ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းဒေသကြီးကို ခရီးထွက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းဒေသကြီးကို ခရီးထွက်ပါတယ်။
အဲဒီ ဇူလိုင်လ ၂၅ ရက်နေ့မှာပဲ ကျိုက်လတ်မြို့နယ်မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး
ဟောပြောပွဲ တစ်ပွဲ လုပ်ပြီး တက်ရောက်လာတဲ့ ပြည်သူတွေရဲ့ မေးခွန်းတွေကိုလည်း ပြန်လည်
ဖြေကြားပါတယ်။
မေးတဲ့ မေးခွန်းတွေ စုံလင်သလို၊ ဖြေဆိုတဲ့ အကြောင်းအရာတွေလည်း စုံလင်ပါတယ်။ ဒီအထဲမှာ
ရှားရှားပါးပါး မြန်မာနိုင်ငံ တရားစီရင် ရေးမဏ္ဍိုင် ပြိုလဲနေတဲ့ ကိစ္စလည်း အကြောင်းအရာတစ်ခု
အနေနဲ့ ပါ၀င်ခဲ့ပါတယ်။
တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို ဝေဖန်ထောက်ပြခဲ့
သလဲ၊ တကယ့် အခြေအနေကရော ဘယ်လိုလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ နမူနာတစ်ခုနဲ့
ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေကို ကောက်နုတ်ဖော်ပြရရင် ခုလိုပါ။
သူက "တရားဥပဒေ စိုးမိုးရေး ရှိဖို့ ဆိုတာဟာ နံပါတ်တစ်ကတော့ တရားစီရင်ရေးမဏ္ဍိုင်ဟာ
လွတ်လပ်တဲ့ တရားစီရင် ရေးမဏ္ဍိုင်ဖြစ်ရမယ်၊ ဒီနိုင်ငံမှာ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်မရှိဘူး"လို့
ပြောပါတယ်။
ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်က "ဖွဲ့စည်းပုံထဲမှာ ပြည်ထောင်စု တရားသူကြီးချုပ်ကိုရော
တိုင်းဒေသကြီးနဲ့ ပြည်နယ်က တရားသူကြီးချုပ်တွေ အားလုံးကိုပါ သမ္မတက ခန့်တယ်။
အဲဒီ အဓိပ္ပာယ်က အုပ်ချုပ်ရေးမဏ္ဍိုင် တစ်နည်းအားဖြင့် ပြောရင် အစိုးရက တရားရေးမဏ္ဍိုင်
အထက်မှာ ရှိတယ်"ဆိုပြီး ပြောခဲ့ပါတယ်။
ခုလို အစိုးရအဖွဲ့က တရားစီရင်ရေး မဏ္ဍိုင် အထက်မှာ ရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်နဲ့ ပတ်သက်လို့
ထင်ရှားပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ သက်သေဥပမာအဖြစ် မန္တလေးမြို့က မြေပိုင်ဆိုင်မှု
အငြင်းပွားမှုတစ်ခုကို နမူနာအားဖြင့် တင်ပြလိုပါတယ်။
၁၉၉၄ ခုနှစ်က စတင်အငြင်းပွားခဲ့ပြီး အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အဆင့်ဆင့်က ဖြေရှင်းတာ
မပြီးပြတ်ပါဘူး။
၁၉၉၇ ခုနှစ်ကတည်းက တရားရုံးကို စတင်ရောက်ရှိပြီး အခု ၂၀၁၅ ခုနှစ် နှစ်လယ်
ရောက်သည်အထိ နှစ်ပေါင်း ၂၀ ၀န်းကျင်ကြာသည့်တိုင် အပြီးမသတ်နိုင်သေးတဲ့ မြေပိုင်ဆိုင်မှု
တစ်ခုပါ။
အငြင်းပွား၊ တရားရုံးမှာ ရင်ဆိုင်ကြရ သူတွေကတော့ တစ်ဖက်မှာ ရှမ်းတိုင်းရင်းသားများ သာရေး၊
နာရေး အသင်းဖြစ်ပြီး အခြား တစ်ဖက်မှာတော့ ပုဂ္ဂလိကတွေဖြစ်တဲ့ ဒေါ်နန်းခမ်းစိန်နဲ့
တရုတ်အမျိုးသား ဦးကျန်မင်အမ်း တို့ဖြစ်ပါတယ်။
ဖြစ်စဉ် အကျဉ်းကတော့ ခုလိုပါ။
မန္တလေးက ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေးအသင်း ဆိုတာဟာ ၁၉၇၂ ခုနှစ်ကတည်းက
ဖွဲ့စည်းခဲ့တဲ့ ရှမ်းအမျိုးသမီး သာရေး၊ နာရေးအသင်းကနေ ၁၉၈၂ ခုနှစ်မှာ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့
နှစ်ပေါင်း ၃၀ ကျော်သက်တန်းရှိ အသင်းတစ်ခု ဖြစ်ပါတယ်။
၁၉၈၈ ပြည်သူတွေရဲ့ ဒီမိုကရေစီ အရေး ဆန္ဒပြတောင်းဆိုပွဲကြီး ဖြစ်ပွားပြီး နောက် စစ်တပ်က
အာဏာသိမ်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)ဖွဲ့ပြီး အုပ်ချုပ်ပါတယ်။
အသင်းဟာ အသင်းပိုင်မြေနေရာနဲ့ အဆောက်အအုံရရှိရေး ကြိုးစားကြပါတယ်။
၁၉၉၁ မှာတော့ မန္တလေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(တဝတ)ဆီကနေ လက်ရှိ
အငြင်းပွားနေတဲ့ နေရာမှာ နှစ်ဧကခွဲလောက် ရှိတဲ့ တြိဂံပုံ မြေနေရာကို ရရှိပါတယ်။
နေရာကတော့ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း၊ ၆၆ လမ်းနဲ့ ၆၈ လမ်းကြား ဖြစ်ပြီး
လက်မှတ်ရေးထိုးပေးသူက မြို့ကွက်သစ် ဖော်ထုတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မောင်ပေါ်ပါ။
ဒီလိုနဲ့ အသင်းပိုင် အဆောက်အအုံ ဆောက်လုပ်ခဲ့ကြပါတယ်။
သာရေး၊ နာရေး ဆိုတဲ့အတိုင်း မြေကွက်ဝယ်ယူမှုတွေ၊ အသင်းအဆောက်အအုံ ဆောက်လုပ်တာ
တွေဟာ သက်ဆိုင်ရာ အလှူရှင်အသီးသီးရဲ့ လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေးအသင်းဟာ အသင်းပိုင် မြေ၊ အုတ်တံတိုင်းတွေ ကာရံပြီး
သုံးနှစ်အကြာ ဒေါ်နန်းခမ်းစိန်က ဒီမြေဟာ သူ့နာမည်နဲ့ ချပေးတာ ဖြစ်တယ်၊ ဒါကြောင့် ဒီမြေကို
သူပိုင်တယ်ဆိုပြီး မြေနေရာ တချို့ရယူတာကနေ အငြင်းပွားမှု စတင်ဖြစ်ပေါ်ပါတယ်။
ဒေါ်နန်းခမ်းစိန်ဆိုတာ အဲဒီအချိန်က အသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းအိုက်ဖုန်းရဲ့ ဇနီးဖြစ်ပါတယ်။
ဒေါ်နန်းခမ်းစိန်ဟာ အသင်းပိုင်မြေ အုတ်တံတိုင်း အတွင်းဘက် အရှေ့ဘက်ခြမ်းက ပေ ၁၀၀ ကို
ကန့်ပြီး အုတ်တံတိုင်းခတ် ရယူလိုက်တာကနေ အစပြုပြီး ပြဿနာ ဖြစ်ရတာပါ။
နောက်ပိုင်း ဒေါ်နန်းခမ်းစိန်ဟာ သူပိုင် အကျယ်ပေ ၁၀၀ ထဲက ပေ ၅၀ ကို တရုတ်အမျိုးသား
ဦးကျန်မင်အမ်းကို ခွဲစိတ်ရောင်းချပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အငြင်းပွားမှုတွေ ပြဿနာတွေဆိုတာ ဖြစ်တတ်ပါတယ်။ ဖြစ်လေ့ဖြစ်ထလည်း
ရှိပါတယ်။
ပြဿနာဖြစ်တော့ ပထမပိုင်း အာဏာပိုင်တွေ အဖွဲ့အစည်းတွေမှာ ဖြေရှင်းဖို့ တင်ပြကြပါတယ်။
မပြေလည်ပါဘူး။
နောက်ဆုံး ၁၉၉၆ မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတွေဆီကနေ တရားစီရင်ရေး
လမ်းကြောင်းအတိုင်း ဖြေရှင်းဖို့ အကြောင်းပြန်တာကြောင့် ၁၉၉၇ ခုနှစ်မှာ အပြန်အလှန်
တရားစွဲဆိုမှု ဖြစ်ပွားခဲ့တာပါ။
ဒီလိုနဲ့ မန္တလေးတိုင်း တရားရုံး၊ တရားရုံးချုပ် (မန္တလေးတိုင်း တရားထိုင်)၊ ဗဟိုတရားရုံး တစ်ပါးထိုင်၊
ဗဟိုတရားရုံး နှစ်ပါးထိုင်၊ နေပြည်တော် တရားရုံးချုပ်၊ ဗဟိုတရားရုံး တစ်ပါးထိုင်၊ ပြည်ထောင်စု
တရားရုံးချုပ်စတဲ့ တရားရုံး အမျိုးမျိုးမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ တရားရင်ဆိုင်ခဲ့ကြတာပါ။
တရားစီရင်ရေး မှတ်တမ်းတွေကို ပြန်ကြည့်ရင် တရားရုံး အဆင့်ဆင့်၊ တရားရုံး အမျိုးမျိုးမှာ
ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေး အသင်းက အနိုင်ရပြီး ဒေါ်နန်းခမ်းစိန်နဲ့ ဦးကျန်မင်အမ်း
တို့ဘက်ကို အရှုံးပေးတာ၊ ဒေါ်နန်းခမ်းစိန်ဘက်က တင်တာတွေကို ပလပ်လိုက်တာတွေချည်း
တွေ့ရပါတယ်။
ဒါပေမဲ့ ဒေါ်နန်းခမ်းစိန် ရယူနေထိုင်နေတဲ့ မြေနေရာတွေကို ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေး
အသင်းလက်ဝယ် ပြန်ရောက်အောင် အုပ်ချုပ်ရေးပိုင်းက အကောင်အထည် ဖော်မပေးနိုင်ခဲ့ပါဘူး။
မြေနေရာကနေ ဖယ်ပေးဖို့ ကြိုးစားရင်း ပျက်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။
နောက်ဆုံး ၂၀၁၄ ခုနှစ်မှာ ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေး အသင်းကနေ
အာဏာပေးစာချွန်တော် ထုတ်ဆင့်ပေးဖို့ တရားလွှတ်တော်ချုပ်ကို လျှောက်ထားခဲ့ရာမှာ
တရားလွှတ်တော်ချုပ် တရားသူကြီးတွေဖြစ်ကြတဲ့ ဦးသာအေး၊ ဦးအောင် ဇော်ဟိန်းနဲ့
ဦးမြသိမ်းတို့က ကနဦး အမိန့်ချမှတ်ပြီး Chief Justice ဦးထွန်းထွန်းဦး၊ ဦးစိုးညွန့်၊ ဦးမြင့်အောင်
တို့က အတည်ပြုပေးခဲ့ပါတယ်။
ပြောရရင် နှစ်ဖက် တရားရင်ဆိုင်မှုမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍ ကုန်ဆုံးသွားပြီလို့တောင်
ပြောနိုင်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ အုပ်ချုပ်ရေးပိုင်းက အာဏာပိုင် အဆင့်ဆင့်ဟာ အမြင့်ဆုံး
တရားရုံးတွေက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကိုတောင် အကောင်အထည် ဖော်မပေးကြပါဘူး။
အတော်လေးကို အံ့ဩစရာ ကောင်းတဲ့ ဖြစ်ရပ်ပါ။
အငြင်းပွား၊ တရားရင်ဆိုင်ကြတဲ့ နှစ်ပေါင်း ၂၀ ကာလအတွင်း ဒီ ပြဿနာ ထဲကို အာဏာပိုင်တွေ၊
စစ်ထောက်လှမ်းရေးတွေ ၀င်ရောက်စွက်ဖက်မှု ပါ၀င်ပတ်သက်မှု ရှိခဲ့ပြီး အသစ်စက်စက်
ပေါ်လာတဲ့ လွှတ်တော်ကြီးကတောင် ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။
ကြားထဲမှာ ဒေါ်နန်းခမ်းစိန်ဟာ အငြင်းပွားနေတဲ့ ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေး အသင်းပိုင်
မြေနေရာကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ သံဃာတော်ကို လှူဒါန်းခဲ့လို့ တိုင်းသံဃာ့ အဖွဲ့နဲ့
ရှမ်းအသင်း ရှင်းရလင်းရတာလည်း လုပ်ခဲ့ရပြန်ပါတယ်။
တကယ်တော့ တရားစီရင်ရေးနဲ့ ပတ်သက်ရင် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်က လုပ်ရမှာ
နှစ်ခုပဲ ရှိပါတယ်။
တရားသူကြီးတွေ လာဘ်ပေးလာဘ်ယူလုပ် အဂတိလိုက်စားတယ်ဆိုရင် အရေးယူတဲ့နည်းနဲ့
ထိန်းကျောင်းရမှာ ဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံ
အကောင်အထည် ဖော်ပေးရမှာပဲ ဖြစ်ပါတယ်။
အခု ဒီသေးငယ်တဲ့ တရားမ မှုခင်းလေးမှာတောင် လိုက်နာမှုမရှိ၊ အကောင်အထည်ဖော်
မပေးတာကို ကြည့်ရင် မြန်မာနိုင်ငံမှာ တရားစီရင်ရေး မဏ္ဍိုင်ဆိုတာဟာ လွတ်လပ်မှုလည်းမရှိ၊
ကျန် မဏ္ဍိုင်ကြီးနှစ်ခုကလည်း လေးစားမှု လုံးဝမရှိတဲ့ အနေအထားမျိုးကို မြင်တွေ့ ကြရမှာပါ။
အခုလို အမှုအခင်းပေါင်း မြန်မာနိုင်ငံမှာ ဘယ်လောက် များနေပြီလဲ မပြောနိုင်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ တရားစီရင်ရေး မဏ္ဍိုင်ကို အကြီးအကျယ် ပြုပြင်ဖို့လိုနေတယ်
ဆိုတာကို ဘယ်သူမှ မငြင်းကြပါဘူး။
ဒါပေမဲ့ ဒီလို ပြုပြင်ပြောင်းလဲရာမှာ အခြားမဏ္ဍိုင်ကြီး နှစ်ရပ်က တရားစီရင်ရေး မဏ္ဍိုင်ကို
လေးစား အသိအမှတ်ပြုဖို့၊ ၀င်ရောက် လွှမ်းမိုးစွက်ဖက်မှု လုံးဝ မလုပ်ဘဲ လွတ်လပ်စွာ
တရားစီရင်ခွင့်ပေးပြီး စီရင်လိုက်တာတွေအပေါ် လက်ခံအကောင်အထည်ဖော်ပေးကြဖို့
ဆိုတာကနေ အစပြုရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















