အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း တပ်မတော်နဲ့ အစိုးရအဖွဲ့ပေါင်းပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ သူ့ကိုထောက်ခံသူ တချို့ကို ပါတီခေါင်းဆောင်နေရာတွေကနေ ဖယ်ရှားလိုက်ပါပြီ။
အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း တပ်မတော်နဲ့ အစိုးရအဖွဲ့ပေါင်းပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ
သူရဦးရွှေမန်းနဲ့ သူ့ကိုထောက်ခံသူ တချို့ကို ပါတီခေါင်းဆောင်နေရာတွေကနေ ဖယ်ရှားလိုက်ပါပြီ။
ပါတီဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံလိုက်ရပေမယ့် သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊
ပြည်ထောင်စု လွှတ်တော်ရဲ့ အလှည့်ကျ နာယကရာထူးမှာ ဆက်ရှိနေပါသေးတယ်။
သူ့ကို အဲဒီနေရာတွေကနေ ဖယ်ရှားဖို့ ကြိုးစားကြဦးမှာလား၊ ဘယ်လိုနည်းနဲ့ ကြိုးစားမှာလဲ
အရင်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖြုတ်ချခဲ့စဉ်တုန်းကလို ကြီးလေးတဲ့
ပြစ်ဒဏ်ချဖို့ ကြိုးစားကြဦးမှာလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
ဩဂုတ်လ ၁၅ ရက်နေ့က အင်တာနက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြချက်အရတော့
သူရဦးရွှေမန်းဟာ ခုလို အခြေအနေမျိုး အန္တရာယ်ကျရောက်လာနိုင်တယ်ဆိုတာ
သူကိုယ်တိုင်လည်း သိရှိထားတယ်လို့ ဆိုပါတယ်။
သူရဦးရွှေမန်းကို ဘာကြောင့် ဖြုတ်ပစ်ရတာလဲ၊ သူ့ကို ဖြုတ်ချဖို့ တပ်မတော်နဲ့ အစိုးရအင်အား
အများအပြား ဘာကြောင့် သုံးရတာလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ အစပြုတာပါ။
အရင် စစ်အာဏာရှင်တွေဟာ သူတို့တွေ အနားယူသွားတဲ့တိုင် တိုင်းပြည်မှာ စစ်ဘုရင်မင်းဆက်
ဆက်ပြီး တည်ရှိနေစေဖို့ အဲဒီ ဖွဲ့စည်းပုံကို ပြဋ္ဌာန်းပေးသွားခဲ့တာပါ။
ဖွဲ့စည်းပုံမှာ တပ်မတော်ကို ထိန်းချုပ်ထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတ တစ်ယောက်က
ပူးတွဲ အုပ်ချုပ်ရမယ့် သဘော ပြဋ္ဌာန်းထားပါတယ်။
ဒီအတွက် သမ္မတဆိုတာကိုလည်း စစ်တပ်ထဲက လာသူ ဖြစ်ဖို့ အရင်အာဏာရှင်တွေက
လိုလားပါတယ်။
ဒါကြောင့် သမ္မတကို ရွေးကောက်ခံ အမတ်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတဲ့ အမတ်တွေ
ပေါင်းပြီး ရွေးချယ်ရမယ်လို့ ပြဋ္ဌာန်းချက် ထည့်သွင်းပါတယ်။
ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်မယ့် အမတ်က ၂၅ ရာခိုင်နှုန်းပဲ ရှိလေတော့ စစ်တပ်က
တစ်ယောက်ယောက် သမ္မတဖြစ်ရေး မဲ မလုံလောက်ပါဘူး။
ဒီအတွက် ရွေးကောက်ခံ အမတ်တွေရဲ့ မဲရလာအောင် ပြည်ခိုင်ဖြိုးပါတီ ဆိုတာကို
တည်ထောင်ပါတယ်။
အဲဒီ ပြည်ခိုင်ဖြိုးပါတီဆိုတာကိုလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းပြီး တပ်မတော်ကို သစ္စာခံ၊
တပ်မတော်နဲ့ တစ်သားတည်းရှိမှသာ စစ်ဘုရင်မင်းဆက် တည်ထောင်ရေးဆိုတာက
အလုပ်ဖြစ်မှာပါ။
အရင် စစ်အာဏာရှင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကို လုပ်ပြီး အဲဒီ စီမံကိန်းကို
စအကောင်အထည် ဖော်ခဲ့ပါတယ်။
အင်န်အယ်လ်ဒီလို ပြည်သူလူထု အများစု ထောက်ခံတဲ့ပါတီ ရွေးကောက်ပွဲ ၀င်မပြိုင်တော့
ရလဒ်ကို လိုသလို ထုတ်ယူနိုင်ခဲ့ကြပါတယ်။
ဒီလိုနည်းနဲ့ စစ်ဘုရင် မင်းဆက်တစ်ဆက်ကို စပြီး တည်ထောင်၊ အာဏာလွှဲပြောင်း
ပေးနိုင်ခဲ့ပါတယ်။
ဖွဲ့စည်းပုံမှာ ဒီလို အပိုင်ပြဋ္ဌာန်းထားခဲ့ပေမယ့် တကယ့်တကယ် စစ်ဘုရင်မင်းဆက်
အရှည်တည်တံ့ဖို့ ဆိုတာ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာ သုံးပုံ
တစ်ပုံလောက်တော့ နိုင်ဖို့ လိုပါသေးတယ်။
ဒီအခြေအနေကို စမ်းသပ်ဖို့ ၂၀၁၂ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပြီး လူထုအခြေအနေကို
တီးခေါက်ကြည့်ပါတယ်။
တကယ်ပြိုင်ကြည့်တဲ့အခါ အင်န်အယ်လ်ဒီက ရာခိုင်နှုန်းပြည့်နိုင်ပြီး ပြည်ခိုင်ဖြိုးက ရာခိုင်နှုန်းပြည့်
ရှုံးပါတယ်။
အတော်လေးကို မလွယ်မယ့် အနေအထားမျိုးပါ။
ဒီကြားထဲမှာ နောက်ထပ် အရေးကြီးတဲ့ ပြဿနာတစ်ခု ပေါ်လာတာက အရင် အာဏာရှင်တွေက
လွှတ်တော် အကြီးအမှူးအဖြစ် တာဝန်ပေးပြီး ဘေးဖယ်ထားခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း
သူရဦးရွှေမန်းက သမ္မတဖြစ်ချင်တယ်ဆိုပြီး ပြောလည်းပြော၊ အကောင်အထည်လည်းဖော်
လုပ်ခဲ့တာပါ။
တိုက်ဆိုင်ချင်တော့ အရင်အာဏာရှင်တွေက ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည် အပ်သွားတဲ့
သမ္မတ ဦးသိန်းစိန် ပါတီတာဝန် မထမ်းဆောင်နိုင်တော့တဲ့အခါ ပါတီခေါင်းဆောင်မှု သူရဦးရွှေမန်း
လက်ထဲ ရောက်သွားပါတယ်။
အဲဒီအချိန်ကစ သူရဦးရွှေမန်းဟာ သမ္မတဖြစ်ရေး မီးကုန်ယမ်းကုန် ကြိုးစားပါတော့တယ်။
ပထမတစ်ဆင့် ပါတီတွင်း ထောက်ခံမှု ရအောင် ကြိုးစားတာပါ။
အဓိက ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက တချို့ အစိုးရဝန်ကြီးတာဝန်ယူသွားရတော့
တချို့ပဲ ကျန်ရစ်ပါတယ်။
အဲဒီ ကျန်ရစ်သူထဲက အများစုဟာ အရင် စစ်အစိုးရခေတ်က ၀န်ကြီး၊ ဒုဝန်ကြီး လုပ်ခဲ့ပြီး သားသမီး
အသိုင်းအဝိုင်း ကြီးပွားချမ်းသာနေကြသူတွေပါ။
အာဏာ လက်လွှတ်၊ လွှတ်တော်ထဲရောက်ပြီးနောက်ပိုင်း သားသမီး အသိုင်းအဝိုင်းရဲ့ ကိုယ်ကျိုး
စီးပွား သိပ်မတိုးပွားလာတော့တဲ့အခါ အရင် အာဏာရှိစဉ် အခြေအနေမျိုး ပြန်တမ်းတလာပါတယ်။
ဒီအခါ သူရဦးရွှေမန်းကို ပိုထောက်ခံ၊ သူရဦးရွှေမန်း သမ္မတ ရာထူးရရင် သူတို့တွေလည်း
၀န်ကြီးနေရာ ပြန်ရကြမယ်ဆိုပြီး စိတ်ကူးအိပ်မက်တွေ မက်လာကြပါတယ်။
ဒီနည်းနဲ့ သူရဦးရွှေမန်းဟာ ပါတီတွင်း ထောက်ခံမှုရ၊ အာဏာအခြေခိုင်အောင် တည်ဆောက်နိုင်
ခဲ့တာမို့ ထုံးစံအတိုင်း သဘောထား မတိုက်ဆိုင်သူတွေဟာလည်း အသံကျယ်ကျယ်
မထွက်ဝံ့တော့ပါဘူး။
ဒုတိယ တစ်ချက်ကတော့ ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော်ကို နာခံရမယ်ဆိုတဲ့ အနေအထားကနေ
ပြည်ခိုင်ဖြိုးပါတီကို တပ်မတော်က နာခံရမယ်ဆိုတဲ့ အနေအထားပြုပြင်ဖို့ ကြိုးစားတာပါ။
သူအဓိက လုပ်တာကတော့ ဖွဲ့စည်းပုံမှာပါတဲ့ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီးတွေဟာ ရွေးကောက်ခံ
အမတ်ဖြစ်စေ၊ အပြင် လူ ဖြစ်စေရတယ်ဆိုတဲ့ အချက်နေရာမှာ 'ရွေးကောက်ခံ အမတ်' ဖြစ်ရမယ်
ဆိုတဲ့ အချက်ကို ပြင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားတာပါ။
အဲဒီလို ပြင်လိုက်နိုင်ရင် တပ်မတော်သား အမတ်တွေကတောင် ဗိုလ်ချုပ် တစ်ယောက်ယောက်၊
ဒါမှမဟုတ် လက်ရှိ သမ္မတ ဦးသိန်းစိန်လို ရွေးကောက်ပွဲ မဝင်သူ တစ်ယောက်ယောက်ကို
ဒုသမ္မတ အဖြစ်တင်မြှောက်လို့ ရတော့မှာ မဟုတ်ပါဘူး။
ဒါတင်မက သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး လုပ်ချင်တဲ့ ဘယ် ဗိုလ်ချုပ်မဆို ရွေးကောက်ပွဲ
၀င်ပြိုင်ရတော့မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ၀င်ပြိုင်ရမယ်ဆိုရင်လည်း သူခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီ အောက်ဝင်ရမယ်
ဆိုတဲ့ သဘော သက်ရောက်သွားစေပါတယ်။
စစ်ဝတ်ချွတ်၊ အရပ်ဝတ်လဲ၊ ပြည်ခိုင်ဖြိုးထဲဝင်၊ သူပေးတဲ့ နယ်မြေက ရွေးကောက်ပွဲဝင်ဆိုတဲ့
အနေအထားပါ။
တပ်မတော်ကို ပါတီအောက်ထဲ သွတ်သွင်းဖို့ လုပ်တဲ့ အချက်ဟာ စစ်ခေါင်းဆောင်တွေကို
အလွန်ဒေါသထွက်စေပါတယ်။
ဒါပေမဲ့ သူရ ဦးရွှေမန်းရဲ့ ဖွဲ့စည်းပုံထဲက အဲဒီ အချက်ပြင်မယ့်အကြံကို တပ်မတော်သားတွေက
အလွယ်တကူ ပယ်ချခဲ့ပါတယ်။
တတိယ တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်နီးစပ်အောင်၊ အလွန်ရင်းနှီးအောင်
အစွမ်းကုန်ကြိုးစားပြီး နှစ်ယောက်သား ဟိုအကြံအစည် ရှိသလိုလို၊ ဒီ လျှို့ဝှက်သဘောတူညီချက်
ရှိသလိုလို လုပ်ပြခြင်းပါ။
အားလုံးသိနေကြတဲ့ သတင်းတစ်ခုကတော့ ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲရောက်ရင်
အင်န်အယ်လ်ဒီ အမတ်အင်အားစုနဲ့ ပြည်ခိုင်ဖြိုး အမတ်အင်အားစုပေါင်းပြီး သမ္မတ နေရာရအောင်
ယူမယ်၊ ဖွဲ့စည်းပုံမှာ ပုဒ်မ ၅၉(စ) ကို မပြင်နိုင်တော့ ဒေါ်စု သမ္မတ လုပ်မရတဲ့အတွက် သူက
သမ္မတ နေရာယူမယ်၊ နောက် ၀န်ကြီးချုပ်ဆိုတဲ့ နေရာအသစ် တစ်ခုဖန်တီးပြီး
ဒေါ်အောင်ဆန်းစုကြည်ကို ပေးမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်အောင် ဖန်တီးခြင်းပါ။
ဒေါ်အောင်ဆန်းစုကြည်ကလည်း 'ဒါတွေ မဟုတ်ပါဘူး၊ မမှန်ပါဘူး'လို့ တရားဝင်အားဖြင့်
တစ်ကြိမ်မှ ငြင်းဆိုတာ မတွေ့ရပါဘူး။ တပ်မတော်ဘက်ကတော့ သမ္မတလောင်း ရွေးချယ်ပွဲမှာ
သူတို့အတွက် ရည်ရွယ်ထားတဲ့ ပြည်ခိုင်ဖြိုးမဲတွေကို သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ကို
ရောင်းစားပြီး သမ္မတလုပ်ဖို့ ကြံရွယ်တယ်ဆိုပြီး အလွန်စိုးရိမ်သောက ရောက်ကြတာပါ။
စတုတ္ထအချက်ကတော့ သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရ တစ်ဖွဲ့လုံးကို ပြည်ခိုင်ဖြိုးပါတီကနေ
ကန်ထုတ်ဖို့ ကြိုးစားတာပါ။
ဖွဲ့စည်းပုံကြောင့် ပါတီတာဝန် ထမ်းဆောင်လို့ မရတဲ့ ဦးသိန်းစိန်နဲ့ သူ့အစိုးရ အဖွဲ့ဝင်တွေကို
ကန်ထုတ်မယ့် ဥပဒေပြုရေးကိစ္စမှာလည်း ပြည်ခိုင်ဖြိုးပါတီဝင် အမတ်အားလုံး တက်တက်ကြွကြွ
ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။
ဒါတင်မက ပြည်သူ့လွှတ်တော်ထဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမတ်တွေ
ကလည်း တက်တက်ကြွကြွ ထောက်ခံလိုက်ပါသေးတယ်။
ဒီအချက်တွေကို မြင်တဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ ပါတီကို ပြန်သိမ်းမယ့် စစ်ဆင်ရေးကြီး
တစ်ရပ် ဆင်နွှဲဖို့ ပြင်ဆင်ပါတယ်။
အဲဒီ စစ်ဆင်ရေးမှာ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် သုံးယောက်ကလွဲပြီး အရာရှိကြီး ၃၀ နီးပါး၊
ဒုတိယတန်း စစ်အရာရှိ ၁၀၀ ကျော် စုစုပေါင်း စစ်အရာရှိ ၁၄၀ ကျော်နဲ့ ဆင်နွှဲဖို့ စီစဉ်ပါတယ်။
ဦးဆောင်မယ့်သူဟာ သူရဦးရွှေမန်းရဲ့ အရင်စစ်ရာထူးနဲ့ အဆင့်တူ၊ ရာထူးတူ ကြည်း၊ ရေ၊ လေ
ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်း ကိုယ်တိုင်ပါ။
သူရ ဦးရွှေမန်းကလည်း ဒါကို မြင်ပါတယ်။
တပ်ကနေ ပြည်ခိုင်ဖြိုးထဲလာပြီး ရွေးကောက်ပွဲဝင်မယ့် အရေအတွက်ကို ၅၀ ၀န်းကျင်လောက်ပဲ
ခွင့်ပြုပါတယ်။
ပြည်ထောင်စု အဆင့်အတွက် ၂၆ နေရာပဲ ပေးပါတယ်။
ဒီလို အခြေအနေတွေကို သိလို့လည်း သူရဦးရွှေမန်းဟာ ရွေးကောက်ပွဲအောင်နိုင်ရေး
ခေါင်းဆောင်၊ အမတ်လောင်း ရွေးချယ် စိစစ်တာဝန်ပေးရေး အဖွဲ့ခေါင်းဆောင် ရာထူးတွေကိုပါ
ပူးတွဲ ရယူထားတာ ဖြစ်ပါတယ်။
နောက်ဆုံး အမတ်လောင်း စာရင်းတင်ရမယ့်ရက်ကလည်း နီးကပ်လာပြီဖြစ်တဲ့အတွက်
တပ်မတော်ဘက်က ဒီထက်အချိန် မစောင့်နိုင်တော့ဘဲ ပါတီ ပြန်လည် သိမ်းပိုက်ရယူရေး
စစ်ဆင်ရေးကို ဆင်နွှဲခဲ့တာတွေ့ရပါတယ်။
သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌနေရာက ဖယ်ရှားပြီးနောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြင်ဆင်
ဖွဲ့စည်းပါတယ်။
ဦးဌေးဦးကို ယာယီ ဥက္ကဋ္ဌ နေရာထားပေမယ့် ပူပူနွေးနွေး ဗိုလ်ချုပ်ဟောင်းတွေနဲ့ အစိုးရဝန်ကြီးတွေ
ပါ၀င်ပြီး ထိန်းချုပ်ပါတယ်။
ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ပါတီစည်းကမ်းထိမ်းသိမ်းရေးဆိုတဲ့ အလွန်အရေးကြီးတဲ့
တာဝန်ရယူလိုက်တာ တွေ့ရပါတယ်။
ဒါဟာ ပထမအဆင့် ပါတီသန့်စင်ရေး ဖြစ်ပုံရပါတယ်။
တကယ်တော့ အရင်စစ်အာဏာရှင်တွေဟာ ပြည်ခိုင်ဖြိုးပါတီကို တပ်မတော်ပိုင်အဖြစ်
ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးကိုလည်း တပ်မတော်အတွင်းရေးလို့ပဲ
မှတ်ယူပုံရပါတယ်။
အခု ပြဿနာကို ဖြေရှင်းရာမှာ တပ်တွင်းပုန်ကန်မှုတစ်ခုကို နှိမ်နင်းလိုက်ပုံမျိုးနဲ့ ဖြေရှင်းတာ
တွေ့ရပါတယ်။
ဒါပေမဲ့လည်း အပြောင်းအလဲကာလ နိုင်ငံတကာရဲ့ အမြင်ကောင်းအောင် အရင် ထောက်လှမ်းရေး
အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လုပ်သလို ချက်ခြင်း ရိုက်နှက်ဖမ်းဆီး၊ နှိပ်စက်၊ ခုံရုံးတင်၊
ထောင်ဒဏ် နှစ်ရှည်တွေချ ဆိုတာမျိုးတော့ မလုပ်ခဲ့ပါဘူး။
ဒါပေမဲ့ တပ်တွင်းပုန်ကန်မှုလို သဘောထားတာ တွေ့ရတော့ သူရဦးရွှေမန်းကို အရေးယူမှု
ဒီလောက်နဲ့ ရပ်သွားလိမ့်မယ်လို့တော့ မမျှော်လင့်နိုင်ပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အရိပ်အောက်က မလွတ်သေးသရွေ့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေထဲက သမ္မတ ရွေးချယ်ရာမှာ တပ်မတော်သားအမတ်တွေက ၂၅ ရာခိုင်နှုန်း မဲရယူထားတဲ့
တရားမျှတမှု မရှိတဲ့ ပုဒ်မ ၆၀ လိုမျိုးကို မပြင်နိုင်သေးသရွေ့ ခုလို ပြဿနာမျိုးနဲ့ ဆက်ပြီး
ကြံုတွေ့ရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

















