နိုင်ငံရေး ကိုယ်ချင်းစာစိတ် ရှိကြပါရဲ့လား

နိုင်ငံရေး ကိုယ်ချင်းစာစိတ် ရှိကြပါရဲ့လား

အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကြီးကို ၁၅ နှစ်လောက် အချိန်ယူပြီး စိမ်ပြေနပြေ ရေးဆွဲ၊ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ဆိုတာကြီးကို ၁၅ နှစ်လောက် အချိန်ယူပြီး စိမ်ပြေနပြေ ရေးဆွဲ၊ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

တိုတိုပြောရင် စစ်ဘုရင်မင်းဆက် တည်ထောင်ဖို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပါ။

ဒါတင်မက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရဲ့ အထွတ်အထိပ် အကြီးအကဲ တာဝန်ယူလို့
မရအောင် ပုဒ်မ ၅၉ (စ) ဆိုတာကို တမင်ကလာ ရေးဆွဲ ပြဋ္ဌာန်းခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း အဲဒီ ပုဒ်မနဲ့ ပတ်သက်လို့ နဂို ဖွဲ့စည်းပုံ ရေးဆွဲခဲ့သူတွေ အပါအဝင် လက်ရှိ
အာဏာကို ဆက်ပြီး ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ဒီအချက်ကို
၀န်မခံကြပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ဒေါ်အောင်ဆန်းစုကြည်လို လူတစ်ဦးတစ်ယောက်ကို သမ္မတ
လုပ်ခွင့်မရအောင် ရည်ရွယ်ချက်ရှိရှိ ရေးဆွဲ ထည့်သွင်းထားတာ ဖြစ်လေတော့ နိုင်ငံရေးစကားနဲ့
ပြောရရင် ညစ်ပတ်ထားတယ်လို့ ပြောရမှာပါပဲ။

ကဲ အခု အဲလို အလားတူ လုပ်ရပ်မျိုး လွှတ်တော်တွင်းမှာ ပေါ်ပေါက်နေပါပြီ၊ ဘယ်လိုမျိုးလဲ၊
ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘယ်လို ရပ်တည်သလဲဆိုတာ ဒီကနေ့
ရှင်းပြ ဆွေးနွေးပါ့မယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံတော် သမ္မတနဲ့ ပတ်သက်ပြီး ခုလို ဖော်ပြချက် တစ်ခု
ပါရှိပါတယ်။

ပုဒ်မ ၆၄ မှာ 'နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခုဇ။်
အဖွဲ့ဝင်ဖြစ်လျင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း
ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တန်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင်
ပါ၀င်ဆောင်ရွက်ခြင်း မပြုရ' ဆိုပြီး ဖော်ပြထားပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး အစောပိုင်းကာလတွေမှာ သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီနဲ့ ဆိုင်တဲ့
အစည်းအဝေး အခမ်းအနားတွေကို သွားတက်တဲ့အခါ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။

သမ္မတနဲ့ သူ့ရဲ့ ပါတီ ဆက်နွှယ်မှုတွေနဲ့ ပတ်သက်ပြီး အဓိက မေးခွန်းထုတ်သူတွေကတော့
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ ရောက်လာတဲ့ အင်န်အယ်လ်ဒီ အမတ်တွေပါ။

ဒါကို ပြန်ဖြေရှင်းတဲ့ ပြည်ခိုင်ဖြိုးပါတီဘက်ကတော့ သမ္မတဟာ သူ့သမ္မတ တာဝန်ထမ်းဆောင်ချိန်
အတွင်း ပါတီလုပ်ငန်းတွေ လုပ်လို့တော့ မရဘူးဆိုတာ မှန်တယ်၊ ဒါပေမယ့် အဲဒီ ပါတီကနေလဲ
နှုတ်ထွက်ဖို့ မလိုဘူး ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

နောက်ပိုင်း ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေ ကိုယ်တိုင် သမ္မတဦးသိန်းစိန် ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့
ဥက္ကဋ္ဌ အဖြစ် ရှိနေဆဲပဲ၊ သူ့ကို ဥက္ကဋ္ဌ ရာထူးကနေ ထုတ်ပယ်ထားတာ မရှိသေးဘူး။

သမ္မတ ရာထူးရယူထားလို့ ဥက္ကဋ္ဌ တာဝန်မထမ်းဆောင်နိုင်တာပဲ ရှိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

သူရဦးရွှေမန်းကိုတော့ သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌ တာဝန် မထမ်းဆောင်နိုင်သေးခင် ယာယီ ဥက္ကဋ္ဌ
တာဝန်ယူနေသူသာ ဖြစ်တယ်ဆိုပြီး ဖြေကြားခဲ့ကြပါတယ်။

ပြည်သူတွေကလည်း အဲလိုပဲ နားလည်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အဲလို ပြဋ္ဌာန်းထားပေမယ့်လည်း သမ္မတတွေ၊ ဒုသမ္မတတွေ
အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေဟာ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင်တော့ ရွေးကောက်ပွဲ ၀င်ချင်
၀င်ကြမှာပဲ ဖြစ်ပါတယ်။

ဒီအတွက် အရင် စစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီလို့ ဆိုထားတဲ့
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြဋ္ဌာန်းပေးခဲ့ပါတယ်။

အဲဒီ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ ပုဒ်မ ရ (ခ)မှာ အခုလို ဖော်ပြထားပါတယ်။

'ပုဒ်မခွဲ (က)အရ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ တစ်ခုခုဇ။် အဖွဲ့ဝင် ဖြစ်လျင်သော်
လည်းကောင်း၊ တစ်သီးပုဂ္ဂလ ရွေးချယ်ခံခဲ့သူဖြစ်လျင်သော်လည်းကောင်း၊ သီးခြား တာဝန်ပေးအပ်
ခံခဲ့ရသည့် နိုင်ငံသား တစ်ဦး ဖြစ်လျင်သော်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်သည် နောင်လာမည့်
အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါ၀င် ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသား တစ်ဦးအား
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက်
တင်မြှောက်ခံပိုင်ခွင့် မဆုံးရှံုးစေရန် အလို့ငှာ ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ကြေညာသည့်နေ့မှ စ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၂၁ တို့ပါ
ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျင် ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများကို
လည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ခွင့် ရှိသည်။' လို့
ဆိုထားပါတယ်။

အဓိပ္ပာယ်ကတော့ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ တာဝန်ထမ်းဆောင်ချိန် ပါတီလုပ်ငန်းတွေထဲ
သွားမပါနဲ့၊ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်ချိန်မှာတော့ ကိုယ့်ပါတီကနေ ကိုယ် ရွေးကောက်ပွဲဝင်၊
ပါတီ စည်းရုံးရေးလည်း လုပ်နိုင်တယ်၊ လုပ်ခွင့်ရှိတယ် ဆိုတာမျိုးပါ။

ဒါပေမဲ့၊ ဒါပေမဲ့လည်းပေါ့လေ။ ပြည်ခိုင်ဖြိုးပါတီအတွင်း သမ္မတလောင်းနေရာကိစ္စ သူရဦးရွှေမန်းနဲ့
သမ္မတ ဦးသိန်းစိန် အားပြိုင်မှု အလွန်ကြီးလာတဲ့အခါ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအမတ်တွေက
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီ အပြင်ဘက်ရောက်အောင် ကန်ထုတ်ဖို့
လုပ်ကိုင်ပါတော့တယ်။

အဲဒါကတော့ စောစောက တင်ပြခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ထဲက 'ရွေးကောက်ပွဲ
ဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများ'ဆိုတဲ့ စာသားနေရာမှာ ပါတီဆိုတဲ့ စကားလုံးကို ဖြုတ်ပြီး
'ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်းများ' ဆိုပြီး ပြင်ဖို့ ပြည်သူ့လွှတ်တော်မှာ စကြိုးစားတာပါ။

အဲဒါကို ပြင်လိုက်နိုင်ရင် လာမယ့် ရွေးကောက်ပွဲကာလမှာ သမ္မတ ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုးပါတီ
ကို ပြန်သွားဖို့ နေနေသာသာ ပြည်ခိုင်ဖြိုး အမတ်အနေနဲ့တောင် ပြိုင်ခွင့် မရှိတော့ပါဘူး၊ ဒါတင်မက
အခြား ဘယ်ပါတီ တစ်ခုခုမှာမှ ပါ၀င်ခွင့် မရှိတော့သလို၊ ပါတီ တစ်ခုခု ထောင်မယ်ဆိုတာတောင်
ထောင်လို့ မရတော့ပါဘူး။ ပြည်ခိုင်ဖြိုး ပါတီမှာ သူရဦးရွှေမန်းဟာ ပြိုင်ဘက်မဲ့ ခေါင်းဆောင်၊
ပြိုင်ဘက်မဲ့ သမ္မတလောင်း ဖြစ်အောင် သမ္မတ ဦးသိန်းစိန်ကို ဥပဒေ ပြဋ္ဌာန်း လုပ်ကိုင်ခြင်းပါ။

ဒါတင်မက ပြည်ခိုင်ဖြိုးပါတီကအင်အားစုတွေကိုလည်း စည်းရုံးခွင့်မရအောင်၊ အခြား ပါတီ
တစ်ခုထောင်ပြီး ပြည်ခိုင်ဖြိုးကို ယှဉ်ပြိုင်ဖို့ လုပ်မရအောင် အကောင်အထည် ဖော်တာမျိုးပါ။

သမ္မတ ဦးသိန်းစိန်နဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲ ၀င်ချင်ရင် ဘယ်ပါတီ
ကျောထောက် နောက်ခံမှ မပါဘဲ၊ တစ်ယောက်နဲ့ တစ်ယောက်တောင် စုစည်းခွင့်မရှိဘဲ
တစ်သီးပုဂ္ဂလတွေအနေနဲ့ တကွဲတပြားစီ ၀င်ပြိုင်ကြဖို့ပဲ ဖြစ်ပါတယ်။

သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားကလည်း ရှေ့နောက်မညီ ထူးဆန်းပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆(ခ) ဆိုင်ရာ အပိုင်းကို တင်စဉ်တုန်းက လူပုဂ္ဂိုလ်
တစ်ယောက်ယောက် သမ္မတ တာဝန်ထမ်းဆောင်ပြီဆိုတာနဲ့ သက်ဆိုင်ရာ ပါတီ လုပ်ငန်းတွေ
ဆောင်ရွက်ခွင့် မရှိအောင် တားမြစ်ထားတဲ့ ပုဒ်မ ၆၄ ကိုတော့ ပယ်ဖျက်သင့်တယ်ဆိုပြီး
တင်သွင်းခဲ့တာ တွေ့နိုင်ပါတယ်။

အဓိပ္ပါယ်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်ဟာ ပါတီကျောထောက်
နောက်ခံတောင် မရှိဘဲ ရွေးကောက်ပွဲ ၀င်စေ၊ နောင်တက်လာမယ့် သမ္မတအသစ်ကတော့
ပါတီ လုပ်ငန်းတွေကိုပါဆက်ပြီး ထမ်းဆောင်ခွင့် ရစေချင်တယ်ဆိုတဲ့ ရှေ့တစ်မျိုး၊ နောက်တစ်မျိုး
သဘောထားမျိုး ဖြစ်နေပါတယ်။

တကယ်တော့ ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တရားမျှတဖို့ လိုပါတယ်။

ဦးသိန်းစိန် တစ်ဦးချင်းဖြစ်စေ၊ သူ့ အစိုးရအဖွဲ့မှာ ပါနေတဲ့သူတွေပဲ ဖြစ်စေ၊ လာမယ့်
ရွေးကောက်ပွဲမှာ ပါတီ တစ်ခုခုကို ကိုယ်စားပြုပြီး ပြိုင်ခွင့်မရအောင် လုပ်တယ်ဆိုတာဟာ
ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၉(စ) ပြဋ္ဌာန်းပြီး သမ္မတ ဖြစ်ခွင့် တားမြစ်ပိတ်ပင်တာနဲ့
သိပ်ပြီး မခြားနားလှပါဘူး။

သက်ရောက်မှုခြင်း အနည်းငယ် ကွာနိုင်ပေမယ့် ညစ်ပတ်တာချင်းကတော့ အတူတူပါပဲ။

ဒါပေမဲ့ ခက်တာက ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ညစ်ထားတဲ့
အဲဒီ ပြည်ထောင်စု အစိုးရ ဥပဒေ ပြင်ဆင်ချက်တွေကို မဲခွဲရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီ အမတ်တွေဟာ ကြားမနေပဲ ပြင်ဆင်ဖို့ ဘက်ကနေ တက်တက်ကြွကြွ
မဲပေးခဲ့ကြတာပါပဲ။

ဒီနေရာမှာ မေးစရာရှိတာက သမ္မတ ဦးသိန်းစိန်ကိုပဲ သီးသန့် ရည်ရွယ်တဲ့၊ သဘောထား မရိုးတဲ့
ဒီ ဥပဒေ ပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီက ဘာကြောင့်
တက်တက်ကြွကြွ ထောက်ခံရတာလဲ ဆိုတာပါ။

ကိုယ်ကိုယ်တိုင် စစ်အာဏာ ရှင်တွေရဲ့ ညစ်တာကို ခံထားရသူ တစ်ယောက်အနေနဲ့
အာဏာရပါတီအတွင်း ဂိုဏ်းဂဏတိုက်ပွဲမှာ တစ်ယောက်ကို တစ်ယောက် ညစ်ဖို့ လုပ်တဲ့ ဥပဒေ
ပြင်ဆင်ရာမှာ ဘာကြောင့် ညစ်တဲ့ဘက်က ရပ်တည်ခဲ့သလဲ ဆိုတာပါ။

ဒါဟာ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းစတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ပြဿနာတွေချည်း သက်သက်ပဲ
မဟုတ်ပါဘူး။

ကိုယ်ဟာ နိုင်ငံရေးမှာ အမှန်တရားဘက် ဘယ်လောက် ရပ်တည်သလဲ၊ ဘယ်လို
တရားမျှတမှုမျိုးကို လိုလားသလဲဆိုတာ ပြသရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမတ်တွေကို အခု ကိစ္စမှာ နိုင်ငံရေးအရ
ကိုယ်ချင်းစာစိတ် ရှိခဲ့ကြရဲ့လားဆိုပြီး မေးမယ်ဆိုမေးထိုက်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021