အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၇)

အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၇)

နှိုင်းယှဉ်လေ့လာစရာနိုင်ငံရေး အသွင်ကူး ပြောင်းမှုများ တခြားလူတွေရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို အချိန်ယူ ဖတ်ရှုလေ့လာကြည့်မယ်ဆိုရင် ဒီလိုကူးပြောင်းရေးကာလတွေကို သူတို့ ဘယ်လိုနည်းတွေနဲ့ ဖြတ်ကျော်ခဲ့ကြသလဲ ဆိုတာလောက်တော့ ကျွန်တော်တို့အနည်း ဆုံးသိနိုင်ကြမှာပါ။

နှိုင်းယှဉ်လေ့လာစရာနိုင်ငံရေး အသွင်ကူး ပြောင်းမှုများ

တခြားလူတွေရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို အချိန်ယူ ဖတ်ရှုလေ့လာကြည့်မယ်ဆိုရင်
ဒီလိုကူးပြောင်းရေးကာလတွေကို သူတို့ ဘယ်လိုနည်းတွေနဲ့ ဖြတ်ကျော်ခဲ့ကြသလဲ
ဆိုတာလောက်တော့ ကျွန်တော်တို့အနည်း ဆုံးသိနိုင်ကြမှာပါ။

ကမ္ဘာ့နိုင်ငံများမှာ အာဏာရှင်စနစ်၊ သို့မဟုတ် အကြွင်းမဲ့စနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေး
စနစ်ဆီသို့ နိုင်ငံရေးအရ အသွင်ကူးပြောင်းနေစဉ်ကာလအတွင်းမှာ လူ့အဖွဲ့အစည်းတွေ
ရင်ဆိုင်ရလေ့ ရှိတဲ့ နိုင်ငံရေးနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ အရေးအကြီးဆုံး မေးခွန်း တစ်ခုကတော့
ကိုယ့်ရင်ခွင်ထဲမှာ ပွေ့ပိုက်မိလျက်သားဖြစ်နေတဲ့ ဖိနှိပ်ချုပ်ချယ်မှုအမွေအနှစ် (အရှုပ်တော်ပုံကြီး)ကို
ဘယ်လိုကိုင်တွယ်ဖြေရှင်းကြရမလဲဆိုတာပါပဲ။

အသွင်ကူးပြောင်းရေး ကာလလုပ်ငန်းစဉ်တွေကို မတည်မငြိမ်ဖြစ် စေတဲ့ပြဿနာအများစုကလည်း
ဒီနေရာက စတာပါပဲ။

ဒီအချိန်ကာလအတွင်းမှာပဲ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံကျတဲ့
တောင်းဆိုမှုအမျိုးမျိုးကလည်း ပေါ်ထွက်လာလေ့ရှိပါတယ်။

အစိုးရသစ်များအနေနဲ့ အတိတ်တုန်းက အကြမ်းနည်းအသုံးပြုခဲ့ခြင်းများ ဘယ်လိုဖြစ်ပေါ်ခဲ့သလဲ
ဆိုတာကို နားလည်အောင် ကြိုးစားအားထုတ်ရင်း၊ ဒီအကြမ်းနည်းများကြောင့် ဖြစ်ပေါ်လာတဲ့
အကျိုးဆက်တွေကို ဖြေရှင်းနိုင်အောင်လည်း ရုန်းကန်ကြရပါတယ်။

ဒါတွေကို ဖြေရှင်းနိုင်မှ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့က အသေအချာ
ခိုင်မြဲစေမယ် မဟုတ်လား။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ လက်ဆခြင်းကတော့ မတူညီကြပါဘူး။

ဒါပေမဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တကယ်လုပ်တော့မယ်လို့ သန္နိဋ္ဌာန်ချထားပြီးပြီဆိုရင်
အခုလို အသွင်ကူးပြောင်းရေးကာလမှာ အတိတ်က ဖိနှိပ်ချုပ်ချယ်ခဲ့မှုတွေရဲ့ အမွေတွေကို
လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်း၊ အမှန်တရား ကော်မရှင်များ ဖွဲ့စည်းတည်ထောင်ပြီး အမှန်တရားကို
ဖော်ထုတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ပေးလျော်စေခြင်းနဲ့ ခွင့်လွှတ်ပေးခြင်း၊ တရားစွဲဆိုခြင်းနဲ့
နုတ်ပယ်ခြင်း၊ သီးခြားကော်မရှင် ဖွဲ့စည်း စစ်ဆေးခြင်းနည်းလမ်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းကြတာ
တွေ့ရပါတယ်။

ဒါကိုပဲ ကျွန်တော်က အထောက်အထား ကလေးတချို့ အသုံးပြုပြီး ဆွေးနွေးတင်ပြသွားပါ့မယ်။

ပညာရှင်တချို့ရဲ့အဆိုအရ ပြောရမယ်ဆိုရင်တော့ နိုင်ငံတွေမှာ အုပ်စိုးမှုတစ်ခုကနေ အခြားအုပ်စိုးမှု
တစ်ခုသို့ ကူးပြောင်းသွားတဲ့အခါ နိုင်ငံရေးအရ တရားမျှတမှု ရရှိအောင် ပြန်လုပ်ပေးရတာဟာ
၂၀ ရာစုကျမှ စခဲ့တာ မဟုတ်ပါဘူး။

ဘီစီ ၄၀၃ အေသင်မြို့ပြ နိုင်ငံတွေမှာ အာဏာရှင်အုပ်စိုးမှုအပြီး ဒီမိုကရေစီသမားများ ပြန်ရောက်
လာတဲ့အခါမှာ တာဝန်ခံမှုရှိသော နိုင်ငံရေးမူဝါဒနဲ့အတူ နိုင်ငံရေးအရတရားမျှတမှုကို ပြန်ရအောင်
လုပ်ခဲ့ကြရတယ်လို့ ထောက်ပြကြပါတယ်။

ဒါကတော့ ရှေးပဝေသဏီက နိုင်ငံရေးအသွင် ကူးပြောင်းမှုတစ်ခုပါ။

ဒီပညာရှင်တွေကပဲ ခေတ်သစ်နိုင်ငံရေး အသွင်ကူးပြောင်းမှု၊ အမှန်တရားနဲ့ တရားမျှတမှု ဖြစ်စဉ်ကို
လှိုင်းသုံးလှိုင်းနဲ့ ဖော်ကျူးခဲ့ကြပြန်ပါတယ်။

ပထမလှိုင်းက ဒုတိယကမ္ဘာစစ်အပြီး နျူရင်ဘတ် အပြည်ပြည်ဆိုင်ရာ စစ်တရားရုံးများ ကာလက
စတယ်လို့ဆိုပါတယ်။

နာဇီများ သိမ်းပိုက်ခံခဲ့ရတဲ့ အနောက်ဥရောပ ဩစတြီးယား၊ ဘယ်ဂျီယံ၊ ပြင်သစ်နဲ့ နယ်သာလန်
အပြင် အရှေ့ဥရောပနိုင်ငံတချို့လည်း ပါခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယလှိုင်းကတော့ ၁၉၆၀ ပြည့်လွန်နဲ့ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းက ဥရောပတောင်ပိုင်းနိုင်ငံ
များဖြစ်ကြတဲ့ ဂရိ၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတို့မှာ အာဏာရှင်တွေကို တော်လှန်ခဲ့တာကို
ရည်ညွှန်းတာပါ။

တတိယလှိုင်းကတော့ ၁၉၈၀ ပြည့်လွန်နဲ့ ၁၉၉၀ ပြည့်လွန်အထိပါ၀င်ပြီး လက်တင် အမေရိက
နိုင်ငံများမှသည် အရှေ့ဥရောပ၊ အာဖရိကနဲ့ အာရှနိုင်ငံများအထိ ကျယ်ပြန့်စွာ ပါ၀င်ခဲ့တယ်လို့
ဆိုပါတယ်။

ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကတော့ အခု ၂၁ ရာစုနဲ့ တော်တော်လေးဝေးခဲ့ပါပြီ။

နိုင်ငံရေး အသွင်ကူးပြောင်းမှုကာလ အမှန်တရားနဲ့ တရားမျှတမှု ရရှိအောင် လုပ်တဲ့နေရာမှာ
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော် ကာလနဲ့ အခုကာလ အယူအဆချင်းက
သိပ်မတူညီကြတော့ပါဘူး။

ဒါကြောင့် တတိယလှိုင်းအသွင် ကူးပြောင်းရေးကာလကို လေ့လာတာက ကျွန်တော်တို့နဲ့
ပိုနီးစပ်မယ်။ ပိုအကျိုး ရှိမယ်လို့ ထင်ပါတယ်။

တတိယလှိုင်းဟာ လက်တင်အမေရိက နိုင်ငံများမှာ ၁၉၈၀ ပြည့်လွန်လောက်က စတင်ခဲ့တာဖြစ်ပြီး
အရှေ့ဥရောပကို ဆက်လက် ရိုက်ခတ်သွားခဲ့ပါတယ်။

အာဖရိကနဲ့ အာရှကိုတော့ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ရောက်ခဲ့ပါတယ်။

အမေရိကတိုက်တောင်ဘက်အခြမ်းမှာ အာဏာရှင်အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီဘက်သို့
ကူးပြောင်းလာခဲ့တာဖြစ်ပြီး အဲဒီမှာ အမှန်တရားဖော်ထုတ်ရေးနဲ့ တရားမျှတမှုကို အားထုတ်နေစဉ်
အတွင်းမှာပဲ အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ
ဖြစ်ထွန်းလာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ "အမှန်တရား ကော်မရှင်"လို့ ပထမဆုံး တရားဝင်ဖွဲ့စည်း ခေါ်ဆိုခဲ့တာဟာ
အာဂျင်တီးနားနိုင်ငံ ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ ဖြစ်ပါတယ်။

ချီလီနိုင်ငံမှာလည်း အမှန်တရားအစီရင်ခံစာ တင်သွင်းဖို့ တရားဝင်ကော်မရှင်တစ်ခုကို
၁၉၉၀ ပြည့်နှစ်မှာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အမှန်တရားကော်မရှင်ကဲ့သို့ တာဝန်မျိုးကို ပါလီမန်အတွင်းက ကော်မရှင်များကိုပဲ ဆောင်ရွက်စေခဲ့
တာကတော့ ၁၉၈၂-၈၃ ခုနှစ် ဘိုလစ်ဗီးယား၊ ၁၉၈၅ ခုနှစ် ဥရုဂွေးနဲ့ ၁၉၉၂ ခုနှစ် ပါရာဂွေးနိုင်ငံ
တို့မှာ ဖြစ်ပါတယ်။

အစိုးရ မဟုတ်သော အဖွဲ့အစည်းများအနေနဲ့ အလွတ်သဘော စုံစမ်းစစ်ဆေးပြီး အမှန်တရား
အစီရင်ခံစာများကို ထုတ်ပြန်ပေးခဲ့တာကတော့ ၁၉၇၉ ခုနှစ်မှ ၁၉၈၅ ထိ ဘရာဇီးလ်၊ ၁၉၈၄ ခုနှစ်မှ
၁၉၉၀ ပြည့်နှစ်အထိ ပါရာဂွေး၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ ဥရုဂွေး၊ ၁၉၉၀ ပြည့်မှ ၁၉၉၃ ထိ
ဘိုလစ်ဗီးယားနိုင်ငံတို့ ဖြစ်ပါတယ်။

တချို့နိုင်ငံတွေမှာ အမှန်တရားစုံစမ်းမှုနဲ့ အစီရင်ခံမှုတို့ဟာ အစိုးရက တရားဝင်တာဝန်ပေးထားတဲ့
အဖွဲ့အစည်းအပြင် အစိုးရက တာဝန်မပေးသော်လည်း အလွတ်သဘော အမှန်တရား
ဖော်ထုတ်မှုများ ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီနိုင်ငံတွေအနက် တရားရုံးမှာ တရားစွဲဖို့ တင်ပို့နိုင်တာကတော့ ၁၉၈၄ ခုနှစ် အာဂျင်တီးနားနဲ့
၁၉၈၆ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဘိုလစ်ဗီးယား နှစ်နိုင်ငံပဲ ရှိပါတယ်။

အာဂျင်တီးနားနိုင်ငံမှာ ၁၉၇၆ ခုနှစ်က ၁၉၈၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်
ကိုးဦး ကို တရားစွဲခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၅ ခုနှစ်အတွင်း သမ္မတရဲ့
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီစစ်ခေါင်းဆောင် အားလုံးသာမက အခြားတရားစွဲဆိုခံရတဲ့
ရာပေါင်းများစွာသော ကျူးလွန်ဖောက်ဖျက်ခဲ့သူအားလုံး လွတ်မြောက်ခဲ့ပါတယ်။


ဘိုလစ်ဗီးယားမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂါစီယာမင့်ဇာနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့
၀န်ကြီးအားလုံး၊ စစ်တပ်ဦးစီးချုပ်နဲ့ ပါလီမန်ကိုယ်စားလှယ်တချို့ပါ ထောင်သွင်းအကျဉ်းချခံရတာ
ဖြစ်ခဲ့ပါတယ်။

အမေရိကတိုက်နိုင်ငံတွေရဲ့သမိုင်းမှာ တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ လက်တွေ့
အုပ်ချုပ်ခဲ့တဲ့ အစိုးရတစ်ရပ်ဟာ အာဏာ လုယူခဲ့မှုအတွက် တာဝန်ယူရတာဟာ အခု ကိစ္စက
ပထမဦးဆုံးပါပဲ။

တခြားအမေရိကတိုက်တောင်ပိုင်းနိုင်ငံတွေမှာတာ့ တစ်ချိန်က ဖိနှိပ်ခဲ့သူများကို အစိုးရက
တရားစွဲဆိုမှု မရှိသော်လည်း လူ့အခွင့်အရေးအဖွဲ့များနဲ့ တခြား ပုဂ္ဂလိကများက တရားစွဲဆိုခြင်း
များတော့ ရှိခဲ့ ပါတယ်။

အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများနဲ့ ကယ်ရစ်ဘီယံပင်လယ်ကမ်းခြေ နိုင်ငံများမှာလည်း
အမှန်တရားနဲ့ တရားမျှတမှုအခြေအနေက တောင်ပိုင်းနိုင်ငံများနဲ့ အလားသဏ္ဌာန်တူပါတယ်။

ဘယ်နိုင်ငံမှာမဆို အမှန်တရားကော်မရှင်များဟာ အသွင်ကူးပြောင်း ရေးကာလနိုင်ငံရေး
မူဝါဒများရဲ့ အဓိက အခန်းကဏ္ဍအဖြစ် ပါ၀င်နေကြပါတယ်။

ဂွာတီမာလာနိုင်ငံမှာ ၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ် ကာလအတွင်း အမှန်တရားအစီရင်ခံစာများကို
အစိုးရကဖွဲ့စည်းပေးသောကော်မရှင်က ထုတ်ပြန်ခဲ့သလို လူ့အခွင့်အရေးအဖွဲ့များနဲ့ ပူးပေါင်းပြီး
ကက်သလစ်ဘုရားကျောင်းများကလည်း အလွတ်သဘော ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

အယ်လ်ဆာဗေးဒိုးနိုင်ငံကျတော့ ကုလသမဂ္ဂက အဓိက ဦးဆောင်ပေးလို့သာ အမှန်တရား
ကော်မရှင်ကို ၁၉၉၂-၉၃ ခုနှစ်ကာလမှာ ဖွဲ့စည်းစစ်ဆေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံမှာတော့ အမျိုးသားခုံသမာဓိရုံးက ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေနဲ့
ပူးပေါင်းပြီး ၁၉၉၀-၉၃ ခုနှစ်ကာလအတွင်းမှာ စုံစမ်းစစ်ဆေးပြီး အမှန်တရား အစီရင်ခံစာထုတ်ပြန်
နိုင်ခဲ့ပါတယ်။

ဟေတီနိုင်ငံမှာတော့ ၁၉၉၄- ၉၆ ခုနှစ်ကာလအတွင်း အမှန်တရားနဲ့ တရားမျှတမှု ကော်မရှင်ကို
ဖွဲ့စည်းနိုင်ခဲ့ပြီး သူ့နိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးကာလကို စုံစမ်းစစ်ဆေး မှတ်တမ်းတင်ခဲ့ကြောင်း
တွေ့ရပါတယ်။

အမေရိကအလယ်ပိုင်းနိုင်ငံတွေဟာ အမှန်တရား ကော်မရှင်ကဲ့သို့ အဖွဲ့တွေဖွဲ့ပြီး
စုံစမ်းစစ်ဆေးခြင်းနဲ့ အစီရင်ခံစာတွေ မပျက်မကွက် ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့တဲ့အတွက်
သမိုင်းဆိုင်ရာ အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ယုံကြည်ရသော်လည်း အစီရင်ခံစာပါ
အကြံပြုချက်များဘယ် လောက်အထိ အရေးယူဆောင်ရွက်နိုင်ခဲ့ သလဲဆိုတာကတော့
သံသယရှိစရာဖြစ်နေပါတယ်။

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာဆိုရင် အားလုံးနဲ့ အကျုံးဝင်တဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တာ
ရှိပါတယ်။

အသွင်ကူးပြောင်းရေး ကာလတရားမျှတမှုမှာ ဒဏ်ခတ်အရေးယူသော တရားမျှတမှုအစား
သမိုင်းဆိုင်ရာ အမှန်တရားအတွက်သာ ဦးစားပေးခဲ့ကြတယ်လို့ ယူဆနိုင်ပါတယ်။

အမေရိက အလယ်ပိုင်းဒေသငြိမ်းချမ်းရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်
အကောင်အထည်ဖော်နေဆဲမှာပဲ ဘာလင်တံတိုင်းပြိုလဲခြင်းနဲ့အတူ ဂျာမနီ ပြန်လည်
ပေါင်းစည်းခြင်း၊ ဆိုဗီယက် ဟောင်းနိုင်ငံ တချို့အသွင်ကူးပြောင်းခြင်းတို့ ဖြစ်ခဲ့ကြပါတယ်။

ဒီနိုင်ငံတွေရဲ့ အသွင် ကူးပြောင်းရေးကာလ အမှန်တရားနဲ့ တရားမျှတမှုဟာ မူဝါဒနှစ်မျိုးနဲ့
ဖြစ်ထွန်းခဲ့တာ တွေ့ရပါတယ်။

မူဝါဒတစ်ခုကတော့ သန့်ရှင်း စင်ကြယ်စေခြင်း (PURGE)ဖြစ်ပြီး နောက် တစ်ခုကတော့
လျှို့ဝှက်စွာထိန်းသိမ်းထားသော ဖိုင်တွဲများ ဖွင့်ချခြင်းဖြင့် အမှန်တရား ထွက်ပေါ်လာစေခြင်း
ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်တွင် အယ်လ်ဘေးနီးယားနိုင်ငံ၊ ၁၉၉၂ မှ ၁၉၉၈ ခုနှစ်အတွင်း ကာလ၌
ဘူလ်ဂေးရီးယားနိုင်ငံ၊ ၁၉၉၁ ခုနှစ်တွင် ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗေးကီးယား၊ ၁၉၉၂ မှ ၁၉၉၈ ခုနှစ်
ကာလတွင် ပိုလန်နိုင်ငံ၊ ၁၉၉၈ ခုနှစ်တွင် ရိုမေးနီးယားနိုင်ငံ၊ ၁၉၉၄ မှ ၁၉၉၆ ခုနှစ် အထိ
ဟန်ဂေရီနိုင်ငံတို့တွင် ကွန်မြူနစ်စနစ် ဖျက်သိမ်းရေးနဲ့ သန့်ရှင်းစင်ကြယ်ရေး ဥပဒေများ
ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တမ်း ကျယ်ကျယ်ပြန့်ပြန့် သန့်ရှင်းစင်ကြယ်အောင် လုပ်နိုင်ခဲ့တာကတော့
အယ်လ်ဘေးနီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ပဲဖြစ်တယ်လို့ စာအုပ်တွေမှာ
ဖတ်ရှုရပါတယ်။

သာဓကအနေနဲ့ ဂျာမနီနိုင်ငံမှာဆိုရင် ၁၉၉၂ ခုနှစ် အမှန်တရားကော်မရှင်ရဲ့ အစီရင်ခံစာအရ
တရားသူကြီးများ၊ ရဲအရာရှိကြီး များ အပါအဝင် နိုင်ငံ့ဝန်ထမ်းပေါင်းများစွာ ရှင်းလင်းဖယ်ရှားခြင်း
ခံခဲ့ရပါတယ်။

ဂျာမနီ၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့ ပိုလန်နိုင်ငံတွေမှာ အတိတ်အုပ်စိုးခဲ့သူများကို ပါလီမန်၊ သို့မဟုတ်
လက်ရှိအစိုးရက အထူးကော်မရှင်များ ဖွဲ့စည်းစစ်ဆေးပြီး တရားစွဲခဲ့တာတွေ ရှိခဲ့ပါတယ်။

ဥရောပအရှေ့ အလယ်ပိုင်းနိုင်ငံ အတော်များများမှာ မြေယာ ပြန်လည်ပေးအပ်ရေးဥပဒေတွေကို
အတည်ပြု ပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

ချက်နိုင်ငံကတော့ အဆောက်အအုံများ ပြန်လည်ပေးအပ်ရေး ဥပဒေပင်လျှင် ပြဋ္ဌာန်းပေးနိုင်ခဲ့ပါ
တယ်။

ဆိုဗီယက်ဟောင်း ဘောလ်တစ်နိုင်ငံတွေကတော့ ဥရောပအရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့
နှိုင်းစာမယ်ဆိုရင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ပတ်သက်ပြီး ဖော်ပြစရာ
သိပ်မရှိခဲ့ပါဘူး။

လျှို့ဝှက်စွာ ထိန်းသိမ်းထားသော ဖိုင်တချို့ကို ဖွင့်ချပေးခြင်းဖြင့် အမှန်တရား အကန့်အသတ်တစ်ခု
ထုတ်ဖော်ခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်ထူထောင်ရေးနဲ့ လျော်ကြေးပေးရေးဥပဒေ
ထွက်ပေါ်လာခြင်း စသည်တို့သာ ရှိပါတယ်။

ဥပဒေရေးရာ ကန့်သတ်ချက်များကြောင့် ကျူးလွန်ခဲ့သူများကို တရားစွဲဖို့ ကိစ္စလည်း
မဖြစ်နိုင်သေးတာ တွေ့ရပါတယ်။

ကျွန်တော်က တတိယလှိုင်းနိုင်ငံရေး အသွင်ကူးပြောင်းမှုရဲ့ အမှန်တရားနဲ့ တရားမျှတမှု
လုပ်ငန်းတချို့ကို ရွေးနုတ်တင်ပြတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး
ကာလမှာ အသုံးဝင်မယ့် အတွေ့အကြံုနဲ့ အယူအဆတချို့ကို ရရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ဖြစ်ပါတယ်။

အမှန်တရား ကော်မရှင်များရဲ့ အသုံးဝင်ပုံနဲ့ မဖြစ်မနေလိုအပ်ပုံတို့ကိုလည်း သတိပြုမိနိုင်ရန်
ဖြစ်ပါတယ်။

တင်ပြခဲ့တဲ့ နိုင်ငံများစွာအနက် နိုင်ငံအနည်းအကျဉ်းသာ ဒဏ်ခတ် အရေးယူသော တရားမျှတမှုကို
ကျင့်သုံးမှု ရှိခဲ့ကြောင်းနဲ့ များသောအားဖြင့် သမိုင်းဆိုင်ရာ အမှန်တရားဖော်ထုတ်ခြင်း၊ လွတ်ငြိမ်း
ချမ်းသာခွင့်ပေးခြင်း၊ လယ်ယာမြေ အဆောက်အအုံငွေကြေးတို့ဖြင့် ပေးလျော်ခြင်း၊ နုတ်ပယ်ခြင်းနဲ့
ခွင့်လွှတ်ခြင်း နည်းလမ်းများဖြင့်သာ ကိုင်တွယ်ဖြေရှင်းခဲ့ကြကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021