အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ခုဆိုရင် ပြည်ခိုင်ဖြိုးပါတီတွင်းက အကွဲအပြဲ ဇာတ်လမ်းတွေဟာ ဖုံးမနိုင် ဖိမရ ပေါ်ပေါက်လာပါပြီ။
အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ခုဆိုရင် ပြည်ခိုင်ဖြိုးပါတီတွင်းက အကွဲအပြဲ ဇာတ်လမ်းတွေဟာ
ဖုံးမနိုင် ဖိမရ ပေါ်ပေါက်လာပါပြီ။
ဒီကြားထဲ နိုင်ငံရေး စိတ်ဝင်စားသူတွေ သတိထားမိလိုက်ကြတဲ့ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေး
ဆောင်းပါးတစ်ပုဒ် ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ွှ့န ဠသငခန နေ့စဉ်သတင်းစာမှာ ဖော်ပြပါရှိခဲ့ပါ
တယ်။
ခေါင်းစဉ်ကတော့ 'ဟင်္သာကိုးသောင်း လွှတ်တော်နဲ့ မြန်မာ့နိုင်ငံရေး' ဖြစ်ပြီး ရေးသူကတော့
အိုက်ငဲဆိုသူပါ။
ဆောင်းပါးထဲမှာ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ လွှတ်တော်ရဲ့ လုပ်ရပ်တွေကို
ပယ်ပယ်နယ်နယ် ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ကံကြမ္မာကို နောက်ဆုံးမှာ
အားလုံး ပျက်သုဉ်းကုန်တဲ့ ဟင်္သာကိုးသောင်း ဇာတ်ဆိုတဲ့ မြန်မာပုံပြင်တစ်ပုဒ်နဲ့ ခိုင်းနှိုင်းဖော်ပြထား
ပါတယ်။
သူရဦးရွှေမန်းနဲ့ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေရဲ့ လုပ်ရပ်ကို ဥပဒေပြုရေးအာဏာကို
လက်နက်သဖွယ်မှတ်ပါလို့ ဆိုပြီးတော့တောင် ဝေဖန်ထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲ ဇာတ်လမ်းရဲ့ နောက်ဆုံး ဖြစ်ထွန်းမှုတွေက ဘာတွေလဲ၊
လွှတ်တော်ဘက်က နောက်ထပ် ဘာခြေလှမ်းတွေ လှမ်းဖို့ ရှိသလဲဆိုတာ ဒီတစ်ပတ်
သုံးသပ်တင်ပြသွားပါ့မယ်။
အကွဲအပြဲ ဇာတ်လမ်း နောက်ဆုံး ဖြစ်ထွန်းမှုတွေကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ
အရင် စစ်အစိုးရက ပြဋ္ဌာန်းပေးခဲ့တဲ့ ပြည်ထောင်စု အစိုးရ ဥပဒေထဲက အချက်တစ်ချက်ကို
ပြင်ဆင်ဖို့ လုပ်တာ ဖြစ်ပါတယ်။
အဲဒီအချက်ကို ပြင်လိုက်နိုင်တယ်ဆိုရင် သမ္မတဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ
ကျင်းပတော့မယ့် ယခုနှစ်ရွေးကောက်ပွဲကျရင် ဘယ်ပါတီ ကျောထောက်နောက်ခံနဲ့မှ ရွေးကောက်ပွဲ
၀င်ပြိုင်လို့ ရမှာမဟုတ်ဘဲ တစ်သီးပုဂ္ဂလတွေအဖြစ်နဲ့ပဲ ယှဉ်ပြိုင်ခွင့် ရှိတော့မှာ ဖြစ်ပါတယ်။
တိတိကျကျပြောရရင် လွှတ်တော်ထဲက သူရဦးရွှေမန်း အုပ်စုဟာ သမ္မတ ဦးသိန်းစိန်အုပ်စုကို
ပြည်ခိုင်ဖြိုးပါတီထဲက ကန်ထုတ်လိုက်ရုံမက ဘယ်ပါတီမှလည်း ထောင်လို့မရ၊ ဘယ်ပါတီကို
မှလည်း သွားဝင်လို့မရနဲ့ သောင်ပြင်ထဲ လွှတ်လိုက်သလို အဖြစ်မျိုးရောက်အောင် လုပ်လိုက်တာပါ။
ဒီဥပဒေ ပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်နိုင်ပေမယ့် ဦးခင်အောင်မြင့်
ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ အမျိုးသားလွှတ်တော် ဘက်ကတော့ အတည်မပြုဘဲ
ပယ်ချ လိုက်ပါတယ်။
ပြောရရင် ရွေးကောက်ပွဲ မတိုင်ခင်ကာလ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီထဲက
ကန်ထုတ်ဖို့ လုပ်တဲ့ လုပ်ရပ် အပြည့်အဝ မအောင်မြင်သေးပါဘူး။
အခုတစ်ပတ်အတွင်း ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အဖြေတစ်ခုပေါ်ပါ
လိမ့်မယ်။
နောက်တစ်ခု လုပ်တာက သမ္မတရုံး ၀န်ကြီးနှစ်ယောက်ဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့
နှစ်ယောက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ကယားပြည်နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့
စာရင်းတင်တာပါ။
ဒါကို ဒေသခံတွေက သဘောမတူလို့ဆိုပြီး သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ လွှတ်တော်
ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့က ပယ်ချပါတယ်။
တကယ့်တကယ် ကယားပြည်နယ် ၀န်ကြီးချုပ်နဲ့ ဒေသခံ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေက
သဘောတူပါတယ်ဆိုလာတော့ အဲဒီ လူတွေကို ပါတီစည်းကမ်း ချိုးဖေါက်တယ်ဆိုတဲ့
ခေါင်းစဉ်တပ်ပြီး ပါတီကနေ ထုတ်ပယ်ဖို့ လုပ်လိုက်ပါတော့တယ်။
နောက်ထပ် ပြဿနာတစ်ခုကတော့ တပ်မတော်သား အရာရှိကြီးတွေ ပြည်ခိုင်ဖြိုးပါတီကို
ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ဖို့ စာရင်းတင်တဲ့ ကိစ္စပါ။
အမတ်တွေအဖြစ် ရွေးကောက်ခံရရင် ပြည်ခိုင်ဖြိုးပါတီကို ပြန်ပြီး ထိန်းသိမ်းဖို့ ရည်ရွယ်ဟန်
တူပါတယ်။
ဒါပေမဲ့ တပ်မတော်ဘက်က အယောက် ၁၄၀ ကျော် တင်ထားတာကို အယောက်
၅၀ ကျော်လောက်ပဲ ခွင့်ပြုသေးတယ်လို့ ဆိုပါတယ်။
ဒါကိုလည်း တပ်မတော်ဘက်က သိပ်ကျေနပ်တာတော့ မဟုတ်ပါဘူး။
ဒီလုပ်ရပ်တွေ အားလုံးရဲ့ လားရာဟာ ပြည်ခိုင်ဖြိုးပါတီတွင်းမှာ ဒါမှမဟုတ် ပြည်ခိုင်ဖြိုးပါတီနဲ့
တပ်မတော်အကြားမှာ လာမယ့် ရွေးကောက်ပွဲအပြီး ဘယ်သူ သမ္မတလောင်း ဖြစ်သင့်သလဲဆိုတဲ့
အချက်ပေါ် မူတည်ပြီး ဖြစ်ပျက်နေတာတွေ ဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသာလျင် တိုင်းပြည်ရဲ့ အထွဋ်အထိပ် အကြီးအကဲ
ဖြစ်သလို၊ အစိုးရအဖွဲ့ ခန့်အပ် ဖွဲ့စည်းနိုင်သူ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ၀န်ကြီးချုပ်တွေကို
ခန့်အပ်နိုင်သူလည်း ဖြစ်လို့ပါပဲ။
တနည်းပြောရရင် ကိုယ့်အုပ်စု ခေါင်းဆောင် သမ္မတဖြစ်မှ၊ အုပ်စုဝင်တွေ အစိုးရအဖွဲ့ဝင်
၀န်ကြီးရာထူးတွေရ၊ ကိုယ်တိုင်နဲ့ မိသားစု ကိုယ်ကျိုးစီးပွားကို ကာကွယ်နိုင်၊ အသစ်ဖန်တီးနိုင်လို့ပဲ
ဖြစ်ပါတယ်။
ဒါကြောင့်လည်း အာဏာ လက်ရှိနဲ့ အာဏာလက်မဲ့ပြီး လွှတ်တော်ထဲ ရောက်သွားတဲ့
စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေကြား သမ္မတလောင်း နေရာအတွက် အကြီးအကျယ်
တိုက်ပွဲဆင်နေကြတာ ဖြစ်ပါတယ်။
အခုဆိုရင် သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော်က နောက်ထပ် ခြေလှမ်း
တစ်လှမ်း ထပ်လှမ်း လိုက်ပြန်ပါပြီ။
ဒါကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်
တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းပြီး အတည်ပြုဖို့
ကြိုးစားလာခြင်းပါ။
အကြောင်းကတော့ ခုလိုပါ။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ သမ္မတ တင်မြှောက်ရေးနဲ့ ပတ်သက်ပြီး ပြဌာန်းချက်
ပုဒ်မ တစ်ခုနဲ့ အချက်ငယ် (၆) ချက်လောက်ပဲ ပါပါတယ်။
ပုဒ်မ ၆၀ ဖြစ်ပါတယ်။ ဒီပုဒ်မကို မူတည်ပြီးတော့မှ အရင် နအဖ စစ်အစိုးရဟာ ၂၀၁၀
အောက်တိုဘာ ၂၈ ရက်နေ့မှာ သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါ
တယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုးပေးခဲ့တဲ့ အဲဒီ ဥပဒေအရပဲ ၂၀၁၀ ရွေးကောက်ပွဲအပြီး
ဒုသမ္မတနဲ့ သမ္မတတွေကို ရွေးချယ် တင်မြှောက်ပေးခဲ့ပါတယ်။
အဲဒီ ဥပဒေရဲ့ အခန်း(၅) အထွေထွေမှာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ခြင်း၊
ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း လုပ်နိုင်သည်လို့ ပြဌာန်းထားတဲ့အပြင် ဥပဒေပါ ပြဋ္ဌာန်းချက်ကို
အကောင်အထည်ဖော်ဖို့ နအဖ စစ်ကောင်စီဟာ လိုအပ်တဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊
အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်နိုင်တယ်ဆိုပြီး
ဖော်ပြထားပါတယ်။
အခု သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော်ဟာ အရင် နအဖ စစ်ကောင်စီ
နေရာမှာ ပြည်ထောင်စု လွှတ်တော်ဆိုတဲ့ စကားရပ် အစားထိုးဖို့ လုပ်ကိုင်တာ ဖြစ်ပါတယ်။
တကယ်လို့ ဒီစကားရပ် ပြင်ဆင်ရေး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့ရင် လာမယ့် ရွေးကောက်ပွဲအပြီး
သမ္မတ တစ်ယောက် ရွေးချယ်ရာမှာ ၂၀၁၀ တုန်းက လုပ်ခဲ့တဲ့ လုပ်နည်း လုပ်ဟန်တွေအတိုင်း
ဖြစ်ချင်မှ ဖြစ်နိုင်ပါတော့မယ်။
၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ စစ်အစိုးရဟာ ရွေးကောက်ပွဲ ရလဒ်ကို လိုချင်တဲ့
အဖြေထွက်အောင် လုပ်ကိုင်ခဲ့တာမို့ လွှတ်တော်ထဲကို ပြည်ခိုင်ဖြိုးပါတီအမတ်တွေပဲ ပြိုင်ဘက်မရှိ
ရောက်လာတာ ဖြစ်ပါတယ်။
ဒီအတွက်လည်း ဒုသမ္မတ သုံးယောက် ရွေးချယ်ရာမှာ၊ ဒုသမ္မတ သုံးယောက်ထဲကနေ သမ္မတ
တစ်ယောက် ရွေးချယ်ရာမှာ ရိုးရှင်းတဲ့ ပုံစံနဲ့ ရွေးချယ်တင်မြှောက်နိုင်ခဲ့တာ တွေ့ရပါတယ်။
ကွေ့ကွေ့ကောက်ကောက် ထူးထူးဆန်းဆန်း ဘာအကွက်မှမပါပါဘူး။
အခု ဥပဒေ ပြင်ဆင်ချက် အတည်ဖြစ်သွားရင်တော့ သမ္မတ ရွေးချယ်ပုံ စနစ်ဟာ ဖွဲ့စည်းပုံပါ
အချက်ငယ် ခြောက်ချက် လောက်ပဲ ကျန်မှာဖြစ်ပြီး ကျန်တာ အားလုံး ပုံစံ အသစ်တွေ
ဖြစ်လာနိုင်ပါတယ်။
ဒုသမ္မတ ရွေးချယ်တဲ့ပုံစံတွေ ပြောင်းလာနိုင်သလို၊ မဲပေးပုံ စနစ်တွေ၊ သမ္မတ ရွေးချယ်တဲ့
ပုံစံတွေလည်း အကြီးအကျယ် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။
ဥပမာ လက်ရှိ ဥပဒေအရ ဒုသမ္မတ သုံးယောက်ထဲက မဲအများဆုံးရသူ သမ္မတ ဖြစ်စေ၊
မဲနည်းတဲ့သူ နှစ်ယောက်က ဒုသမ္မတ ဖြစ်စေဆိုတဲ့ နေရာမှာ မဲ ၅၀ ရာခိုင်နှုန်း မကျော်ရင်
ဒုတိယတစ်ကြိမ် ပြန်ပြီး မဲပေးခိုင်းတဲ့ စနစ်မျိုး ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။
အခြား မထင်မှတ်တဲ့ အချက်တွေလည်း ပြောင်းလဲနိုင်ပါတယ်။ ဘာမှ မပြောနိုင်ပါဘူး။
ဒါဟာ သမ္မတ ဖြစ်ရေးကို ပြိုင်ပွဲမှာ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်က နောက်ထပ်
ထုတ်လာတဲ့ ဖဲချပ်တစ်ချပ် ဖြစ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

















