လန်ဒန်မြို့တော်ကြီး နောက်ခံ မောင်သွေးသစ် နှစ်ကိုယ်ခွဲ ပြဇာတ်

လန်ဒန်မြို့တော်ကြီး နောက်ခံ မောင်သွေးသစ် နှစ်ကိုယ်ခွဲ ပြဇာတ်

၁၉၉၇ ခုနှစ်။ တစ်နေ့သ၌ စမ်းချောင်းရပ်၊ ဖျာပုံလမ်း၊ အမှတ် ၁၅ နေအိမ်တွင် နေထိုင်သူ ဆရာ မြသန်းတင့်ထံသို့ မိမိရောက်သည်။

၁၉၉၇ ခုနှစ်။ တစ်နေ့သ၌ စမ်းချောင်းရပ်၊ ဖျာပုံလမ်း၊ အမှတ် ၁၅ နေအိမ်တွင် နေထိုင်သူ
ဆရာ မြသန်းတင့်ထံသို့ မိမိရောက်သည်။

နှစ်ဦး နှစ်ယောက် စကားများစွာ ပြောဆိုကြပြီးနောက် - "ဟေ့လူ ခင်ဗျား ဒီနေ့အချိန်အားသလား"
ဆရာမြက မိမိကို မေးသည်။

"အားပါတယ်။" "ဒီလိုဗျ၊ လန်ဒန်က ဘီဘီစီကိုနေဝင်း ရောက်နေတယ်။ ကနေ့ ပုလဲမြို့သစ်ထဲက
ရဲဘော်ဘခက်ခြံထဲမှာ ဆုံကြမလို့၊ ခင်ဗျား လိုက်ခဲ့ပါလား" "အင်း ဦးနေဝင်းနဲ့ ကျွန်တော်
လူချင်းတော့ မဆုံဖူးသေးဘူး။ လေလှိုင်းထဲမှာတော့ ဆုံဖူးတယ်။ သူနဲ့တွေ့ရင် သိချင်တာကလေး
တွေလည်း ရှိနေတာဆိုတော့ လိုက်ခဲ့မယ်လေ" ဤသို့ဖြင့် မိမိတို့နှစ်ဦး ရဲဘော်ဘခက်ခြံကြီးထဲသို့
ရောက်သွားကြသည်။

ဆရာ ပါရဂူ၊ ကိုတင်မိုး၊ ဘီဘီစီဦးနေဝင်း၊ ကိုသန်းစိုးနိုင်၊ ပန်းချီယဉ်မင်းပိုက်၊ ရှေ့နေကြီး
ဦးခင်မောင်အေး၊ ဦးဘခက်၏ညီ ကိုသိန်းလွင် (ဦးစာပေ)တို့ ကြိုရောက်နှင့်နေကြပြီ။
ထိုနေ့တွေ့ဆုံပွဲ၌ အကြောင်းအရာမျိုးစုံ ပြောကြသည်။ မိမိအဖို့ ဦးနေဝင်းနှင့် တွေ့ဆုံရခြင်းက
ကောင်းသောအမြတ်ဖြစ်စေသည်။

(၂)

ပန်းဆိုးတန်း၊ ကမ်းနားလမ်း၊ ရွှေဘဲလေး စားသောက်ဆိုင်၌ ဦးနေဝင်းနှင့် မိမိနှစ်ယောက်တည်း
ချိန်းဆုံကြသည်။

"ဒီမယ်ဆရာသွေး၊ ခင်ဗျား လန်ဒန်ကို လာမလား" ဦးနေဝင်း၏ နိဒါန်းမပါသော အဖွင့်စကားက
မိမိရင်ကို ခါယမ်းသွားစေသည်။

မိမိ စိတ်ထဲ၌ အင်္ဂလန်နိုင်ငံလန်ဒန်နှင့်မိမိ ဘာဆိုင်လို့လဲ၊ ဘာများ အဆက်အစပ်ရှိလို့တုန်း၊
စိတ်ကူးနှင့် အိပ်မက်ထဲ၌ပင် လန်ဒန်ရောက်ရေး မတွေး၊ မကြံုဖူးခဲ့။

"ဟဲဟဲ ခင်ဗျား အံ့ဩသွားသလား၊ ဟိုနေ့က လူတွေစုံနေတော့ ပြောခွင့်မသာလို့ ခုလို
သီးသန့်ချိန်းပြီး တွေ့ပြောပြောရတာ။ အကြောင်းက ဒီလိုဗျာ။ "ခုတစ်ခေါက် မြန်မာပြည်ကို
လာတဲ့အခါ ခင်ဗျားနဲ့ ပတ်သက်တဲ့ အကြောင်းကိစ္စတစ်ခု ပါလာတယ်ဗျ။ လန်ဒန်မှာ ဆရာကြီး
ပါမောက္ခ ဦးဖေမောင်တင် (၁၁၁) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပကြမလို့၊ အဲဒီပွဲကို
ခင်ဗျားတက်ရောက်နိုင်၊ မတက်ရောက်နိုင်ဆိုတာ သိချင်လို့"

"ဆရာကြီးဦးဖေမောင်တင်ရဲ့ မြန်မာစာ တပည့်ရင်းတွေ ဒီမှာအများကြီး ရှိနေသေးတာပဲ။ သူတို့ကို
ဖိတ်သင့်တာပေါ့"

"မှန်ပါတယ် ဆရာသွေး။ ဟိုမှာက အဖွဲ့နဲ့ လုပ်ကြတာဗျ။ အဖွဲ့ထဲမှာ ဆရာကြီး ဦးဖေမောင်တင်ရဲ့
သမီးကြီး Brenda Pe Mg Tin လို့ ခေါ်တဲ့ ဒေါ်တင်တင်မြိုင်၊ "Britain Burma Society" မှာ
ဥက္ကဋ္ဌလည်းဖြစ်၊ SOAS အဲ SOAS ဆိုတာက "School of Oriental African Studies
University of London" ပေါ့ဗျာ၊ အဲဒီ ယူနီဗာစတီမှာ မြန်မာစာ ပါမောက္ခလည်းဖြစ်တဲ့
John Okell၊ ဒေါ်ခင်ခင်ချောဆိုတဲ့ ကလောင်နာမည်နဲ့ ခင်ဗျားတို့ စာပေလောကမှာ
စာတွေရေးရေးနေတဲ့ Anna Allott၊ မြန်မာသံအမတ်ကြီးနဲ့ ကျွန်တော်တို့ ပါတယ်ဆိုကြပါစို့။

အဲဒီအဖွဲ့ဝင်တွေထဲမှာ ဒေါ်ခင်ခင်ချော က မြန်မာစာပေလောကနဲ့ တော်တော်ကျွမ်း ကျွမ်းရှိတယ်။
စာဖတ်အားလည်းကောင်းတယ်။ လူထုဒေါ်အမာတို့နဲ့ဆို ညီအစ်မလို တရင်းတနှီးဆက်သွယ်မှု
ရှိကြတာ။ ဒေါ်ခင်ခင်ချောက ခင်ဗျားတာဝန်ယူ ထုတ်ဝေခဲ့တဲ့ 'စာပေဂျာနယ်'မဂ္ဂဇင်းရဲ့
'မျက်နှာဖုံးစာဆိုကဏ္ဍ' ကို သူက သိပ်သဘောကျနေတာ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာမင်းသုဝဏ်၊ ပါရဂူ၊ ဒဂုန်တာရာ၊ မြသန်းတင့်၊
လူထု ဒေါ်အမာ၊ ခင်နှင်းယုတို့ကို ခင်ဗျားက စာအုပ်မျက်နှာဖုံး တင်ခဲ့တာမဟုတ်လား။
အဲဒီစာပေ ဂျာနယ်တွေ အတွဲလိုက်သူ့မှာ ရှိတယ်။

ကျွန်တော့်စိတ်အထင်၊ ဆရာကြီး ဦးဖေမောင်တင် အကြောင်း စာအုပ်ထုတ်ချင်တဲ့ အာသီသ သူ့မှာ
ရှိနေပုံရတယ်။

ဒီအတွက် အဲဒီပွဲကို ခင်ဗျားတက်ရောက်ဖို့ ဒေါ်ခင်ခင်ချောက အဓိက အလေးထားတိုက်တွန်း
ဆန္ဒပြုတာလို့ပဲ ကျွန်တော်ထင်တယ်"။

"အခမ်းအနားတက်ရောက်ရုံ သက်သက်ပဲလား။ ဟောရ၊ ပြောရမှာတွေ ပါသေးလား ဆရာ"

"အင်း... ဒေါ်တင်တင်မြိုင် အပြောအရတော့ ခင်ဗျားအနေနဲ့ သူ့အဖေနဲ့ ပတ်သက်တဲ့
စာတမ်းတစ်စောင်၊ ကဗျာရှည်ကြီး တစ်ပုဒ်၊ ရေးဖွဲ့ရွတ်ဆိုစေချင်တဲ့ ဆန္ဒ၊ အဲ... ခင်ဗျားဖတ်တဲ့
စာတမ်းကို သူနှစ်သက်ရင် စာအုပ်အဖြစ် ပုံနှိပ်ချင်တဲ့ ဆန္ဒရှိတယ်။"

မိမိစိတ်အလျင်သည် ၂၀၀၈ ခုနှစ်တွင် ကွယ်လွန်သော ဆရာကြီး ပါမောက္ခ ဦးဖေမောင်တင်ဆီသို့
ဒုန်းစိုင်းဦးခိုက်မိသည်။

ဆရာကြီးနှင့်မိမိ လူချင်းမဆုံဖူးပါ။ ဆရာကြီးဈာပနကိုတော့ လိုက်ပါပို့ဆောင် ဖြစ်သည်။

မြန်မာစာပေသမိုင်းတွင် ဆရာကြီး၏ စာပေကျေးဇူးများက တန်ဖိုးဖြတ်နိုင်စွမ်း မရှိအောင်
အဖိုးထိုက်တန်လွန်းလှသည်။

မိဘမျိုးရိုးအရ ခရစ်ယာန်ဘာသာဝင်ဖြစ်သော ဆရာကြီးသည် - 'ခေတ်စမ်းစာပေ'ကို
ဦးစီးဦးရွက်ပြုစု ပျိုးထောင်သူ၊ 'မြန်မာစာပေသမိုင်း'ကို ကျမ်းပြုခဲ့သူ၊ အင်္ဂလန်နိုင်ငံ
ပါဠိအသင်းတော်ကြီး က '၀ိသုဒ္ဓိမဂ်ကျမ်းကြီး'ကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့
ပြန်ဆိုပေးနိုင်မည့်သူအား ကမ္ဘာပတ်ရှာဖွေခဲ့သည်မှာ ၁၃ နှစ်ကြာခဲ့သည့်တိုင်အောင်
ရှာဖွေမတွေ့ရှိခဲ့၊ ဆရာကြီး ဦးဖေမောင်တင်နှင့်တွေ့ဆုံမှသာ ရှာပုံတော် စခန်းရပ်တော့သည်။

'၀ိသုဒ္ဓိမဂ်ကျမ်းကြီးကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုစွမ်းဆောင်နိုင်မှုအတွက် ထိုင်းဘုရင်မင်းမြတ်က
ဆရာကြီးအား ရွှေတံဆိပ်တော် ချီးမြှင့်တော်မူသည်။

ဆရာကြီးသည် 'အဋ္ဌသာလီနီကျမ်း' အပါအဝင် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်
အရှင်ဇနကာဘိ၀ံသနှင့် 'အနတ္တတရား' ဆွေးနွေးခန်းကိုလည်း အင်္ဂလိပ်ဘာသာနှင့် ပြုစုခဲ့သည်။

"ကဲ... ဆရာသွေး၊ ကျွန်တော်ပြောသင့် ပြောထိုက်တာ ပြောပြီးပြီ။ ကျွန်တော်
ဟိုပြန်ရောက်တဲ့အခါ သူတို့ကို ဘယ်လိုအကြောင်းပြန် အဖြေပေးရမလဲ"

"ကျွန်တော် စဉ်းစားပါဦးမယ်ဆရာ"

(၃)

လန်ဒန်သို့ ဦးနေဝင်းပြန်သွားပြီး မကြာမီ ဒေါ်တင်တင်မြိုင်က မိမိထံ ဖုန်းဆက်သည်။

သူ့ဖခင်ကြီး ၁၁၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့ မိမိတက်ရောက်မည်ဆိုပါက
တက်ရောက်ရန် ဖိတ်ကြားလွှာကို ရန်ကုန် ဗြိတိသျှသံရုံးရှိ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏
ကိုယ်စားလှယ်ဖြစ်သူ ဦးမျိုးအောင် ထံ၌ သွားယူရန် ပြောသည်။

လန်ဒန်သို့ လာရောက်ရန် လိုအပ်သော ကိစ္စမှန်သမျှ ထိုသူက တစ်ဆင့် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း ပြောသည်။

ဗြိတိသျှသံရုံးသို့ မိမိသွားသည်။

ဒေါ်တင်တင်မြိုင်၏ ဖိတ်ကြားမှုကို မိမိလက်ခံပါကြောင်း ဦးမျိုးအောင်ကို အသိပေးသည်။

ဤ သို့ဖြင့် ဗြိတိသျှသံရုံးက မိမိအတွက် ပတ်စ်ပို့ လျှောက်ထားခြင်းမှအစ MULT VISA အပါအဝင်
ရန်ကုန်-ထိုင်း-လန်ဒန် အသွားအပြန် ထိုင်းလေကြောင်းလိုင်း လက်မှတ်ကိုပါ တာဝန်ယူ
စီစဉ်ပေးမည်ဟု ကတိပြုသည်။

ရက်ခြားဆိုသလို ဒေါ်တင်တင်မြိုင်နှင့် မိမိ ဖုန်းပြောဖြစ်သည်။

သူ့ပြောစကားအရ အခမ်းအနားကျင်းပမည့်ရက်မှာ ၁၉၉၈၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ
၁၃ ရက်နေ့အထိ ဖြစ်ကြောင်း၊ လန်ဒန်သို့ ဩဂုတ်လ ဒုတိယပတ်အတွင်း
အရောက်လာစေချင်ကြောင်း၊ ပြင်သစ်အပါအဝင် EU အဖွဲ့ဝင် နိုင်ငံဗီဇာများကိုပါ
ယူခဲ့စေချင်ကြောင်း၊ အခွင့်သင့်သည့် နိုင်ငံများသို့ အလည်အပတ် ပို့ပေးမည်ဖြစ်ကြောင်း
ပြောသည်။

လန်ဒန်သို့ သွားရန် မိမိဘက်က အားလုံး အဆင်သင့်ဖြစ်ပြီ။ ပြင်သစ်သံရုံးမှ EU ဗီဇာ လည်းရပြီ။
မသွားခင်တစ်ရက်အလို ဗြိတိသျှသံရုံး ကောင်စစ်ဝန်က တွေ့ချင်သည်ဟု အကြောင်းကြား၍
မိမိသွားတွေ့သည်။

ကောင်စစ်ဝန်က သင့်မြတ်သော အမှာစကားအချို့ပြောကြားသည်။

အထူးမှတ်သားဖွယ်ရာစကားမှာ "လူကြီးမင်းတို့ မြန်မာလူမျိုးတွေရဲ့ အားနာတတ်တဲ့ စိတ်ထားကို
လူကြီးမင်းရဲ့ အိမ်တိုင်မှာ ချိတ်ထားခဲ့ပါ။"

(၄)

ဩဂုတ်လ ၂၁ ရက်နေ့၊ ည ၈ နာရီတွင် ထိုင်းလေကြောင်းလိုင်းနှင့် ထိုင်းနိုင်ငံ
ဒွန်မောင်းလေဆိပ်သို့ ထွက်ခွာသည်။

ဒွန်မောင်းလေဆိပ်မှ လန်ဒန်သို့ တိုက်ရိုက်ပျံသန်းမည့် ထိုင်းဘိုရင်းလေယာဉ်ကြီးက ဘန်ကောက်
စံတော်ချိန်နံနက် ၁ နာရီတွင် လန်ဒန်ခရီးစဉ် စတင်သည်။

အဖော်မဲ့ မိမိအဖို့ လန်ဒန်သို့ အမြန်တကာ့ အမြန်ဆုံး ရောက်ချင်သည်။

လန်ဒန်သို့ မွန်းတည့် ၁၂ နာရီတွင် ဆိုက်ရောက်လိမ့်မည်ဟု မိမိထင်ထားသော
လေယာဉ်ကြီးသည် ဟီးသရိုးလေဆိပ်သို့ ရောက်သောအခါ လန်ဒန်စံတော်ချိန် နံနက် ရ နာရီ
ဖြစ်နေသည်။

လူ့ဘဝတွင် အချိန် ၅ နာရီ အလဟာသ ပျောက်ဆုံးသွားသည်။

လေဆိပ်၌ ဦးနေဝင်း၊ ဒေါ်တင်တင်မြိုင် နှင့် ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှ ဒေါ်ယဉ်ယဉ်မေ (ခေါ်)
မနီတာ၏ သားအလတ်ညီညီတို့ လာကြိုကြသည်။

ဦးနေဝင်းက ဒေါ်တင်တင်မြိုင်နှင့် မိတ်ဆက်စကားပြုပြီးနောက် ဦးနေဝင်းကားဖြင့်
ဟီးသရိုးလေဆိပ်နှင့် မနီးမဝေးရပ်ကွက်ဖြစ်သည့် Twickenham ရှိ သူ့ နေအိမ်သို့ သွားသည်။

ထိုအိမ်၌ မိမိနေထိုင် ရမည်။ အမိမြန်မာနိုင်ငံကို နှစ်ပေါင်း ၁၂၄ နှစ် ကြာသည်အထိ
ကိုလိုနီပြု စစ်နယ်ချဲ့ အုပ်ချုပ်ခဲ့ဖူးသော နေမဝင်အင်ပါယာနိုင်ငံကြီး၏ မြို့တော် လန်ဒန်၌
မိမိတရားဝင် ခြေချ မှု စပြီ။

(၅)

ဦးနေဝင်းအိမ်မှ Twickenham ဘူတာရုံသို့ ၁၀ မိနစ်ခန့် လမ်းလျှောက်သွားရသည်။

ဦးနေဝင်းက ဘူတာရုံသို့ မိမိကို လိုက်ပို့သည်။

လန်ဒန်တွင် မိမိနေထိုင်စဉ်အတောအတွင်း ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို
ဦးနေဝင်းက စိတ်ရှည်စွာ ရှင်းပြထားသည်။

လန်ဒန်မြို့တွင်း ခရီးသွားလမ်းညွှန် မြေပုံညွှန်းကိုလည်း ပေးအပ်ထားသည်။

ယနေ့ ခရီးစဉ်သည် မိမိအဖို့ လန်ဒန်မြို့တွင်း သွားလာရေးအစ နိဒါန်းဖြစ်သည်။

ဘူတာ ရုံ၌ ဇုန်ခြောက်ဇုန်အတွက် တစ်နေ့သုံးလက်မှတ်ခ လေးပေါင်ပေးရသည်။

၎င်းလက်မှတ် တစ်စောင်ဖြင့် လန်ဒန်မြို့တွင်း မောင်းနှင်နေသော ဘတ်စ်ကား၊ မြေပေါ်မြေအောက်
ရထားများကို တစ်နေကုန် စိတ်ကြိုက်လိုက်ပါ စီးနင်းခွင့်ရှိသည်။

ရထားစက်ခေါင်းတွဲ နဖူးတွင် WATERLOO စာတန်းပါသော ရထားဘူတာရုံသို့ ဆိုက်သောအခါ
မိမိ ရထားတွဲပေါ်တက်သည်။

ဦးနေဝင်းက သူ့အိမ်သို့ လှည့်ပြန်သည်။

ရထားတွဲသည် အလွန်သန့်ရှင်းလှသည်။ ခရီးသည်များ သိပ်မပါ။ ရထားတွဲအတွင်း နံရံ ၌
ခရီးလမ်းကြောင်းပြအညွှန်းနှင့် ရပ်မည့် ဘူတာနာမည်များရေးထားသည်။

ST. MARGARET, RICHMOND, NORTH SHEEN MORTLAKE, BARNES, PUTNEY,
WAND SWORTH, CLAPHAM, JUNCTION, QUEENS TOWN ROAD, VAUXHALL
ဘူတာများကို ရပ်နားပြီးနောက် ခရီးဆုံး WATERLOO ဘူတာရုံကြီးသို့ ရောက်သည်။


၁၈၄၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော WATERLOO ဘူတာရုံကြီးသည် လန်ဒန်မြို့ လယ်ကောင်
အချက်အချာကျသော နေရာ၌ ရှိသည်။

ထိုနေရာ၌ နာပိုလီယံ စစ်ရှုံးသည်။ သိမ်းစ်မြစ်ကို ကန့်လန့်ဖြတ်ဆောက်ထားသည့်
၀ါတာလူးတံတားအနီးတွင် တည်ဆောက်ထားသောကြောင့် "၀ါတာလူးဘူတာရုံကြီး"
အမည်တွင်သည်။

၎င်းဘူတာရုံကြီးထဲတွင် စင်္ကြံ ၂၁၃ ခုရှိပြီး ဥရောပတစ်ခွင်သို့ သွားနိုင်သည့် အမြန်ရထားများ
ရှိသကဲ့သို့ လန်ဒန် မြို့တွင်းသွား မြေပေါ်မြေအောက် ရထားများ ၀င်ထွက်နေသည့် ဘူတာရုံကြီး
ဖြစ်သည်။

မိမိသည် ဘူတာရုံကြီးအတွင်းသို့ ၀င်ပြီး ဒေါ်တင်တင်မြိုင်နှင့် အချိန်အချက်ပြုထားသည့်
စာအုပ်ဆိုင်ရှေ့သို့ ရောက်သောအခါ ဒေါ်တင်တင်မြိုင်နှင့် သူ့တူမဆိုသူ 'ဂျင်း'ဟု ခေါ်သည့်
အမျိုးသမီးတို့နှင့် ဆုံသည်။

ဒေါ်တင်တင်မြိုင် ဦးဆောင်၍ မြန်မာသံရုံးသို့ သွားသည်။

အခမ်းအနားကျင်းပမည့် SOAS တက္ကသိုလ်ကျောင်းဝင်းထဲသို့ သွားသည်။

မြန်မာစာပါမောက္ခအဖြစ် ဆောင်ရွက်နေသူ John Okell နှင့် တွေ့သည်။

John Okell က အမေရိကန် အီလီနွိုင်းတက္ကသိုလ်တွင် မြန်မာစာပါမောက္ခဖြစ်သူ မိမိ မိတ်ဆွေကြီး
ဦးစောထွန်း (စာရေးဆရာ စောလူ) က မိမိလိုရာသုံးစွဲရန် သူ့ထံသို့ ကြိုတင်ပေးပို့ထားသည့်
ပေါင် ၅၀ ကို မိမိကို ပေးအပ်သည်။

မိမိတို့သည် အခမ်းအနားကျင်းပမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

John Okell သည် မြန်မာစကားကို ဌာန်ကရိုဏ်းကျစွာ ပြောတတ်ရုံမက ရှေးဟောင်းမြန်မာ
နတ်ချင်းများကို အာဂုံဆောင်ရွတ်ဆိုနိုင်သူလည်း ဖြစ်သည်။

John Okell ထံမှအပြန် ဒေါ်တင်တင်မြိုင်က ကမ္ဘာကျော် MADAME TUSSAUD'S
ဖယောင်းပြတိုက်သို့ ခေါ်သွားပြီး ပြတိုက်အတွင်း ၀င်ရောက်ကြည့်ရှုနိုင်ရန် မိမိနှင့် သူ့တူမအတွက်
ပြတိုက်ဝင်ခွင့်လက်မှတ် နှစ်စောင်၊ တစ်စောင်လျှင် ၁၂ ပေါင်နှုန်း ကျသင့်ငွေရှင်းပေးပြီး
သူပြန်သွားသည်။

(၆)

အောက်မေ့ဖွယ်အခမ်းအနား စတင်မည့် ရက်သည် စက်တင်ဘာလ ၁၂၊ ၁၃။
လောလောဆယ်တွင် မိမိအဖို့ အချိန်ပို ရက်ပိုတွေ အများကြီး ရှိနေသည်။

ထို့အတွက် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ ဒေါ်ကြည်ကြည်မေ (ဌာနမှူး)၊ ဒေါ်ယဉ်ယဉ်မေ၊
ကိုကျော်ဇံသာ၊ ကိုသန်းလွင်ထွန်း၊ ကိုအေးမင်း၊ ကိုစောဘဌေး နှင့် ဒေါ်ယဉ်ယဉ်မေ၏
သားနှစ်ယောက်က သူတို့ အားရက်၊ နားရက်များတွင် အလှည့်ကျ တာဝန်ယူ၍ လန်ဒန်၏
အဓိကနေရာများသို့ ပို့ဆောင်ပေးသည်။

ဤသို့ဖြင့် Museum Tower Bridge, Tower Hill, London Bridge, Kensigton Park ထဲရှိ
တော်ဝင်မင်းသမီး ဒိုင်ယာနာစံအိမ်တော် (ထိုစံအိမ်တော်သို့ မိမိ ရောက်သည့်နေ့သည် ဒိုင်ယာနာ
ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားနှင့် မိမိကြံုခွင့်ရသည်။)

Cribben Carival Club. Harrods ကုန်တိုက်ကြီးတို့ကို ရောက်ဖူးသွားသည်။

ထိုအဆွေခင်ပွန်းကောင်းများသည် ဧည့်အကြိုအပို့လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ပေးရုံမျှမက
မိမိ၀င်ငွေရအောင် ဘီဘီစီမြန်မာပိုင်း အစီအစဉ်အတွက် သတင်းရေးခိုင်းခြင်း၊ အင်တာဗျူးလုပ်ခြင်း၊
အထူးခြားဆုံးနှင့် အမှတ်တရအဖြစ်ရဆုံးမှာ ခရစ္စမတ်ပွဲတော် အထူးအစီအစဉ်အဖြစ်
အသံလွှင့်ဇာတ်လမ်းပမာ တင်ဆက်ထုတ်လွှင့်ရာ၌ လန်ဒန်သို့ အလည်ခရီးရောက်နေသော
အဆိုကျော် နွဲ့ယဉ်ဝင်းကို အသံမင်းသမီးအဖြစ်၊ မိမိကို အသံမင်းသားအဖြစ်
တွဲဖက်တာဝန်ပေးခြင်းပင်ဖြစ်သည်။

လေးရက်စာ ဇာတ်လမ်းပမာ ထုတ်လွှင့်မှုအတွက် အသံမင်းသားအဖြစ် ၀န်ဆောင်ကြေးမှာ
မိမိအတွက် ပေါင်ငွေ မြိုးမြိုးမြက်မြက် ရရှိစေခဲ့ပါသည်။

ထိုကျေးဇူးကို ယနေ့တိုင် မမေ့နိုင်သေးပါ။

ဤသို့ ဘီဘီစီနှင့် မိမိ ပေါင်းစည်းမှုကို သိနေသော ဦးနေဝင်းက "ဆရာသွေး၊ ခင်ဗျား လန်ဒန်မှာ
ခြောက်လ၊ သို့မဟုတ် တစ်နှစ် နေခွင့်ရနေသေးတာပဲ။ ဘီဘီစီ မြန်မာပိုင်းမှာ အချိန်ပိုင်း
၀င်လုပ်ပါလား။ ကျွန်တော် ပြောပေးမယ်ဗျာ"ဟု မိမိကို ပြောသည်။

မိမိ လက်မခံခဲ့ပါ။ တစ်နေ့၊ ဒေါ်တင်တင်မြိုင်နှင့် သူ့ခင်ပွန်း ကိုသန်းထိုက်(Alan) တို့က
သူတို့ကိုယ်ပိုင် ကားဖြင့် မိမိအား ကမ္ဘာကျော်စာရေးဆရာကြီး ၀ီလျံရှိတ်စပီးယား မွေးရပ်မြေ
Stratford, Upon-Avon ရှိ ရှိတ်စပီးယား အိမ်တော်ပြတိုက်နှင့် ၀င်ဆာရဲတိုက်ကြီးသို့
လိုက်ပို့ပါသည်။

ထို့ပြင် ပြင်သစ်နိုင်ငံသို့ အလည်သွားရန် ကားလက်မှတ်ဝယ်ပေးပြီး ဗစ်တိုးရီးယား ကားဂိတ်သို့
လိုက်ပို့ပါသည်။

ထိုကားဂိတ်၌ ပြင်သစ်သို့သွားမည့် မြန်မာလူမျိုးတစ်ဦးနှင့် မိတ်ဆက်အပ်နှံပေးပါသည်။

သို့သော် ပြင်သစ်ဗီဇာခွင့်ပြုရက်မှာ စောနေပြီး ပြင်သစ် နယ်ခြား၌ နှစ်ရက်နားနေပြီးမှ ပြင်သစ်နိုင်ငံ
ထဲသို့ ၀င်ခွင့်ပြုမည်ဟု ပြင်သစ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြောသဖြင့် ပြင်သစ်ခရီးစဉ်
ပျက်သွားပါသည်။

ပြင်သစ်နိုင်ငံသို့ ၀င်ရောက်ခွင့်ဗီဇာ လက်ဝယ်ရှိထားပါလျက်နှင့် နပိုလီယံကို နှုတ်ဆက်ခွင့်
မကြံုခဲ့ရသည့်အဖြစ်မှာ မိမိဘက်က ဗီဇာမူသဘောကို သိနားလည်မှု မရှိသောကြောင့်
မိမိကိုယ်မိမိ အပြစ်တင်ရုံသာရှိပါသည်။

စက်တင်ဘာ ၁၁ ရက် ညဦး။

SOAS တက္ကသိုလ် ဧည့်ခန်းဆောင်ကြီး အတွင်း၌ ဆရာကြီးပါမောက္ခဦးဖေမောင်တင်
၁၁၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ရောက်ရှိလာကြသည်။

ပြည်ပနိုင်ငံမှ ဆရာကြီး၏တပည့် ပညာရှင်များ၊ ဗုဒ္ဓတရားကို ဆည်းပူးလေ့လာသူ ဧည့်သည်များကို
ကျင်ပရေးကော်မတီက ကြိုဆိုဧည့်ခံပွဲ ကျင်းပပေးသည်။

၎င်းဧည့်ခံပွဲသို့ မြန်မာသံရုံးက ပြင်သစ်ဝိုင်များဖြင့် ဒါနပြုသည်။

စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီမှ စတင်၍ SOAS ကျောင်း၏ Lecture Theatre ထဲ၌
အောက်မေ့ဖွယ်အခမ်းအနား စတင် ကျင်းပသည်။

၎င်းနေ့ အစီအစဉ်ထဲတွင် မိမိကဏ္ဍမပါ။

စက်တင်ဘာ ၁၃ ရက်။ အခမ်းအနား ဒုတိယနေ့၊ နောက်ဆုံးနေ့။

မိမိအလှည့်တွင် စာတမ်းဖတ်မှုနှင့် ကဗျာရွတ်ဆိုမှုကို မစတင်သေးဘဲ စင်မြင့်ပေါ်သို့ တက်သည်။

စင်မြင့်ပေါ်၌ မိမိယူဆောင်လာသော ပန်းချီဆရာ မောင်ညိုဝင်း၏ ဆရာကြီး ဦးဖေမောင်တင်၏
ပုံတူ ဆီဆေးပန်းချီကား ချပ် (၁ ၁/၂' x ၂ ၁/၂') ကို ထိခြင်းငါးဖြာဖြင့် ရှိခိုးကန်တော့လိုက်သည်။

ဧည့်ပရိသတ်များ၏ လက်ခုပ်သံများ ဟိန်းညံသွားသည်။

မိမိ စင်မြင့်ပေါ်မှ ဆင်းလာပြီး "ဆရာကြီး ဦးဖေ မောင်တင်အပေါ် မြန်မာစာရေးဆရာများ၏
အမြင် 'စာတမ်း'နှင့် 'လန်ဒန်ရောက် ကန်တော့ပန်း' ကဗျာရှည်ကြီးကို
ဖတ်ကြားရွတ်ဆိုလိုက်သည်။

မိမိကဗျာဖတ်အပြီး ဒေါ်တင်တင်မြိုင်က မိမိအား ကျေးဇူးစကားတုံ့ပြန်ပြောကြားရာ၌ စကားကို
ပြီးဆုံးအောင် မပြောကြားနိုင်ဘဲ မျက်ရည်ဖြိုင်ဖြိုင်ကျလျက် ရှိုက်ကြီးတငင် ငိုကြွေးနေပါသည်။

သူ့ဖခင်ကြီးကို ပြန်လည် တမ်းတလွမ်းဆွတ်မှုများက သူ့နှလုံးသားကို လှုပ်ယမ်းလိုက်စေသည်လား
မသိ၊ ညီမဖြစ်သူ ဒေါ်ကြည်ကြည်တင်ကလည်း သူ့အစ်မ နည်းတူ ရှိုက်ငင်ငိုကြွေးလျက်။

အစီအစဉ်အားလုံးအပြီးတွင် ဒေါ်တင်တင်မြိုင် အပါအဝင် ဧည့်ပရိသတ်ခြောက်ဦးက မိမိအား
ဂုဏ်ပြုချီးမြှင့်ငွေ အတော်များများ ပေးအပ်ကြသည်။

ထိုသူများထဲတွင် Anna Alott လည်း ပါ၀င်သည်။

သူက "ရှင့်ကဗျာ ရွတ်ဆိုသံနဲ့ ဟန်ကို ဒီကျောင်းက မြန်မာစာ သင်တန်းသားတွေကို အတုယူ၊
လေ့လာခိုင်းရမယ်"ဟု ပြောသည်။

ဩစတြေးလျမှ အခမ်းအနားသို့ တကူးတက တက်ရောက်လာသော စာရေးဆရာ မြင့်သန်းက
"ကိုသွေးသစ် ခင်ဗျား စာတမ်းက ပညာရှင်အဆင့်ပဲ"ဟု ပြောသည်။

ကိုမြင့်သန်း သည် 'ယောဂီဦးတင်'၏ သားတော်မောင် ဖြစ်သည်။

သူဖခင်ကြီးရှိစဉ်က သူဖခင်ကြီး အိမ်ခြံဝန်းထဲသို့ ဆရာကြီး ဦးဖေမောင်တင် မကြာခဏ
ရောက်လာ၍ ဗုဒ္ဓ၏ တရားဓမ္မများ ကို ဆွေးနွေးမြဲဖြစ်သည်ဟု သူက ပြောသည်။

မိမိကိုယ် လာရောက်နှုတ်ဆက်သူ နောက်တစ်ဦးမှာ ဗြိတိန်နိုင်ငံသူ Vicky Vawman ဖြစ်သည်။

မိမိစာပေဂျာနယ်မဂ္ဂဇင်း၌ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်နေစဉ် ဆရာမြသန်းတင့်နှင့်
ဆရာမခင်နှင်းယု တို့၏ ၀တ္ထုတိုများကို သူမက 'ဥမ္မာခင်' ကလောင်နာမည်အဖြစ်
အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ စာပေဂျာနယ်၌ ဖော်ပြဖူးသည်။

မြန်မာစာနှင့် မြန်မာစကားကို ကျွမ်းကျင်သူ ဖြစ်သည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအဖြစ် ရန်ကုန်မြို့၌
တာဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။

အောက်မေ့ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးဆုံးခြင်း အထိမ်းအမှတ်အဖြစ် သိမ်းစ်မြစ်ထဲတွင်
Boat Trip စီစဉ်ပေးပြီး သင်္ဘောပေါ်တွင် စားကြ၊ သောက်ကြ၊ သီချင်း ဆိုကြ၊ ကကြနှင့် အားလုံး
'မန်းတောင်ရိပ်ခို' ကြသည်မှာ အထူးနှစ်ခြိုက်ကြည်နူးဖွယ် ကောင်းလှသည်။

(၇)

အထက်ဖော်ပြပါ အကြောင်းအရာများ သည်။ မိမိဆောင်းပါး၏ အဓိကဆိုလိုရင်း မဟုတ်ပါ။
နောက်ခံကားချပ်မျှသာ။ အဓိက ဆိုလိုရင်းတင်ပြ ရည်ညွှန်းချင်သည်မှာ...။

(၈)
၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ၊ ၂၃ ရက်နေ့။ ရန်ကုန်မြို့။

စာရေးဆရာမ မိုးမိုးအင်းလျား ကွယ်လွန်ခြင်း ခြောက်နှစ်ပြည့် အမှတ်တရအဖြစ် ၀တ္ထုတိုပြိုင်ပွဲ
ဆုပေးပွဲအခမ်းအနားကို ကန်တော်ကြီး မြေပဒေသာကျွန်း ရှမ်းကန်စားသောက်ဆိုင်၌
ကျင်းပနေချိန်ဖြစ်သည်။

၎င်းအခမ်းအနားတွင် ကိုမြတ်ခိုင်က "ကနေ့ သတင်းစာ ဖတ်ပြီးပလား"ဟု မိမိကို မေးသည်။

"မဖတ်ရသေးဘူး။ ဘာထူးလို့လဲ" "ဖတ်ကြည့်ပါ" ကိုမြတ်ခိုင်က မျက်နှာထားနှင့် လေသံမှာ
ထူးခြားလေးနက်မှုတစ်ခုခုကို ကိုယ်စားပြုနေသည်ဟု မိမိထင်သည်။

မိမိအိမ်ပြန်ရောက်သောအခါ ကြေးမုံသတင်းစာကို အလျင်အမြန်ကြည့်သည်။

ကြေးမုံသတင်းစာ စာမျက်နှာ ၄ ၌ စာမျက်နှာပြည့် သတင်းဆောင်းပါး။ ခေါင်းစဉ်မှာ
"ဘိုကတော်နှင့် ဘိုမြတို့ အာဏာခွဲဝေယူ ရန် ညှိနှိုင်းနေကြပြီဆိုပဲ"

"အခု အောက်တိုဘာလ ၁၅ ရက်နေ့က လန်ဒန်မြို့ ရီဂျင်ကောလိပ်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး
အပြောင်းအလဲဖြစ်စေဖို့ ဦးတည် ရှေးရှုတဲ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့တယ်"

ထိုဆွေးနွေးပွဲကို ခရစ်ယာန်ကူညီရေးအဖွဲ့နှင့် လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု(BAG) တို့
ကြီးမှူးကျင်းပခြင်းဖြစ်သည်။

BAG ခေါ် မြန်မာ့အရေးလှုပ်ရှားမှု၏ လန်ဒန်အခြေစိုက်အဖွဲ့ကို ဘိုကတော်စုကြည်၏ မွေးစားအမေ
အင်္ဂလိပ်သံအမတ်ကြီးဟောင်း 'ဘုသ်' ၏ ဇနီး 'မစ္စစ်ဘုသ်' နှင့် ဘိုကတော်၏ ယောက္ခမ
(မိုက်ကယ်အဲရစ်၏ မိခင်) 'မစ္စစ် အက်ဖလင်အဲရစ်' တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021