အမှန်တရားကို စူးစမ်းရှာဖွေခြင်း အခုအခါမှာတော့ လူတွေအတော်များများက ပြန်လည်ရင်ကြားစေ့ရေး အကြောင်း ပြောနေကြပါပြီ။
အမှန်တရားကို စူးစမ်းရှာဖွေခြင်း အခုအခါမှာတော့ လူတွေအတော်များများက ပြန်လည်
ရင်ကြားစေ့ရေး အကြောင်း ပြောနေကြပါပြီ။
ရှေ့ကိုလည်း ဆက်ပြောနေရဦးမှာပဲ။ ပြန်လည် ရင်ကြားစေ့ရေးအစီအစဉ်မရှိဘဲ ဒီနိုင်ငံမှာ
ဒီမိုကရေစီဖြစ်ထွန်းအောင်မြင်ဖို့က မသေချာဘူးလေ။
အခုလို အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီ မပေးချင်သေးတဲ့ အင်အားစုတွေ၊ ဒီမိုကရေစီကို
နည်းနည်းလေးပဲ ပေးချင်သေးတဲ့ အင်အားစုတွေ၊ ပါးစပ်ပြောနဲ့ပဲ ပေးချင်သေးတဲ့ အင်အားစုတွေကို
လွန်လွန်ကျူးကျူး ဖြစ်မလာရအောင် ဘယ်သူက ထိန်းနိုင်မှာလဲ။
လွန်လွန်ကျူးကျူး ထပ်မလုပ်ချင်တော့အောင် ဘယ်သူက ဖျောင်းဖျနိုင်မှာလဲ။
ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ဆိုတာ သူ့ဘာသာသူပေါ်လာရိုး ထုံးစံ မရှိပါဘူး။
ကျွန်တော်တို့ စာရေးသူတွေက ပြောရုံသာပြောနိုင်တာပါ။ လက်တွေ့ အကောင်အထည်ပေါ်လာဖို့
အတွက် မတတ်နိုင်ပါဘူး။
အမြော်အမြင်ကြီးမားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်
လူ့အဖွဲ့အစည်းတွေကသာ တောင်းဆို နိုင်တယ်၊ အကောင်အထည်ဖော်နိုင်ပါတယ်။
ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးကလည်း တော်တော်ပရိယာယ်များပါတယ်။
ကျွန်တော်တို့က ပြန်လည်ရင်ကြားစေ့ရေး ဆိုတာဘာလဲ၊ သူ့ရဲ့ အဓိပ္ပာယ်ရှင်းလင်း ဖော်ပြချက်နဲ့
သူ့ရဲ့ဇာစ်မြစ်တွေကို မကြာခဏ ထည့်သွင်းဆွေးနွေး ဖြစ်ပါတယ်။
ဒါပေမဲ့ ရှင်းလင်း တိကျ ပြည့်စုံစွာ ဆွေးနွေးနိုင်သလားလို့ မေးခဲ့ရင်၊ ကျွန်တော်ကတော့
ရိုးသားစွာပဲ မရှင်းလင်းသေးပါဘူး၊ မတိကျသေးပါဘူး၊ မပြည့်စုံ သေးပါဘူးလို့ပဲ ၀န်ခံရမှာပါ။
တချို့နေရာတွေမှာ မူလဆက်ဆံရေးအနေအထားသို့ ပြန်လည်ရောက်ရှိစေခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်း
အဖွဲ့အစည်းတစ်ခုချင်းအပြင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအကြားတို့မှာ တံတားခင်းပေးခြင်း၊
လူ့အဖွဲ့အစည်းတစ်ခုကို ခွဲခြားထားခြင်းခံရတဲ့ အတိတ်မှသည် မျှဝေထားသော အနာဂတ်ဆီသို့
ရွှေ့ပြောင်းပေးခြင်း၊ ကောင်စီ တစ်ခုသို့ နီးကပ်စွာ အတူတကွ ရောက်ရှိကြခြင်း စသည်ဖြင့်
သူ့နေရာနဲ့သူ တတ်နိုင်သမျှ ရှင်းလင်းတင်ပြခဲ့ပါတယ်။
တကယ်တော့ ပြန်လည်ရင်ကြားစေ့ရေးဆိုတာ အမိအရ ဖမ်းယူဆုပ်ကိုင်ပြနိုင်တဲ့ ပန်းတိုင်တစ်ခု
မဟုတ်ဘဲ တစိုက်မတ်မတ် ဆက်လက် လျှောက်လှမ်းနေရမယ့် လမ်းခရီးတစ်ခု၊ သို့မဟုတ်
လုပ်ငန်းစဉ်တစ်ရပ်သာ ဖြစ်ပါတယ်။
ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့ အများသဘောတူလက်ခံထားတဲ့ အဓိကဆိုလိုရင်း
အာဘော် တစ်ခုတော့ ရှိပါတယ်။
အဲဒါကတော့ "လူပုဂ္ဂိုလ်များ၊ သို့မဟုတ် အဖွဲ့များအကြား ဆက်ဆံရေးတည်ဆောက်ပေးခြင်း"
ဆိုတာပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ ပြဿနာ တက်တာက ဆက်ဆံရေးဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ပါပဲ။
လူတွေရဲ့ ယဉ်ကျေးမှုအဖုံဖုံ၊ လူ့အခွင့်အရေးကို အဓိပ္ပာယ်ဖွင့်ဆိုပုံ၊ လေးစားလိုက်နာမှုနဲ့
အလွဲသုံးစားပြုလုပ်မှု၊ လူ့ အဖွဲ့အစည်းအသီးသီးရဲ့ သီးသန့်ကိုယ်ပိုင် အတွေ့အကြံုများ၊
တိုင်းပြည်ရဲ့ နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှု အဆင့်အတန်းနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ယုံကြည်မှု၊
အသိပညာ အရင်းအမြစ်တို့ အပေါ်မှာ မူတည်ပြီး ဆက်ဆံရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က
ခြားနားသွားကြပါတယ်။
ဆက်ဆံရေးရဲ့ အဓိပ္ပာယ် ကွဲပြားခြားနားသွားပြီဆိုမှတော့ ပြန်လည်ရင်ကြားစေ့ရေးရဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်ကလည်း အမျိုးမျိုးအစားစား ကွဲပြားရပြီပေါ့။
အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘယ်လိုပဲဖြစ်ဖြစ် လူတွေအတော်များများ နားလည်ထားကြတာက
ပြန်လည်ရင်ကြားစေ့ရေး ခရီးလမ်းကို သွားကြမယ်ဆိုရင် အတိတ်တုန်းက အမှန်တရားတွေကို
ဖွင့်ချဖို့လိုတယ်လို့ ယူဆထားကြပုံရပါတယ်။
ဖြစ်စဉ်အမှန်က ဒါပဲ၊ ဒီဖြစ်စဉ်မှာ ဆုံးရှုံးနစ်နာမှုတွေက ဒါတွေဖြစ်ခဲ့တယ်။ ရှင်သန်လွတ်မြောက်ခဲ့တဲ့
လူတွေက ဒီလူတွေပဲလို့ ပြောပြစေချင်ကြတယ်။
ဒါပေမဲ့ တကယ့် အမှန်တရားက သူတို့ပြောတဲ့ဖြစ်စဉ်နဲ့ တမင်ဖြစ်စေ မတော်တဆဖြစ်စေ
လွဲချော်နေမယ်ဆိုရင် အဲဒါအကြီးအကျယ် အငြင်းပွားစရာ ဖြစ်လာလိမ့်မယ်။
ခုခံကာကွယ်တဲ့လူကလည်း အကြီးအကျယ် ခုခံကာကွယ်မှာဖြစ်လို့ ပဋိပက္ခကို ပြန်ဆွပေးသလို
ဖြစ်နိုင်ပါတယ်။
ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပိုတောင်ဝေးကွာသွား နိုင်ပါတယ်။ စစ်မှန်တဲ့ ပြန်လည်ရင်ကြားစေ့ရေး
ဆိုတာ အနာဂတ်မှာ အကြမ်းနည်းအသုံး ပြုဖို့ ခြိမ်းခြောက်မှု အလားအလာတွေ အားလုံးကို
အဆုံးသတ်ပေးနိုင်ရပါမယ်။
လူတွေရဲ့စိတ်မှာ ဒဏ်ရာအနာတရဖြစ်စေခဲ့တာကို အစိုးရများကဖြစ်စေ ကျူးလွန်ဖောက်ဖျက်ခဲ့
သူများက ဖြစ်စေ လက်ခံအသိအမှတ်ပြုပေးမယ်၊ ဆုံးရှုံးနစ်နာမှုတွေအတွက် တစ်စုံတစ်ရာ
ပေးဆပ်မှုရှိမယ်၊ မညီမမျှဖြစ်ခဲ့တဲ့ အုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်ပုံကို ပြင်ဆင်ပေးမယ်၊
နစ်နာခဲ့တဲ့ လူ့အသိုက်အဝန်းအတွက် အခြေခံ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်များကို
ဖြည့်တင်းပေးမယ်၊ တစ်ချိန်က ဆန့်ကျင်ဘက်များက အသုံးပြုခဲ့တဲ့ လူ့အသိုက်အဝန်းများအကြား
ဆက်သွယ်ပေါင်းဆုံမှုတွေကို အသိအမှတ်ပြုမယ်စတဲ့ လုပ်ဆောင်ချက်များဟာလည်း
အမှန်တရားကို နားလည်သိရှိနားလည်စေတဲ့အပြင် ပြန်လည်ရင်ကြားစေ့ရေးကိုလည်း အကျိုးပြုတဲ့
နည်းလမ်းများပါပဲ။
ဒါကြောင့် ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းအတိုင်း လိုက်မယ်ဆိုလို့ရှိရင် အမှန်တရားဆိုတာ
သီးသန့်အခြေအနေမှလွဲ၍ ခြိမ်းခြောက်မှု အလားအလာမပါ၀င်သော အမှန်တရားဖြစ်ဖို့လိုပါတယ်။
စပိန်နဲ့ မိုဇမ်ဘစ်နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှုမှာ အမှန်တရားကို ဖော်ထုတ်တဲ့ သမားရိုးကျ
စုံစမ်းစစ်ဆေးမှုတွေ မပါရှိဘဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အများအပြားကို
ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒီနိုင်ငံတွေရဲ့ ပြန်လည် ရင်ကြားစေ့ရေးဟာ စစ်မှန်မှု ရှိ မရှိ၊ တာရှည်ခံ မခံ၊ အမှန်တရားကော်မရှင်
ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့နိုင်ငံတွေနဲ့ ဘယ်လို ကွာတယ် မကွာဘူးဆိုတာကိုတော့ ပညာရှင်တွေက
လေ့လာနေကြဆဲပဲ ရှိပါသေးတယ်။
ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်း ငယ်အတွင်း ကမ္ဘာ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေး
ကာလ အထင်ရှားဆုံးယန္တရားကတော့ အမှန်တရားကော်မရှင်များပါပဲ။
ဒီကော်မရှင်များ ပေါ်လွင်လာတာ သိပ်မကြာသေးပေမယ့် သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်း ပေးဝေနိုင်စွမ်း
ကတော့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံကြရပါတယ်။
ပနားမား၊ ဥရုဂွေး၊ ယူဂိုဆလားဗီးယား၊ အာဂျင်တီးနား၊ ပီရူး၊ ဆီယာရာလီယွန်၊ ဂါနာ၊
သီရိလင်္ကာနိုင်ငံတွေမှာ ကော်မရှင်များဖွဲ့စည်းပြီး၊ ဖွဲ့စည်းဆဲ ဖြစ်ကြပါတယ်။
ဂွာတီမာလာနဲ့ တောင်အာဖရိက အမှန်တရားကော်မရှင်များဟာ သူတို့ရဲ့ လုပ်ငန်းများကို
အတော်လေးလေးနက်နက် လုပ်ကိုင်နိုင်ကြကြောင်း ပြသနိုင်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ ယခုအထိ ဖွဲ့စည်းပြီးအမှန် တရားကော်မရှင် ၂၅ ခုထက်မနည်း ရှိခဲ့ပါတယ်။
နိုင်ငံအလိုက် အမည်အမျိုးမျိုး ပေးကြပါတယ်။
နောက်ထပ် သက်တမ်းတိုးခြင်း ရှိသော်လည်း မူလသက်တမ်းမှာ တစ်နှစ်၊ နှစ်နှစ်စသည်ဖြင့်
သက်တမ်းတိုသာ ယာယီ သဘောမျိုး ဖွဲ့စည်းခြင်းဖြစ်ပါတယ်။
အစိုးရများရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းပြီး အခွင့်အာဏာ ပေးအပ်ထားပါတယ်။
တချို့ကော်မရှင်များကို ငြိမ်းချမ်းရေးစာချုပ်အရ ခန့်အပ်လိုက်ခြင်းလည်း ရှိပါတယ်။
တရားစီရင်ပိုင်ခွင့် မရှိသော်လည်း တရားဝင်လွတ်လပ်စွာ ဆုံးဖြတ်ချက်ချ နိုင်ပါတယ်။
စစ်ပွဲအခြေအနေမှ ငြိမ်းချမ်းသော အခြေအနေ၊ အာဏာရှင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့
နိုင်ငံရေးအရ အသွင်ကူးပြောင်းသော အခြေအနေတို့မှာ ဖွဲ့စည်းလေ့ရှိတာကို တွေ့ရှိရပါတယ်။
အတိတ်ကာလအပေါ်မှာသာ အာရုံစူးစိုက်ဆောင်ရွက်ရသောကော်မရှင် ဖြစ်ပါတယ်။
သီးခြား ဖြစ်စဉ်ဖြစ်ရပ်တစ်ခုချင်းအပေါ်မှာ စုံစမ်းစစ်ဆေးခြင်းမျိုး မဟုတ်ဘဲ အချိန်ကြာမြင့်စွာ
လွဲမှားနေသော ကျူးလွန်ဖောက်ဖျက်မှုများ၊ လူအများအပြားပါ၀င်သော ကျူးလွန်မှုများမှ
စံနမူနာပြပုံစံများကိုသာ စုံစမ်းစစ် ဆေးခြင်းဖြစ်ကြောင်း တွေ့ရပါတယ်။
စုံစမ်းစစ်ဆေးတဲ့အခါ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုစံများကို အသုံးပြုပါတယ်။
နိဂုံးချုပ်ဆုံးဖြတ်ချက်နဲ့ ထောက်ခံ အကြံပြုချက်တို့ပါ၀င်သော အပြီးသတ် အစီရင်ခံစာ
တင်သွင်းခြင်းဖြင့် ကော်မရှင်လုပ်ငန်းကို အဆုံးသတ်ပါတယ်။
အမှန်တရား ကော်မရှင်ရဲ့ လုပ်ငန်းများဟာ တရားစီရင်ရေး လုပ်ငန်းများနဲ့ ဆက်စပ်နေသော်လည်း
သူတို့ဟာ တရားစီရင်ရေးလုပ်ငန်းနဲ့ အတူတူပဲလို့ သဘောထားလို့ မရနိုင်သလို တရားစီရင်ရေး
ကိုလည်း အစားထိုးလို့မရပါဘူး။
သူတို့ရဲ့ အခွင့် အာဏာကလည်း တရားရုံးများထက် အများကြီးနည်းပါတယ်။
သူတို့ရဲ့ ဆုံးဖြတ်ချက်၊ အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ အတင်းအကျပ်ပြုလုပ်ခွင့်
မရှိပါဘူး။
သူတို့ရဲ့တာဝန်က အမှန်တရားကို ရှာဖွေမယ်၊ ရွေးချယ်ပေးမယ်၊ မှတ်တမ်းတင်မယ်၊
လူ အများသိအောင် ထုတ်ပြန်ကြေညာပေးမယ်၊ အကြံပြုချက်ပြောမယ် ဒီလောက်ပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်
တစ်ရပ်ရှိရမယ်ဆိုတာ ဘယ်သူကမျှ အငြင်းမပွားနိုင်တဲ့ ကိစ္စပါ။
ဒါပေမဲ့ အဲဒီ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ အမှန်တရားကော်မရှင်တွင် ပါ၀င်သင့်
မသင့်ဆိုတဲ့ ကိစ္စကတော့ စောဒကတက်နိုင်တဲ့ ကိစ္စပါ။
အထက်မှာ တင်ပြခဲ့သလို ကမ္ဘာပေါ်က တခြားအသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေရဲ့
အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်မယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ
အမှန်တရားကော်မရှင် ဖွဲ့စည်းဖို့သင့်တယ်ဆိုတာ ဆယ်လေး ရှစ်လေးလောက်
အထောက်အထားတွေ ပြနိုင်တာ ရှိနေပါတယ်။
ဒီထက် ပိုသေချာအောင် အမှန်တရားကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ရနိုင်တဲ့
အကျိုးကျေးဇူးတွေနဲ့ အပြစ်တွေကိုလည်း ကျွန်တော်တို့ ဆက်လက်ဆွေးနွေးကြပါမယ်။
ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ တိကျမှန်ကန်တဲ့၊ ဘက်မလိုက်တဲ့၊ အသေးစိတ် ပါ၀င်ပြီး
တရားဝင်မှုရှိတဲ့ အတိတ်ကို မှတ်တမ်းတင်နိုင်ပါတယ်။
ဒါဟာ တစ်ခါတုန်းက နစ်နာခဲ့ကြတဲ့ တချို့သောနိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ဒဏ်ရာကို
ကျက်စေပြီး လူ့ဂုဏ်သိက္ခာကို ဆယ်တင်ပေးနိုင်ပါတယ်။
နောက်ပြီး အတိတ်ကာလတုန်းက အစိုးရအဆက်ဆက်က အဖြစ်မှန် မဟုတ်သော၊ သို့မဟုတ်
ဖုံးကွယ်ထားသော၊ သို့မဟုတ် ချဲ့ကားထားသော အဖြစ်အပျက်များကို အမှန်တရားနဲ့
တုံ့ပြန်နိုင်ပါတယ်။
လူထုရဲ့ရင်ထဲမှာ ကြိတ်မနိုင် ခဲမရဖြစ်နေခဲ့တာတွေကိုလည်း ရှင်းလင်းသွားအောင်
လုပ်ပေးနိုင်တယ်။
လျှို့ဝှက်စွာ ပျောက်ဆုံးသွားတဲ့ လူတွေ ရှိခဲ့ရင်လည်း ပြန်လည်ဖော်ထုတ်ပေးနိုင်တယ်။
လူ့အခွင့်အရေး ဖောက်ဖျက်မှုများအတွက် အမှန်တကယ်ကျူးလွန်ခဲ့သူများကို တာဝန်ခံမှုရှိစေရန်
အမှန်တရားကော်မရှင်က ဆောင်ရွက်ပေးနိုင်တယ်။
တစ်ချိန်တုန်းက နစ်နာခဲ့ရသူများဟာ လူရော၊ စီးပွားရော၊ ဂုဏ် သိက္ခာပါ ဆုံးရှုံးခဲ့ရပြီး
အချိန်ကြာမြင့်စွာ လူမြင်ကွင်းက ပျောက်ကွယ်သွားခဲ့ရပါတယ်။
အခုလို မေ့ပျောက်လုဆဲဆဲ၊ သို့မဟုတ် မေ့ပျောက်ခံရသူများကို အမှန်တရား ကော်မရှင်က
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သူတို့ရဲ့အခြေအနေမှန်ကို လူမြင်ကွင်းရှေ့ မှောက်မှာ
သက်သေထူခွင့်ပေးလိုက်ခြင်းဖြင့် သူတို့ရဲ့ပုံရိပ်ဟာ မီးမောင်းထိုးပြခံရသလို ထွန်းလင်း
လာနိုင်ပါတယ်။
နောက်ပြီး စကားပြောရန် စင်မြင့်တစ်ခုရရှိလာပြီး နစ်နာသူကို ဗဟိုပြုသော အသွင်ကူးပြောင်းရေး
ကာလ တရားမျှတမှုအတွက် တောင်းဆိုလာနိုင်တယ်။
ဆုံးရှုံးနစ်နာခဲ့မှုများအတွက် လျော်ကြေးတောင်းခံရာမှာ လူထုထောက်ခံမှု ပိုရလာနိုင်ပါတယ်။
ကော်မရှင်ကိုယ်တိုင်ကလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုများအတွက်
မည်ကဲ့သို့သော ပေးဆပ်မှုများရှိသင့်ကြောင်း ထောက်ခံ အကြံပြုနိုင်ပါတယ်။
နစ်နာသူများရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ကျင့်သိက္ခာတို့ကို ပြန်လည် မြှင့်တင်ပေးနိုင်တယ်။
စုံစမ်းတွေ့ရှိချက်များကနေ ကော်မရှင်ဟာ တရားဥပဒေရေးရာနဲ့ အင်စတီကျူးရှင်းဆိုင်ရာမှာ
ဘာတွေဖြစ်ခဲ့တယ်။
ဘယ်လိုပြုပြင်ပြောင်းလဲမှု လုပ်သင့်တယ်ဆိုတာကို ထောက်ခံအကြံပြုနိုင်မှာ ဖြစ်ပါတယ်။
ကော်မရှင်ရဲ့ ယခု ကဲ့သို့ အစပျိုးလုပ် ဆောင်ပေးမှုဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်
ရေရှည်လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး ရည်မှန်းချက်များကို ဖော်ဆောင်ရာမှာ ကျောရိုးသဖွယ်
အရေးပါလာမှာ ဖြစ်ပါတယ်။
ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကာလ အေးချမ်းသာယာမှုနဲ့ ကြွယ်ဝချမ်းသာမှု
အတွက် မရှိမဖြစ် လိုအပ်ချက်များပါပဲ။
တရားဥပဒေရေးရာနဲ့ အင်စတီကျူးရှင်းတွေရဲ့ အားနည်းချက်ကို ပိုင်ပိုင်နိုင်နိုင်
မထောက်ပြနိုင်သေးသရွေ့ သူတို့ဘာသာ သူတို့လုပ်တာ မှန်တယ်ထင်ပြီး
အင်စတီကျူးရှင်းတွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် စိတ်ဝင်စားမှု မရှိဘဲဖြစ်နေကြတာ
ကျွန်တော်တို့ ကိုယ်တွေ့ပဲ မဟုတ်ဘူးလား။
ဥပဒေစည်းမျဉ်းစည်းကမ်းတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ တာဝန်ယူမှု တာဝန်ခံမှုတွေဟာ
သူ့ဘာသာသူ ပြောင်းလဲဖို့ စောင့်နေတာနဲ့စာရင် အမှန်တရားကော်မရှင်ကဲ့သို့ ဩဇာရှိသော
ပြင်ပအဖွဲ့အစည်းရဲ့ အကျိုးသင့်အကြောင်းသင့် ထောက်ပြဝေဖန်မှုကြောင့် ပြောင်းလဲရခြင်းက
ပိုမိုလျင်မြန်ပြီး ထိရောက်မှုရှိစေပါတယ်။
ဒါ့ပြင် အတိတ်က ရန်သူလိုဖြစ်ခဲ့ကြသူတွေဟာ ကော်မရှင်ရဲ့ ရှေ့မှောက်မှာ မျက်နှာချင်းဆိုင်
လာရတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက်ခံစားချက်၊ နစ်နာချက်၊ လူ့သဘောသဘာဝ တွေ့ကြံုရတဲ့
အခက်အခဲများကို အရင်းအတိုင်း နားထောင်ရတဲ့အခါ တစ်ဦးအပေါ်တစ်ဦး ပိုမိုနားလည်ခွင့်လွှတ်
လာနိုင်ကြပါတယ်။
ကိုယ်ချင်းစာစိတ်ကို ဖြစ်ပေါ်စေပြီး လက်စားချေလိုမှုကို ဟန့်တား ထားနိုင်ပါတယ်။
အမှန်တရားကော်မရှင်များအနေနဲ့ နစ်နာသူတွေရော၊ ကျူးလွန်ခဲ့သူတွေရော၊ ဖြန်ဖြေရေး
သမားတွေရော အားလုံး ပါ၀င်ပြီး ဘက်မလိုက်တဲ့ ရင်ဖွင့်ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့်
အသွင်ကူးပြောင်းရေးကာလ အကောင်းမြင်အယူအဆနဲ့အတူ အားသစ်လောင်းပေးတဲ့
တရားမျှတမှု (Restorative Justice) လုပ်ငန်းစဉ် ပေါ်ထွန်းလာအောင်
ဆောင်ရွက်ပေးနိုင်ပါတယ်။
ကော်မရှင်ဟာ သူ့သက်တမ်းတိုကာလ အတွင်းမှာကို အထက်ကတင်ပြခဲ့တဲ့ လုပ်ငန်းတွေကို
အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ကြမ်းတမ်း
မှောင်မိုက်တဲ့ အတိတ်ရဲ့ အရိပ်အောက်ကနေ လမ်းခွဲထွက်နိုင်အောင် ဆောင်ကြဉ်းပေးပါလိမ့်မယ်။
ဒီမိုကရေစီလုပ်ငန်းစဉ်အပြင်ဘက်က ကိုယ့်ပန်းတိုင်ကိုယ်သွားနေကြသူများနဲ့ ဒီမိုကရေစီ
ကူးပြောင်းရေးကို ဆန့်ကျင်နေသူများကို အားနည်းသွားအောင်လည်း လုပ်နိုင်ပါလိမ့်မယ်။
ပွင့်လင်းသော ငြိမ်းချမ်းသော အနာဂတ်ဒီမိုကရက်တစ် ခေတ်သစ်ဆီသို့ အဆင်ပြေချောမွေ့စွာ
အသွင်ပြောင်း သွားနိုင်ရေးအတွက် ထိရောက်စွာ ကူညီနိုင်မှာ ဖြစ်ပါတယ်။
အမှန်တရား ကော်မရှင်များကြောင့် လူ့ အဖွဲ့အစည်းကို ထိခိုက်နစ်နာစေနိုင်တဲ့ အချက်တွေက
ဘာတွေဖြစ်မလဲလို့ မေးလာရင်တော့ အဓိကအချက်က အသိအမြင်နည်းပြီး ရန်ငြိှုးကြီးသူများ၊
ကလဲ့စားချေလိုသူများနဲ့ မျက်စိစုံမှိတ်ပြီး ကိုယ့်ကိုယ်ကိုယ် အတင်းကာကွယ်တတ်သူများရဲ့
ဘေးရန်အန္တရာယ် ရှိနေခြင်းပါပဲလို့ ဖြေရပါလိမ့်မယ်။
ဒီအန္တရာယ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးရပ်တန့်သွားစေ နိုင်ပါတယ်။
ဒါကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များက စပိန်နိုင်ငံ၊ ၁၉၈၀ ပြည့်လွန်နှစ်များက ကမ္ဘောဒီးယားနိုင်ငံ၊
၁၉၉၀ ပြည့်လွန်နှစ်များက မိုဇမ်ဘစ်နိုင်ငံတို့မှာ ဒီမိုကရေစီနိုင်ငံရေးခေါင်းဆောင်များနဲ့ အရပ်ဘက်
လူ့အဖွဲ့အစည်းခေါင်းဆောင်တို့ဟာ အတိတ်ကို ပြန်တူးဖော်ရမယ့် ကြိုးစားအားထုတ်မှုမှန်သမျှကို
အချိန်ကာလ တစ်ခုအထိ သတိကြီးစွာထားပြီး တုံ့ဆိုင်းထားခဲ့တာတွေ့ရပါတယ်။
အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ ပြန်ဖြစ်လာမှာ စိုးရိမ်ရလို့ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခက
ရှင်းရှင်းလင်းလင်း ဖြေရှင်းလို့ မပြီးသေးခင်ဆိုရင် အမှန်တရားကော်မရှင်ဟာ ကြားနေပုံစံနဲ့
အလုပ်လုပ်ဖို့ သိပ်ခက်ပါတယ်။
အမှန်တရားကော်မရှင်က ဘက်လိုက်မှုကင်းပြီး နိုင်ငံအကျိုး ပြည်သူပြည်သားတို့ရဲ့
အကျိုးတစ်ခုတည်းကို ကြည့်ရတာ ဖြစ်ပါတယ်။
ပါတီအကျိုးစီးပွား မပါတော့ နိုင်ငံရေးပါတီတွေကလည်း စိတ်ဝင်စားမှုနည်းနိုင်တယ်။
တချို့သောနိုင်ငံရေး ပါတီများကတော့ အတိတ်ကို ပြန်လည် စစ်ဆေးခြင်းနဲ့ပတ်သက်လို့
ခုခံကာကွယ်လိုသောစိတ် ရှိကောင်း ရှိနိုင်ပါတယ်။
ဒါဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ဦးစားမပေးနိုင်သေးတဲ့ သဘောလို့ ကျွန်တော်
ထင်ပါတယ်။
အားလုံးကို စာရင်းပြန်ချုပ်လိုက်မယ်ဆို ရင်တော့ လူ့အဖွဲ့အစည်းရဲ့ အကျိုးကျေးဇူးအတွက်
အမှန်တရားကော်မရှင်များက ဆောင်ရွက်ပေးနိုင်တာက အများကြီး ပိုများကြောင်း ထင်ရှားပါတယ်။
ဒါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးရန်အန္တရာယ်တွေကို သတိကြီးစွာထား ရှောင်ရှားပြီး
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အခြားအသွင်ကူးပြောင်းခဲ့ သောနိုင်ငံများနည်းတူ
အမှန်တရားကော်မရှင်ကို ဆောလျင်စွာ ဖွဲ့စည်း သင့်တယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။
















