ချင်တဲ့အကြောင်း တရားဝင် ကြေညာထားခဲ့
ပြီးပါပြီ။
ဒါပေမဲ့ ခက်တာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အရင် စစ်အာဏာရှင်တွေ ချထားပေးခဲ့တဲ့ စစ်ဘုရင်မင်းဆက်
တည်ထောင်မယ့် လမ်းကြောင်းမှာ ပြည်ခိုင်ဖြိုးပါတီထဲက ခေါင်းဆောင် တစ်ယောက်ယောက်ရဲ့
သဘောထားက အဓိက မကျပါဘူး။
သမ္မတ တစ်ယောက်ယောက် လုပ်ဖို့ ပြည်ခိုင်ဖြိုးပါတီက အခရာ မကျပါဘူး။
အင်န်အယ်လ်ဒီလို ပြည်သူထောက်ခံမှု အလွန်အားကောင်းတဲ့ ပါတီကြီးက ၀င်ရောက်ယှဉ်ပြိုင်မယ့်
ရွေးကောက်ပွဲမျိုးတွေမှာ ပြည်ခိုင်ဖြိုးပါတီအတွက် နိုင်ခြေ အလွန်နည်းပါလိမ့်မယ်။
အဓိကကတော့ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေကို အမိန့်ပေးနိုင်တဲ့ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လိုအင်ဆန္ဒကို ပံ့ပိုးပေးဖို့ပါပဲ။
ပြည်ခိုင်ဖြိုးရဲ့ လိုအင်ဆန္ဒ တပ်မတော်ကို ပံ့ပိုးခိုင်းလို့ မရနိုင်ပါဘူး။
ဒီအတွက် သမ္မတအဖြစ် တာဝန်ယူချင်တဲ့ သူရဦးရွှေမန်းဟာ ဖွဲ့စည်းပုံထဲက အဓိကကျတဲ့
အချက်တစ်ချက် ပြင်နိုင်ရေး အတိအလင်း ကြိုးစားပါတော့တယ်။
အဲဒါကတော့ ပုဒ်မ ၆၀(ဂ) ဖြစ်ပါတယ်။
နဂိုမူလ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒုသမ္မတ၊ သမ္မတအဖြစ် တာဝန်ထမ်းဆောင်မယ့်သူကို
လွှတ်တော်အမတ်ထဲက ဖြစ်စေ၊ အမတ်မဟုတ်သူထဲကပဲ ဖြစ်စေ တင်မြှောက်နိုင်တယ်လို့
ဆိုထားပြီး ပုဒ်မ ၆၀(ဂ) ပြင်ဆင်ချက်ထဲမှာတော့ ရွေးကောက်ခံ အမတ် ဖြစ်ရမယ်လို့
ဆိုထားပါတယ်။
တကယ်တော့ ဒီအချက်ကို ပြင်ချင်တယ်၊ ပြင်ရမယ့် အချက်ထဲ ထည့်ပါ ဆိုပြီး လွှတ်တော် နာယက
သူရဦးရွှေမန်းဟာ ဖွဲ့စည်းပုံပြင်ရေး ကော်မတီဆီကို ၂၀၁၄ ဖေဖော်ဝါရီလ ကတည်းက စာနဲ့
တရားဝင် ညွှန်ကြားခဲ့တဲ့ တစ်ခုတည်းသော အချက်လည်း ဖြစ်ပါတယ်။
အဲဒီအချက်ကို ပြင်လိုက်နိုင်ရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ဖြစ် အခြား ဘယ်သူဖြစ်ဖြစ်
ဒုသမ္မတ၊ သမ္မတ ဖြစ်ချင်ရင် ရွေးကောက်ပွဲဝင်ကို ၀င်ရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ နိုင်ပြီး အမတ်ဖြစ်မှ ရမှာ ဖြစ်ပါတယ်။
ဒီအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ဖြစ်၊ အခြားစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ဖြစ်
လွှတ်တော် အမတ်အဖြစ် အရွေးခံဖို့ ပြည်ခိုင်ဖြိုးပါတီထဲ ၀င်ရောက်ရမှာဖြစ်သလို၊ သူရဦးရွှေမန်းရဲ့
ဦးဆောင်၊ လမ်းညွှန်၊ ကြီးကြပ်မှုအောက်ကနေ ရွေးကောက်ပွဲ ၀င်ပြိုင်ရမယ့် သဘောဖြစ်ပါတယ်။
လွှတ်တော်ထဲ ရောက်နေတဲ့ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်းဟာလည်း သူတို့ ကြိုက်ရာ
လူတစ်ယောက်ကို ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လို့လည်း မရတော့ပါဘူး။
အဓိပ္ပာယ်ကတော့ တပ်မတော်ဟာ ပြည်ခိုင်ဖြိုး ပါတီကို နာခံရမယ်ဆိုတဲ့ သူရဦးရွှေမန်းရဲ့
အစီအစဉ်ကို ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ရောပြီး အကောင်အထည် ဖော်တာပါ။
ဒါပေမဲ့ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း လွှတ်တော်တွင်း မဲခွဲရာမှာ အဲဒီ ပြင်ဆင်ချက် ပယ်ချခံရပြီး
သူရဦးရွှေမန်းရဲ့ အစီအစဉ် ပျက်သွားခဲ့ပါတယ်။
ဒီကြားထဲ ရွေးကောက်ပွဲ နီးလာချိန် ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်း ဘယ်သူ့ကို
တင်မြှောက်မလဲ ပါတီတွင်းမှာ အခြေအတင်၊ အပြင်းအထန် ဆွေးနွေးမှုတွေ ရှိလာပါတယ်။
သူရဦးရွှေမန်းဘက်ကတော့ သမ္မတလောင်းကို စောစောစီးစီး ရွေးချယ်ကြေညာထားစေချင်ပါတယ်။
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် ဘက်ကတော့ ရွေးကောက်ပွဲဝင်၊ အားလုံးဝိုင်းကြိုးစား၊ တပ်မတော်သား
အမတ်တွေနဲ့ ပေါင်းပြီး သမ္မတ တစ်ယောက်တင်မြှောက်နိုင်တဲ့ အချိန်ကျမှ ပါတီညီလာခံ ခေါ်ပြီး
သမ္မတ လောင်းတင်မယ့် လူကို ရွေးချယ်ဖို့၊ လတ်တလော ဆိုင်းထားဖို့ အဆိုပြုပါတယ်။
နောက်ဆုံး သမ္မတ လောင်းရွေးတာ ယာယီ ရပ်ဆိုင်းထားပြီး ရွေးကောက်ပွဲအတွက် အောင်နိုင်ရေး
တာဝန်နဲ့၊ အမတ်လောင်း ရွေးချယ်တာ၊ ၀င်ပြိုင်မယ့် နေရာချထားတာ စတဲ့ ပြည်ခိုင်ဖြိုး
ခေါင်းဆောင်မှု တာဝန် သူရဦးရွှေမန်းက ရရှိသွားပါတယ်။
ဒါပေမဲ့ ပြဿနာက ဒီလောက်နဲ့ ပြီးမသွားပါဘူး။
ဇွန် ၂၅ ဖွဲ့စည်းပုံပြင်ရေး၊ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်ပွဲအပြီး ဇွန် ၂၆ မှာကျင်းပတဲ့
ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေနဲ့ ဆက်စပ် ဥပဒေ (၇) ခု
ပြင်ဆင်ဖို့ အခြေအတင် ငြင်းခုံ မဲခွဲဆုံးဖြတ်ကြပါတယ်။
အကြောင်းက ဒီလိုပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ မှာ နိုင်ငံတော်သမ္မတ၊ သို့မဟုတ်
ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော်သမ္မတ၊ သို့မဟုတ်
ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိိမိတို့
ရာထူးသက်တန်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ခြင်း
မပြုရ ဆိုပြီး ဖော်ပြထားတယ်။
ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ရေးပြီးနောက်ပိုင်း အရင် စစ်အစိုးရက ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စု အစိုးရ
ဥပဒေနဲ့ ဆက်စပ် ဥပဒေတွေ ထဲမှာတော့ သမ္မတ၊ ဒုသမ္မတ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ၀န်ကြီးတွေ၊
နေပြည်တော်ကောင်စီဝင်တွေဟာ ရွေးကောက်ပွဲ နီးလာရင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး
လုပ်ငန်း လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဓိပ္ပာယ်ကတော့ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ နေပြည်တော်
ကောင်စီဝင်တွေဟာ သူတို့ သက်တမ်း ပါတီ လုပ်ငန်းတွေမှာ ၀င်မပါနိုင်ပေမယ့် ရွေးကောက်ပွဲ
ကာလမှာတော့ ပါတီ စည်းရုံးရေး လုပ်နိုိင်ကြမှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ ပြည်ခိုင်ဖြိုးပါတီကို ပြန်လာနိုင်ကြမှာ ဖြစ်ပါတယ်။
အဲဒီနေ့ကတော့ လွှတ်တော်တွင်းက သူရဦးရွှေမန်းကို ထောက်ခံတဲ့ ပြည်ခိုင် ဖြိုးအမတ်တွေ
ဦးဆောင်ပြီး အဲဒီ ပြည်ထောင်စု အစိုးရ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်း
နေရာမှာ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေး လုပ်ငန်းဆိုပြီး ပါတီဆိုတဲ့ စကားလုံး ဖြုတ်ဖို့
ကြိုးစားကြပါတော့တယ်။
ပြင်ဆင်ဖို့ တင်ရာမှာ အဓိက အမတ်ဖြစ်တဲ့ ဦးဝင်းသန်းရဲ့ ပါ၀ါပွိုင့်နဲ့ တင်ပြချက်အရဆိုရင် အဲဒီ
ပြင်ဆင်ချက် အတည်ဖြစ်သွားရင် သမ္မတ ဦးသိန်းစိန်နဲ့ သူ့အဖွဲ့ဝင်တွေဟာ ပြည်ခိုင်ဖြိုးပါတီဝင်
အဖြစ် ရွေးကောက်ပွဲမှာ မဲဆွယ်နိုင်ဖို့ နေနေသာသာ၊ ပါတီကိုတောင် ပြန်လာလို့ မရနိုင်တော့ပါဘူး။
ဒီထက် ပိုဆိုးတာက အခြားပါတီ တစ်ခုခု တည်ထောင်တာ၊ တည်ထောင်ပြီး အခြားပါတီ
တစ်ခုခုမှာ ပါ၀င်တာမျိုးကိုတောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒါဟာ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီကနေ အပြီးတိုင် ဖယ်ရှားဖို့ ကြိုးစားမှုလို့
မှတ်ယူနိုင်ပါတယ်။
ဒီအတွက် လွှတ်တော်တွင်းမှာ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ သမ္မတ ဦးသိန်းစိန် အုပ်စုဘက်ကို
ထောက်ခံတဲ့ တပ်မတော်သား အမတ်တွေ အခြေအတင် အပြင်းအထန် ပြောဆို ငြင်းခုံကြပါတယ်။
မဲခွဲတဲ့အခါ တပ်မတော်သား အမတ်တွေဘက်က ရှံူးပြီး ဥပဒေပြင်ဆင်ရေးဘက်က အနိုင်ရပါတယ်။
မဲခွဲရာမှာ မတ်တပ်ရပ် မဲခွဲတာ ဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုးအမတ်တွေထဲက သမ္မတ ဦးသိန်းစိန်
အုပ်စုကို ထောက်ခံတဲ့ အမတ်တွေရှိနေနိုင်တဲ့တိုင် မတ်တပ်ရပ်ထပြီး ဆန္ဒပြုနိုင်တဲ့ အနေအထား
မရှိနိုင်ပါဘူး။
တကယ်တော့ ပြည်ခိုင်ဖြိုးကနေ သမ္မတ ဦးသိန်းစိန်ကို ဖယ်ရှားဖို့ ကြိုးစားမှုဟာ ပြည်သူ့လွှတ်တော်
အတွင်း အတည်ဖြစ်ရုံနဲ့ မဖြစ်မြောက်သေးပါဘူး။
အမျိုးသား လွှတ်တော်ဘက်၊ တကယ်လို့ အငြင်းပွားကြရင် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ၊
သမ္မတ မှတ်ချက် စတာတွေ ကျန်ဦးမှာ ဖြစ်ပါတယ်။
နောက်ဆုံး အဆင့်အနေနဲ့ သမ္မတဘက်က ဖွဲ့စည်းပုံနဲ့ ညီမညီ ခုံရုံးကို မေးမြန်းကောင်း
မေးမြန်းနိုင်ပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး အဖွဲ့ဝင်တွေကလည်း အရင် ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေရဲ့ ကံကြမ္မာကို
တွေ့မြင်ထားပြီးသားမို့ လောလောဆယ်ကိစ္စ အတော်များများမှာ နှာစေးနေကြတာမျိုးလည်း
တွေ့မြင်နေရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပါတီအတွင်း အုပ်စုချင်း တိုက်ပွဲက အတော်လေးကို ပြင်းထန်နေပြီး
စိတ်ဝင်စားဖို့လည်း အလွန်ကောင်းပါတယ်။
ပြည်ခိုင်ဖြိုးရဲ့ ခေါင်းဆောင်မှုနဲ့ ပြည်ခိုင်ဖြိုးရဲ့ လာမယ့် သမ္မတလောင်း သမ္မတ ဦးသိန်းစိန်
ဖြစ်မလား၊ သူရဦးရွှေမန်းပဲ ဖြစ်မလား၊ အရင် စစ်အာဏာရှင်တွေ ချသွားတဲ့ လမ်းကြောင်းအတိုင်း၊
၂၀၀၈ ဖွဲ့စည်းပုံကို အသုံးပြုပြီး တပ်မတော်ကို ပြည်ခိုင်ဖြိုးက ၀န်းရံမလား၊ အဲဒါကို
ပြောင်းပြန်လှန်ပြီး တပ်မတော်က ပြည်ခိုင်ဖြိုးကို သေနတ်ထမ်းပြီး ၀န်းရံစောင့်ရှောက်ရမလား
စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ခုလောလောဆယ်တော့ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ တပ်မတော်သားတွေနဲ့
သူရဦးရွှေမန်း၊ သူ့ကို ထောက်ခံတဲ့ အရင် အာဏာလက်လွှတ်ခဲ့ရတဲ့ ၀န်ကြီးဟောင်းတွေ
လွှတ်တော်တွင်း အပြင်းအထန် တိုက်ပွဲဆင်နေကြပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















