တိုင်းပြည်စာရင်းစနစ် သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း (၆)

တိုင်းပြည်စာရင်းစနစ် သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း (၆)

အပိုင်း(၅)၌ ၁၉၅၁ ခုနှစ်က ပြည်ထောင်စု မြန်မာနိုင်ငံတွင် မစ္စပီတာအေဒီ တွက်ချက်ခဲ့သော ၁၉၃၉-၄၀ ပြည့်နှစ်နှင့် ၁၉၄၆-၄၇ ခုနှစ်တို့အတွက် တိုင်းပြည်ဝင်ငွေ ခန့်မှန်းခြေပါ စိုက်ပျိုးရေးကဏ္ဍ၏ သီးနှံအမျိုးအစားများနှင့် ဆက်စပ်ကာ လက်ရှိဖြစ်ပေါ်နေသော MSIC ပြဿနာကို တင်ပြခဲ့ပါသည်။

အပိုင်း(၅)၌ ၁၉၅၁ ခုနှစ်က ပြည်ထောင်စု မြန်မာနိုင်ငံတွင် မစ္စပီတာအေဒီ တွက်ချက်ခဲ့သော
၁၉၃၉-၄၀ ပြည့်နှစ်နှင့် ၁၉၄၆-၄၇ ခုနှစ်တို့အတွက် တိုင်းပြည်ဝင်ငွေ ခန့်မှန်းခြေပါ
စိုက်ပျိုးရေးကဏ္ဍ၏ သီးနှံအမျိုးအစားများနှင့် ဆက်စပ်ကာ လက်ရှိဖြစ်ပေါ်နေသော MSIC ပြဿနာကို
တင်ပြခဲ့ပါသည်။

အကြောင်းမှာ နိုင်ငံများ၏ ရေ၊ မြေ၊ သဘာဝ၊ ဖွံ့ဖြိုးတိုးတက်မှု မတူညီခြင်းကြောင့် ထုတ်ကုန်
လုပ်ငန်းများ ကွဲပြားခြားနားမှုကို အခြေပြုကာ ISIC (International Standard Industrial
Classification of All Economic Activities) ကို နိုင်ငံအလိုက် ကိုယ်ပိုင်အမျိုးအစားများ
ခွဲခြားတင်ပြကြခြင်းကြောင့် ဖြစ်ပါသည်။

ယခုအပိုင်း(၆)၌ မစ္စပီတာအေဒီ၏ တွက်ချက်မှုကို ဆက်လက် တင်ပြပါမည်။

မစ္စပီတာအေဒီ၏ တွက်ချက်မှုတွင် သီးနှံအထွက်ကို အောင်ဧကအပေါ် အခြေခံပြီး မျိုးစေ့
လိုအပ်မှုကို စိုက်ဧကအပေါ် အခြေခံပါသည်။

စနစ်တကျတွေးခေါ် တွက်ချက်မှုဖြစ်ပါသည်။ သီးနှံ အလေအလွင့်ကို သုံးရာခိုင်နှုန်း
သတ်မှတ်သည်။ ငှက်၊ ကြွက်၊ တောရိုင်း တိရစ္ဆာန်များ ဖျက်ဆီးမှုများသည်လည်း အလေအလွင့်တွင်
ပါ၀င်သည်။

မစ္စပီတာ အေဒီ၏ အစီရင်ခံစာအရ လယ်ယာ၊ သစ်တောနှင့် သတ္တုတူးဖော်ခြင်း ကဏ္ဍများတွင်
ယုံကြည်ကိုးစားနိုင်လောက်သော စုစုပေါင်း ထုတ်ကုန် ခန့်မှန်းခြေများကို ရရှိနိုင်ခဲ့ပါသည်။

လယ်ယာကုန်ထွက် စုစုပေါင်းတန်ဖိုးသည် မြန်မာနိုင်ငံ၏ စုစုပေါင်းတိုင်းပြည် ကုန်ထွက်တန်ဖိုး၏
သုံးပုံတစ်ပုံ နီးပါးရှိခဲ့သည်။

တစ်ဖန်မစ္စပီတာအေဒီက ဒေါက်တာ ရာအို၏ ၁၉၃၁-၃၂ မြန်မာနိုင်ငံ၏ တိုင်းပြည် ၀င်ငွေ
ခန့်မှန်းခြေတွင် အားနည်းချက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ပျမ်းမျှခြင်းများအပေါ် အခြေခံမှုကို
ထောက်ပြခဲ့ပြီး ဒုတိယကမ္ဘာစစ် မတိုင်မီကာလဖြစ်သည့် ၁၉၃၈-၃၉ ခုနှစ်အတွက် မြန်မာနိုင်ငံ၏
တိုင်းပြည်ဝင်ငွေ ခန့်မှန်းခြေကို တွက်ထုတ်ခဲ့ပါသည်။

နောက်ပိုင်း မှတ်တမ်းများတွင် မစ္စပီတာအေဒီ၏ တိုင်းပြည်ဝင်ငွေ ခန့်မှန်းခြေတို့ကို
၁၉၃၈-၃၉ ခုနှစ်နှင့် ၁၉၄၆-၄၇ ခုနှစ်တို့ကို နှိုင်းယှဉ်မှုများကိုသာ အများဆုံး တွေ့ရှိရပါသည်။

ထိုနှစ်များက လယ်ယာစိုက်ပျိုးရေးကဏ္ဍက သီးနှံ ၄၃ မျိုး ခွဲကာ ထုတ်လုပ်မှုကို တွက်ချက်ခဲ့ပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးကဏ္ဍ၏ ထုတ်လုပ်မှုမှာလည်း ထိုသီးနှံ ၄၃ မျိုးနှင့်
မတိမ်းမယိမ်းဖြစ်ပြီး အမျိုးအစား အမြောက်အမြား တိုးပွားလာခြင်း မရှိပါ။

အကြောင်းမှာ သဘာဝမြေကပေးအပ်သော အမွေအနှစ်သည် တိုင်းပြည်အလိုက် ပင်ကို သဘာဝ
သီးခြားစီ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။

MSIC ပြုစုသူများ ရည်မှန်းသကဲ့သို့ လယ်ယာစိုက်ပျိုးကဏ္ဍတွင် တိုင်းပြည်အားလုံး တူညီမည်
မဟုတ်ပါ။

ကိုယ်ပိုင် ရေ၊ မြေ၊ သဘာဝ၊ ရာသီဥတုသီးခြားစီဖြစ်သဖြင့် MSIC မှာလည်း မိမိတို့ ရေ၊ မြေ၊
သဘာဝ၊ ရာသီဥတုကို ထင်ဟပ်သော လုပ်ငန်းအမျိုးအစားများသာ ဖြစ်ရန်လိုအပ်ပါသည်။

ထိုအကြောင်းရင်းခံကြောင့် ISICက နိုင်ငံအလိုက် ခွဲထုတ်ပြုစုခြင်းကို ဘောင်အတွင်းက
ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

စက်မှုကဏ္ဍတွင် ရည်မှန်းချက်ကြီးကြီး ထားနိုင်ပါသည်။

ဥပမာ- ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်အပြီး စက်မှုပစ္စည်းထုတ်ကုန်အသစ်များ မရေတွက်
နိုင်လောက်အောင် မြောက်မြားစွာ ထုတ်လုပ်ခဲ့ပါသည်။

၁၉၃၈-၃၉ ခုနှစ်နှင့် ၁၉၄၆-၄၇ ခုနှစ်က မစ္စပီတာအေဒီ တွက်ချက်ခဲ့သော လယ်ယာစိုက်ပျိုးရေး
ကဏ္ဍက သီးနှံအမျိုးအစား ၄၃ မျိုး နှင့် ၂၀၀၄-၀၅ ခုနှစ်မှ ၂၀၀၉-၁၀ ပြည့်နှစ် အထိ မြန်မာနိုင်ငံ၏
လယ်ယာစိုက်ပျိုးရေး ကဏ္ဍထုတ်လုပ်မှု တွက်ချက်သော သီးနှံ အမျိုးအစားတို့ကို
နှိုင်းယှဉ်ကြည့်ပါမည်။

ဖတ်ရှုရာတွင် လွယ်ကူစေရန် ၁၉၃၈-၃၉ ခုနှစ်နှင့် ၁၉၄၆-၄၇ ခုနှစ်များက သီးနှံအမျိုးအစားတို့ကို
ယခင်ဟုသုံးစွဲပြီး ၂၀၀၄-၀၅ ခုနှစ်မှ ၂၀၀၉-၁၀ ပြည့်နှစ်အထိ နှစ်များကို ယခုဟုသုံးစွဲပါမည်။

ယခင်က စပါးခေါင်းစဉ် တစ်ခုသာရှိခဲ့ပြီး ယခုစပါးကို မိုးစပါးနှင့် နွေစပါးဟု ခေါင်းစဉ် နှစ်ခုခွဲပါသည်။
သီးထပ်စိုက်ပျိုးခြင်းဖြစ်ပါသည်။ နွေစပါးစိုက် ဧကမှာ မိုးစပါး စိုက်ဧကထက် နည်းပါသည်။

ဂျုံနှင့် ပြောင်းတို့မှာ သီးနှံအမျိုးအစားအားလုံး ယခင်နှင့်ယခု အတူတူပင်ဖြစ်ပါသည်။

သို့သော် 'ပန်းဂျုံ' အမျိုးအစားတစ်ခု ယခုပိုလာပါသည်။

ပဲအမျိုးမျိုးတွင် ယခင်က အမျိုးအမည် ဖော်ပြသော ပဲ ရှစ်မျိုးနှင့် အခြား ပဲများအတွက် ထုတ်လုပ်မှုကို
တွက်ချက်ခဲ့ပြီး ယခုတွင် အမျိုးအမည်ဖော်ပြသော ပဲ ၁၇ မျိုး နှင့် အခြားပဲများအတွက်
တွက်ချက်ပါသည်။

ပိုလာသော ပဲအမျိုးအစားများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ဗိုလ်ကိတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲပုပ်၊ ပဲလွမ်း၊
ပဲရာဇာနှင့် ပဲနောက်တို့ ဖြစ်ကြပါသည်။

ဆီထွက်သီးနှံတွင် ယခင်က မြေပဲ၊ နှမ်းနှင့် မုန်ညင်းတို့ကိုစဉ်းစားခဲ့ပြီး ယခု ထိုလေးမျိုးအပြင်၊
နေကြာ၊ ဆီအုန်း ပန်းနှမ်း၊ သစ်ဆိမ့်နှင့် ဆီသပြေတို့ ပိုလာပါသည်။

မြေပဲ တွင် မိုးမြေပဲနှင့် ဆောင်းမြေပဲဟု ခွဲခြားပြီး နှမ်းတွင် မိုးနှမ်း၊ ဆောင်းနှမ်းနှင့် နွေနှမ်းဟု
ခွဲခြားပါသည်။

ယခင်က ၀ါတစ်မျိုးတည်းကို ဖော်ပြခဲ့ပြီး ယခု ၀ါကြီး၊ မလှိုင်ဝါ၊ ချည်မျှင်ရှည်ဝါ၊ ဂုန်လျှော်နှင့်
ချဉ်ပေါင်ရှည်တို့ ပိုလာပါသည်။

အခြားစက်မှုသုံးသီးနှံတွင် ယခင်က ကြက်ပေါင်စေးနှင့် ကြံသာ ပါ၀င်ခဲ့သော်လည်း ယခု ကြံကို
ချက်ကြံနှင့် စားကြံ ခွဲခြားပြီး ကြက်ပေါင်စေးအပြင် ကြက်ဆူကိုပါ ထည့်သွင်းထားပါသည်။

ယခု ထန်းပါ၀င်လာပါသည်။ ပိုးစာကိုလည်း ထည်သွင်းထားပါသည်။ ဆေးရွက်၊ ကွမ်းသီးနှင့်
ကွမ်းမှာ ယခင်နှင့်ယခု သီးနှံအမျိုးအစားချင်းတူပါသည်။

ဟင်းခတ် အမွှေးအကြိုင်အဖြစ်ယခင်က ငရုတ်နှင့် ကြက်သွန်နီတို့ကိုသာ ဖော်ပြခဲ့သော်လည်း
ယခု ငရုတ်ကို ငရုတ်စို(မိုး)၊ ငရုတ်စို(ဆောင်း)၊ ကြက်သွန်နီကိုလည်း မိုး၊ ဆောင်း ခွဲခြားပြီး
ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းကို ထည့်သွင်းထားပါသည်။

အာလူးကို ယခင်က သီးခြားခေါင်းစဉ်ဖြင့် မတွေ့ရသော်လည်း ယခု အာလူးကို မိုးအာလူး၊
ဆောင်းအာလူး ခွဲပါသည်။

ကော်ဖီစေ့နှင့် လက်ဖက်ရွက်စိမ်းတို့ကိုလည်း သီးခြားခေါင်းစဉ်များဖြင့် ယခု ပါ၀င်လာပါသည်။

အုန်းသီးမှာ ယခင်ကတည်းက သီးခြားခေါင်းစဉ်ဖြင့် စိုက်ဧက များဖြင့် ဖော်ပြခဲ့ပါသည်။

ယခင်က သစ်သီး အဖြစ် အုန်းသီးသာပါ၀င်ခဲ့သော်လည်း ယခု အုန်းသီးအပြင် ငှက်ပျောနှင့်
အခြားသစ်သီးပင်များ ပါ၀င်လာပါသည်။

ကွမ်းသီး၊ ကွမ်းရွက် နှင့် ဆေးရွက်တို့မှာ ယခင်နှင့်ယခု အမျိုးအစား မကွာခြားပါ။

စားသုံးပင်မဟုတ်သော ဓနိ၊ သက်ငယ်နှင့် ကျွဲ၊ နွားစာမှာလည်း ယခင်နှင့် ယခုအတူတူပင်
ဖြစ်ပါသည်။

ယခု သနပ်ဖက် ပိုလာပါသည်။ ထိုသီးနှံအမျိုးအစားတို့သည် တိုင်းပြည်ဝင်ငွေတွင် ထည့်သွင်း
တွက်ချက်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ စိုက်ပျိုးသီးနှံများ ဖြစ်ကြပါသည်။

ဂျီဒီပီဟုခေါ်ဆိုနေသည့် တိုင်းပြည်ဝင်ငွေကို မည်သို့တွက်ချက်သည်၊ စာရင်းအင်း ကိန်းဂဏန်းများ
မည်မျှအထိ မှန်ကန်သည်တို့ကို နိုင်ငံတိုင်းရှိ နိုင်ငံသူ၊ နိုင်ငံသားအားလုံး သိထားသင့်ပါသည်။


ဒေသအလိုက် စိုက်ပျိုးသီးနှံများမှာ ရေ၊ မြေကို လိုက်ပြီး အမျိုးအစားကွဲပြားပါသည်။

တန်ဖိုး သင့်ရာတွင် စိုက်ဧကကို တစ်ဧကအထွက်နှုန်းဖြင့် မြှောက်ပြီး စုစုပေါင်းအထွက်ကို
ဈေးနှုန်းဖြင့် မြှောက်ရပါသည်။

စိုက်ပျိုးဧက၊ တစ်ဧက အထွက်နှုန်းနှင့် တစ်ဧကကုန်ကျစရိတ်တို့ကို မြန်မာနိုင်ငံတွင် ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာနများက တွက်ချက်ကြသည်။

ယင်းတွက် ချက်မှုတို့သည် နိုင်ငံတကာတွက်ချက်သည့် နည်းစနစ်များနှင့် မူဘောင်ဝင်မှု ရှိမရှိ၊
တိုင်းပြည်စာရင်းစနစ် SNA နှင့် ကိုက်ညီခြင်း ရှိမရှိ ပြန်လည်ဆန်းစစ်ရန် လိုအပ်လာပါသည်။

ထို့ပြင် သီးနှံတို့၏ သဘာဝနှင့် နည်းပညာတို့ကို စိုက်ပျိုးရေးပညာရှင်များကသာ ပိုမို နားလည်
တတ်ကျွမ်းသည်နှင့်အညီ စိုက်ပျိုးရေးပညာရှင်များနှင့် စိုက်ပျိုးရေးစာရင်းအင်း (Agricultural
Statistics) ကို တာဝန်ယူတွက် ချက်သူများက ပူးပေါင်းမှုရှိရန် လိုအပ်ပါသည်။

သီးနှံများသည် ဒေသအလိုက် စိုက်ပျိုး ဖြစ်ထွန်းမှု ကွဲပြားကြသည်ဖြစ်ရာ သီးနှံအထွက်များကို
ဒေသအလိုက် စာရင်းပြုစုကြရပါသည်။

ဤတွင် ဒေသရုံးခွဲအလိုက်ဖွင့် လှစ်ထားသော ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနများ၊
စီမံကိန်းရုံးခွဲများနှင့် ဗဟိုစာရင်း အင်းအဖွဲ့ (CSO - Central Statistical Organization)
ရုံးခွဲများတွင် တာဝန်ထမ်း ဆောင်နေသူအားလုံး၏ စာရင်းအင်း ကိန်းဂဏန်းများ တန်ဖိုးကို
နားလည်မှုနှင့်စေတနာ အပေါ်မူတည်ပါသည်။

တိုင်းပြည်၏ ဂျီဒီပီသည် နိုင်ငံသူနိုင်ငံသားအားလုံး၏ စားဝတ်နေရေးနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ
အတွက် အရေးကြီးမူကို ပိုမိုပွင့်လင်းမြင်သာလာသော မြန်မာနိုင်ငံရှိ ၀န်ထမ်းများသည်
တိုးမြှင့်ခံစား လာရသော လုပ်ခလစာနှင့် တွဲဖက်လျက် စာရင်းအင်းကိန်းဂဏန်းများ တိကျမှုကို
ပိုမို အရေးစိုက်ကာ အားထုတ်စေလိုပါသည်။

မြန်မာနိုင်ငံတွင် တိုင်းပြည်စာရင်းစနစ် (SNA -System of National Account) ကို
အကောင်အထည်ဖော်ရန် ကဏ္ဍအလိုက် စာရင်းအင်း ကိန်းဂဏန်းများ ကောက်ယူ စုစည်းမှုနှင့်
တွက်ချက်ခန့်မှန်းမှုများကို ပြန်လည် ဆန်းစစ်ရန် လိုအပ်လာပါသည်။

စာရင်းအင်းကိန်းဂဏန်းများ မပြည့်စုံသော နိုင်ငံများအတွက် SNA အကောင်အထည်ဖော်ရန်
အရအသုံးဇယားများ (SUT - Supply and Use Tables)တည်ဆောက်ရန် လိုအပ်ကြောင်း
'တိုင်းပြည်စာရင်းစနစ်၊ သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း ၅' တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

SUT တည်ဆောက်မှုသည် ကုန်စည်စီးဆင်းမှု နည်း (Commodity Flow Method) အပေါ်
အခြေခံထားသည်။

ကုန်စည်စီးဆင်းမှု နည်း အရ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ထုတ် လုပ်မှုကို အောက်ပါညီမျှခြင်းဖြင့်
ခန့်မှန်း တိုင်းတာပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကုန်ထွက်ကို လယ်/ခြံထွက်ဈေးနှုန်း (Farm Gate Price)
ဖြင့် တန်ဖိုးဖြတ်သည်။

ကုန်စည်တစ်ခုတွင် အမျိုးအစား အမျိုးမျိုးကွဲပြားနေပါက ပျမ်းမျှ ဈေးနှုန်းဖြင့် တွက်ချက်သည်။

ပျမ်းမျှဈေးနှုန်းတွင် သာမန်အားဖြင့် အလေးတင်ပျမ်းမျှ ဈေးနှုန်း (Weighted Average Price) ကို
တွက်ချက်လေ့ရှိသည်။

အလေးတင်ပျမ်းမျှ ဆိုသည်မှာ ပါ၀င်သော အမျိုးအစား၏ ဝေစုအလိုက် ပျမ်းမျှခြင်းတွက်ချက်ခြင်း
ဖြစ်သည်။

လယ်/ခြံထွက် ဈေးနှုန်းဆိုသည်မှာ ထွက်ရှိသောနေရာ၌ သတ်မှတ်သော ဈေးနှုန်းဖြစ်ပြီး
သယ်ယူပို့ဆောင်စရိတ်၊ သို့မဟုတ် ဖြန့်ဖြူးရာတွင် ကုန်ကျသောစရိတ် မပါ၀င်ပေ။

လယ်ယာစိုက်ပျိုးရေးကဏ္ဍက ထုတ်ကုန်များ၏ လယ်/ခြံထွက်ဈေးနှုန်းကို တိုင်းပြည်စာရင်းစနစ်အရ
အခြေခံဈေးနှုန်း (Basic Price) အဖြစ် မှတ်ယူနိုင်သည်။

သီးနှံအလိုက် စိုက်ဧကကို လယ်ယာ သန်းခေါင်စာရင်း (Agricultural Census) က
စာရင်းရယူခြင်းကို ငါးနှစ်တစ်ကြိမ် လယ်ယာသန်းခေါင်စာရင်း ကောက်ယူလေ့ရှိသော နိုင်ငံများက
ကျင့်သုံးကြသည်။

ထို့ပြင် သီးနှံအလိုက် ကြားခံစားသုံးမှု (Intermediate Consumption) ကို ခန့်မှန်းရန်
နမူနာစစ်တမ်း များကောက်ယူလေ့ရှိကြသည်။

မှန်ကန်တိကျ ၍ ယုံကြည်ကိုးစားလောက်သော စာရင်းအင်း ကိန်းဂဏန်း ခန့်မှန်းခြေများရရှိရန်
နမူနာ စစ်တမ်းများကို စီစဉ်ကောက်ယူတွက်ချက်သော စာရင်းအင်းအပညာရှင်များနှင့် နမူနာ
စစ်တမ်း မေးခွန်းလွှာများ ပြင်ဆင်ရာတွင် သီးနှံစိုက်ပျိုးခြင်းကို နားလည်တတ်ကျွမ်းသော
စိုက်ပျိုးရေးပညာရှင်များ၏ အခန်းကဏ္ဍမှာ အရေးကြီးလှပေသည်။

မြန်မာနိုင်ငံတွင် ၁၉၉၃ မြန်မာ့လယ်ယာ သန်းခေါင်စာရင်းကို စနစ်တကျ ကောက်ယူခဲ့ပြီး
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်မှ ၅ ရက်နေ့အထိ အလုပ်ရုံ ဆွေးနွေးပွဲဖြင့် ရလဒ်များကို
ဆွေးနွေးခဲ့ကြပါသည်။

ထိုသန်းခေါင်းစာရင်းကို အလွန်စနစ်ကျစွာ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးစာရင်းအင်း
(Agricultural Statistics) ၏ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။

မစ္စပီတာအေဒီ၏ 'မြန်မာနိုင်ငံ စီးပွားရေး စာရင်းအင်းများ (Economic Statistics in Burma)'
ခေါင်းစဉ်ဖြင့် တင်သွင်းသော အစီရင်ခံစာတွင် အသေးစိတ်အချက်အလက် အထောက်အထား
အပြည့်စုံဆုံးကဏ္ဍမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး နှစ်စဉ် ထုတ်ဝေသော ရာသီဥတုနှင့်
ကောက်ပဲသီးနှံ အစီရင်ခံစာများကို ရည်ညွှန်းထားသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက မြေပုံများဖြင့် စိုက်ပျိုးဧရိယာများကို မှတ်တမ်းတင်ထားသော်လည်း
စစ်အတွင်းက မှတ်တမ်းတင်ထားသော မြေပုံတစ်ဝက်မှာ ပျက်စီးသွားခဲ့သည်ဟု
ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုတိယ ကမ္ဘာစစ်မတိုင်မီက ကြေးတိုင်ဆိုင်ရာ လုပ်ငန်းများ (Settlement Operations) သည်
စိုက်ပျိုးရေးတွင် အခွန်ကောက်ခံရန် ရည်ရွယ်ချက်ဖြင့် ခန့်မှန်းခြေများတွက်ချက်ရန် ဖြစ်ခဲ့ပါသည်။

မြေမှတ်တမ်းများစစ်တမ်း (Land Records Survey) သည် မြေပုံများကို အခြေခံထားသည်။

ယင်းစစ်တမ်းတွင် စိုက်ပျိုး မြေများကို ပိုင်ဆိုင်မှုများနှင့်အတူ မြေပုံပေါ်၌ မှတ်သားထားပြီး နှစ်စဉ်
သီးနှံစိုက်ပျိုးမှုကို မှတ်တမ်းတင်သည်။

သီးနှံအလိုက်အောင် ဧကကိုလည်း မှတ်တမ်းထားသည်။

ရွေးချယ်ထားသော အစမ်းရိတ်သိမ်းမှုများက သီးနှံအရည်အသွေးအလိုက် အထွက်များကို
တိုင်းတာသည်။

ထို့ပြင် ထုတ်လုပ်မှုစရိတ်ကို ခန့်မှန်းနိုင်ရန် လယ်သမားအချို့ကို မျိုးစေ့၊ ကျွဲနွားထိန်းသိမ်းမှု၊
စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးစသော မေးခွန်းများကို မေးမြန်းသည်။

ဒေသအလိုက် ကြေးတိုင် အစီရင်ခံစာများ (Settlement Reports) တွင် အနားသတ်အမှား
(Margin of Error) သည်လည်း ဒေသအလိုက် ကွဲပြားခြားနားမှုရှိကြသည်။

မှန်ကန်သော နမူနာဒီဇိုင်း (Proper Sampling Design) မရှိခြင်းကြောင့် အနားသတ်အမှားများ
ကြီးမားနေခဲ့သည်။

ခန့်မှန်းခြေ စာရင်းအင်းများ၌ အနားသတ်အမှားကို ပူးတွဲဖော်ပြနိုင်ခြင်းသည် စာရင်းအင်း
ကိန်းဂဏန်းတို့၏ အရည်အသွေးကို အကဲဖြတ်နိုင်စွမ်းကို ရည်ညွှန်းပေသည်။

မစ္စပီတာအေဒီ၏ အစီရင်ခံစာတွင် ကြေးတိုင်လုပ်ငန်းများ၌ မှန်ကန်သော စာရင်းအင်းဆိုင်ရာဒီဇိုင်း
(Proper Statistical Design) လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

ကျွမ်းကျင် စိုက်ပျိုးရေး စာရင်းအင်းပညာရှင်များသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏
အခြေအနေမှန်ကို တိကျစွာ အကဲဖြတ်ပေးမည့်သူများ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သော ၁၉၅၂ ခုနှစ် လယ်ယာသန်းခေါင်စာရင်းနှင့် ၁၉၉၃ ခုနှစ်
လယ်ယာသန်းခေါင်စာရင်းတို့တွင် နမူနာကောက် နည်းလမ်းများကို အသုံးပြုခဲ့သည်။

နမူနာ ကောက် နည်းလမ်းများကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုနိုင်လျှင် လိုအပ်သော
စာရင်းအင်းများကို အချိန်နှင့် ငွေသက်သာစွာ ရရှိနိုင်ပါသည်။

စာရေးသူသည် ၁၉၉၃ ခုနှစ် လယ်ယာ သန်းခေါင်စာရင်း ဆွေးနွေးပွဲများ၌ တက်ရောက်ခဲ့ရာ
ထိုအချက်ကို အပြည့်အဝ ထောက်ခံပြီး မျက်ဝါးထင်ထင် လေ့လာခဲ့ရပါသည်။

၂၀၀၃ ခုနှစ် လယ်ယာသန်းခေါင်စာရင်း၌ စာရင်းအပြည့် ကောက်ယူခဲ့သည်ဟု သိရသော်လည်း
စာရေးသူနှင့် ကင်းကွာခဲ့ပါသည်။

လက်ရှိ ပွင့်လင်းမြင်သာမှုကို ခွင့်ပြုခဲ့သောအချိန်တွင် မြေယာသိမ်းပိုက်မှု ပြဿနာအထွေထွေနှင့်
ရှုပ်ထွေးကာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်း ကိန်းဂဏန်းများ၏ မှန်ကန်တိကျမှုကို
ထင်ဟပ် ဖော်ပြနိုင်မည့် နည်းလမ်းများ လိုအပ်ပါလိမ့်မည်။

ယခင်က ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနဟု အမည် ပြောင်းလဲခဲ့ရာ စာရင်းအင်းကိန်းဂဏန်းများ၏ တန်ဖိုးကိုသိပြီး
ပိုမိုအလေးထားသင့်ပါသည်။

ဆက်လက်ဖော်ပြပါမည်



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021