ကျပ် ၅၀ တန် ငွေစက္ကူပျောက်သွားမှာ စိုးရိမ်မိပါတယ်

ကျပ် ၅၀ တန် ငွေစက္ကူပျောက်သွားမှာ စိုးရိမ်မိပါတယ်

ပန်းဆိုးတန်းလမ်းက ကုန်တိုက်ကြီးတစ်ခုဟာ ကျွန်မရုံးသွားတဲ့ လမ်းပေါ်မှာရှိလို့ ၀ယ်စရာရှိရင် ၀င်ဝယ်လေ့ရှိပါတယ်။

ပန်းဆိုးတန်းလမ်းက ကုန်တိုက်ကြီးတစ်ခုဟာ ကျွန်မရုံးသွားတဲ့ လမ်းပေါ်မှာရှိလို့ ၀ယ်စရာရှိရင်
၀င်ဝယ်လေ့ရှိပါတယ်။ ပစ္စည်းစုံလို့ ဘာပဲလိုလို အဲဒီမှာပဲ ၀ယ်ဖြစ်တယ်။

တစ်နေ့ အဲဒီ ကုန်တိုက်ကြီးမှာ ပိုက်ဆံအိတ်ကျန်ရစ်ခဲ့တာ နောက်တစ်နေ့ သွားမေးတော့
ကောင်တာ စာရေးက သိမ်းထားပြီး မန်နေဂျာဆီမှာအပ်ထားလို့ ကျွန်မပြန်ရခဲ့ပါတယ်။

ရိုးသားတဲ့ ၀န်ထမ်းကြောင့် ကျေးဇူးအထူးတင်ပါတယ်။

ကျွန်မ ဆက်ပြီးအားပေးနေပါတယ်။

တစ်ခါတလေ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ကိစ္စလေးတစ်ခုတော့ ရှိပါတယ်။

ဒီကုန်တိုက်မှာပဲဖြစ်တာ မဟုတ်ပါ။ ကုန်တိုက် အတော်များများ၊ ဈေးဆိုင်တွေ၊ ခေါင်းရွက် ဗျပ်ထိုး
ဈေးသည်တွေမှာလည်း ဒီကိစ္စရှိကြပါတယ်။

အဲဒါက ပစ္စည်းဝယ်ပြီး ငွေပေးချေ ရင် အကြွေပြန်တောင်းတဲ့ကိစ္စပဲ။

ဟင်းရွက်သည်ဆီက တစ်စည်း ကျပ် ၅၀ ကို သုံးစည်း ၀ယ်လို့ ကျပ် ၂၀၀ တန်ပေးလိုက်တာနဲ့
အကြွေမရှိဘူးလားလို့ မေးတော့တာပဲ။

သူ အမ်းရမှာက ကျပ် ၅၀၊ ကျွန်မဆီက ကျပ် ၁၅၀ တောင်းတယ်။ ဘယ်ဟာက ပိုလွယ်မလဲ။
တချို့ဈေးသည်တွေ အမှန်တကယ် မရှိလို့တောင်းတာကို နားလည်ပါတယ်။ တချို့ကရှိနေလျက်နဲ့
သူတို့ရဲ့ ကျပ် ၅၀၊ ကျပ် ၁၀၀ တန်တွေ ကုန်သွားမှာစိုးရိမ်ကြတယ်နဲ့ တူတယ်။

အကြွေတောင်းတဲ့ ကုန်တိုက်ကြီးတွေနဲ့ ပတ်သက်လို့ပြောရရင် တချို့ကုန်တိုက်တွေက ကျပ် ၅၀၊
ကျပ် ၁၀၀ ပြန်မအမ်းနိုင်ရင် အဲဒီလောက်တန်တဲ့ ပစ္စည်းလေးတွေထည့် ရောင်းလိုက်တာကို
ကြံုဖူးပါတယ်။

ကျွန်မ အမြဲဝယ်တဲ့ ပန်းဆိုးတန်းက ကုန်တိုက်မှာ ကောင်တာစာရေးမတွေက
အကြွေတောင်းလွန်းလို့ ကျွန်မက "မင်းတို့ လူကြီးတွေက အကြွေတွေ ပေးမထားဘူးလား"လို့
ကြံုတဲ့အခါတိုင်းမေးပါတယ်။

၆-၇-၂၀၁၅ ရက်နေ့မှာ ဒီကုန်တိုက်ကို ကျွန်မဝင်သွားတဲ့အခါမှာ အမျိုးသမီးဝန်ထမ်းတစ်ယောက်က
ကျပ် ၅၀၊ ကျပ် ၁၀၀၊ ကျပ် ၂၀၀ နဲ့ ကျပ် ၅၀၀ တန်တွေကို ငွေရှင်းကောင်တာတွေမှာ
လိုက်ပေးနေတာကို တွေ့ရပါတယ်။

'ကောင်းလေစွ'လို့ စိတ်ထဲ ရေရွတ်မိပါတယ်။ အဲဒါနဲ့ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းတွေကိုယူပြီး
ငွေရှင်းကောင်တာ တစ်ခုမှာ သွားရှင်းပါတယ်။

ကျွန်မဝယ်တဲ့ ပစ္စည်းတွေက ကျပ် ၁,၆၅၀ ကျလို့ တစ်ထောင်တန် နှစ်ရွက်ပေးလိုက်ပါတယ်။

စာရေးမလေးက ကျွန်မကို ကျပ် ရ၀၀ အကြွေမပါဘူးလားလို့ မေးပါတယ်။ ကျွန်မ အရမ်းအံ့အားသင့်
သွားပြီး "မိန်းကလေး ကျပ် ရ၀၀ ဆိုတာ အကြွေလားလို့ ပြန်မေးလိုက်တယ်။ အဲဒီ အချိန်ကျမှ
သူမှားသွားမှန်းသိသွားလို့ ချက်ချင်းပဲ ကျပ် ၃၅၀ ပြန်အမ်းလိုက်တယ်။ သူတို့ဆီမှာရှိနေတဲ့
အကြွေကို မပေးချင်လို့ အကြွေတောင်းတဲ့အကျင့်က အရိုးစွဲနေပြီလေ။

အကြွေဆိုတာ ဘယ်လောက်တန်ကိုပြောတာလဲ။

အရင်တုန်းက ငါးကျပ်၊ ၁၀ ကျပ်၊ ကျပ် ၂၀ တန်ကို အကြွေလို့ခေါ်ကြတယ်။

အဲဒီအကြွေတွေကို အခုမသုံးကြတော့ဘူး။ ဘာဖြစ်လို့လဲ။ အဖြေကလွယ်ပါတယ်၊
အဲဒီလောက်တန်တဲ့ပစ္စည်း မရှိတော့လို့ပါ။

အခု အနည်းဆုံး ကျပ် ၅၀ တန်တဲ့ ဘယာကြော်က အရင်က ၁၀၀ ဖိုး သုံးခုနဲ့ ရောင်းနေတာပါ။

အခုတလော ကျပ် ၅၀ နဲ့ ဟိုနားဒီနား စီးလို့ရတဲ့ ဘတ်စ်ကားတွေက ကျပ် ၅၀ တန် ခရီးကို
ကျပ် ၁၀၀ တောင်းနေတာ ကိုယ်တိုင် ကြံုဖူးပါတယ်။

စပယ်ယာတွေက ကျပ် ၁၀၀ ပြောင်ပြောင်တင်းတင်း တောင်းနေကြတော့ ခရီးသည်တွေလည်း
မပေးရင်မဖြစ်လို့ ပေးခဲ့ရတယ်။

'မထသ'က အနည်းဆုံးကားခကို ကျပ် ၁၀၀ လို့ သတ်မှတ်လိုက်ပြီလား။ အဲဒီလိုဆိုရင်
ကျပ် ၅၀ တန်တွေ သုံးမရဖြစ်တော့မှာပဲ။ မီးရထားခရီးသည်တွေ စိုးရိမ်နေကြတဲ့ ကိစ္စတစ်ခုက
ကျပ် ၅၀ ပေးရတဲ့ ရထားတွဲတွေ မထားတော့ဘဲ ကျပ် ၂၀၀၊ ကျပ် ၃၀၀ တန်တွေပဲ
ပြေးဆွဲတောမယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

ဒါဟာ ကောလာဟလပဲဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

အခြေခံအလုပ်သမားတွေ၊ အခြေခံလူတန်းစားတွေထဲက တချို့ဟာ လှော်ကား၊ ရွှေပြည်သာ
ကနေပြီး မြို့ထဲမှာ နေ့စားအလုပ်လုပ်နေကြလို့ မီးရထားကိုပဲ အားကိုးပြီး လာကြရတာ
အသွားအပြန် တစ်နေ့ ကျပ် ၄၀၀၊ ကျပ် ၆၀၀ ကို ဘယ်သူ တတ်နိုင်မှာလဲ။

ကုန်ဈေးနှုန်းတွေကလည်း တရိပ်ရိပ်တက်နေလို့ အခု ကျပ် ၅၀ နဲ့ ၀ယ်လို့ရတဲ့ ဘယာကြော်က
ကျပ် ၁၀၀ ဖြစ်လာရင်၊ အနိမ့်ဆုံးကားခတွေ ကျပ် ၁၀၀ ဖြစ်ရင် မီးရထားခကလည်း ကျပ် ၅၀ နဲ့
မရတော့ဘူးဆိုရင် အကြွေ ကျပ် ၅၀ တန် ပျောက်သွားတော့မှာ စိုးရိမ်ပါတယ်။

ကျွန်မတို့ ငယ်ငယ်တုန်းက အကြွေဆိုတာ ပြားစေ့၊ ပဲစေ့၊ မူးစေ့၊ မတ်စေ့၊ ငါးမူးစေ့မှ ကျပ်စေ့အထိ
ရှိတယ်။

အဲဒီနောက် တစ်ကျပ်တန်၊ ငါးကျပ်တန်က နေပြီး တစ်ဆယ်ကျပ်တန်၊ နှစ်ဆယ်ကျပ်တန်နဲ့
ငါးဆယ်ကျပ်တန်ဆိုပြီး ရှိလာတယ်။

အခု ချဉ်ပေါင်တစ်စီး ကျပ် ၅၀၊ သံပရာသီး တစ်လုံး ကျပ် ၅၀၊ ငရုတ်သီးစိမ်း ၅၀ ဖိုး၊ နံနံပင် ၅၀ ဖိုး၊
ဘူးသီးကြော်တစ်ချောင်း ကျပ် ၅၀ စသည်ဖြင့် ၀ယ်လို့ရသေးတဲ့အတွက် ကျပ် ၅၀ တန် ငွေစက္ကူက
တောင့်ခံနေသေးတာကို တွေ့ရပါတယ်။

၁၀ ကျပ်တန်၊ နှစ်ဆယ် ကျပ်တန်နဲ့ ၀ယ်လို့ရတဲ့ပစ္စည်း မရှိတော့လို့ သုံးလို့လည်း မရတော့ဘူး။

အလိုအလျောက် ပျောက်ကုန်ကြပါပြီ။

ကျပ် ၅၀ တန်လေး ပျောက်မသွားအောင် ၀ိုင်းပြီး ကူညီပေးကြပါ။

ကျပ် ၅၀ တန်လေး သုံးလို့ရအောင် အနိမ့်ဆုံးကားခ၊ မီးရထားခ ကျပ် ၅၀ ထက် ပိုမတက်ကြပါနဲ့။

ကျပ် ၅၀ နဲ့ ၀ယ်လို့ရတဲ့ ချဉ်ပေါင်လည်း ဈေးမတက်ပါနဲ့တော့။

၀ယ်သူရော၊ ရောင်းသူပါ အဆင်ပြေအောင် ကျပ် ၅၀၊ ကျပ် ၁၀၀၊ ကျပ် ၂၀၀ အသစ်တွေကိုလည်း
မြင်ချင်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021