လန်ဒန်မြို့တော်ကြီး နောက်ခံ မောင်သွေးသစ် နှစ်ကိုယ်ခွဲ ပြဇာတ်

လန်ဒန်မြို့တော်ကြီး နောက်ခံ မောင်သွေးသစ် နှစ်ကိုယ်ခွဲ ပြဇာတ်

ယခင်တစ်ပတ်မှအဆက် လန်ဒန်မြို့ ရီဂျင်ကောလိပ်တွင် ကျင်းပသော မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ရေး ဦးတည်သည်ဆိုသော ဆွေးနွေးပွဲသို့ အင်္ဂလန်မှပါလီမန်အမတ်များ၊ အင်္ဂလိပ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ၊ တောင်အာဖရိက ဒါဘန်တက္ကသိုလ် ပြည်သူ့ရေးရာ ညွှန်ကြားရေးမှူး 'ကီရူး နိုင်ဒူး'၊ ...

ယခင်တစ်ပတ်မှအဆက် လန်ဒန်မြို့ ရီဂျင်ကောလိပ်တွင် ကျင်းပသော မြန်မာနိုင်ငံ၌ နိုင်ငံရေး
အပြောင်းအလဲ ဖြစ်ပေါ်ရေး ဦးတည်သည်ဆိုသော ဆွေးနွေးပွဲသို့ အင်္ဂလန်မှ ပါလီမန်အမတ်များ၊
အင်္ဂလိပ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ၊ တောင်အာဖရိက ဒါဘန်တက္ကသိုလ် ပြည်သူ့ရေးရာ
ညွှန်ကြားရေးမှူး 'ကီရူး နိုင်ဒူး'၊ ပြည်ပြေး ဇော်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်သံအမတ်ဟောင်း
မာတင်မော်လန်၊ ကေအင်န်ယူ သောင်းကျန်းသူအဖွဲ့ နိုင်ငံရေးရာ အကြံပေးနှင့် ကရင်သတင်း
ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူး ဒေးဗစ်သပ်ကာဘော၊ မြန်မာနိုင်ငံအကြောင်း
အထူးပြုလေ့လာသော စာရေးဆရာ သတင်းစာဆရာ မာတင်စမစ်၊ မြန်မာနယ်စပ်
တိုင်ပင်ကူညီရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂျက်ဒွန်ဖို့၊ SOAS မှ ဂျွန်အိုကဲလ်၊ ဘီဘီစီ ၀န်ထမ်းများ
ဖြစ်သည့် ကြည်ကြည်မေ၊ ယဉ်ယဉ်မေ၊ အေးမင်း၊ မော်လီကို၊ ဦးဖေမောင်တင် ရာပြည့်ပွဲကို
အကြောင်းပြုပြီး မစ္စအဲလော့ (ခေါ်) ဒေါ်ခင်ခင်ချော၏ ဖိတ်ကြားချက်ဖြင့် ရန်ကုန်မှရောက်လာသော
ကဗျာဆရာ မောင်သွေးသစ်(ဦးစောလွင်)....."

'သတင်းထောက်သက်ရှည်'၏ ဆောင်းပါးထဲမှ အထက်ပါစာပိုဒ်ကို ဖတ်လိုက်ရသည့်အတွက်
မိမိအတော်အံ့အားသင့်သွားသည်။ သူ့ဆောင်းပါး၏ ဦးတည်ချက်နိဂုံးမှာ "လွှတ်တော်ကို
ဇွတ်ခေါ်ရန် ဘိုကတော် တို့သည် ကေအင်န်ယူ ဘိုမြအုပ်စု၏ ဖိအားပေး (အမိန့်ပေး)ခံရပြီး
ထလုပ်နေခြင်းဖြစ်ကြောင်း၊ အကယ်၍ လွှတ်တော်ခေါ် စင်ပြိုင် အစိုးရဖွဲ့သည့်
လုပ်ရပ်ပြီးမြောက်သွားလျှင် ဘိုကတော်၏ အင်န်အယ်လ်ဒီနှင့် ဘိုမြ၏ ကေအင်န်ယူတို့
မည်သို့မည်ပုံ အာဏာခွဲဝေယူမည်ဆိုသည်ကို ယနေ့ နှစ်ဖက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း
လန်ဒန်ရီဂျင်ကောလိပ်ဆွေးနွေးပွဲ၌ အတိအလင်း ပြောကြားသွားသည်"

မိမိဘာလုပ်ရမည်နည်း။ ဆောင်းပါးရှင် 'ရဲဘော်သက်ရှည်'ကို မိမိသိသည်။ သူကလည်း မိမိကို
သိသည်။

'ရဲဘော်သက်ရှည်'ကလောင် နာမည်မှာ သူ၏ နာမည်ဝှက်၊ နာမည်ပွား၊ ကိုယ်ရေးသည့်စာကို
ကိုယ့်နာမည်အရင်းနှင့် လူသိမခံရဲသူ။

ထိုသူသည် သတင်းစာလောက၌ ရေးသက် ရှည်ကြာသူ၊ လုပ်ဖော်ကိုင်ဖက်များကို ချောက်တွန်းသူ၊
တိုင်စာ၊ ပစ်စာရေးသားပေးပို့ခြင်း အလေ့ရှိသူ၊ အုပ်ချုပ်သူလူတန်းစားကို မျက်နှာလိုမျက်နှာရ
ဖော်လံဖားသူ၊ လုပ်ဖော်ကိုင်ဖက်များ၏ ဖယ်ကြဉ်ခြင်းခံထားရသူ ထိုသူ၏ မူရင်း ကလောင်နာမည်
ရှေ့၌ 'တက္ကသိုလ်...'ဟူ၍ လူသိများသူ။

ရဲဘော်သက်ရှည်၏ သတင်းဆောင်းပါး ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ၌ ပြိုင်တူဖော်ပြပါရှိပြီး
သုံးရက်မြောက်နေ့တွင် ဆရာ လူထုစိန်ဝင်းက မိမိထံဖုန်းဆက်ပြောသည်။

"ဒီမယ် ကိုသွေးသစ်၊ ကျွန်တော့်ဆောင်းပါးထဲမှာ ခင်ဗျားနာမည်ကို ထည့်ရေးထားတာ၊
စာပေစိစစ်ရေးက ခင်ဗျားနာမည်ကို အဖြုတ် ခိုင်းတယ်။ ခင်ဗျား Black List ဖြစ်သွားပြီ။ ကြာရင်
ပိုဆိုးလာလိမ့်မယ်။ ထိပ်တိုက်ရင်ဆိုင် ရှင်းလိုက်ရင်ကောင်းမယ်။ ကျွန်တော် ဘာအကူအညီ
ပေးရမလဲ။ အားမနာတမ်း ပြောဗျာ" ဆရာဦးစိန်ဝင်းအပြော မှန်သည်။

မိမိ ငြိမ်ခံနေရန်မဖြစ်တော့။ စာပေလောက၌ သက်တမ်းရှည်ကြာစွာ အခြေစိုက်ကျင်လည်နေသူ
မိမိအတွက် 'မောင်သွေးသစ်' ကလောင် နာမည်ကို အသုံးပြုခွင့် မရတော့ဘူးဆိုသည့် မတရားမှုကို
ရင်ဆိုင်ဖွင့်တိုက်မှ ဖြစ်တော့မည်။

အထိန်းသိမ်းခံ အကျဉ်းသမားဘဝနှင့် ထောင်ထဲသို့ ရောက်သွားပါက ဖွင့်တိုက်ခွင့် လုံးဝရမည်
မဟုတ်။

ထို့ကြောင့် ဖြစ်ရပ်မှန် အစစ်အမှန်ကို သက်သေခံ အချက်အလက်များ ပူးတွဲ၍ စာတစ်စောင်
ရေးသည်။

ထိုစာကို 'အတွင်းရေးမှူး(၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ'သို့ လိပ်မူသည်။

အတွင်းရေးမှူး(၁)လက်ထဲသို့ အလျင်မြန်ဆုံး တိုက်ရိုက်ရောက်ရှိအောင် မိမိ၏ ဆရာသမား
အင်္ဂလိပ်စာသင်ကျောင်း ဖွင့်ထားသူ 'ဆရာဦးသိန်းလွင်'က တာဝန်ယူ ပို့ပေးသည်။

ဆရာဦးသိန်းလွင်မှတစ်ဆင့် အတွင်းရေးမှူး(၁)ထံသို့ စာပို့ပြီး ငါးရက်မြောက်နေ့တွင် မိမိအိမ်သို့
အမျိုးသားနှစ်ဦးရောက်လာသည်။

"ဆရာမောင်သွေးသစ်နဲ့ တွေ့ချင်လို့ပါ"

"ဟုတ်ကဲ့၊ ကျွန်တော်ပါပဲ"

"ကျွန်တော်တို့ကို အထက်က လွှတ်လိုက်လို့ပါ။ ကျွန်တော်တို့က ရေတပ်ထောက်လှမ်းရေးကပါ"

"ဟုတ်ကဲ့၊ ကျွန်တော်လည်း ခင်ဗျားတို့ကို မျှော်နေတာ"

"ဆရာ ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ"

" 'ခဏ'ဆိုတာက အချိန်ကာလ အကန့်အသတ်ရှိတာမျိုးမှ မဟုတ်တာဆိုတော့ ကျွန်တော့်
အတွေ့အကြံုအရ ကျွန်တော့် အသုံးအဆောင်နဲ့ သောက်နေကျ ဆေးဝါးတွေ ယူဖို့လိုမလား"

"တပ်မှူးနဲ့ တွေ့ပြီးမှ ကျွန်တော်တို့ အဖြေပေးလို့ရပါမယ်"

ဤသို့ဖြင့် ၎င်းတို့ပြုမူနေကျ ခေါင်းကို ခေါင်းစွပ်စွပ်ခြင်း၊ လက်ထိပ်ခတ်ခြင်းမပြုဘဲ သန်လျက်စွန်းရှိ
ရတနာပုံရေတပ်စခန်းဆီသို့ ကားဖြင့် ခေါ်ဆောင်သွားသည်။

(၉)

"ကျွန်တော် တပ်မှူး ......ပါ။ "ဟုတ်ကဲ့၊ တွေ့ရတာ ၀မ်းသာပါတယ်။ ၀မ်းသာတာထက်
ဖြစ်ရပ်မှန်ကို ပြောခွင့်ရမှာမို့ ကျွန်တော် ကျေနပ်ပါတယ်"

"ကျွန်တော်တို့လည်း ဆရာ့ကိစ္စ ဘာမှန်းကို မသိဘူး။ အထက်က ညွှန်ကြားချက်လာလို့ ဆရာကို
ခေါ်တွေ့ရတာပါ။ ဒီတော့ ဆရာ စာတင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို အမှန်ကန်ဆုံးနဲ့
အပွင့်လင်းဆုံး ပြောစေချင်တယ်"

ဘီဘီစီဦးနေဝင်းနှင့် တွေ့ဆုံရာမှ အစပြု ၍ လန်ဒန်ခရီးစဉ်အကြောင်းကို မိမိသေချာကျနစွာ
ရှင်းပြလိုက်သည်။

ဒေါ်တင်တင်မြိုင်၏ ပေးစာများ၊ ကျင်းပသည့် အခမ်းအနား အစီအစဉ်စာရွက်များ၊ လေယာဉ်အသွား
အပြန်လက်မှတ်၊ ပတ်စ်ပို့စာအုပ်ထဲမှ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုတံဆိပ်တုံး၊ ရက်စွဲ။
ကြေးမုံသတင်းစာပါ ဆောင်းပါး မိတ္တူ။ "အခု တပ်မှူးမြင်တဲ့အတိုင်းပဲ။

ကျွန်တော် တက်ရောက်တဲ့ အခမ်းအနားကျင်းပရာ တက္ကသိုလ်နဲ့ သတင်းစာထဲမှာပါတဲ့
တက္ကသိုလ်က မတူဘူး။ ကျင်းပတဲ့နေ့ရက်လည်း မတူဘူး။ ပြီးတော့ နိုင်ငံပိုင်သတင်းစာထဲက
ဆောင်းပါးထဲမှာပါတဲ့ ကျင်းပတဲ့ရက်က အောက်တိုဘာလ ၁၅ ရက်နေ့၊ ကျွန်တော် မြန်မာပြည်ကို
ပြန်ရောက်တဲ့နေ့က အောက်တိုဘာလ ၃ ရက်နေ့။ ရက်ကွာခြားမှု ရှိနေတာပဲ။

ကျွန်တော် တပ်မှူး ရှေ့မှာ တင်ပြထားတဲ့ သက်သေခံအချက် အလက်တွေက ကျွန်တော်
လုပ်ကြံဖန်တီး အတုပြုလုပ်လို့ ရတာမျိုးမှ မဟုတ်ဘူးဆိုတော့..."

"အိုကေဆရာ... ကျွန်တော်နားလည် သဘောပေါက်ပါပြီ။ ဆရာ့ရှင်းပြချက်ကို ကျွန်တော်
အသံဖမ်းထားပါတယ်။ ဆရာ့ ကိစ္စရှင်းလင်းကြောင်း အရေးယူစရာ မလိုကြောင်း ကျွန်တော်
အထက်ကို အခုအထောက်အထားတွေနဲ့အတူ အစီရင်ခံ တင်ပြပါမယ်။

အင်း.... ဆရာဇာတ်လမ်းက နှစ်ကိုယ်ခွဲ ရိုက်မှဖြစ်မယ့် ဇာတ်လမ်းမျိုးဆိုတော့....

ကဲ...ကဲ...ဆရာ့ကို အိမ်တိုင်ရာရောက် ပြန်ပို့ပေးလိုက်ပါ"

"ကျေးဇူးပါပဲ တပ်မှူး၊ မောင်သွေးသစ် ဘယ်တော့မှ နှစ်ကိုယ်မခွဲဘူးဆိုတာ
စိတ်ချ ယုံကြည်ထားပေးပါဗျာ" 

(၃၀၊ ဇွန်၊ ၁၅)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021