ရွေးကောက်ပွဲ ၀င်ပြိုင်မှာလား၊ စစ်ဆင်ရေးလုပ်တာလား

ရွေးကောက်ပွဲ ၀င်ပြိုင်မှာလား၊ စစ်ဆင်ရေးလုပ်တာလား

အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း အကွဲအပြဲတွေ အကြီးအကျယ် ဖြစ်ပေါ် နေတဲ့တိုင် တပ်မတော်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာကိုဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ အသည်းအသန် ကြိုးစားနေတာတွေ့မြင်ရပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း အကွဲအပြဲတွေ အကြီးအကျယ် ဖြစ်ပေါ် နေတဲ့တိုင် တပ်မတော်
အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာကိုဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ အသည်း
အသန် ကြိုးစားနေတာတွေ့မြင်ရပါတယ်။

သူတို့ ဘယ်လိုကြိုးစားခဲ့ကြသလဲ၊ လက်ရှိ ဘယ်လိုကြိုးစားနေကြသလဲ၊ သူတို့ကြိုးစား
မှုအောင်မြင်မှာလား၊ ဒါဟာ ဘာအဓိပ္ပာယ်ဆောင်သလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေး
တင်ပြသွားပါ့မယ်။ ကြိုတင် သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အတိုင်း လာမယ့် ရွေးကောက်ပွဲမှာ
တပ်မတော် ထိပ်သီးအရာရှိကြီး အယောက် ၁၄၀ လောက်၊ ရာထူးကနေ အငြိမ်းစားယူ၊
ပြည်ခိုင်ဖြိုးပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးကြပါတယ်။ ပြည်ခိုင်ဖြိုးပါတီတွင်း
အကွဲအပြဲကြောင့် ပါတီကို ချုပ်ကိုင်ထားတဲ့ သူရဦးရွှေမန်းခေါင်းဆောင်တဲ့ အုပ်စုက
တပ်မတော်အရာရှိ အယောက် ၁၄၀ ကျော် အရည်အတွက် ကို လက်မခံသေးပါဘူး။

ဒါက ပြဿနာ တစ်ခုပါ။ ဒီဆောင်းပါးမှာ အဓိက ဆွေးနွေးချင်တာကတော့ ရွေးကောက်ပွဲနဲ့
ပတ်သက်ပြီး တပ်မတော်ဘက်က လုပ်ကိုင်ဆောင်ရွက်ပုံတွေ ဖြစ်ပါတယ်။ တပ်မတော်
ဘက်ကနေ အငြိမ်းစား ယူပြီး ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေ ဟာ အလွန်ရာထူးကြီးတဲ့
ထိပ်ပိုင်း ပုဂ္ဂိုလ် တွေ ပါ၀င်ပါတယ်။ တပ်မတော်မှာ ထိပ်ဆုံးက တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလွဲရင် ကျန်ထိပ်ပိုင်းခေါင်းဆောင် အများစု
ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးထားကြတယ်လို့ ဆိုပါတယ်။

တကယ်တော့ တပ်မတော် တစ်ရပ်အနေနဲ့ကြည့်မယ်ဆိုရင် ခုလိုထိပ်ပိုင်းခေါင်းဆောင်တွေ
အစုလိုက်အပြံုလိုက် အရပ် ဘက် ကူးပြောင်းဖို့ လုပ်ကိုင်ရတာဟာ မလွယ်ကူပါဘူး။
တပ်မတော်တစ်ခုရဲ့ ကာကွယ်ရေး စွမ်းရည်၊ စစ်ရေးစွမ်းရည်နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အပိုင်းမှာ
အတော်လေး ဂရုစိုက်ပြီးမှ လုပ်နိုင်မယ့် အနေအထားမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်ရဲ့
အနေအထားကတော့ တစ်မျိုး စဉ်းစားပုံရပါတယ်။ စစ်ခေါင်းဆောင်တွေ အတွက် တပ်မတော်ကို
ပရော်ဖက်ရှင် နယ် အဆင့်အတန်း ရှိစေရေးထက် နိုင်ငံ့အာဏာရရှိရေးက ပိုပြီး အရေးပါတယ်လို့
သုံးသပ်ထားပုံရပါတယ်။ ဒါကြောင့်လည်း ခုလို တပ်မတော်ထိပ်ပိုင်း အရာရှိကြီးတွေ အလုံးလိုက်
အရင်းလိုက် ရွေးကောက်ပွဲ ၀င်ကြတာ ဖြစ်နိုင်ပါတယ်။ အခုလို ရာထူးကြီးတဲ့ စစ်ခေါင်းဆောင်တွေ
အနားယူ၊ ပြည်ခိုင်ဖြိုးပါတီထဲ ၀င်ပြီး ရွေးကောက်ပွဲ ၀င်ရတဲ့ကိစ္စမှာ နောက်ထပ် အကြောင်းတစ်ခု
လည်း ရှိနိုင်ပါသေးတယ်။

အဲဒါကတော့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်မှုပြဿနာပါ။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်းပြည်ခိုင်ဖြိုး
ပါတီ ဟာ ဥက္ကဋ္ဌလည်းဖြစ်၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင်လည်း ဖြစ်တဲ့ သူရဦးရွှေမန်း
နဲ့ အရင် စစ်အစိုးရခေတ် က ၀န်ကြီးဟောင်းတွေ လက်ထဲမှာ ရောက်နေတာပါ။ အဲဒီ အုပ်စုဟာ
လာမယ့် ရွေးကောက်ပွဲအပြီး သူရဦးရွှေမန်းကို သမ္မတ တင်၊ ကျန်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက
အစိုးရဝန်ကြီးနေရာ တစ်ကျော့ ပြန်ရနိုင်ရေးကြိုးပမ်းနေကြတာ တွေ့နိုင်ပါတယ်။ ဒီအတွက် လက်ရှိ
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေဟာ အရင် စစ်အာဏာရှင်တွေ ချမှတ်သွားခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ
ဆိုတာ တပ်မတော် စစ်ခေါင်းဆောင်တွေ တစ်ဆက်ပြီး တစ်ဆက် တိုင်းပြည် အာဏာရယူရေး
ကြားခံ ဖျာတစ်ချပ်အဖြစ် အသုံးပြုမှာကို လက်မခံကြသူတွေ ဖြစ်လာပါတယ်။

ဒါကြောင့်လည်း ထိပ်တန်း တပ်မတော် ခေါင်းဆောင်တွေ ပြည်ခိုင်ဖြိုးပါတီထဲ အလုံးအရင်းနဲ့
၀င်ရောက်လာပြီး ပါတီ ခေါင်းဆောင်မှုကို ပြန်လည် ရယူမှာ၊ ပြန်လည် ထိန်းချုပ်မှာကို မလိုလား၊
တားဆီးနေကြတာ ဖြစ်နိုင်ပါတယ်။ လောလောဆယ် အဲဒီ ကိစ္စ ဘယ်လို အဖြေပေါ်မလဲ
မသိနိုင်သေးပါဘူး။ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးရာမှာ
လည်း အရင် ၂၀၁၀ တုန်းကလိုပဲ စနစ်တကျ ပြင်ဆင်ပြီး စာရင်းပေးတာ တွေ့ရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၀န်ကြီး ချုပ်ရာထူး ဆက်ခံဖို့အတွက် တပ်မတော်
ထိပ်ပိုင်းခေါင်းဆောင် တချို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် လွှတ်တော်မှာ ၀င်ပြိုင်ဖို့
စာရင်းပေးထားပါတယ်။ အကြောင်းကတော့ ပြည်နယ်နဲ့တိုင်းဒေသ ကြီး ၀န်ကြီးအဖြစ်
တာဝန်ထမ်းဆောင် မယ့် သူဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအမတ်ဖြစ်ဖို့
လိုအပ်လို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်
ကြီးဟောင်း ဦးမြင့်ဆွေကတောင် လာမယ့် ရွေးကောက်ပွဲမှာ ၀င်မပြိုင်တော့ဖို့ ဆုံးဖြတ်ပြီး
စစ်ခေါင်းဆောင် တစ်ယောက် အတွက် နေရာဖယ်ပေးလိုက်တာ တွေ့ရပါတယ်။

ကျန်ခေါင်းဆောင်တွေကတော့ သမ္မတ တင်မြှောက်ရေးမှာ အဆုံးအဖြတ်ပေးရမယ့် ပြည်သူ့
လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်နေရာအတွက် စာရင်းပေးတာ တွေ့ရပါတယ်။
ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့် လွှတ်တော်ထဲကို အလိုအလျောက်
ရောက်လာမယ့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းဟာ ဒုသမ္မတ တစ်ယောက်ကို လွတ်လွတ်
ကျွတ်ကျွတ်ကြီး တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုသမ္မတ ရာထူးနေရာဆိုတာ
မက်လောက်စရာ မဟုတ်ပါဘူး။ သမ္မတ ဖြစ်မှသာ အစိုးရဖွဲ့နိုင်၊ ပြည်နယ်နဲ့ တိုင်း
ဒေသကြီး ၀န်ကြီးချုပ်ခန့်နိုင်တဲ့ နိုင်ငံ့အထွဋ်အထိပ် ရာထူးရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ကိုယ်ကျိုးစီးပွားတွေနဲ့ ပတ် သက်တဲ့ နိုင်ငံတွင်းက စီးပွားရေးဆိုင်ရာကိစ္စ
အရပ်ရပ်ကို စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် တပ်မတော် စစ်ခေါင်း ဆောင်တွေဟာ
သမ္မတရွေးကောက် တင် မြှောက်ရာမှာ မဲပေးနိုင်တဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်
အမတ် နေရာ များများရရေး အသည်းအသန် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ တကယ်တော့
တပ်မတော်အနေနဲ့ နောက်ထပ် တိုင်းပြည်အာဏာကို ဆက်ပြီး ထိန်းသွားဖို့ အခုမှ လောလော
လောလော လုပ်နေတာတော့ မဟုတ်ပါဘူး။ အရင်စစ်အာဏာရှင်တွေ ခေတ်ကတည်းက
၂၀၀၈ ဖွဲ့စည်းပုံကို ပြဋ္ဌာန်း ပေးခဲ့ပါပြီ။ တပ်မတော်က နိုင်ငံရေး ဖျာ အဖြစ် အသုံးပြုမယ့်
ပြည်ခိုင်ဖြိုးပါတီ ဆိုတာကို ဖွဲ့စည်းပေးခဲ့ပြီးပါပြီ။ စစ်ခေါင်းဆောင်ဟောင်း တစ်ယောက်ကို
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်ထားပြီးခဲ့ပါပြီ။

ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေး ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်တဲ့ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် လက်အောက်က ကော်မရှင် အဆင့်ဆင့်မှာ တပ်မတော်သား
အများ အပြားကြိုတင်နေရာချထားခဲ့ ပြီးပါပြီ။ ဒါကြောင့်လည်း စစ်ဗိုလ်ချုပ်ဟောင်းနဲ့
စစ်ဗိုလ်ဟောင်းလေးတွေက ဒိုင်လူကြီး အဖြစ် ဆောင်ရွက်မယ့် လာမယ့် ရွေးကောက်ပွဲမှာ
အရပ်ဝတ်ဝတ်ပြီး ၀င်ပြိုင် မယ့် တပ်မတော် အရာရှိဟောင်းတွေကို လုံးဝမျက်နှာမလိုက်ဘူး၊
မျှမျှတတပဲ လုပ်ကိုင်မယ် ဆိုတာမျိုးကတော့ ပြည်သူ တွေအတွက် ယုံကြည်ဖို့ ခက်ခဲစေပါတယ်။
သိပ်မကြာခင် အခုရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ဟာ တပ်က အနားယူပြီး ရွေးကောက်ပွဲဝင်မယ့် စစ်အရာရှိတွေကို ခေါ်ယူတွေ့ဆုံ
မိန့်ခွန်းချွေ၊ အမှာစကား ပါးပါဦးမယ်။

လက်ရှိ ရွေးကောက်ပွဲဝင်မယ့် တပ်မတော် အရာရှိကြီးတွေကလည်း သူတို့အနေနဲ့နိုင်ငံတော်က
တာဝန်ပေးရင် တာဝန်ပေးတဲ့အတိုင်း လုပ်ရမယ် ဆိုတဲ့ စကားမျိုး မကြာခဏ ပြောဆိုလေ့ရှိပါတယ်။
စစ်ဗိုလ်ချုပ်အဟောင်းတွေနဲ့ လက်ရှိ တာဝန်ထမ်းဆဲ စစ်ဗိုလ်ချုပ်တွေ ပေါင်းပြီး နိုင်ငံတော်အာဏာ
ဆက်ပြီးရယူဖို့ကြိုးစားတာကို နိုင်ငံ့တာဝန်လို့ မှတ်ယူနေကြပုံလည်း ရပါတယ်။

ရွေးကောက်ပွဲ ၀င်တယ်ဆိုတာ တပ်က အငြိမ်းစားယူပြီးနောက် လွတ်လွတ်လပ်လပ်နဲ့
ကိုယ့်စိတ်ကြိုက် နိုင်ငံရေးပါတီထဲဝင်၊ အဲဒီပါတီက တာဝန်ပေးရင် ရွေးကောက်ပွဲ ၀င်ပြိုင်၊
နိုင်သည်ဖြစ်စေ၊ မနိုင်သည် ဖြစ်စေ ပါတီကပေးတဲ့ တာဝန်ယူပြီး နိုင်ငံရေးအလုပ်ကို
ဆက်လုပ်သွားရတာ မျိုးလို့ နားလည်ကြပုံ မရပါဘူး။ ဒါကြောင့် လက်ရှိ တပ်မတော်ဘက်က
လုပ်ကိုင် ဆောင်ရွက်နေတာတွေ အားလုံးကို ခြံုငုံသုံးသပ်ကြည့်ရင် တပ်မတော်သားတချို့
သူ့သဘော သူဆောင်ပြီး သူကြိုက်ရာ ပါတီကနေ သူတို့ဘာသာ သူတို့ ရွေးကောက်ပွဲ ၀င်ကြမယ်
ဆိုတာမျိုးထက် စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေ လက်ထဲ နိုင်င့ံအာဏာဆက်ပြီး ရှိနေစေဖို့၊
သူတို့လိုလားသူ တစ်ယောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်ဖို့ စစ်ဆင်ရေးကြီး တစ်ရပ်
ဆင်နွှဲနေသလို လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021