အမှန်တရား တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၁)

အမှန်တရား တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၁)

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ကမ္ဘာ့နိုင်ငံတချို့မှာ ပဋိပက္ခကြောင့်ဖြစ်ရသော ဘေးသင့်ချိန်က လွန်မြောက်စ ကာလ၊ သို့မဟုတ် တာရှည်ဖိနှိပ်ထားသော အုပ်ချုပ်ရေးအောက်မှ လွန်မြောက်စ ကာလများမှာ ဗရုတ်သုတ်ခ အခြေအနေတွေ ဖြစ်မြဲအတိုင်း ဆက်ဖြစ်နေတာတွေကို ကျွန်တော်တို့ အားလုံး သတိထားမိကြပါလိမ့်မယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ကမ္ဘာ့နိုင်ငံတချို့မှာ ပဋိပက္ခကြောင့်ဖြစ်ရသော
ဘေးသင့်ချိန်က လွန်မြောက်စ ကာလ၊ သို့မဟုတ် တာရှည်ဖိနှိပ်ထားသော အုပ်ချုပ်ရေးအောက်မှ
လွန်မြောက်စ ကာလများမှာ ဗရုတ်သုတ်ခ အခြေအနေတွေ ဖြစ်မြဲအတိုင်း ဆက်ဖြစ်နေတာတွေကို
ကျွန်တော်တို့ အားလုံး သတိထားမိကြပါလိမ့်မယ်။

သူတို့ ဆီက ဘယ်လိုသင်ခန်းစာတွေ ကျွန်တော်တို့ ရယူနိုင်ကြမလဲ။ ဒီအကြောင်း ကျွန်တော်တို့
ဆွေးနွေးသွားကြပါမယ်။

၂၀ ရာစုကုန်ခါနီး နောက်ဆုံးနှစ်များအထိ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အချေ အတင်
ငြင်းခုံမှုတွေ ရှိခဲ့ကြပါတယ်။

အတိတ်တုန်းက လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုအပြစ်များ ကျူးလွန်ခဲ့သူများကို
ပြစ်မှုကြောင်းအရ တရားစွဲဆို အရေးယူခြင်းကို မလွဲမသွေ လုပ်ကိုလုပ်မှ ဖြစ်မယ်လို့ တချို့က
ပြောကြသလို၊ အမှန်တရား ကော်မရှင် ဖွဲ့ပြီး အရေးယူ ဆောင်ရွက်တာက ပိုကောင်းပါတယ်၊
ဆိုးဝါးသော အကျိုးဆက် လျော့နည်းစေတယ်လို့ ဆိုသူများကလည်း ဆိုကြပါတယ်။

ဒီလိုငြင်းခုံရင်းနဲ့ ၂၀ ရာစု ကုန်ဆုံးသွားတဲ့ အခါကျမှ အများသဘောတူညီတဲ့ အယူအဆတစ်ခု
ပေါ်ထွန်းလာခဲ့ပါတယ်။

ယခင်က သူတို့စဉ်းစားခဲ့တဲ့ ချဉ်းကပ်နည်းနှစ်ခုအနက် တစ်ခုခုကိုပဲ ကျင့်သုံးမယ်ဆိုရင် အကျိုးထက်
အပြစ်များမယ်။ ဆီလျော် အပ်စပ်မှု မရှိဘူး။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို စူးစမ်းရှာဖွေနေကြသူ ဒုတိယမျိုးဆက်ရဲ့
အတွေ့အကြံုအရဆိုရင် နိုင်ငံတိုင်းဟာ အမှန်တရားနဲ့ တရားမျှတမှု နှစ်ခုစလုံးအပေါ်မှာ
အလေးအနက် ထားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋိပက္ခလွန်၊ သို့မဟုတ် အာဏာရှင် လွန်ခေတ် လူ့အဖွဲ့အစည်းများ ပြန်လည်
တည်ဆောက်ရေးမှာ အမှန်တရားဖော်ထုတ် ရေးနဲ့ တရားမျှတမှု တစ်နည်းနည်း ပြန်လည် ရရှိရေး
နည်းလမ်းတို့ကို တစ်ပြိုင်နက် ကျင့်သုံးနိုင်ရမယ်လို့ သူတို့က ဆိုကြပါတယ်။

ဒီနေရာမှာ အသွင်ကူးပြောင်းရေး ကာလဆိုတာ ပဋိပက္ခ ဖြစ်ပွားနေသောကာလ၊ သို့မဟုတ်
ပြည်သူများက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဖောက်ဖျက်ခံနေရခြင်းမှ
လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်သောကာလ (တစ်နည်း) အစစအရာရာ လွတ်လပ်ခွင့်ကို
ချုပ်တည်းထားရသော ကာလရဲ့နောက်က တစ်ဆက်တည်း ရှိနေတဲ့ ကာလကို ဆိုလိုပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်
ကတော့ ကျယ်ဝန်းလွန်းလှပါတယ်။

ကျယ်ပြန့်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ဖြစ်စေ ပဋိပက္ခများကြောင့်ဖြစ်စေ
ရရှိလာသော ဆိုးမွေအားလုံးကို လူ့အဖွဲ့အစည်းက ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက်
အကျိုးသင့်အကြောင်းသင့် စီစဉ်ဖန်တီးမှု အားလုံး ပါ၀င်ပါတယ်။

သာဓကအနေနဲ့ ပြစ်မှုဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ထုံး၊ လုပ်နည်းများ ပြင်ဆင်ရေးဆွဲခြင်းမှ
အထက်တန်း ကျောင်းသုံးစာအုပ်များ ပြင်ဆင်ပြုစုခြင်းအထိ ပါ၀င်ပါတယ်။

အထိမ်းအမှတ်နေရာ၊ အထိမ်းအမှတ်နေ့၊ ပြတိုက်သတ်မှတ်ချက် ပြင်ဆင်ခြင်းမှ ရဲတပ်ဖွဲ့တရားရုံး
ပြုပြင်ပြောင်းလဲခြင်းအထိ ပါ၀င်ပါတယ်။

ဒါတွေအားလုံးဟာ ပဋိပက္ခဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းဖြစ်သော တရားမျှတမှုမရှိတဲ့
ဖြန့်ဝေခြင်းများ (အသိပညာ၊ လူ့အခွင့်အရေး၊ စားဝတ်နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှု စသည်ဖြင့်)
တို့ကို အကျိုးသင့်အကြောင်းသင့်ဖြစ်လာအောင် စီစဉ်ဖန်တီးမှုများပဲ ဖြစ်ပါတယ်။

တရားမျှတပြီး အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာရအောင် တည်ဆောက်ရေး
လုပ်ငန်းများအထိ အကျုံးဝင်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ ပတ်သက်ပြီး
အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသွားဖို့တော့ ကျွန်တော့်မှာ အစီအစဉ် မရှိပါဘူး။

သို့သော် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ ဖွင့်ဆိုချက်အကျဉ်းဖြစ်တဲ့ အမှန်တရားနဲ့
တရားမျှတခြင်းဆိုတဲ့ ပင်မမျက်နှာစာကိုတော့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ဘောင်
အတွင်းမှာ အကျုံးဝင်တဲ့အတွက် ဆက်လက်ဆွေးနွေးသွားပါမယ်။

ပဋိပက္ခလွန် တရားမျှတမှုကို ပြန်ရအောင် ကြိုးပမ်းအားထုတ်မှုအနေနဲ့ စစ်ရာဇဝတ်ခုံရုံးများဟာ
၁၄ ရာစုခေတ်ကတည်းက ရှိခဲ့ကြောင်း ကမ္ဘာ့သမိုင်းမှာ တွေ့ရပါတယ်။

၂၀ ရာစု ကမ္ဘာစစ်ကြီးနှစ်ခု ပြီးသွားတဲ့အခါ မှာလည်း အားလုံးသိတဲ့အတိုင်းပဲ စစ်ခုံရုံးတွေ
အများအပြား ဖွဲ့စည်းစစ်ဆေးခဲ့တာ ရှိခဲ့ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်များမှာ ဂရိနိုင်ငံ အာဏာရှင်စနစ် ကျဆုံးပြီးနောက် ယခင်က ညှဉ်းပန်းနှိပ်စက်ခဲ့
သူများဟာ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။

ဒါပေမဲ့ စပိန်နိုင်ငံ ဖရန်ကို ခေတ်လွန်နဲ့ ပေါ်တူဂီနိုင်ငံ ဆာလာဇာ ခေတ်လွန်တွေမှာတော့
ထိပ်ပိုင်းလူကြီးများရဲ့ သဘောတူညီမှုနဲ့ တရားစွဲဆိုမှုကိစ္စတွေကို ရွှေ့ဆိုင်းထားနိုင်တာ
တွေ့ရပါတယ်။

၁၉၈၉ ဘာလင်တံတိုင်း ပြိုလဲခြင်းနဲ့ တစ်ဆက်တည်း ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတချို့မှာ
စစ်အာဏာရှင်စနစ်ကနေ အရပ်သားအစိုးရအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ တောင်အမေရိကနိုင်ငံများ၊ ဖိလစ်ပိုင်၊ အာဖရိက နိုင်ငံတချို့ ပါ၀င်ခဲ့ပါတယ်။

မကြာမီမှာပဲ တောင်အာဖရိက အသားအရောင်ခွဲခြားသော အုပ်စိုးမှု အဆုံးသတ်ခြင်းနဲ့
အမေရိကတိုက် အလယ်ပိုင်းနိုင်ငံတချို့ရဲ့ ပြည်တွင်း စစ်ပွဲများလည်း ရပ်စဲသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဖြစ်ရပ်တွေဟာ ကျွန်တော်တို့ စောစောပိုင်းကတည်းက တင်ပြခဲ့တဲ့ ပဋိပက္ခလွန်၊
သို့မဟုတ် အာဏာရှင်လွန်ခေတ် လူ့အဖွဲ့အစည်း ပြန်လည်တည်ဆောက်ရေးမှာ
ဘယ်လိုမဟာဗျူဟာ ကျင့်သုံးသင့်သလဲဆိုတဲ့ အချေအတင်ငြင်းခုံမှုတွေကနေ အများသဘောတူ
လက်ခံနိုင်တဲ့ အဖြေတစ်ခုရရှိအောင် စူးစမ်းရှာဖွေ လေ့လာသုံးသပ်နိုင်ဖို့အတွက် လက်တွေ့
စမ်းသပ်ကွင်းများ ဖြစ်လာခဲ့ပါတယ်။

လက်တင်အမေရိက နိုင်ငံများနဲ့ အရှေ့ဥရောပနိုင်ငံများရဲ့ ပြောင်းလဲမှု အခြေအနေများဟာ
တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။

လက်တင်အမေရိကနိုင်ငံများရဲ့ ပြောင်းလဲမှု မှာဆိုရင် မူလအာဏာရှင်များ၊ သူတို့ကို ထောက်ခံတဲ့
စစ်တပ်နဲ့ အရပ်ဘက် ပုဂ္ဂိုလ်များက အာဏာအများကြီးကို ဆက်လက်ဆုပ်ကိုင် ထားနိုင်ခဲ့တယ်။

သူတို့ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်လာမယ်ဆိုရင် တိုင်းပြည်ဟာ ထိန်းမနိုင် သိမ်းမရ
၀ရုန်းသုန်းကား အခြေအနေအထိရောက်အောင် လုပ်နိုင်သေးတယ်လို့ လူအများစုက
ယုံကြည်နေကြတယ်။

ဒီလို ယုံကြည်လာအောင်လည်း သူတို့က ခြိမ်းခြောက်မှုတွေ လုပ်ပြထားကြတယ်။

နောက်ပြီး အဲဒီမှာ ဖြစ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ များသောအားဖြင့်
ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ညှိနှိုင်းမှုကနေ စတင်အကောင်အထည် ဖော်ဆောင်လာခဲ့ကြတာ
ဖြစ်ပါတယ်။

စစ်တပ်ကို အတင်းအကျပ် ရှုံးနိမ့်စေပြီးမှ ရယူလာခဲ့ရတဲ့ ပြောင်းလဲမှုမျိုး မဟုတ်ပါဘူး။

နိုင်ငံတော် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပညာရှင်များနဲ့ တချို့သော လူ့အခွင့်အရေး
တက်ကြွလှုပ်ရှားသူများကပင် ဒီလိုအခြေအနေမျိုးအောက်မှာ အထိအရှမခံနိုင်သေးတဲ့
အရပ်သားအစိုးရသစ်ကို အတိတ်က ကျူးလွန်ဖောက်ဖျက်ခဲ့သူများကို ပြစ်မှုကြောင်းအရ
တရားစွဲဆိုပေးဖို့ တောင်းဆိုခဲ့ရင်၊ ဒါဟာ သိပ်အမြင်ကျဉ်းရာကျမယ်လို့ ယုံကြည်ကြပါတယ်။

ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသာလျှင် မျှခြေတစ်ခုရလာအောင် မလွဲမသွေ
လုပ်ပေးရမယ့် တစ်ခုတည်းသော လိုက်လျောချက်ဖြစ်လာရပါတယ်။

ဒါမှလည်း အတိတ်တုန်းက တရားမျှတမှု မရှိခဲ့ခြင်းကို ယခုပစ္စုပ္ပန်မှာ တရားမျှတမှု ပြန်ရအောင်
လုပ်ပေးနိုင်မှာဖြစ်တဲ့အပြင် အနာဂတ်ကာလမှာလည်း တရားမျှတမှု ရှိစေလိမ့်မယ်လို့
မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

တစ်စုံတစ်ရာ တည်ငြိမ်မှုရရှိပြီးတဲ့ နောက်ပိုင်းမှာတော့ အာဂျင်တီးနားနဲ့ ချီလီအစိုးရများဟာ
ယခင်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေးကာလက လူ့အခွင့်အရေး ဖောက်ဖျက်ခဲ့မှုများအတွက်
စုံစမ်းစစ်ဆေးရန်နဲ့ အထောက်အထား မှတ်တမ်းအမှုတွဲများ စုဆောင်းပြုစုရန်အတွက် ကျယ်ပြန့်စွာ
ပါ၀င်မှုရှိသော အမှန်တရား ကော်မရှင်များကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အာဂျင်တင်းဆာဘာတို ကော်မရှင်နဲ့ ချီလီ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး
ကော်မရှင်တို့ဟာ သူတို့ရဲ့ စစ်ဆေးတွေ့ရှိချက် တချို့ကို တရားရုံးများသို့ တင်သွင်းခဲ့ပါတယ်။

သို့ရာတွင် တရားရုံးများတွင် အမှုစစ်ဆေးခြင်းဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေနိုင်တဲ့
အခြေအနေအထိ ရောက်လာနိုင်တဲ့အတွက် နောက်ပိုင်းမှာ အမှန်တရား ကော်မရှင်များ
ရှေ့မှောက်မှာ ထွက်ဆိုခြင်းနဲ့ မှတ်တမ်းတင်ခြင်းတို့သာ ဒုတိယ အကောင်းဆုံးရွေးချယ်မှုအဖြစ်
သတ်မှတ်ပြီး အဲဒီအတိုင်း ဆက်လက် ဆောင်ရွက်ခဲ့ကြပါတယ်။

အမှန်တရား ကော်မရှင်များဟာ ယခင်က ကျူးလွန် ဖောက်ဖျက်ခဲ့မှုများကို လုံးဝလျစ်လျူရှုခြင်း
မပြုသော်လည်း ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားကာ နစ်နာခဲ့သူတွေအတွက်လည်း
တစ်စုံတရာ တရားမျှတမှု ပြန်လည်ရရှိအောင်နဲ့ အနာကျက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ကော်မရှင်များဟာ သတ်မှတ်ကာလအတွင်း အတိတ်က ကျူးလွန် ဖောက်ဖျက်ခဲ့မှုများကို
အမှန်အတိုင်း မှတ်တမ်း တင်နိုင်ခဲ့ပြီးနောက် ဆုံးရှုံးပျက်စီးခဲ့မှုများအတွက် နစ်နာသူကို မည်ကဲ့သို့
ပြန်လည် ဆောင်ရွက်ပေးသင့်တယ်၊ အလားတူ ကျူးလွန်မှုမျိုး ထပ်မဖြစ်ပွားစေရေးအတွက်
မည်ကဲ့သို့ ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်များကို ဆွေးနွေးဆုံးဖြတ်ပြီး အာဏာပိုင်များထံ
တင်သွင်းနိုင်ခဲ့ကြပါတယ်။

လက်တင် အမေရိကနိုင်ငံများရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ ဖြည်းဖြည်းမှန်မှန်
ဖွံ့ဖြိုးတိုးတက်လာပြီး တစ်ချိန်ကကျူးလွန်ဖောက်ဖျက်ခဲ့သူများ အမှားပြင်ဆင်နိုင်ရန်နဲ့
အနစ်နာခံခဲ့ရသူများ ရင်တွင်းက အနာကျက်စေရန် အချိန်ယူဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒီလိုဖြစ်လာရအောင် အမှန်တရား ကော်မရှင်များအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း
ဆောင်ရွက်နိုင်ခဲ့သလို ဩဇာကြီးမားဆဲဖြစ်တဲ့ စစ်တပ်အနေနဲ့လည်း အမြော်အမြင်ရှိရှိ
ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အရှေ့ဥရောပနိုင်ငံများရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေဟာ ဘာလင်တံတိုင်း ဖြိုခဲ့ချိန်နဲ့
မရှေးမနှောင်းကာလအတွင်းမှာ အသီးသီး ဖြစ်ထွန်းလာခဲ့ကြတာပါ။

ကွန်မြူနစ်စနစ်ကနေ ထိုက်သင့်သလောက် ချောချောမောမော ပြောင်းလဲနိုင်ခဲ့တာဖြစ်လို့
ချက်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ကတ္တီပါတော်လှန်ရေးလို့တောင် တင်စားခဲ့ကြပါသေးတယ်။

ယခင် အစိုးရကာလများ လက်ထက်မှာ ကျူးလွန်ဖောက်ဖျက်မှုနဲ့ သတ်ဖြတ်မှုတချို့ ရှိခဲ့သော်လည်း
စုံစမ်းစစ်ဆေး အရေးယူခြင်း၊ အပြစ်ပေးခြင်းများလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် ဒီနိုင်ငံတွေမှာတော့ အတိတ်က အမှန်တရားကို ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက်
မော်ကွန်းနဲ့ သမိုင်းကော်မရှင်များသာ ဖွဲ့စည်းခဲ့ပြီး တစ်ချိန်က လူမသိသူမသိ ဖြစ်စဉ်အမှန်တွေကို
မှတ်တမ်းတင်နိုင်ရန်အတွက်သာ ကြိုးစားအားထုတ်ခဲ့တာ တွေ့ရပါတယ်။

ယခင်က လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများကို စိတ်ထဲမှာသာ ငြင်းပယ်နိုင်ခဲ့ပြီး ငြိမ်ငြိမ်ကလေး
ခေါင်းငုံ့ခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်များနဲ့ အမှုအခင်းများကို ယခုအခါ ကော်မရှင်သို့ ပွင့်ပွင့်လင်းလင်း၊
လုံးစေ့ပတ်စေ့ ပြန်ပြောပြခွင့်ရရှိခဲ့တယ်။

ဘယ်သူတွေက ဘာတွေကျူးလွန်ခဲ့တယ်၊ ကျူးလွန်ခဲ့သူတွေ ကို ဘယ်သူတွေက ဘယ်လို
ကူညီအားပေးခဲ့တယ် စသဖြင့် ထုတ်ဖော်ပြောကြား လာကြပါတယ်။

ကျူးလွန်ခဲ့သူများ၊ အားပေးကူညီခဲ့သူများဟာ ယခုအထိ အများနဲ့သက်ဆိုင်တဲ့ ရုံးဌာန၊
အဖွဲ့အစည်းများမှာ ရှိနေကြသေးရင် အလားတူ နောက်ထပ်မဖြစ်စေရေးအတွက် ဩဇာအာဏာ
ရုပ်သိမ်းတဲ့ အနေနဲ့ လက်ရှိ တာဝန်ထမ်းဆောင်ရာ ဌာနများမှ ဖယ်ရှားခြင်း ခံကြရပါတယ်။

အရှေ့ဥရောပနိုင်ငံများမှာ ဒီလိုလုပ်ဆောင်ခြင်းဟာ တရားမျှတမှုကို မျှခြေပြန်ရအောင်လုပ်တဲ့
တုံ့ပြန် ဆောင်ရွက်မှုအဖြစ် မြင်ကြပါတယ်။

အတိတ်က ဖြစ်စဉ်ဖြစ်ရပ်များရဲ့ တကယ့်အမှန်တရားကို ကော်မရှင်နဲ့ မှတ်တမ်းတင်ဖို့ လုပ်လိုက်တဲ့
အခါကျတော့ တစ်ချိန်တုန်းက လူ့အခွင့်အရေးချိုးဖောက်မှု အကြီးအကျယ်ဖြစ်ခဲ့တယ်လို့ လူတွေ
ပြောနေကြတဲ့ ကိစ္စတွေမှာ ဟိုလူပြော ဒီလူပြော ကြားသိထားတာနဲ့ လက်ခံနိုင်တဲ့
တကယ့်အမှန်တရား တွေ့ရှိချက်တို့အကြားမှာ များသောအားဖြင့် ကွာဟချက် ကြီးမားတာ
ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တစ်ချိန်တုန်းက ဩဇာ အာဏာကြီးမားခဲ့တဲ့ လူတချို့အပေါ် ကျူးလွန် ဖောက်ဖျက်မှု
ရှိတယ်လို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့ခြင်းများဟာလည်း ပျက်ပြယ်သွားခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်က လူ့အခွင့်အရေး ကျူးလွန် ဖောက်ဖျက်ခံခဲ့ရတဲ့အတွက် နစ်နာမှုဖြစ်ခဲ့ရသူများ၊
အသက်မသေဘဲ ရှင်သန်ကျန်ရစ်သူများဟာ အခုလို သူတို့အပေါ် ကရုဏာသက်သူများ
ရှေ့မှောက်မှာသာမက ပိုမိုကြီးမား ကျယ်ပြန့်သော လူ့အဖွဲ့အစည်းအတွင်းမှာ အမှန်တရားကို
ထုတ်ဖော်ပြောကြားခွင့် ရလာတာကို သိပ်တန်ဖိုးထားကြတာ တွေ့ရပါတယ်။

လူအများအပြား သိသွားအောင် သူတို့ရင်ထဲက ခံစားချက်အမှန် တရားများကို
ပြောချလိုက်ရခြင်းဖြင့် သူတို့ရဲ့စိတ်ဒဏ်ရာ အနာကျက်သွားစေပါတယ်။

ဒီထက်ဘာမျှ ပိုပြီး ပြောပြစရာလည်း မကျန်တော့တဲ့အတွက် အတိတ်က ဝေဒနာတွေကို တစ်ခန်း
ရပ်နားထားလို့ ရသွားခဲ့ကြပါတယ်။

ကော်မရှင်များ ရှေ့မှောက်မှာ ပြောကြားခဲ့သော အမှန်တရားများကို ရုပ်မြင်သံကြားများကလည်း
အသံထုတ်လွှင့်ပေးခဲ့ခြင်းဖြင့် အလားတူ ခံစားချက်ရှိခဲ့သူများအတွက်ပါ အနာကျက်သွားစေပါ
တယ်။

အသစ် တက်လာတဲ့ အစိုးရတွေက ဒီလိုလုပ်ပေးတာတွေကို ဘာသာရေး ခေါင်းဆောင်တွေ
ကလည်း အခုလို ဖြည့်စွက်ထောက်ခံပေးကြပါတယ်။

"အမှန်တရားကို လူတွေအားလုံး သိသွားကြဖို့ပဲ အရေးကြီးတယ်။ အမှန်ကို သိရရင် နစ်နာခဲ့သူများ
ကလည်း ဖြစ်ပြီးတာတွေကို မေ့ပစ်လိုက်ဖို့ မဟုတ်ဘဲ ခွင့်လွှတ်ပေးနိုင်တယ်။ ကျူးလွန်ခဲ့သူတွေ
ကလည်း ၀န်ခံခြင်းနဲ့ ပြေရာပြေကြောင်း ပြောနိုင်ပါတယ်" လို့ သူတို့က ထောက်ပြကြပါတယ်။

ခွင့်လွှတ်သူတွေကလည်း ခွင့်လွှတ်၊ ၀န်ခံသူတွေကလည်း ၀န်ခံပြီးပြီဆိုရင် အတိတ်တုန်းက
ရန်သူလို ဖြစ်ခဲ့ကြသူများ အတူတကွ နေထိုင်နိုင်ဖို့ အတွက် ပုံစံဝင်သွားပါပြီ။

အဲဒီနိုင်ငံတွေမှာတော့ လူ့အခွင့်အရေး ရှေ့နေများကပင် ရာဇဝတ်ကြောင်းတရားစွဲဆိုခြင်းမှ
ကင်းလွတ်သော 'အမှန်တရားထုတ်ဖော်ခွင့်' ရှိဖို့သာ အဓိကအားထုတ်ကြတာ တွေ့ရပါတယ်။

မတူညီသော ကမ္ဘာ့အစိတ်အပိုင်း၊ မတူညီသော သမိုင်းနောက်ခံ၊ မတူညီသော နိုင်ငံရေး စနစ်များမှ
အကြောင်းကြောင်းကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းလာကြရာမှာ တစ်နိုင်ငံနဲ့
တစ်နိုင်ငံ ချဉ်းကပ်ပုံ နည်းလမ်းများ ကွဲပြားခြားကြပါတယ်။

သို့ရာတွင် ၎င်းနိုင်ငံများမှာ အမှန်တရားနဲ့ တရားမျှတမှုရှိရေးအတွက် ဉာဏ်ပညာ အမြော်အမြင်
ကြီးကြီးထားပြီး လူ့အသိုက်အဝန်း အသီးသီးက ပူးပေါင်းဆောင်ရွက်နေကြပုံများကို
တွေ့ရှိရတာကတော့ ကျွန်တော့်တို့အတွက် အလွန်အားကျစရာ ကောင်းလှပါတယ်။

ဒါဟာ သူ့အကျိုး ကိုယ့်အကျိုးအတွက် မဟုတ်ဘဲ အများပြည်သူအကျိုးအတွက် ဦးစားပေးခဲ့ကြလို့ပါ။

တကယ်လို့သာ အတိတ်ကကျူးလွန်ခဲ့ကြသူများက အကြောက်ကြီးကြောက်ပြီး အကြီးအကျယ်
ခုခံကာကွယ်ဖို့ ကြိုးစားကြမယ်၊ နစ်နာခဲ့သူများကလည်း ဘယ်သူတွေ ဘာဖြစ်ဖြစ်
ကလဲ့စားချေဖို့သာ အဓိကပဲလို့ သဘောထားကြမယ်ဆိုရင်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
ဆိုတာ အများပြည်သူအတွက် အလွန်ကြီးကျယ်တဲ့ အခွင့်အရေး တစ်ရပ်အဖြစ်မှသည် ရုတ်တရက်
ထိန်းမနိုင်သိမ်း မရလောက်အောင် ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုအဖြစ်သို့
ရောက်ရှိလာနိုင်ဖွယ်ရှိတယ်လို့လည်း တွေးမိပါတယ်။

အထက်က သာဓကအဖြစ် တင်ပြခဲ့တဲ့ နိုင်ငံ တချို့ရဲ့ အခြေအနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့
အခြေအနေက နီးစပ်တာတွေလည်း ရှိပါတယ်။ ဝေးကွာတာတွေလည်း ရှိပါတယ်။

သို့သော် သူတို့ရဲ့ အတွေ့အကြံုကနေ ကျွန်တော်တို့ သင်ယူနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့
အသွင်ကူးပြောင်းရေး ကာလတရားမျှတမှုကို ရှာဖွေရာမှာ အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့တော့
ယုံကြည်မိပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021