အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၄)

အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၄)

အသွင်ကူးပြောင်းရေးကာလမှာ ဘယ်လိုတရားမျှတမှုမျိုးကို ရွေးချယ်ကြမလဲ လူတွေက ပြောကြပါတယ်၊ အေးချမ်းသာယာစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့၊ တစ်ယောက် အပေါ်တစ်ယောက် ယုံကြည်စိတ်ချရမှုတွေ ရှိကြဖို့၊ မေတ္တာ ကရုဏာတရား၊ ကိုယ်ချင်းစာ တရားတွေ ထားနိုင်ကြဖို့၊ ဒီမိုကရေစီနည်း လမ်းကျစွာ အာဏာခွဲဝေခြင်းအစီအစဉ် ပီပီပြင်ပြင် ဖြစ်လာစေဖို့အတွက်ဆိုရင် ကနဦးလိုအပ်ချက်က ဒီတိုင်းပြည်မှာ တရားမျှတမှု ရှိပြီးသား ဖြစ်နေမှရမယ်လို့။

အသွင်ကူးပြောင်းရေးကာလမှာ ဘယ်လိုတရားမျှတမှုမျိုးကို ရွေးချယ်ကြမလဲ လူတွေက
ပြောကြပါတယ်၊ အေးချမ်းသာယာစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့၊ တစ်ယောက် အပေါ်တစ်ယောက်
ယုံကြည်စိတ်ချရမှုတွေ ရှိကြဖို့၊ မေတ္တာ ကရုဏာတရား၊ ကိုယ်ချင်းစာ တရားတွေ ထားနိုင်ကြဖို့၊
ဒီမိုကရေစီနည်း လမ်းကျစွာ အာဏာခွဲဝေခြင်းအစီအစဉ် ပီပီပြင်ပြင် ဖြစ်လာစေဖို့အတွက်ဆိုရင်
ကနဦးလိုအပ်ချက်က ဒီတိုင်းပြည်မှာ တရားမျှတမှု ရှိပြီးသား ဖြစ်နေမှရမယ်လို့။

ဒီလိုတရားမျှတမှု ရှိပြီးသားဆိုတာကလည်း အတိတ်တုန်းက ကျူးလွန်ဖောက်ဖျက်ခဲ့မှုတွေကို
အသိအမှတ်ပြုပြီး၊ အပြစ်ဒဏ်ပေးပြီးလည်း ဖြစ်ရမယ်လို့ ဆိုကြပါသေးတယ်။

သူတို့ပြောတာကို အကြမ်းဖျင်း နားလည်မှုနဲ့ပဲ စဉ်းစားကြည့်မယ်ဆိုရင်တော့
ရန်လိုသူတွေကလည်း ရန်ပိုလုပ်လာမယ်။

ခုခံ ကာကွယ်လိုသူတွေကလည်း ပိုပြီးအကာအကွယ်တွေ လက်ဦးမှုရယူတာတွေ
လုပ်လာပါလိမ့်မယ်။

လူတိုင်း ကိုယ်ပိုင်တဲ့ လက်နက်ကို ဆွဲကိုင်ထားကြပြီး အဆိုးကျော့ သံသရာထောင်ချောက်ထဲက
ထွက်လမ်း မမြင်ရတော့ပါဘူး။

ဒါပေမဲ့ ဒီနေရာမှာ တရားမျှတမှုဆိုတာ ဘာလဲ၊ ဒါက အရေးကြီးတယ်။

ကျွန်တော်တို့က တရား မျှတမှုရဲ့ သဘောသဘာဝကို ပိုပြီး လေးလေးနက်နက်ထား
စဉ်းစားကြည့်ဖို့ လိုပါလိမ့်မယ်။

အကျိုးသင့် အကြောင်းသင့် ဖြစ်စေခြင်း၊ ဆင်ခြင်တုံတရားနဲ့အညီ ဖြစ်စေခြင်းဆိုတဲ့ တရားမျှတမှုမှာ
ကာလဒေသ အခြေအနေကို လိုက်ပြီး သဘောသဘာဝအမျိုးမျိုး ရှိနိုင်တာကို စဉ်းစားဆင်ခြင်နိုင်
ကြပါတယ်။

ကျွန်တော်တို့ စဉ်းစားဆွေးနွေးနေကြတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလ၊ ပဋိပက္ခလွန်
ကာလနဲ့ ပြန်လည်ရင်ကြားစေ့ရေးကာလတွေမှာ တရားမျှတခြင်းအမျိုးအစား အနည်းဆုံး လေးမျိုး
ရှိနိုင်တာကို သွားတွေ့ရပါတယ်။

ဥပဒေနဲ့အညီ တရားစွဲဆိုခြင်းအပေါ်မှာ အခြေခံတဲ့ ဒဏ်ခတ်အရေးယူသော တရားမျှတမှု
(Retributive Justice)၊ ညှိနှိုင်းဖြန်ဖြေ ခြင်းအပေါ်မှာ အခြေခံထားတဲ့ အားသစ်လောင်းသော
တရားမျှတမှု (Restorative Justice)၊ အမှန်တရားကော်မရှင်များက ထုတ်ဖော်ပေးတဲ့
သမိုင်းဆိုင်ရာ တရားမျှတမှု (Historical Justice) နဲ့ ပေးလျော်ခြင်း မူဝါဒအရ ရည်ရွယ်ထားတဲ့
အလျော်ပေးသော တရားမျှတမှု (Compensatory Justice)တို့ပဲ ဖြစ်ပါတယ်။

ဒီတရားမျှတမှု ခေါင်းစဉ် လေးမျိုးအောက်မှာကိုပဲ နောက်ထပ် ကွဲပြားခြားနားစရာ အကြောင်းတွေ
ရှိပါသေးတယ်။

ကမ္ဘာ့အရှေ့ကလူနဲ့ အနောက်ကလူ (ယဉ်ကျေးမှုချင်း မတူညီမှု)၊ တောင်ကလူနဲ့ မြောက်ကလူ
(ဖွံ့ဖြိုးမှုခြင်း မတူညီမှု)တွေရဲ့ ရှုထောင့်ချင်း တန်ဖိုးထားမှုချင်း မတူညီကြပါဘူး။ ကိုယ့်စံနှုန်းနဲ့
ကိုယ်ပါ။

တချို့က အမှန်တရားအကြောင်း၊ တရားမျှတမှုအကြောင်းနဲ့ အသွင်ကူးပြောင်းရေးကာလ
တရားမျှတမှု အကြောင်း၊ ပြန်လည် ရင်ကြားစေ့ရေး အကြောင်းပြောတာနဲ့ မဆီမဆိုင်
အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) လိုဟာမျိုးနဲ့ သွားနှိုင်းယှဉ်ပြီး ခြောက်လှန့်တတ်
ကြတယ်။

ဒါဟာ ပြန်လည် ရင်ကြားစေ့ရေးကို ကဖျက်ယဖျက်လုပ်တဲ့ သဘော၊ တစ်ယောက်နဲ့ တစ်ယောက်
နီးကပ် မလာဘဲ ဝေးကွာသွားစေတဲ့ သဘောလို့ ကျွန်တော်ထင်ပါတယ်။

အနောက်တိုင်းက လူတချို့ကတော့ ကျူးလွန်ဖောက်ဖျက်ခဲ့သူတွေဟာ အပြစ်ဒဏ်ပေးခြင်းက
ကင်းလွတ်ခွင့် မရစေသင့်ဘူး။

သူတို့ ကျူးလွန်ခဲ့မှုအတွက် တန်ဖိုးတစ်စုံတစ်ရာ ပေးဆပ်မှုရှိရမယ်လို့ အယူရှိသူများဖြစ်ကြတာ
မှန်ပါတယ်။

ဒါပေမဲ့ ဒီအယူအဆကို လက်မခံနိုင်သူတွေလည်း အများအပြား ရှိကြပါတယ်။

ဆိုးဝါးကြမ်းတမ်းတဲ့ အတိတ်ကပြစ်မှုကြောင်း တချို့အတွက် တရားစွဲဆိုခြင်းမပြုသင့်တဲ့
အကြောင်းပြချက်တွေလည်း အများအပြားရှိပါတယ်။

နိုင်ငံရေးဆိုင်ရာ အကြောင်းတရားတွေကြောင့် ပဋိပက္ခလွန် အခြေအနေ(အထူးသဖြင့်
လက်နက်ကိုင် ပဋိပက္ခလွန် အခြေအနေ) တစ်ရပ်မှာ ကျင့်သုံးရမယ့် မဟာဗျူဟာတစ်ရပ်အနေဖြင့်
ဒဏ်ခတ်အရေးယူသော တရားမျှတမှုကို ကျင့်သုံးလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခလွန်ကာလဆိုတာ တစ်ဖက်နဲ့တစ်ဖက် ဆတ်ဆတ်
ထိမခံနိုင်ကြသေးတဲ့ အခြေအနေပါ။

အင်အား ချိန်ခွင်ညှာ၊ လူထုထောက်ခံမှု၊ ဩဇာအာဏာ လွှမ်းမိုးမှုတို့ဟာ မတိမ်းမယိမ်းရှိနေသေးတဲ့
အခြေအနေပါ။

ဒီလိုမီးခဲပြာဖုံးဖြစ်နေတဲ့ အခြေအနေမျိုးမှာ တစ်ဖက်ကို တစ်ဖက်က ရုံးတင် တရားစွဲကြမယ်ဆိုရင်
မီးလောင်ရာလေပင့် ဆိုသလို ပဋိပက္ခမီးတွေ ပြန်လည်တောက် လောင်လာနိုင်ပါတယ်။

အဲဒီ ပဋိပက္ခက ယခင် ပဋိပက္ခထက် အဆပေါင်းများစွာ ပိုကြီးထွားလာနိုင်တဲ့အတွက်
ဒီလိုတရားစွဲတဲ့ လုပ်ဆောင်ချက်ဟာ အကျိုးသင့်အကြောင်းသင့် လုပ်တာ မဟုတ်ဘူး။

ဆင်ခြင်တုံတရားနဲ့အညီ လုပ်တာလည်း မဟုတ်တော့ဘူး။ အဲဒါကြောင့် တရားမျှတမှုလို့လည်း
ခေါ်လို့မရတော့ဘူးပေါ့။

ဒါပေမဲ့ လူထုကလည်း တောင်းဆို၊ နှစ်ဖက်ကလည်း လက်ခံနိုင်တဲ့ တချို့သီးသန့် ကိစ္စတွေမှာတော့
ဒဏ်ခတ်အရေးယူသော တရားမျှတမှုကို နိုင်ငံအတော်များများမှာ သုံးစွဲတာတွေ့ရပါတယ်။

အဲဒီလိုသုံးစွဲတဲ့အခါမှာလည်း အခြားသော တရားမျှတမှုနည်းလမ်းများနဲ့အတူ အတော်ကြီးကို
သတိထားပြီး သုံးစွဲလေ့ရှိပါတယ်။

ဒဏ်ခတ်အရေးယူသော တရားမျှတမှုဟာ တရားရုံးများရဲ့ ကျင့်ထုံးများအတိုင်း
ပြစ်မှုအကြောင်းအရာနဲ့ ကျူးလွန်ဖောက်ဖျက်သူကို ဘယ်လိုအရေးယူရမလဲဆိုတာကိုသာ
အလေးပေးစဉ်းစားတာမို့ နစ်နာခဲ့ရတဲ့လူတွေရဲ့ လိုအပ်ချက်တွေ၊ ခံစားချက်တွေဟာ
လျစ်လျူရှုခြင်းခံရသလို ဖြစ်စေနိုင်ပါတယ်။

တစ်ခါတစ်ရံမှသာ နစ်နာသူရဲ့ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားကြပါတယ်။

ကျွန်တော်တို့က အသွင်ကူးပြောင်းရေးကာလမှာ တစ်မျိုးသားလုံး ပြန်လည် ရင်ကြားစေ့ရေး
အတွက် ဦးတည်ဆွေးနွေးနေကြတာဖြစ်လေတော့ ကျွန်တော်တို့လိုချင်တာက အနစ်နာခံခဲ့ရတဲ့
လူတွေအတွက် အနာကျက်စေဖို့ဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူသော တရားမျှတမှုက အမှန်တရားကို အသိအမှတ်ပြုမှုအပိုင်းမှာ
အားကောင်းသော်လည်း အနာကျက်စေတဲ့ အပိုင်းမှာတော့ အနည်းငယ် အားနည်းနိုင်ပါတယ်။

ဒဏ်ခတ်အရေးယူသော တရားမျှတမှုအတွက် ပြည့်စုံလုံလောက်သော တရားစီရင်မှု တစ်ခုမှာ
အကျိုးအကြောင်း ခိုင်လုံစေရန် သက်သေခံ အထောက်အထားပစ္စည်းတွေက အရေးကြီးပါတယ်။


လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နစ်နာခဲ့ရတဲ့ကိစ္စ၊ တချို့ကိစ္စတွေဟာဆိုရင် မိဘဘိုးဘွားလက်ထက်က
ဖြစ်ခဲ့ရတဲ့ကိစ္စ တွေဆိုတော့ တမင်ရည်ရွယ်ချက်နဲ့ စုဆောင်း သိမ်းဆည်းထားပြီး
နောက်မျိုးဆက်တွေ လက်ထက်တိုင် အဆင့်ဆင့်လွှဲပြောင်းပေးနိုင်မှ တရားရုံးရဲ့လိုအပ်ချက်
ပြည့်မီနိုင်ပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးကလည်း အတော်ရှားပါတယ်။

အထောက်အထားမပြည့်စုံရင် စွပ်စွဲခံရသူ လွတ်မြောက်သွားနိုင်တာဖြစ်တော့ အမှန်တရားကို
ဖော်ထုတ်နိုင်ခြင်း၊ အသိအမှတ်ပြုပေးနိုင်ခြင်းပင် မရရှိတော့ဘဲ နစ်နာခဲ့ရသူအတွက်
ထပ်မံနစ်နာစေပါတယ်။

ဒါ့ပြင် ဒဏ်ခတ်အရေးယူသော တရားစီရင်ရေး လုပ်ငန်းရဲ့ ဖွဲ့စည်းမှုနဲ့ လုပ်ထုံးလုပ်နည်းများအရ
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသွင်ကူးပြောင်းမှုတစ်ခု၊ သို့မဟုတ် ပဋိပက္ခလွန် အခြေအနေ
တစ်ရပ်မှာ စစ်ဆေးစီရင်ရမယ့် အမှုအတွက် အမှုတစ်ခုချင်းမှာ သက်ဆိုင်တဲ့ လူအရေအတွက်
တွေက အလွန်များပြားနိုင်တာမို့ တရားရုံးအရေအတွက် မလုံလောက်နိုင်ပါဘူး။

ဒါဟာလည်း ဒဏ်ခတ်အရေးယူသော တရားမျှတမှုလုပ်ငန်းရဲ့ ကြီးမားတဲ့ ကန့်သတ်ချက်ပါပဲ။

ဒီထက် ပိုဆိုးနိုင်တာ တစ်ချက်ကတော့ ခွင့်လွှတ်ချင်သူတိုင်းက ခွင့်လွှတ်လို့ မရ၊ တောင်းပန်ချင်သူ
တွေကလည်း မတောင်းပန်နိုင်၊ အမှုနိုင်ဖို့သာ ကြိုးပမ်းရတဲ့အခါ တခြားတစ်ဖက်ရဲ့အားနည်းချက်ကို
ရှာဖွေဖော်ထုတ်ရခြင်းများကြောင့် အငြင်းပွားစရာ အသစ်များ၊ ရန်လိုမှုအသစ်များ ဖြစ်ပေါ်စေနိုင်ခြင်း
ပါပဲ။

ဒါဟာပြန်လည် ရင်ကြားစေ့ရေးအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ကိစ္စပါ။ ပြစ်မှုကြောင်းအရ
တရားစွဲဆိုမှုတချို့ဟာ ပြန်လည်ရင်ကြားစေ့ရေးလုပ်လို့ မရနိုင်လောက်အောင် ဖြစ်ခဲ့တာတွေရှိတဲ့
အတွက် တချို့နိုင်ငံတွေမှာတော့ ဒီအကျပ်အတည်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊
အားသစ်လောင်းသော တရားမျှတမှုယန္တရား ထူထောင်ခြင်း၊ ပေးလျော်ခြင်းနည်းလမ်းတို့နဲ့
ဆက်လက် ဖြေရှင်းကြတာ တွေ့ရပါတယ်။

အုပ်ချုပ်ရေး အသွင်သစ်ကူးပြောင်းမှု စတင်တဲ့ကာလ၊ သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး
ပြည်တွင်းစစ်ပြီးဆုံးစ ကာလဟာ ပြန်လည်ရင်ကြားစေ့ရေးအတွက် အခွင့်အရေးပေါ်ထွန်းနိုင်တဲ့
ကာလများပါပဲ။

လူထုအတွက် အလွန်အရေးကြီးတဲ့ ဒီအခွင့်အရေးကို လက်လွတ်ခံ ဆုံးရှုံးခြင်း မဖြစ်ရအောင်ဆိုရင်
အကြမ်းဖက်မှုများ အသစ်တစ်ဖန် ပြန်လည်ပေါ်လာနိုင်တဲ့ အန္တရာယ်မှန်သမျှကို ကန့်သတ်နိုင်ဖို့
ကျွန်တော်တို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ပြန်လည်ရင်ကြားစေ့ရေးရဲ့ ပထမအဆင့်ဖြစ်တဲ့ အတူတူယှဉ်တွဲနေထိုင် လုပ်ကိုင်ကြတဲ့အဆင့်မှာ
စောစောက တင်ပြခဲ့သလို ပဋိပက္ခမီးပြန်တောက်လာခဲ့ရင် အရင်ကထက်ပိုပြီး သွေးထွက်သံယိုမှုနဲ့
ဆုံးရှုံးမှု ပိုများပါမယ်။

ပြန်လည်ရင်ကြားစေ့ရေးလုပ်တယ်ဆိုတာ မိမိကိုယ်မိမိ ယုံကြည်မှုနဲ့ အချင်းချင်းအပြန်အလှန်
ယုံကြည်စိတ်ချရမှုကို တဖြည်းဖြည်းချင်း တည်ဆောက်ယူရတာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ
ယဉ်ကျေးမှုကိုလည်း ထူထောင်ပေးတာဖြစ်ပါတယ်။

ဒါဟာ တိုင်းပြည်တည်ငြိမ် အေးချမ်းအောင်ရော၊ ပေါင်းစည်းစွမ်းအင်ပေါ်ထွန်းလာပြီး
ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ရော ပြန်လည် ရင်ကြားစေ့ရေးက လုပ်ပေးနိုင်တယ်ဆိုတာ
ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာပါပဲ။

ဒဏ်ခတ်အရေးယူသော တရားမျှတမှုကို ထောက်ခံကြသူတွေကလည်း ပြန်လည် ရင်ကြားစေ့ရေး
လုပ်ရမယ်ဆိုတာတော့ လက်ခံကြပါတယ်။

ဒါပေမဲ့လည်း သူတို့အဆိုအရ ပြစ်မှုကြောင်းနဲ့ တရားစွဲဆိုခြင်း ရှိမှသာ ပြင်းထန်ဆိုးဝါးသော
ပုဂ္ဂိုလ်ရေး လက်စားချေမှုတွေကို ရှောင်ရှားနိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုမလုပ်ရင် ရပ်ကွက်ကျေးရွာ လူမျိုးအုပ်စုတွေအတွင်းမှာ ကိုယ့်တရား ကိုယ်စီရင်တာမျိုးတွေ
ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

တစ်ဖက်ခေါင်းဆောင်ကို တခြားတစ်ဖက်က အမျိုးမျိုးစွပ်စွဲပြီး တခြားလူတွေနဲ့ ပူးပေါင်း ကြံစည်
လာကြလိမ့်မယ်။

ပဋိပက္ခလွန်ကာလလ အနည်းငယ်အတွင်းမှာ အသစ်တက်လာတဲ့ အုပ်ချုပ်ရေးဟာ ခိုင်မာတဲ့
တရားစီရင်ရေးနည်းလမ်းနဲ့ အတိတ်က ကျူးလွန်ဖောက်ဖျက်သူများကို အရေးယူခြင်း မလုပ်နိုင်ခဲ့ရင်
အဲဒီ လူတွေဟာ ခေါင်းပြန်ထောင်လာပြီး လက်ရှိအုပ်ချုပ်ရေးကို အဖျက်အမှောင့်တွေ၊ ၀င်ရောက်
နှောင့်ယှက်မှုတွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကျူးလွန်ဖောက်ဖျက်ခဲ့တဲ့ လူတွေကို တရားစွဲအရေးယူလိုက်တာဟာ နစ်နာခံခဲ့ရတဲ့ လူတွေအတွက်
ကျေနပ်မှုရစေပြီး အနာကျက်စေလိမ့်မယ်၊ အမှန်တရားကို အသိအမှတ်ပြုပေးရာလည်းကျတယ်၊
နောက်ပြီး လူ့အဖွဲ့အတွင်းမှာ ရှိနေကြတဲ့လူတွေ ဒီလို ကျူးလွန်ဖောက်ဖျက်ခဲ့ရင် ဒီလိုအရေးယူခံရ
မယ်ဆိုတဲ့ ကိုယ့်ကျင့်တရားဆိုင်ရာ အသိစိတ်ဓာတ်ကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

တရားရုံးမှာ စစ်ဆေးစီရင်တာဟာ အပြစ်ကျူးလွန်သူကို ကျူးလွန်တဲ့အတိုင်း အတာအလျောက်
အပြစ်ပေးခြင်းဖြစ်လို့ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ ခွဲခြားထားခြင်းမရှိဘူး။

ဒါကြောင့် လူမျိုးဘာသာ ဒေသအသင်းအဖွဲ့ အုပ်စုတွေအပေါ်မှာ အပြစ်ပုံချခြင်း၊ စွပ်စွဲခြင်း၊
အုပ်စုချင်း ပဋိပက္ခတွေ မရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။

ဒါမှ အုပ်ချုပ်ရေးအသစ်ရဲ့ စွမ်းဆောင်ရည်အပေါ် ပြည်သူလူထုက ယုံကြည်မှုရှိလာပြီး ဒီမိုကရေစီရဲ့
တန်ဖိုး ကိုလည်း ခိုင်မြဲစေတယ်။

တခြားတစ်ဖက်က ပြန်ကြည့်ရင်လည်း ကျူးလွန်ဖောက်ဖျက်သူတွေကို တရားမစွဲနိုင်ခဲ့ရင် လက်ရှိ
နိုင်ငံရေးစနစ်နဲ့ သူ့ရဲ့တန်ဖိုးအပေါ် လူထုက မယုံကြည်မှုတွေနဲ့ အဆိုးမြင်မှုတွေကို
တိုးပွားလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒဏ်ခတ်အရေးယူသော တရားမျှတမှု၊ သို့မဟုတ် တရားရုံးများမှာ တရားစွဲဆိုခြင်းကသာ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြမ်းကြုတ် ရက်စက်သော လုပ်ရပ်များကို ထိရောက်စွာ
တားဆီးနိုင်တယ်လို့ ဆိုကြပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာ ဒဏ်ခတ် အရေးယူသော
တရားမျှတမှုအစီအစဉ်ကို များသောအားဖြင့် ဥရောပ၊ လက်တင်အမေရိကနဲ့ အာဖရိကနိုင်ငံတချို့မှာ
သုံးစွဲခဲ့ကြောင်း တွေ့ရပါတယ်။

အမျိုးသား အဆင့်ခုံရုံးတွေ ဖွဲ့စည်းပြီး စစ်ဆေး စီရင်ခဲ့တာကို ၁၉၇၄ ခုနှစ် ဂရိနိုင်ငံ၊ ၁၉၈၅ ခုနှစ်
အာဂျင်တီးနားနဲ့ ၁၉၉၂ ခုနှစ် အီသီယိုးပီးယားတို့မှာ တွေ့ရပါတယ်။

အာဂျင်တီးနားနိုင်ငံ အသွင်ကူးပြောင်းရေးမှာ တရားရုံးများက ယခင်စစ်အစိုးရနဲ့ စစ်ဘက်
ခေါင်းဆောင်တချို့ကို ဆင့်ခေါ်မှု ရှိခဲ့သော်လည်း စစ်တပ်ရဲ့ ဖိအားပေးမှုကြောင့် စစ်ဆေးမှု
အစီအစဉ်ကို နှစ်နှစ်အကြာမှာ လုံးဝရပ်တန့် ပစ်ခဲ့ရတာ တွေ့ရှိရပါတယ်။

အပြည်ပြည်ဆိုင်ရာ အထူး ခုံရုံးများနဲ့ စစ်ဆေးတာကိုတော့ ၁၉၉၃ ခုနှစ်မှာ ယူဂိုဆလားဗီးယား၊
၁၉၉၄ ခုနှစ်မှာ ရဝမ်ဒါတို့မှာ လုပ်ခဲ့တာတွေ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ ခုံရုံးဆိုပေမယ့် ဒီခုံရုံးတွေဟာ ဒုတိယကမ္ဘာစစ်အပြီး လုပ်ခဲ့တဲ့
နျူရင်ဘတ်ခုံရုံးတွေနဲ့ လုံးဝ ကွာခြားပါတယ်။

နျူရင်ဘတ်မှာ တုန်းကတော့ စစ်အောင်နိုင်သူများရဲ့ တရားမျှတမှု သဘောထားအရ စစ်ဆေး
စီရင်တာဖြစ်ပြီး ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါခုံရုံးတွေကတော့ နိုင်ငံတော်တည်ဆောက်ရေး၊
တရား ဥပဒေစိုးမိုးရေးအမြင်နဲ့ စီရင်ခဲ့တာဖြစ်လို့ ပိုပြီး တရားမျှတမှုရှိတယ်လို့ ကမ္ဘာက
မြင်ကြရပါတယ်။

အမျိုးသားအဆင့်နဲ့ နိုင်ငံတကာအဆင့် စပ်ကြားပုံစံ တရားရုံးတွေကိုတော့ ဆီယာရာလီယွန်နိုင်ငံမှာ
ကုလသမဂ္ဂ လုံခြံုရေးကောင်စီက စီစဉ်ပြီး ဖွဲ့စည်းပေးခဲ့တာရှိပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ တုန်းကလည်း ဒီသဘောမျိုး ဖွဲ့စည်းပေးဖို့ ကုလသမဂ္ဂကကြံရွယ်ခဲ့ပေမယ့်
အစိုးရအဖွဲ့နဲ့ သဘောထားခြင်း မတိုက်ဆိုင်လို့ ၂၀၀၂ ခုနှစ်မှာ ဒီအစီအစဉ် အားလုံးကို
စွန့်လွှတ်ခဲ့ရပါတယ်။

ကျွန်တော်တို့ လေ့လာတွေ့ရှိရ သလောက်ကတော့ ဒဏ်ခတ်အရေးယူသော တရားမျှတမှု
အစီအစဉ် တစ်မျိုးတည်းနဲ့ အသွင်ကူးပြောင်းတဲ့ကာလကို ဖြတ်ကျော်ခဲ့ကြတဲ့ နိုင်ငံတွေက
အနည်းစု ဖြစ်ပါတယ်။

ဒီအထဲမှာ အောင်မြင်မှု အပြည့်အဝ မရတာတွေလည်း ရှိပါတယ်။

အထူးသဖြင့် အရှေ့တိုင်းအတွက်ကတော့ ကမ္ဘောဒီးယားမှာ ထိန်းထိန်းသိမ်းသိမ်း
ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းပြီးတဲ့အချိန် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အမျိုးသားပြန်လည်
ရင်ကြားစေ့ရေးလုပ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ဘယ်လိုတရားမျှတမှု အစီအစဉ်တွေနဲ့
ခရီးဆက်သင့်ပါသလဲ။ ဆက်ဆွေးနွေးသွားပါ့မယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021