အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၅)

အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၅)

ဒဏ်ခတ်အရေးယူသော တရားမျှတမှု ဖြစ်သင့်သလား နိုင်ငံရေး အသွင်ကူးပြောင်းမှုကာလ၊ သို့မဟုတ် ပဋိပက္ခလွန်ကာလ အထူးသဖြင့် ပြည်တွင်း လက်နက်ကိုင်စစ်ပွဲများ ပြီးဆုံးတဲ့ကာလတွေမှာ အုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေဟာ အလွန်ခက်ခဲရှုပ်ထွေးသော်လည်း မလွဲမသွေ လုပ်ပေးရမယ့် အစီအစဉ်တစ်ရပ်ကို ချမှတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒဏ်ခတ်အရေးယူသော တရားမျှတမှု ဖြစ်သင့်သလား နိုင်ငံရေး အသွင်ကူးပြောင်းမှုကာလ၊
သို့မဟုတ် ပဋိပက္ခလွန်ကာလ အထူးသဖြင့် ပြည်တွင်း လက်နက်ကိုင်စစ်ပွဲများ ပြီးဆုံးတဲ့
ကာလတွေမှာ အုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေဟာ အလွန်ခက်ခဲရှုပ်ထွေးသော်လည်း
မလွဲမသွေ လုပ်ပေးရမယ့် အစီအစဉ်တစ်ရပ်ကို ချမှတ်ဖို့ လိုအပ်ပါလိမ့်မယ်။

နိုင်ငံရေးဆိုင်ရာ ယန္တရားကို ပြန်လည်တည်ဆောက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနဲ့ အင်စတီကျူးရှင်းများ
ပြန်လည်တည်ဆောက်ခြင်း၊ ရပ်ရွာလူထုနဲ့ လူထုအဖွဲ့အစည်းများအတွက် လုံခြံုရေး အာမခံ
ပေးရခြင်း၊ အတိတ်ကာလက ခွဲခြားဆက်ဆံခဲ့မှုများကြောင့် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ခဲ့ရတဲ့ လူတွေကို
အနာကျက်အောင် လုပ်ပေးရခြင်းနဲ့ သူတို့ ခံစားနေရတဲ့ အတိ ဒုက္ခတွေကို သက်သာရာ
သက်သာကြောင်း ပြန်လည် ထူထောင်ပေးရခြင်း စသည်တို့ ဖြစ်ပါတယ်။

အတိတ်တုန်းက ကျူးလွန်ဖောက်ဖျက်ခဲ့ကြတဲ့ လူတွေနဲ့ပတ်သက်လို့ နောက်ဆုံးမှာ
ပြစ်မှုကြောင်းအရ တရားစွဲဖို့ဖြစ်လာရခြင်းဟာ လက်ရှိအုပ်ချုပ်ရေးက တာဝန်ရှိသူတွေအတွက်
စိန်ခေါ်မှုများစွာထဲက တစ်ခုဖြစ်ပါတယ်။

ဒီလိုအမှုတွဲတွေနဲ့ ပတ်သက်လို့ စစ်ဆေး စီရင်ဖို့ တရားဝင်တောင်းဆိုမှုတွေလည်း
ရှိလာနိုင်ပါတယ်။

တချို့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှုမှာတော့ ဒီလိုတရားစွဲ ဆိုမှုတွေဟာ ဆုပ်စူးစားရူးဆိုတဲ့
အခြေအနေနဲ့ ရင်ဆိုင်ကြရပါတယ်။

အခြေတည်စ ငြိမ်းချမ်းရေးနဲ့ ဖူးပွင့်စဒီမိုကရေစီတို့ရဲ့ ထိလွယ် ရှလွယ်အခြေအနေကို
ထိုးဆိတ်ခံလိုက်ရသလို သက်ရောက်မှုတွေ ဖြစ်စေပါတယ်။

ဒီလို အဖြစ်မျိုး ဘယ်နိုင်ငံကမျှ မခံယူလိုကြပါဘူး။

သာဓကအနေနဲ့ ပြောရမယ်ဆိုရင်တော့ ၁၉၈၀ ပြည့်လွန်နှစ်များက သူတို့နိုင်ငံတွေမှာ
ဒီလိုရလဒ်တွေ မဖြစ်စေဖို့အတွက် လက်တင် အမေရိကနိုင်ငံတွေက နိုင်ငံရေးခေါင်းဆောင်တွေက
အတိတ်ကလူ့အခွင့်အရေးကျူးလွန် ဖောက်ဖျက်ခဲ့သူတွေကို တရားစွဲဆိုရတဲ့ အခြေအနေအထိ
မရောက်အောင် အသေးစိတ်ကြိုတင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြတာ တွေ့ရပါတယ်။

သူတို့ ဘာကြောင့် ဒီလိုတရားစွဲဆိုဖို့ ငြင်းဆန်ခဲ့ကြပါသလဲ။ ဒ

ဏ်ခတ်အရေးယူသော တရားမျှတမှုဟာ ဆိုးကျိုးတွေကို အနည်းနဲ့အများ ဘယ်လိုဖြစ်ပေါ်
လာနိုင်သလဲဆိုတာကို ဆက်လက်ဆွေးနွေးတင်ပြပါမယ်။

ကျွန်တော့်စိတ်အထင်ကတော့ ၁၉၈၀ ပြည့်လွန်နှစ်များက လက်တင်အမေရိကနိုင်ငံများရဲ့
အသွင်ကူးပြောင်းမှုမှာ ကျွန်တော်တို့အတွက် နမူနာကောင်းတွေ အများကြီးရှိတယ်လို့
ထင်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရစအခြေအနေဟာ နိုင်ငံအားလုံးအတွက် သွေးနုသားနု အခြေအနေပါပဲ။

ဒဏ်ခတ် အရေးယူသော တရားမျှတမှု အစီအစဉ်အရ၊ တကယ်လို့ အတိတ်ကာလ
စစ်ခေါင်းဆောင်တွေကို တရားစွဲခဲ့မယ်ဆိုရင် ဒီမိုကရေစီဖွံ့ဖြိုးလာမှုကို နောက်ကြောင်းပြန်လှည့်
သွားစေမယ့် စစ်တပ်ရဲ့အာဏာသိမ်းမှု၊ သို့မဟုတ် ပုန်ကန်မှုတွေ ဖြစ်စေလိမ့်မယ်လို့ သူတို့
ခေါင်းဆောင်တွေက စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိခဲ့ကြတယ်။

သူတို့နိုင်ငံတွေရဲ့ အခြေအနေကလည်း ၁၉၈၀ ပြည့်လွန်နှစ်ကနေ ၂၀ ရာစု ကုန်ဆုံးချိန်အထိ
မတည်မငြိမ်မှု တစ်ခုခုဖြစ်ခဲ့တာနဲ့ သူတို့ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ
အကြီးအကျယ် ခြိမ်းခြောက်ခြင်းခံရမှာ သေချာပါတယ်။

အခုအချိန်မှာတော့ ဒီနိုင်ငံတွေက အတော်ကလေးကို ခံနိုင်ရည် ရှိနေကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုခံနိုင် ရည်ရှိဖို့ တည်ဆောက်နေစဉ်ကာလမှာ ကလဲ့စားချေလိုမှုကို ချိုးနှိမ်နိုင်ခဲ့ပြီး
မကျေနပ်မှုတွေ မခံချင်စိတ်တွေကို ရှေ့တန်း မတင်နိုင်အောင် လုပ်ခဲ့တာဟာ သူတို့
ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဉာဏ်ပညာ အမြော်အမြင်ရှိလို့ပဲဆိုတာ အထွေအထူး
ပြောစရာ မလိုတော့ပါဘူး။

ဥရုဂွေးနိုင်ငံမှာ သမ္မတ ဆန်ဂူအင်နက်တီတက်လာပြီးပြီးခြင်း သူ့နိုင်ငံရဲ့ အတိတ်က
ကိစ္စများအတွက် ဒဏ်ခတ်အရေးယူသော တရားမျှတမှု အစီအစဉ်ကို လုံးဝဖျက်သိမ်းပစ်ခဲ့ပါတယ်။

သူပေးတဲ့ အကြောင်းပြချက်ကတော့ "ဒီနေ့နိုင်ငံတစ်နိုင်ငံမှာ လူ့အခွင့်အရေးတွေကို အာမခံနိုင်ပြီး
ငြိမ်းချမ်းရေးကို ကျစ်လျစ် ခိုင်မာအောင်လုပ်ဖို့၊ သို့မဟုတ် ငြိမ်းချမ်းရေးရအောင် ညှိနှိုင်းပေးနိုင်တဲ့
အားသစ်လောင်းထားသော တရားမျှတမှုကို ရှာဖွေပေးနိုင်ဖို့ တို့ထက်ပိုပြီး တရားမျှတတာ
ဘာရှိသေး သလဲ"ဟူ၍ ဖြစ်ပါတယ်။

လက်တင်အမေရိကနိုင်ငံတွေဟာ ပကတိ အရှိတရားကို နားလည်လက်ခံနိုင်ခဲ့ကြတာကို
တွေ့ရပါတယ်။

"ဒီနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးကာလ ယေဘုယျ ရပ်တည်ချက်ကတော့ "အိမ်နောက်ဖေးမှာ
အိပ်ပျော်နေတဲ့ ကျားကြီးရှိနေတယ်"ဆိုတဲ့ ရပ်တည်ချက်ပါပဲ။

တရားစွဲဆိုမှုတွေဟာ နောက်ဆုံးမှာ စစ်အာဏာရှင်စနစ်ဆီကို ပြန်တွန်းပို့နိုင်တဲ့
အန္တရာယ်ရှိနေတယ်လို့ ဆိုလိုတာပါ။

ဒဏ်ခတ်အရေးယူသော တရားမျှတမှု အစီအစဉ်အတိုင်းသာ လိုက်နာခဲ့မယ်ဆိုရင်
အတိတ်ကာလက ကျူးလွန်ဖောက်ဖျက်ခဲ့ သူများဟာ တရားရုံးမှာ ပြစ်မှုထင်ရှား စီရင်ခြင်းခံရတဲ့အခါ
သူတို့ကိုယ်တိုင်က နိုင်ငံရေး၊ လူမှုရေးပတ်ဝန်းကျင်ကနေ ရုတ်တရက် ထွက်ခွာသွားပြီး
ထီးထီးဖြစ်စေသော်လည်း သူတို့ကို အားပေးထောက်ခံသူတွေ အုပ်စုကလေးတွေကတော့
အပြင်မှာ ကျန်ရှိနေခဲ့ ကြပါတယ်။

သူတို့လိုပဲ အခြားအုပ်စုလေး တွေ နဲ့ ကွန်ရက်ချိတ်ဆက်မိပြီး သီးခြားစရိုက် လက္ခဏာဆောင်တဲ့
အုပ်စုကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

သူတို့ဟာ ရေရှည်မှာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီ စုစည်းညီညွတ်မှုအပေါ်မှာ အနှောင့်အယှက်ပြု
လာနိုင်ပါတယ်။ ရန်လိုနေတဲ့ အုပ်စုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါဟာ ဒဏ်ခတ်အရေးယူသော တရားမျှတခြင်းရဲ့ ဆိုးကျိုးတစ်ခုပါပဲ။

ပဋိပက္ခလွန်ကာလ အုပ်ချုပ်ရေးအခြေအနေဟာ အုပ်ချုပ်ရေး ယန္တရားအဟောင်းရဲ့
ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိ မရှိအပေါ်မှာ အများကြီးတည်ပါတယ်။

အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးအပိုင်းတွေမှာ တာဝန်ယူခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေး
ခံယူချက်ကြောင့်ပဲဖြစ်ဖြစ်၊ အကျင့်ပျက်ခြစားမှုကြောင့်ပဲဖြစ်ဖြစ် အစိုးရယန္တရားများ သန့်ရှင်းရေး
အစီအစဉ်မှာ ပါသွားတာများခဲ့ရင် အုပ်ချုပ်ရေးအပိုင်း မသန်စွမ်းမှု ဖြစ်လာနိုင်ပါတယ်။

ဒါဟာလည်း တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက်
ဘေးအန္တရာယ် ကျရောက်စေပါတယ်။

ဥရောပအရှေ့ပိုင်းနဲ့ အလယ်ပိုင်းနိုင်ငံတချို့ဟာ ကွန်မြူနစ်ဝါဒအလွန် အုပ်ချုပ်ရေးကာလမှာ
အစိုးရဌာနများရဲ့ အကြီးတန်း ရာထူးနေရာ အများအပြားကို ပြုပြင်ပြောင်းလဲမှုများ
ပြင်ဆင်ဖွဲ့စည်းမှုများလုပ်ခဲ့စဉ်က ကိုးရိုးကားရားဖြစ်ခဲ့ကြတာကို သတိပြုမိနိုင်ကြပါလိမ့်မယ်။

မူလ အင်စတီကျူးရှင်းတွေကိုယ်တိုင်က လက်ရှိဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ အံမဝင်ခွင်မကျနဲ့
ဘယ်လောက်ပဲ အားနည်းနည်း အခုလို ကြီးမားကျယ်ပြန့်တဲ့ ၀န်ထမ်းရေးရာ အရေးယူ
ဆောင်ရွက်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် ချက်ခြင်းလက်ငင်းမှာတော့ ပိုလို့တောင်
အားနည်းသွားမှာ ဖြစ်ပြီး နှစ်အနည်းငယ်ကြာမှသာ ပြန်လည် သန်စွမ်းလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ ဒဏ်ခတ်အရေးယူသော တရားမျှတမှုကို နေရာတိုင်းမှာ ကျင့်သုံးမယ်
ဆိုရင် နိုင်ငံရေးအရ စွန့်စားမှုကြီးမားနိုင်တယ်ဆိုတာကိုတော့ ကောက်ချက်ချထားရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ အသွင်ကူးပြောင်းခဲ့တဲ့နိုင်ငံတွေမှာ အထက်က တင်ပြခဲ့သလို ဒဏ်ခတ်
အရေးယူသော တရားမျှတမှုအစီအစဉ်ကြောင့် နိုင်ငံရေးအရ ကြီးမားတဲ့စွန့်စားမှုတွေ လုပ်ဖို့
မလိုအပ်တဲ့ အခြေအနေတွေလည်း ရှိတာမှန်ပါတယ်။

သီးသန့်ကိစ္စတချို့မှာတော့ အဲ့ဒီလို အခြေအနေမျိုး ရှိနိုင်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးကို ထိခိုက်စရာ မရှိဘူး၊ ကလဲ့စားချေလိုသူတွေကိုလည်း
အားပေးရာမကျဘူး၊ ဒီမိုကရေစီ ညီညွတ်ရေးကို အနှောင့်အယှက်မပေးနိုင်ဘူး၊ အုပ်ချုပ်ရေး
အပိုင်းမှာ မသန်စွမ်းမှုမဖြစ်စေဘူးဆိုတဲ့ အထူးကိစ္စတွေအတွက်တော့ တွက်ချက် စွန့်စားပြီး
ဒဏ်ခတ်အရေးယူသော တရားမျှတမှုအစီအစဉ်ကို သေသေချာချာတွက်၍ ကျင့်သုံးတာတွေတော့
ရှိပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတစ်နိုင်ငံမှာ ပြန်လည်ရင်ကြားစေ့ရေးမူဝါဒကို ချမှတ်ထားပြီးပြီဆိုရင်တော့
ဘယ်လိုဒဏ်ခတ်အရေးယူသော တရားမျှတမှု အစီအစဉ်ကိုမျှ ဦးစားမပေးသင့်တဲ့
အကြောင်းပြချက်တွေ အများကြီးရှိပါသေးတယ်။

စောစောပိုင်းမှာ ကျွန်တော်ဆွေးနွေး တင်ပြထားခဲ့တဲ့ အချက်တွေထဲမှာလည်း
တချို့အကြမ်းဖျင်းပါရှိပြီးသား ဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူသော တရားမျှတမှု အစီအစဉ်အရ တရားစွဲဆိုမှုတွေဟာ ကျူးလွန်
ဖောက်ဖျက်ခဲ့သူတွေကိုပဲ အာရုံစိုက်လေ့ ရှိတယ်၊ နစ်နာသူတွေရဲ့ လိုအပ်ချက်နဲ့ ခံစားချက်ကို
အလေးမပေးကြဘူး။

တရားစွဲဆိုမှု တချို့ကြောင့် နစ်နာသူတွေအတွက် တစ်ကျော့ပြန် နစ်နာရတယ်၊ ဥပဒေရဲ့
ဟာကွက်ပျော့ကွက်နဲ့ သက်သေခံအထောက်အထား မခိုင်လုံမှုက နစ်နာခဲ့သူကိုပဲ
ထပ်နစ်နာစေတာ ဖြစ်နိုင်တယ်။

နောက်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေတွေရဲ့ ယုတ္တိဗေဒသဘောက မှန်သလား၊ မမှန်ဘူးလား
ဆုံးဖြတ်တာပါ။ ရလဒ်က အပြစ်ရှိတယ်၊ မရှိဘူး ဒါပါပဲ။

ဒီလို ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ရရှိဖို့အတွက် တရားရုံးတွေရဲ့ စစ်ဆေးစီရင်ခဲ့ပုံ
သတင်းအချက်အလက် တချို့ကို အချိန်ကာလတစ်ခု ကန့်သတ်ထားမှုရှိပါတယ်။

ကြမ်းတမ်းစွာလုပ်ဆောင်ခဲ့တဲ့ ပဋိပက္ခ အခြေအနေတုန်းက ကျူးလွန်ဖောက်ဖျက်မှုတချို့က
မသိနားမလည်လို့ သဘောရိုးနဲ့၊ တချို့က တမင်သဘောဆိုးနဲ့၊ တချို့ကနှစ်မျိုးစလုံး ရောထွေး
လုပ်ခဲ့ကြပေမယ့် ဒီလိုသိမ်မွေ့မှုတွေကိုတော့ သာမန်အားဖြင့် တရားရုံးတွေမှာ ဖော်ထုတ်ဖို့
မလွယ်ကူလှပါဘူး။

ဒါကြောင့်လည်း အမှုတိုင်းမှာ နစ်နာခံခဲ့ ရတဲ့လူတွေဘက်က စိတ်ကျေနပ်မှု ဖြစ်စေလိမ့်မယ်လို့
မမျှော်လင့်နိုင်ပါဘူး သက်သေခံ အထောက်အထားနဲ့ ပတ်သက်လို့ ကျူးလွန်ခဲ့သူက
တမင်ဖျောက်ဖျက်ပစ်ဖို့ အချိန်အများ ကြီးရထားပါတယ်။

တရားရုံးရောက်လာတဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အဖြစ်အပျက်အတွက်
အထောက်အထားကို နစ်နာခံရသူတွေဘက်က လုံလုံလောက်လောက် ပြသနိုင်ဖို့
မလွယ်ကူပါဘူး။

ဒါကြောင့်လည်း ကျူးလွန်ဖောက်ဖျက်သူတွေက တရားရုံးမှာ လွတ်မြောက်ဖို့အတွက်
အခွင့်အရေးများပါတယ်။

ဒါဟာ နစ်နာခံရတဲ့ လူတွေကိုယ်တိုင်က ဒဏ်ခတ်အရေးယူသော တရားမျှတမှုအပေါ် ယုံကြည်မှု
ဆုံးရှုံးစေနိုင်တဲ့ အချက်တစ်ချက်ပါပဲ။

အတိတ်ကာလတုန်းက တရားမျှတမှု မရှိဘဲဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲက အဓိကကျတဲ့
အချက် တစ်ချက်က တရားစီရင် ရေးစနစ်ကိုယ်တိုင်က ဆိုးဆိုးဝါးဝါး ထိခိုက် ပျက်စီးခဲ့ရလို့
ဖြစ်ပါတယ်။

အဲဒီလို ထိခိုက်ခံခဲ့ရတဲ့ တရားရုံးတွေက အခုလိုအသွင်ကူးပြောင်းရေးကာလမှာ
ချက်ချင်းတရားမျှတမှုကို ပြန်ရအောင် လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာ အံ့ဩစရာပါပဲ။

ဒီနေရာမှာ ၁၉၉၀ ပြည့်လွန်နှစ်များက အီသီယိုးပီးယားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ
သမိုင်းကြောင်းနဲ့ ရဝမ်ဒါနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု ပဋိပက္ခလွန် အခြေအနေတို့နဲ့ နှိုင်းယှဉ်ပြီး
ဆွေးနွေးလိုပါတယ်။

ဒီနိုင်ငံတွေမှာ တရားဥပဒေရေးရာ ကျွမ်းကျင်နှံ့စပ်သူ နည်းပါးနေခြင်းဟာ ယခင်က လူ့အခွင့်အရေး
ဖောက်ဖျက်ခဲ့မှုများအတွက် တရားမျှတမှုကို ရှာဖွေရာမှာ အလွန်ကြီးမားတဲ့ အခက်အခဲဖြစ်ကြောင်း
တွေ့ကြရပါတယ်။

ဥပဒေပြုရေး အပိုင်းမှာရော၊ တရားစီရင်ရေး အပိုင်းမှာပါ အခက်အခဲတွေ့ကြရတာပါ။

တရားစွဲဆိုမှုတွေဟာ နှစ်နဲ့ချီပြီး ကြန့်ကြာနေခဲ့တယ်။

ဖမ်းဆီးထားပြီး ရမန်ယူရတာကို နှစ်နဲ့ချီကြာခဲ့တယ်။

ဒီလောက် ကြာအောင် ရမန်ယူထားသူတွေကို အထောက်အထား မစုံလင်လို့ တရားမစွဲနိုင်ဘဲ
ပြန်လွှတ်ပေးရတာတွေကလည်း ထောင်နဲ့သောင်းနဲ့ ချီလာခဲ့တယ်။

နှောင့်နှေးကြန့်ကြာနေတဲ့ တရားစီရင်ရေးဟာ တရားမျှတမှုကို ငြင်းပယ်ခြင်းဖြစ်တယ်ဆိုတဲ့
စကားအတိုင်း ဆိုရင်တော့ ဘယ်လိုမှ တရားမျှတ မှုရနိုင်တော့မယ် မဟုတ်ပါဘူး။

ကမ္ဘာ့နိုင်ငံများစွာရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအခြေအနေမျိုးတွေကို ဘယ်လို
ရှုထောင့်ကပဲ လေ့လာ လေ့လာ ပြစ်မှုကြောင်းအရ တရားစွဲဆိုမှုများဟာ ပြန်လည်ရင်ကြားစေ့ရေး
လုပ်ငန်းစဉ်ကို အနည်းနဲ့အများ ပိတ်ဆို့မှုဖြစ်စေတယ်ဆိုတာ အထင်အရှားတွေ့နေရ မှာပါ။

တချို့နိုင်ငံရေး ခေါင်းဆောင်တွေဟာ ပြန်လည်ရင်ကြားစေ့ရေး အစီအစဉ်ကို ထိခိုက်မှာ
စိုးရိမ်ရတဲ့အတွက် အင်အားကြီး နိုင်ငံများနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းတချို့ရဲ့
ဖိအားရှိနေသည့်တိုင် အတိတ်ကာလက ကျူးလွန်ဖောက်ဖျက်ခဲ့တဲ့ လူတချို့ကို တရားရုံးကို
ခေါ်ရမယ့် နည်းလမ်းကို စွန့်လွှတ်ထားခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနဲ့ မိုဇမ်ဘစ်နိုင်ငံတွေကို သာဓကယူနိုင်ပါတယ်။

ဒဏ်ခတ်အရေးယူသော တရားမျှတခြင်းနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ နောက်ဆုံးနဲ့
အရေးကြီးဆုံး တင်ပြစရာ ဆိုးကျိုးတစ်ခုကတော့ တရားစွဲဆိုခြင်း သဘောထားကိုယ်နှိုက်က
ပဋိပက္ခလွန် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ၀ိရောဓိဖြစ်နေခြင်းပါပဲ။

တောင်အာဖရိက အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေးကော်မရှင်ဥက္ကဋ္ဌ ဒက်စမွန်တူးတူးက
ဒဏ်ခတ်အရေးယူသော တရားမျှတမှုဟာ အာဖရိကရိုးရာ အစဉ်အလာ ကျင့်စဉ်တွေရဲ့
စရိုက်လက္ခဏာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့ပါတယ်။

ဒါ့ပြင် သူက "တရားမျှတမှုနဲ့ပတ်သက်တဲ့ အာဖရိကရဲ့အမြင်က အတိတ်က ချိုးဖောက်ခဲ့တဲ့
ပြစ်မှုများအတွက် အနာကျက်စေခြင်း၊ မမျှမတဖြစ်နေတာတွေကို တရားသဖြင့် ပြန်ဖြစ်စေခြင်း၊
ပျက်ယွင်းခဲ့တဲ့ ဆက်ဆံရေးကို အားသစ်လောင်း၍ ဆက်စပ်စေခြင်းတို့ပဲ ဖြစ်တယ်။ ဒီလို
တရားမျှတမှုကသာလျှင် နစ်နာခံခဲ့ရတဲ့လူ တွေကိုရော၊ ကျူးလွန်ဖောက်ဖျက်ခဲ့တဲ့ လူတွေကိုရော
ပြန်လည်ထူထောင်ပေးနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေ ရှာဖွေပေးနိုင်တယ်။

"သူတို့တွေ ထိခိုက်ခံစားခဲ့ရတဲ့၊ သို့မဟုတ် ကျူးလွန်ခဲ့ကြတဲ့ ဒီလူ့ အသိုက်အဝန်းထဲမှာပဲ သူတို့ကို
ပြန်လည် ပေါင်းစည်းနိုင်ဖို့ အခွင့်အရေးပေးရမယ်" လို့ ပြောခဲ့ပါသေးတယ်။

ဒါဟာ တောင်အာဖရိကမှာ ပေါင်းစည်းစွမ်းအင် ပေါ်ထွန်းလာစေဖို့အတွက် လိုအပ်တဲ့
အတွေးအမြင်ပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ထားရှိသင့်တဲ့
အတွေးအမြင်ကရော ဘာဖြစ်သင့်ပါသလဲ။ စဉ်းစားပေးနိုင်ကြပါစေ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021