အခုဆိုရင်ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက် ၉၀ ၀န်းကျင်လောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲဟာအရေးကြီးတဲ့အကြောင်း၊ မြန်မာနိုင်ငံ သမိုင်းကို အဆုံးအဖြတ်ပေးမယ့်ရွေးကောက်ပွဲဖြစ်သွားနိုင်ကြောင်း
အခုဆိုရင်
ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက် ၉၀ ၀န်းကျင်လောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲဟာ
အရေးကြီးတဲ့အကြောင်း၊ မြန်မာနိုင်ငံ သမိုင်းကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲ
ဖြစ်သွားနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဥက္ကဋ္ဌ
ဒေါ်အောင် ဆန်းစုကြည်က ပြောသလို၊ အခြားသော နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊
သတင်းစာ ဆရာတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အဲဒီလို နားလည် ယုံကြည်
လက်ခံထားကြပါတယ်။
ဒီလို အရေးကြီးတဲ့ မြန်မာ့နိုင်ငံရေးကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ ရွေးကောက်ပွဲကြီး
နီးခါမှ ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့ သတင်းတစ်ခုကတော့ ဒီမိုကရေစီ အင်အားစုတွေကြားက
အကွဲအပြဲ ဇာတ်လမ်းပါ။ အင်န်အယ်လ်ဒီ ပါတီရဲ့ အမတ်လောင်း ရွေးချယ်မှုကနေ ပေါ်ပေါက်
လာတဲ့ ပြဿနာဟာ ဘယ်လောက် ကြီးမားလဲ၊ တကယ်အကွဲအပြဲ ဟုတ်ရဲ့လား၊ အဲဒီအကွဲ
အပြဲကနေ ရှေ့ ဘာဆက်ဖြစ်သွားနိုင်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဘယ်ကနေ စသလဲ
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်းပါပဲ။ မင်းကိုနိုင်နဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ ပွင့်လင်း
အဖွဲ့အစည်းက အဖွဲ့ဝင် အယောက် ၂၀ လောက် အင်န်အယ်လ်ဒီ ပါတီ အလံအောက်ကနေ
ရွေးကောက်ပွဲဝင်ဖို့ အောက်ခြေ မြို့နယ်အဆင့်ကနေ တစ်ဆင့် စာရင်းတင်ပါတယ်။ ၈၈
ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကိုမြအေးက ဇူလိုင် ၁၉ မှာ စာရင်းတင်ပြီး ဇူလိုင် ၂၇ မှာ
ပြန်ရုပ်သိမ်းသွားပါတယ်။
နောက်ဆုံး အဆင့်ဆင့် စစ်ဆေးပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ အတည်ပြုစာရင်း
ထွက်ပေါ်လာတဲ့အခါ ကိုပြံုးချို တစ်ယောက်ကလွဲပြီး တခြားသူတွေ အားလုံး ပယ်ချခံရပါတယ်။
အဲဒီထဲမှာ ၈၈ အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီးလည်း ပါ၀င်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး
အင်န်အယ်လ်ဒီ အဖွဲ့ဘက်ကတော့ သူတို့ပါတီရဲ့ လုပ်ထုံး လုပ်နည်းတွေအတိုင်း လုပ်သွား
တယ်၊ အမတ်လောင်းတွေကို စနစ်တကျ စိစစ်ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ ၈၈ ပွင့်လင်း
အဖွဲ့အစည်းဘက်ကတော့ ဒါဟာ အင်န်အယ်လ်ဒီအနေနဲ့ အမတ်လောင်း ၀င်ရွေးခံဖို့
စာရင်းပေးတဲ့ သူတွေကိုတင်မက ၈၈ မျိုးဆက် တစ်ခုလုံးအပေါ်မှာ 'ချိုး' လိုက်တဲ့ လုပ်ရပ်၊
အရှက်တကွဲဖြစ် အောင် လုပ်လိုက်တဲ့ လုပ်ရပ် အဖြစ် ရှုမြင်ခံစားကြပါတယ်။
တကယ်ပဲ သဘောထားကွဲကြပြီလား။
အင်န်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ပွင့်လင်း တကယ်ပဲ သဘောထား ကွဲကြ ပြီလားဆိုတာ
နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကား၊ ၈၈ ဦးကိုကိုကြီးရဲ့ ပြောစကား၊ ကိုမင်းကိုနိုင်
တို့ရဲ့ ပြောစကားတွေကို ကြည့်ရင် တိတိကျကျ သိနိုင်ပါတယ်။ အမတ်လောင်း ရွေးချယ်ခဲ့မှုနဲ့
ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်က သူ့သဘောထားကို စောစောစီးစီး ခုလို ပြောဆို
ခဲ့ပါတယ်။ "ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်မခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်နေ စိတ်ထားတွေက
မကြာမီ ပေါ်လာပါတော့မယ်။ ကိုယ့်အတွက် ပထမလား၊ အဖွဲ့ချုပ်အတွက် ပထမလားဆိုတာ
အတိအလင်း တွေ့မြင်နိုင်တော့မှာပါ" ဆိုပြီးတော့ပါ။
ဒါဟာ ၈၈ အဖွဲ့ဝင်တွေကိုရော ရွေးချယ်မခံရတဲ့ အခြားသူတွေကိုပါ ရည်ရွယ်ပါတယ်။
အင်န်အယ်လ်ဒီ အဖွဲ့ရဲ့ အဲဒီလို ဆုံးဖြတ်ချက်ကို ပထမပိုင်းမှာ ၈၈ အဖွဲ့ဝင် တွေ အတော်လေး
နားမလည်နိုင် ဖြစ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံး အင်န်အယ်လ်ဒီရဲ့ အဲဒီ လုပ်ရပ်ကို
၈၈ မျိုးဆက် တစ်ခုလုံးအပေါ် လုပ်တဲ့ လုပ်ရပ်အဖြစ် မြင်သူက မြင်လာကြပါတယ်။ ဒီလိုနဲ့
နောက်ပိုင်း ရက်တွေမှာ ၈၈ ပွင့်လင်း အဖွဲ့အစည်း ကွန်ရက်များ စုံညီတွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး
ဆုံးဖြတ်ချက်တချို့ ချမှတ်ခဲ့ကြပါတယ်။ တစ်ပြိုင်နက်တည်း ဆိုသလိုပဲ ၈၈ မျိုးဆက်ခေါင်းဆောင်
မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ပါ၀င် တဲ့အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး
ရွေးကောက်ပွဲကို သူတို့ ဖြတ်သန်းမယ့် အခြေအနေ၊ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ သူတို့အနေနဲ့
နိုင်ငံရေးပါတီ တစ်ခု ထူထောင်ဖို့ ဆန္ဒရှိနေတဲ့ အကြောင်းတွေ ပြောပြဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်း အမတ်လောင်း အဖြစ်ကနေ အပယ်ချခံခဲ့ရတဲ့ ဦးကိုကိုကြီးရဲ့ အင်တာဗျူးတွေလည်း
မီဒီယာတွေထက်မှာ ပေါ်ထွက်လာပါတော့တယ်။ ဦးကိုကိုကြီးက "၂၀၁၅ ရွေးကောက်ပွဲအတွက်
ကျွန်တော်တို့ရပ်တည်ချက် ကတော့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်း သားအင်အားစုတွေကို
၀န်းရံမယ်ဆိုတဲ့ အင်န်အယ်လ်ဒီနဲ့ ပူးတွဲကြေညာချက် ထုတ်ထားတဲ့အတိုင်းပဲ ဆက်လက်ရပ်တည်
သွားမှာပဲ။ ကျွန်တော်ပြောတဲ့စကားလုံးက အရေးကြီးပါတယ်။ ဒီမိုကရေစီ အင်အားစုများပါ။
ဒီမိုကရေစီ အင်အားစုလို့ ကျွန်တော်ယုံကြည်ရတဲ့လူပုဂ္ဂိုလ်တွေကို ၀န်းရံသွားမယ်။ တိုင်းရင်းသား
အင်အားစုတွေကို ၀န်းရံမယ်။ အဲဒီရပ်တည်ချက်အတိုင်း ကျွန်တော်တို့ ၂၀၁၅ အထိသွားမယ်"
ဆိုပြီး ပြောဆိုခဲ့ပါ တယ်။ သူပြောတဲ့ထဲမှာ အင်န်အယ်လ်ဒီ ကို ၀န်းရံသွားမယ်၊ အင်န်အယ်လ်ဒီ
ပါတီ အနိုင်ရအောင် လုပ်ပေးသွားမယ် ဆိုတဲ့ စကားလုံးမျိုး လုံးဝ မပါသလို အဲဒီ အဓိပ္ပာယ်နဲ့တောင်
ခြားနားနေတာ တွေ့နိုင်ပါတယ်။ ဦးကိုကိုကြီးက နောက်တစ်နေရာမှာ သူ့ပြောစကားကို
ပိုရှင်းအောင် ခုလို ပြောဆိုထားပါသေးတယ်။ "အင်န်အယ်လ်ဒီကနေရွေးထားတဲ့ ကိုယ်စား
လှယ်တွေကို မြို့နယ်တွေက မကြိုက်ဘူး၊ နာမည်ပျက်တဲ့ သူတွေဖြစ်နေတယ်။ အဲဒီလိုလူတွေကို
ဘယ်လိုဝန်းရံပြီးအောင်နိုင်ရေး လုပ်ပေးရမလဲလို့ ကျွန်တော်တို့ဆီကို နယ်တွေက ကျွန်တော်တို့
အဖွဲ့ဝင်တွေ ဆက်သွယ် မေးမြန်းလာပါတယ်။
မြို့နယ်တွေက ဘယ်သူတွေ ဒီမိုကရေစီအရေး ဆောင်ရွက်တယ်ဆိုတာကို မြို့ခံတွေက
သိပါတယ်။ အဲဒီလူတွေကို ၀န်းရံပေးပါလို့ ပြန်ပြော လိုက်ပါတယ်"ဆိုပြီး ဖြစ်ပါတယ်။
နောက်ထပ် ပြောတာက သူတို့အနေနဲ့ ၂၀၁၅ နောက်ပိုင်း နိုင်ငံရေးပါတီ တစ်ခု
တည်ထောင်မယ်၊ ဘယ်လိုနိုင်ငံရေးပါတီ လဲဆိုတော့ မူဝါဒတွေကို အခြေခံတဲ့ နိုင်ငံရေး
ပါတီမျိုး ဖြစ်ချင်တယ်၊ ဒါမှ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်မယ် ဆိုပြီး ပြောခဲ့ပါတယ်။
အဓိပ္ပာယ်ကတော့ အင်န်အယ်လ်ဒီဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦး
တစ်ယောက်ကိုပဲ အခြေပြုထားတယ်၊ မူဝါဒကို အခြေခံမထားဘူး ဆိုပြီး ဝေဖန်လိုက်တဲ့
သဘောပါပဲ။ အလားတူ ဒေါ်အောင်ဆန်းစုကြည် ကလည်း ခပ်မဆိတ် မနေပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ် ရ ရက် ပဲခူးတိုင်း ပျဉ်ပုံကြီးမှာ ပြည်သူလူထုနဲ့ တွေ့ဆုံစဉ် သူ့အနေနဲ့
လူတွေကို သင်လို့ ရတဲ့လူတွေနဲ့ သင်လို့ မရတဲ့သူတွေဆိုပြီး နှစ်မျိုးပဲ ခွဲခြားထားတဲ့
အကြောင်း၊ သင်လို့ရတဲ့ လူတွေနဲ့ လက်တွဲပြီး လုပ်ရတာ အလွန်အဆင်ပြေတဲ့အကြောင်း၊
ကိုယ့်ကိုယ်ကိုယ် သိပ်တတ်နေပြီဆိုပြီး ထင်တဲ့စိတ်ဓာတ် ရှိနေသူတွေဟာ ဘယ်တော့မှ
သင်လို့ မရတဲ့အကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ သင်လို့ရတဲ့ လူတွေကိုသာ အမတ်လောင်း
အဖြစ် ရွေးချယ်ဖို့ ကြိုးစားတဲ့အကြောင်း ပြောပါတယ်။
ဒီစကားဟာ ၈၈ မျိုးဆက်တွေဘက်ကို ရည်ရွယ်ပြီး ပြောတာမှန်း အလွယ်တကူ
သိနိုင်ပါတယ်။ နောက်ထပ် သူဆက်ပြီးပြောတာက "မဲပေးတဲ့အခါကျလို့ရှိရင် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးပါ၊ ကိုယ်စားလှယ်လောင်းကို ကြည့်မနေပါနဲ့။ မလိမ္မာရင် ကျွန်မတို့
ဆုံးမမယ်။ မသိနားမလည်တာ ရှိရင် ကျွန်မတို့သင်ပေး မယ်။ ဒါကျွန်မတို့ ယူရမယ့် တာဝန်ပဲ။
အဲဒီလိုလုပ်လို့မှ မရဘူးဆိုရင် ကျွန်မတို့ ဒီကိုယ်စားလှယ်ကို စည်းမျဉ်းစည်းကမ်းအရ
အရေးယူရမှာပါ" ဆိုပြီး ပြောခဲ့ပါတယ်။ ဩဂုတ် ၉ ရက် မကွေးတိုင်း ဒေသကြီး မင်းဘူး
ခရီးစဉ်မှာ "ကိုယ်စားလှယ်လောင်းတွေ နာမည်လည်း မသိချင် ပါနဲ့။ အထဲမှာ ကောင်းတဲ့
လူလည်း ရှိမယ်၊ ဆိုးတဲ့လူလည်း ရှိမယ်။ ဒါပေမဲ့ ဆိုးတဲ့ လူတွေကို ပြုပြင်ယူမယ်၊ ကောင်းတဲ့
လူတွေကိုလည်း ပိုကောင်းအောင် လုပ်မယ်။ ကျွန်မတို့ဟာ ဒီနိုင်ငံ ပြည်သူ ၅၂ သန်းကျော်ရဲ
့ ပြဿနာတွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေမှတော့ ကိုယ်စားလှယ် ၁,၀၀၀ လောက်ကတော့
ကောင်းကောင်းနိုင်တယ်။ စိတ်မပူကြပါနဲ့"ဆိုပြီး ပြောခဲ့ပါတယ်။ ဒါဟာ ၈၈ ဘက်က
ဒီမိုကရေစီအင်အားစုတွေကို ရွေးချယ် ၀န်းရံမယ် ဆိုတဲ့စကား ထွက်လာပြီးနောက် ပြောဆိုတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်မှုပါ။ ဒီလောက်ဆို အင်န်အယ်လ်ဒီ နဲ့ ၈၈ မျိုးဆက် တကယ်ပဲ
လမ်းခွဲခဲ့ကြပြီဆိုတာ ထင်ရှားနေပါပြီ။ ဒီအတိုင်းသာ တကယ်ဆက်သွားရင်တော့ လာမယ့်
ရွေးကောက်ပွဲမှာ အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်မယ့် ကိန်းတောင် ဆိုက်ကောင်း ဆိုက်
သွားနိုင်ပါတယ်။
အင်န်အယ်လ်ဒီဘယ်လောက်နိုင်ဖို့ လိုသလဲ
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဆိုတာ ဟာ ပြည်ထောင်စု အဆင့်နဲ့ ပြည်နယ်အဆင့်
လွှတ်တော်နှစ်မျိုးအတွက် ဥပဒေပြု အမတ်တွေကို ရွေးပေးတဲ့ ရွေးကောက်ပွဲ ဖြစ်သလို၊
ပြည်ထောင်စု အဆင့် အမတ်တွေဟာ ဒုသမ္မတ၊ သမ္မတ ရွေးချယ်ရာမှာ ပါ၀င်ရမှာမို့
အစိုးရဖွဲ့နိုင်ရေးနဲ့လည်း တိုက်ရိုက် ပတ်သက်နေတာ တွေ့နိုင်ပါတယ်။ ပြည်ထောင်စု အဆင့်
ရှိတဲ့ ပြည်သူ့လွှတ်တော်မှာ အင်န်အယ်လ်ဒီက ၅၀ ရာခိုင်နှုန်းကျော် အများစု အနိုင်ရရင်
ဒုသမ္မတ တစ်နေရာ သေချာပေါက် ရပါလိမ့် မယ်။ အလားတူ အမျိုးသား လွှတ်တော်မှာ
အများစု အနိုင်ရရင်လည်း ဒုသမ္မတ တစ်နေရာ ရနိုင်ပါသေး တယ်။ ဒီလို ဒုသမ္မတ နှစ်နေရာ
ရတာတောင် သမ္မတနေရာ ရတော့မယ်၊ အစိုးရ ဖွဲ့နိုင်တော့မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး။
အကြောင်းကတော့ လွှတ်တော်ထဲ ကြိုရောက်နေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကခန့်တဲ့
တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းနဲ့ သူတို့က ရွေးထားတဲ့ ဒုသမ္မတ တစ်ယောက်က
အဆင်သင့် စောင့်နေလို့ပါပဲ။ အဲဒီ အမတ်တွေ အားလုံးပေါင်းပြီးမှသာ ဒုသမ္မတသုံးယောက်
ထဲကနေ သမ္မတ တစ်ယောက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကြိုတင် တွက်ချက်ထားတဲ့ ကိန်းဂဏန်းတွေအရ လာမယ့် ရွေးကောက်ပွဲ၊ ပြည်ထောင်စု
အဆင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှာ အမတ်နေရာ ၄၉၈ နေရာ
ရှိတဲ့အနက် အင်န်အယ်လ်ဒီဟာ အမတ်နေရာ စုစုပေါင်း ၃၃၄ နေရာ၊ ရာခိုင်နှုန်းအားဖြင့် ၆၇
ရာခိုင်နှုန်း အထက် အနိုင်ရပါမှ လွှတ်တော်ထဲမှာ လူအများစုဖြစ်ပြီး သမ္မတ တစ်နေရာ
သေချာပေါက် ရနိုင်မှာပါ။ ဒါကြောင့် အင်န်အယ်လ်ဒီရဲ့ အဓိက ရည်မှန်းချက် ဟာ ပြည်သူ့
လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း အမတ်နေရာ ၆၇ ရာခိုင်နှုန်း အထက်
အနိုင်ရဖို့ ဖြစ်နေပါတယ်။
အင်န်အယ်လ်ဒီ အဲဒီလောက်နိုင်မလား
လက်ရှိ ရွေးကောက်ပွဲ ၀င်မယ့် အခြေအနေတွေကို ကြည့်ရင် အင်န်အယ်လ်ဒီ အဲဒီလောက်
အနိုင်ရဖို့ ဆိုတာ အလွန့်အလွန် မလွယ်တဲ့ အနေအထားပါ။ အကြောင်းကတော့ ရွေးကောက်ပွဲ
ကျင်းပပေးတဲ့ ဒိုင်လူကြီးကနေ မှန်မှန်ကန်ကန် လုပ်ပါ့မလားဆိုတာ သေချာပေါက် မပြောနိုင်
လို့ပါ။ ဒုတိယ အချက်ကတော့ အင်န်အယ်လ်ဒီဟာ ပြည်ခိုင်ဖြိုးပါတီကို အပြတ်အသတ်
အနိုင်ရသည်ပဲထား၊ အဓိက ကျတဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ် ဖွဲ့မထားတဲ့အတွက်
ပြည်နယ်တွေမှာ အင်အားကောင်းတဲ့ တိုင်းရင်းသား ပါတီတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရ
ပါလိမ့်မယ်။
တိုင်းရင်းသား ပါတီတွေ အဓိက ၀င်ပြိုင်မယ့် ပြည်နယ်တွေမှာ ပြည်သူ့လွှတ်တော် ၁၂၃ နေရာနဲ့
အမျိုးသားလွှတ်တော် ၈၄ နေရာ စုစုပေါင်း ၂၀၇ နေရာ ရှိနေပါတယ်။ ပြည်ထောင်စု အဆင့်
လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၄၂ ရာခိုင်နှုန်း နီးပါး ဖြစ်နေပါတယ်။ ပြောရရင် အင်န်အယ်လ်ဒီ
ပါတီအတွက် အတော် လေးကို မချောင်တဲ့ အနေအထားပါ။
ဘာလုပ်ကြမလဲ
အဲဒီလို ခက်ခဲလွန်းလှတဲ့ အခြေအနေကြောင့် အင်န်အယ်လ်ဒီဟာ ရွေးကောက်ပွဲမှာ
အပြတ်အသတ် အနိုင်ရရေးအတွက် ၈၈ မျိုးဆက် ပွင့်လင်းလို ပြည်သူတွေ ချစ်ခင်တဲ့ ပြည်သူတွေ
ထောက်ခံတဲ့ အင်အားစုမျိုးနဲ့ ပူးပေါင်းတာ၊ ဒါမှမဟုတ် ၀န်းရံထောက်ခံမှုကို ရယူတာ လုပ်ရ
ပါလိမ့်မယ်။
ဒါပေမဲ့ အားလုံး မြင်တွေ့ ကြပြီ ဖြစ်တဲ့အတိုင်း ၈၈ အဖွဲ့ကတော့ အင်န်အယ်လ်ဒီကိုပဲ ၀န်းရံမှာ
မဟုတ် တော့ပါဘူး။ ဒီအတွက် ရွေးကောက်ပွဲ ကို ရင်ဆိုင်ဖို့အတွက် အင်န်အယ်လ်ဒီ အတွက်
ပိုပြီး ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူအတွက်၊ တိုင်းပြည်အတွက်
စွန့်လွှတ် အနစ်နာခံခဲ့ရတာချင်း အတူတူ၊ ဒီကနေ့ အချိန်အထိလည်း တစ်ယောက်ချင်း ဖြစ်စေ၊
တစ်ဖွဲ့ချင်းဖြစ်စေ မှန်ကန်တဲ့ လမ်းကို လျောက်လှမ်းနေကြတာလည်း အတူတူ ဖြစ်ပါလျက်
အင်န်အယ်လ်ဒီနဲ့ ၈၈ ခုလို အခြေအနေအထိ ရောက်လာရတဲ့ ကိစ္စ ပြည်တွင်းပြည်ပ နိုင်ငံရေး
သမားတွေ နားမလည်နိုင် ဖြစ်ကြပါတယ်။ စိတ်မကောင်းချင်း ကြီးစွာဖြစ်နေကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာ အတွက် နှစ်ဖက် ခေါင်းဆောင်တွေမှာပဲ အဓိက တာဝန်ရှိတယ်လို့
ကောက်ချက် ချနိုင်ပါတယ်။ အထူးသဖြင့် လူပုဂ္ဂိုလ်အားဖြင့် ဖြစ်စေ၊ အဖွဲ့အစည်းချင်း
နှိုင်းယှဉ်ရင်ဖြစ်စေ ပိုပြီး ဩဇာနဲ့ အင်အားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ််လ်ဒီမှာ
ပိုပြီး တာဝန်ရှိပါတယ်။ ဒီအခြေအနေမျိုးမှာ ပြဿနာကို ပိုပြီး ဆိုးရွားစေတဲ့ အပြုအမူ အပြောအဆို
မျိုးထက် ပြဿနာရဲ့ရင်းမြစ်ကို အသေအချာ ရှာဖွေတာ၊ အမှားတွေကို မြင်အောင်ကြည့်တာ လုပ်ပြီး
တိုင်းပြည်နဲ့ ပြည်သူတွေ အကျိုးအတွက် နှစ်ဖက် သဘောထားတွေ အမြန်အဆန် ပြန်လည်
ပြုပြင်သင့်ကြပါတယ်။
ဖြစ်ခဲ့ပြီးတဲ့ အခြေအနေတွေကို ခဏ အသာထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈
ခေါင်းဆောင်တွေ အမြန်ဆုံး ပြန်လည်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သင့်ပါတယ်။
ပြောရရင် အခုလိုတိုင်းပြည်ကံကြမ္မာအတွက် အလွန်အရေးကြီးနေတဲ့ အချိန်မှာ ကိုယ့်
အယူအဆ ကိုယ်စွဲကိုင်၊စကားလုံး လှလှလေးတွေ ကိုယ်စီပြောပြီး ကွဲပြဲနေကြမယ့်
အစား တိုင်းပြည်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို ညီညွတ်ကြဖို့ လိုနေချိန်
ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

















