အမှန်တရားကော်မရှင်များ အသုံးဝင်ပုံ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ နိုင်ငံတိုင်းမှာ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို ဗန်းပြပြီး ဒီမိုကရေစီလုပ်ငန်းစဉ်ရဲ့ အပြင်ဘက်က ကိုယ့်ပန်းတိုင်ကိုယ်သွားချင်တဲ့လူတွေ အမြဲရှိနေတတ်ပါတယ်။
အမှန်တရားကော်မရှင်များ အသုံးဝင်ပုံ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ နိုင်ငံတိုင်းမှာ ဒီမိုကရေစီ
ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို ဗန်းပြပြီး ဒီမိုကရေစီလုပ်ငန်းစဉ်ရဲ့ အပြင်ဘက်က ကိုယ့်ပန်းတိုင်
ကိုယ်သွားချင်တဲ့လူတွေ အမြဲရှိနေတတ်ပါတယ်။
ဒီလိုလူတွေ အားနည်းသွားအောင် အမှန်တရား ကော်မရှင်များက ဆောင်ရွက်နိုင်ကြောင်း
ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာပြည်မှာ အမှန်တရားကော်မရှင်ထားရှိရန် သင့် မသင့်ကို တခြားဒီမိုကရေစီအသွင်
ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေက အမှန်တရားကော်မရှင်များ အသုံးဝင်ခဲ့ပုံ၊ အလုပ်လုပ်ခဲ့ပုံများနဲ့
ချိန်ထိုးပြီး စဉ်းစားနိုင်အောင် ဆက်လက်တင်ပြသွားပါမယ်။
ပြန်လည်ရင်ကြားစေ့ရေး နည်းလမ်းနဲ့ အတိတ်ကပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင်
အားထုတ်တဲ့အခါမှာ နည်းစနစ်တွေ၊ ယန္တရားတွေ အတော်များများသုံးစွဲဖို့ လိုအပ်ပါတယ်။
ဒီယန္တရားတွေထဲမှာ အမှန်တရားဖော်ထုတ်ပြီး တရားမျှတမှုရှိသော လမ်းကြောင်းကို
ရွေးချယ်ပေးတဲ့ အမှန်တရား ကော်မရှင် ယန္တရားဟာ အရေးအကြီးဆုံးသော လုပ်ငန်းအဆင့်တစ်ခု
ဖြစ်ပါတယ်။
အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ အမှန်တရားကော်မရှင်ရယ်လို့ ဖွဲ့စည်းလိုက်နိုင်ပြီ
ဆိုရင်တောင်မှ ပြည်သူလူထုက စိတ်ချလက်ချနေလို့ မရနိုင်သေးဘူး။
တခြားနိုင်ငံတွေရဲ့ အတွေ့အကြံုတွေအရဆိုရင် လမ်းလွဲသွားစရာ အလားအလာတွေ
ရှိနေပါသေးတယ်။
ကော်မရှင်တိုင်းဟာ ယခင်ဆွေးနွေး တင်ပြခဲ့သလို ပြည်သူလူထုအတွက် အကျိုးကျေးဇူးတွေချည်း
ယူလာပေးနိုင်တာ မဟုတ်ပါဘူး။
ကော်မရှင်တွေမှာ မသင့်လျော်သော စေ့ဆော်မှုတွေ ရှိနေနိုင်ပါတယ်။
အစိုးရတစ်ရပ်ဟာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေအပေါ်မှာ နိုင်ငံရေးအရ အငြိုးကြီးစွာနဲ့
ဖိနှိပ်နိုင်ဖို့အတွက် ယန္တရားတစ်ရပ်အဖြစ် အမှန်တရားကော်မရှင် အမည်ခံပြီးတော့
အသုံးချသွားနိုင်ပါတယ်။
နောက်တစ်မျိုးက အစိုးရကိုယ်တိုင် တိုက်ရိုက်မကိုင်တွယ်လိုတဲ့ ခက်ခဲတဲ့ပြဿနာတစ်ရပ်ကို
အမှန်တရား ကော်မရှင်က တာဝန်ယူနိုင်ဖို့ ဖွဲ့စည်းပေးတာမျိုးလည်း ရှိခဲ့တယ်။
တစ်ခါတလေကျတော့ စေတနာမမှန်တဲ့ အစိုးရများဟာ အမှန်တရား ကော်မရှင်ကို
တမင်အလုပ်လုပ်လို့မရအောင်၊ အားနည်းနေအောင် လုပ်ပြီး ဖွဲ့စည်းပေးလိုက်တယ်။
နောက်ကျမှ အစိုးရက ကော်မရှင်ကို စိန်ခေါ်ခြင်း၊ အပြစ်ဖို့ခြင်း၊ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်
ရလဒ်နဲ့ တင်ပြချက်များကို ပယ်ချခြင်းတို့ အလွယ်တကူလုပ်ကြတာလည်း ရှိပါတယ်။
အတိတ်တုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တရားမျှတမှု ပြန်လည်ရရှိအောင်
လုပ်မပေးတဲ့အတွက် နစ်နာခဲ့သူများက ဝေဖန်ကန့်ကွက်လာတဲ့အခါ အတ္တဆန်လွန်းသော
အစိုးရများက သူတို့ကို မထိခိုက်စေရန်အတွက် အမည်ခံ အမှန်တရားကော်မရှင်ကို ကြားခံအဖြစ်
ဖွဲ့စည်းပေးတာလည်း ရှိပါတယ်။
မသင့်လျော်တဲ့ စေ့ဆော်မှုတိုင်းဟာ အစိုးရဘက်ကချည်း လာနေတာတော့ မဟုတ်ပါဘူး။
ကော်မရှင်များ ကိုယ်တိုင်က မရိုးဖြောင့်သော စွဲလမ်းမှုများနဲ့ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်များကို
ကော်မရှင်ရဲ့ သက်တမ်းအတွင်းမှာ ပြီးပြတ်အောင် လုပ်မသွားတာတွေလည်း အများအပြား
ဖြစ်ခဲ့ဖူးပါတယ်။
အနစ်နာခံရသူများကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ကော်မရှင် လူကြီးများက
လက်တွေ့မကျသော မျှော်လင့်ချက်များကို မြှင့်တင်ပေးလိုက်မိသောကြောင့် နောက်ဆုံးမှာ
နစ်နာသူများက စိတ်ပျက်သွားကြတာ၊ လူထုက မချင့်မရဲဖြစ်ပြီး ကော်မရှင်နဲ့ ပြန်လည်
ရင်ကြားစေ့ရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုဆုံးရှုံးကုန်တာတွေ ဖြစ်ခဲ့ဖူးပါတယ်။
နိုင်ငံတချို့မှာ ဖွဲ့စည်းခဲ့တဲ့ အမှန်တရား ကော်မရှင်များဟာ အထက်က တင်ပြခဲ့တဲ့ မသင့်လျော်တဲ့
စေ့ဆော်မှုတွေအပြင် လူသားအရင်းအမြစ်၊ ဘဏ္ဍာရေးနဲ့ တခြားချို့ယွင်း အားနည်းချက်များလည်း
တစ်ခု မဟုတ်တစ်ခု ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ နိုင်ငံတစ်ခုဟာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကလည်း အားကောင်းတယ်၊ လွတ်လပ်တဲ့
မီဒီယာလည်းရှိတယ်၊ လူထုကလည်း လွတ်လပ်စွာ ပြောနိုင်ဆိုနိုင် ပြောရဲဆိုရဲ ရှိကြတယ်ဆိုရင်
အဲဒီနိုင်ငံရဲ့ အမှန်တရားကော်မရှင်မှာ ဒီလို ချို့ယွင်းအားနည်းချက်တွေ အနည်းဆုံးဖြစ်သွားအောင်
သူတို့အားလုံးက ၀ိုင်းပြီးလုပ်ပေးနိုင်ကြပါတယ်။
ချို့ယွင်းအားနည်းချက် လုံးဝ မရှိအောင်တော့ ဘယ်နိုင်ငံမှာမှ လုပ်နိုင်ခဲ့တာ မတွေ့ရဘူးလို့
ဆိုကြပါတယ်။
လက်တွေ့ကျကျ စဉ်းစားကြမယ်ဆိုရင် အသွင်ကူးပြောင်းနေတဲ့ နိုင်ငံအများစုဟာ အရပ်ဘက်
လူထုအဖွဲ့အစည်းသော်လည်းကောင်း မီဒီယာသော်လည်းကောင်း အားသိပ် မကောင်းနိုင်ပါဘူး။
ဆောက်ဖြစ်မှ ကျောင်းဒကာဆိုပေမယ့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း
မတိမ်းစောင်းသွားရအောင်နဲ့ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် ထမြောက်အောင်မြင်ရအောင်
ကျွန်တော်တို့ တိုင်းပြည်မှာ အမှန်တရားကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့သည်ရှိသော် သူ့တာကိုယ့်တာ
လုံစေရန်အတွက် ကြိုတင်တင်ပြထားခြင်းဖြစ်ပါတယ်။
အမှန်တရားကော်မရှင်များဟာ နိုင်ငံရေးအရ အသွင်ကူးပြောင်းနေစဉ်ကာလအတွင်းမှာ
ဖွဲ့စည်း ဆောင်ရွက်ကြရတာဖြစ်လေတော့ နိုင်ငံရေးရောင်စဉ်တွေ အမျိုးမျိုးပြောင်းလဲနေတာနဲ့အမျှ
အမှန်တရား ကော်မရှင်ရဲ့ လုပ်ငန်းတွေအပေါ်မှာ ချုပ်တည်းထားရသော အားတွေနဲ့
အထောက်အကူဖြစ်စေသော အားတွေ သက်ရောက်မှုရှိနေကြပါတယ်။
အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ အများဆန္ဒနဲ့အညီ ဖြစ်လာရတာ မဟုတ်ရင် ချု
ပ်တည်းထားရသောအားကို အများဆုံး အသုံးပြုရပါတယ်။
လူထုဟာ ကြောက်လန့်နေပြီး သက်သေခံရမယ့် ကိစ္စကိုတောင် မလာရဲ၊ မတိုင်ရဲ၊ မပြောရဲ၊
အထောက်အထားမပြရဲတဲ့ အခြေအနေရောက်နေရင် ပွင့်ပွင့်လင်းလင်း လူသိထင်ရှား
ထုတ်ပြန်ပေးရမယ့်ကိစ္စ ဖြစ်ပေမယ့် တချို့ကော်မရှင်များဟာ တံခါးပိတ်ပြီး တိတ်တိတ်ပုန်း
လုပ်ပေးရတာမျိုးပင် ရှိခဲ့ပါတယ်။
တရားစီရင်ရေးအပိုင်းကလည်း အားနည်း၊ အကျင့်ပျက်ခြစားမှုများကလည်းရှိနေ၊ လက်နက်ကိုင်
အဖွဲ့အစည်းများနဲ့ ကျူးလွန် ဖောက်ဖျက်ခဲ့သူများကလည်း ပူးပေါင်း ဆောင်ရွက်မှုမရှိခဲ့ရင်
ကော်မရှင်ဟာ စက္ကူကျားပါပဲ။
တစ်ချိန်တုန်းက ကျူးလွန် ဖောက်ဖျက်ခဲ့သူများဟာ အသွင်ကူးပြောင်းရေးကာလမှာ ရာထူးရာခံ
ဩဇာအရှိန်အဝါ ကြီးမားသူတွေ၊ ကြွယ်ဝချမ်းသာသူတွေ၊ လူမှုရေးအသိုက်အဝန်းမှာ
ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်သူတွေဖြစ်နေပြီး အနစ်နာခံခဲ့ရသူများက ဩဇာအာဏာ
နည်းပါးနေရင် ကော်မရှင်ရဲ့လုပ်ဆောင်ချက် လျော့ပါးစေပါလိမ့်မယ်။
စစ်ရပ်စဲရေး၊ လက်နက်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေဟာ အလျင်အမြန်
ပြိုလဲတော့မယ့် အရိပ်အယောင် ရှိနေပြီဆိုရင်လည်း ကော်မရှင်ဟာ စိတ်သွားတိုင်း ကိုယ်မပါနိုင်၊
လုပ်ချင်တိုင်း လုပ်ခွင့်ရှိတိုင်း လုပ်မရတဲ့ အခြေအနေကြောင့် ချုပ်တည်းမှု ရှိနေရပါတယ်။
တကယ်လို့ နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ အထိုက်အလျောက် လွတ်လပ်မျှတမှု
ရှိတယ်၊ အများသဘောဆန္ဒတွေနဲ့အညီ ဖြစ်ခဲ့မယ်ဆိုရင်၊ တစ်နည်းအားဖြင့် လွတ်လပ်မျှတသော
ရွေးကောက်ပွဲများက တစ်ဆင့် ဖြစ်ခဲ့မယ်ဆိုရင် အမှန်တရား ကော်မရှင်ကို အထောက်အကူ
ဖြစ်စေတဲ့ အားက ချုပ်တည်းထားရသောအားထက် ပိုများတယ်လို့ ဆိုကြပါတယ်။
အထောက်အကူဖြစ်စေတဲ့ အားဆိုတာက အမှန်တရား ကော်မရှင်ဖွဲ့စည်းပေးဖို့ ပြည်သူလူထုရဲ့
ထောက်ခံမှု (အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ အနစ်နာခံခဲ့ရသူအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များ၊
ဘာသာရေး ခေါင်းဆောင်များ၊ ပညာရှင်များ စသည်တို့ရဲ့ ထောက်ခံမှု အပါအဝင်) အခိုင်အမာ
ရလာမယ်။
မီဒီယာများက ဖြစ်စေ၊ လူတစ်ဦးချင်း တစ်ဖွဲ့ချင်းစီကဖြစ်စေ တစ်ချိန်တုန်းက မတရားပြုမူခြင်းခံခဲ့ရတဲ့
နစ်နာသူများဟာ လူထုအတွင်းမှာ ပြောခွင့်ဆိုခွင့် ပိုရလာမယ်။ အမှန်တရားနဲ့ တရားမျှတမှုအတွက်
နိုင်ငံတကာက အလေးဂရုပြုလာပြီး စွဲမြဲစွာ ထောက်ခံအားပေးလာမှာ ဖြစ်ပါတယ်။
ဒီလိုအထောက်အကူဖြစ်စေတဲ့ အားတွေ မရှိရင် အမှန်တရားကော်မရှင်ဆိုတာ ထိရောက်မှုလည်း
ရှိမှာ မဟုတ်ပါဘူး။ အသုံးလည်းဝင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အမှန်တရားကော်မရှင်တစ်ခု ဖွဲ့စည်းပြီးပြီဆိုရင် ဒီကော်မရှင်ကို ပြည်သူလူထုက
ပိုင်ဆိုင်တယ်လို့ ခံယူနိုင်မှသာ ကော်မရှင်ရဲ့ လုပ်ငန်းတွေ အောင်မြင်နိုင်ပါတယ်။
ဒါကြောင့်လည်း အမှန်တရားကော်မရှင်မှာ ပါ၀င်ဖွဲ့စည်းတဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်သူလူထုနဲ့
နီးစပ်သူတွေ ဖြစ်သင့်ပါတယ်။
အာဂျင်တီးနား၊ ချဒ်၊ ချီလီ၊ ဟေတီနဲ့ ယူဂန်ဒါ အမှန်တရားကော်မရှင်များကိုတော့ အစိုးရက
တိုက်ရိုက်ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းဖွဲ့စည်းတဲ့ ကော်မရှင် အဖွဲ့ဝင်များကိုတော့ လူထုရဲ့ အကြံဉာဏ်ရယူတဲ့စနစ်ကို
ကောင်းသထက်ကောင်းအောင် လုပ်ပြီးမှ ဖွဲ့စည်းကြတာ တွေ့ရပါတယ်။
ကမ္ဘာပေါ်မှာ အမှန်တရားကော်မရှင်ကို တရားဝင် ဖွဲ့စည်းတဲ့ နည်းလမ်းသုံးခုရှိတာကို
တွေ့ရပါတယ်။
အစိုးရအုပ်ချုပ်ရေးအပိုင်းက အမိန့် ဒီကရီထုတ်ပြန်ပြီး ဖွဲ့စည်းခြင်း၊ လွှတ်တော်က အမှန်တရား
ကော်မရှင် ဖွဲ့စည်းရေး ဥပဒေအတည်ပြုထုတ်ပြန်၍ ဖွဲ့စည်းခြင်းနဲ့ ငြိမ်းချမ်းရေး
သဘောတူညီချက်မှာ အမှန်တရား ကော်မရှင်ဖွဲ့စည်းရန် သဘောတူခဲ့ပြီးနောက် အစိုးရ
အုပ်ချုပ်ရေးမှ အမိန့်ဒီကရီ ထုတ်ပြန်ခြင်း သို့မဟုတ် လွှတ်တော်က ဥပဒေ အတည်ပြုခြင်းတို့ဖြင့်
ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။
ဘယ်လိုနည်းလမ်းနဲ့ ဖွဲ့စည်းသည်ဖြစ်စေ ကော်မရှင်လူကြီးများ ရွေးချယ်ရာမှာတော့
ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ အများဆုံး ကိုက်ညီသူများ၊ အပြည်ပြည်ဆိုင်ရာကလည်း
လက်ခံနိုင်သူများ ဖြစ်သင့်ပါတယ်။
နိုင်ငံရေး၊ လူမျိုးစုအရေး၊ ဘာသာရေးနဲ့ ကျား/မ ရေးရာကိစ္စတွေမှာ သဘောထားသင့်တင့်
မျှတသူများဖြစ်တယ်ဆိုရင် အကောင်းဆုံးပါပဲ။
အမှန်တရား ကော်မရှင်တိုင်းမှာ သူ့ နိုင်ငံ သူ့လူမျိုး သူ့လိုအပ်ချက်နဲ့ သူ့ကိုယ်ပိုင်ဟန်များ
အသီးသီး ရှိကြပါတယ်။ ပုံတူရယ်လို့ မရှိပါဘူး။
ဒါပေမဲ့ သူတို့အားလုံးဟာ သူတို့ ရှေ့က ဖွဲ့စည်းလုပ်ကိုင်ခဲ့တဲ့ အမှန်တရား ကော်မရှင်တွေရဲ့
အတွေ့အကြံုကို လေ့လာသုံးသပ်ပြီးမှ ကိုယ့်အခြေအနေနဲ့ကိုက်ညီအောင် ကိုယ်ပိုင်ဟန်အဖြစ်
တီထွင်ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
အရေးကြီးတာကတော့ ဘယ်လိုဖောက်ဖျက်မှုတွေကို စစ်ဆေးရမယ်ဆိုတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်
သတ်မှတ်ချက်ပါပဲ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမှန်တရားကော်မရှင်က အာရုံစူးစိုက်ပြီး ကိုင်တွယ်ရမယ်
ဆိုတာကတော့ အသေအချာပါပဲ။
ဒါပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ အထဲမှာကိုပဲ အစိတ်အပိုင်းအသီးသီးရှိနေသေးတာဖြစ်တဲ့
အတွက် အလွန်တိုတောင်းသော ကော်မရှင်သက်တမ်းအတွင်းမှာ အောင်မြင်စွာ
ကိုင်တွယ်နိုင်ဖို့ဆိုတာ လက်တွေ့မကျဘဲ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကော်မရှင်ဟာ စုံစမ်းစစ်ဆေးပေးရမယ့် ကျူးလွန်ဖောက်ဖျက်မှုများကို ဦးစားပေးအဆင့်
သတ်မှတ်ရပါတယ်။
လူ့အဖွဲ့အစည်းအတွက် အဆိုးဝါးဆုံး ဖျက်လိုဖျက်ဆီးဖြစ်စေခဲ့တဲ့ အမှုများကို ဦးစားပေးရပါတယ်။
ကော်မရှင်က မစစ်ဆေးနိုင်ဘဲ ကျန်ခဲ့တဲ့အမှုများအတွက် အခြားအများပြည်သူဆိုင်ရာ
ယန္တရားများက ဆက်လက်ဆောင်ရွက်ရပါတယ်။
စုံစမ်းစစ်ဆေးရာမှာ အကျုံးဝင်တဲ့ ကာလအပိုင်းအခြား သတ်မှတ်ချက်ကလည်း အရေးကြီးပါတယ်။
ကာလသတ်မှတ်ရာမှာ လူအများစိတ်ထဲက မဖျောက် ဖျက်နိုင်သေးတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ
မကျန်ခဲ့သင့်သလို ဘက်လိုက်မှုအစွဲရှိတယ်လို့ သံသယမဖြစ်စေရန်အတွက် ကာလကို
တစ်ပိုင်းစီဖြတ်၍ သတ်မှတ်ခြင်း မပြုဘဲ တစ်ဆက်တစ်စပ်တည်း သတ်မှတ်ရပါတယ်။
ကော်မရှင်အလိုက် ကာလသတ်မှတ်ချက်က မတူကြပါဘူး။
တချို့လည်း နှစ် ၃၀၊ ၃၅ နှစ်အထိ သတ်မှတ်ထားတာ တွေ့ရပါတယ်။
အမှန်တရားကော်မရှင်တွေ အလုပ်လုပ်ကြတဲ့နေရာမှာ အကြီးမားဆုံးတွေ့ရတဲ့
အခက်အခဲကတော့ တစ်ချိန်တုန်းက ဖောက်ဖျက်ကျူးလွန်သူများက အဓိပ္ပာယ်ရှိသော
ပူးပေါင်းဆောင်ရွက်မှု မလုပ်ကြခြင်းပဲ ဖြစ်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာ
ကျွန်တော် ဖတ်လိုက်ရပါတယ်။
အထူးသဖြင့် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး စသည်တို့ဟာ အစစ်ဆေးခံဖို့၊ သက်သေခံချက်
ပေးဖို့ ၀န်လေး ကြပါတယ်။
ဒက်စမွန် တူးတူးခေါင်းဆောင်တဲ့ တောင်အာဖရိကနိုင်ငံ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး
ကော်မရှင်ကတော့ တခြားကော်မရှင်တွေထက် လုပ်ပိုင်ခွင့်လည်း ပိုရှိတယ်။ စေတနာ ကလည်း
ကောင်းတယ်။
နိုင်ငံရေးအရ ကျူးလွန်ခဲ့သော အမှုများအတွက် ဖောက်ဖျက် ကျူးလွန်ခဲ့ကြသူများဟာ
အများပြည်သူကြားနာနိုင်တဲ့ ရုံးတော်ကို လာရောက်ပြီး ပြည့်ပြည့်စုံစုံထွက်ဆို ၀န်ခံကြမယ်ဆိုရင်
ထိုသူများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့ ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
"အမှန်တရားအတွက် လွတ်ငြိမ်း ချမ်းသာခွင့်" အယူအဆကြောင့် အတိတ်တုန်းက
ဖောက်ဖျက်ကျူးလွန်ခဲ့သူ ထောင်ပေါင်းများစွာတို့ဟာ ရုံးတော် ရှေ့မှောက်ကို
ရောက်ရှိလာစေခဲ့ပါတယ်။
သို့သော် ဒီအယူအဆဟာ နိုင်ငံတကာမှာရော ပြည်တွင်းဥပဒေများအရပါ အငြင်းပွားစရာ
ဖြစ်ခဲ့ရပါတယ်။
ဖောက်ဖျက်ကျူးလွန်သူများ ရုံးတော်သို့ လာရောက်စေရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်
ပေးခြင်းအစား လျှို့ဝှက် အဆင့်ဖြင့် အထောက်အထားများ တင်ပြခွင့်ပြုခြင်း၊ တံခါးပိတ်
စစ်ဆေးမေးမြန်းခြင်း၊ ကော်မရှင်အား ဖောက်ဖျက် ကျူးလွန်သူကို ရုံးတော်သို့လာရောက်ရန်
တရားဝင် သမ္မန်စာဆင့်ဆိုခွင့်အာဏာ ပေးအပ်ခြင်း စသည်ဖြင့် မလာရောက်လျှင် အရေးယူ
အပြစ်ပေးနိုင်သော အစီအစဉ်များ လုပ်ပေးသင့်တယ်လို့ ဝေဖန် သုံးသပ်သူများက
ထောက်ပြထားပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ တခြားနိုင်ငံတွေက ဘာတွေ လုပ်ခဲ့ကြသလဲ။
ကျွန်တော်တို့ကရော ဘာတွေ လုပ်သင့်သလဲဆိုတာကို ရှာဖွေ လေ့လာပြီး တင်ပြခြင်းဖြစ်ပါတယ်။
ဒီလိုကာလမျိုးကို ကျွန်တော်တို့ မျှော်ဆနေခဲ့ကြတာ ဆယ်စုနှစ် ပေါင်းများစွာ တိုင်ခဲ့ကြပါပြီ။
ခြိမ်းခြောက်မှုတွေရော အခွင့်အရေးတွေရော လူ့အဖွဲ့အစည်းမှာ အများကြီးရှိနေပါတယ်။
အခုရထားတဲ့ ဒီအခြေအနေကို မဆုံးရှုံးစေဘဲ အမြော်အမြင်ရှိရှိ တန်ဖိုးသိသိ အသုံးချနိုင်ကြစေလို
ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ကျွန်တော်တို့ နောက်ကျ ကျန်နေခဲ့တာကိုက
အခွင့်အရေးကောင်း တစ်ခုပါပဲ။
"အကြံတူလျှင် နောက်လူ သာစမြဲ"ဆိုတဲ့ စကားမှာ မြှုပ်ကွက်တစ်ခု ရှိတယ်လို့ ထင်ပါတယ်။
ရှေ့လူတွေဆီက သင်ယူထားပြီးရင် နောက်လူက ပိုကောင်း အောင်လုပ်နိုင်လိမ့်မယ်လို့
ဆိုတဲ့သဘော လို့ထင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ စာရေးတဲ့ လူတွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ရှေ့ကလူတွေ
ဘာတွေ လုပ်ခဲ့ကြသလဲဆိုတာကို ကိုယ့်ဆီက လူ့အဖွဲ့အစည်းတွေ အမြဲသိနေရအောင်
ကြိုးစားရှာဖွေ တင်ပြနေခြင်းပဲ ဖြစ်ပါတယ်။
ပိုကောင်းအောင်လုပ်ဖို့ကလည်း လူ့အဖွဲ့အစည်းတွေကပဲ လုပ်နိုင်ပါလိမ့်မယ်။
















