အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၈)

အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၈)

အတိတ်ကို တာဝန်ခံမှုရှိကြသလား ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအသွင်ကူး ပြောင်းမှု တတိယလှိုင်းမှာ ပါ၀င်ခဲ့တဲ့ အမေရိက တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ ဥရောပအရှေ့ အလယ်ပိုင်းနိုင်ငံတချို့ရဲ့ အသွင်ကူးပြောင်းရေးကာလ အမှန်တရားနဲ့ တရားမျှတမှုဖြစ်စဉ် တချို့ကို စာဖတ်သူများအနေဖြင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့ နှိုင်းယှဉ် လေ့လာနိုင်ဖို့အတွက် အကြမ်းဖျင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။

အတိတ်ကို တာဝန်ခံမှုရှိကြသလား ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအသွင်ကူး ပြောင်းမှု
တတိယလှိုင်းမှာ ပါ၀င်ခဲ့တဲ့ အမေရိက တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ ဥရောပအရှေ့ အလယ်ပိုင်း
နိုင်ငံတချို့ရဲ့ အသွင်ကူးပြောင်းရေးကာလ အမှန်တရားနဲ့ တရားမျှတမှုဖြစ်စဉ် တချို့ကို
စာဖတ်သူများအနေဖြင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့ နှိုင်းယှဉ် လေ့လာနိုင်ဖို့အတွက်
အကြမ်းဖျင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံရေး အသွင်ကူးပြောင်းမှု တတိယလှိုင်းဟာ အာဖရိကနဲ့ အာရှတိုက်နိုင်ငံ တချို့အထိ
ရိုက်ခတ်ခဲ့တာမို့ ဒီနိုင်ငံတွေမှာ ဖြစ်ခဲ့တာလေးတွေကိုလည်း အကျဉ်းချုံးပြီး
ဆွေးနွေးတင်ပြသွားပါမယ်။

အတိတ်က ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စနစ်အပေါ် အမှန်တရားဖော်ထုတ်နိုင်ရန်အတွက် ဖြစ်စေ၊
ဖိနှိပ်ခဲ့သူများကို တစ်နည်းနည်း တရားမျှတမှုဖြစ်လာစေရန်အတွက်ဖြစ်စေ နိုင်ငံအတော်များများမှာ
အားထုတ်ခဲ့ကြတာ တွေ့ရပါတယ်။

ဒါဟာ လက်ရှိအုပ်ချုပ်ရေး စနစ်က အတိတ်အုပ်ချုပ်ရေးစနစ်အပေါ် တာဝန်ခံမှု ရှိသလားဆိုတာကို
မှတ်ကျောက် တင်ခံတာပါပဲ။

သီအိုရီသဘောအရ ဆွေးနွေးကြမယ်ဆိုရင် တာဝန်ခံမှုရှိရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လမ်းကြောင်းကို ရှေးရှုခြင်းရှိတယ်၊ တာဝန်ခံမှုမရှိရင် ဒီမိုကရေစီ ရှေးရှုမှု မရှိဘူးလို့ အကြမ်းဖျင်း
သုံးသပ်နိုင်ကြတယ် မဟုတ််ပါလား။

အာဖရိကတိုက်မှာတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်များ၊ သို့မဟုတ် အမှန်တရား ကော်မရှင်များကို
အစိုးရများကဖြစ်စေ၊ ဥပဒေပြုရေးကဖြစ်စေ ကျကျနနဖွဲ့စည်းပေးခဲ့ကြပြီး အမျိုးအစားစုံလင်သော
ရလဒ်များလည်း ထွက်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

၁၉၈၅ ခုနှစ်မှာ ဇင်ဘာဘွေနိုင်ငံ၊ ၁၉၈၆ ခုနှစ်မှာ ယူဂန်ဒါနိုင်ငံ၊ ၁၉၉၀ မှ ၁၉၉၂ ခုနှစ်အတွင်းမှာ
ချဒ်နိုင်ငံ၊ ၁၉၉၂ ခုနှစ်မှာ အီသီယိုးပီးယားနိုင်ငံ၊ ၁၉၉၅ မှ ၁၉၉၈ ခုနှစ်အတွင်းမှာ
တောင်အာဖရိကနိုင်ငံ၊ ၁၉၉၈ ခုနှစ်မှာ ဇမ်ဘီယာနိုင်ငံနဲ့ ၁၉၉၉ ခုနှစ်မှာ နိုက်ဂျီးရီးယားနိုင်ငံတို့မှာ
ကော်မရှင်များ ဖွဲ့စည်းစစ်ဆေးခဲ့ကြပါတယ်။

ထူးခြားချက်တစ်ခုကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်း လေးဖွဲ့က
ရဝမ်ဒါနိုင်ငံရဲ့ အမှန်တရားဖော်ထုတ်ရေးပဏာမ အစီအစဉ်တွေကို ၁၉၉၂ နဲ့ ၁၉၉၃ ခုနှစ်တွေမှာ
ဒေသန္တရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သူတို့ဘာသာသူတို့ ဆောင်ရွက်ခဲ့တာပါပဲ။

နောက်ထပ်ထူးခြားချက် တစ်ရပ်ကတော့ ၁၉၉၈ ခုနှစ်မှာ နိုင်ငံတကာရဲ့ ကြားဝင်
ဆောင်ရွက်ပေးမှုနဲ့ ရယူခဲ့တဲ့ ဆီယာရာလီယွန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးသဘော တူညီချက်မှာ
အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်ဖွဲ့စည်းဆောင်ရွက်ရန်ဆိုတဲ့ အချက်တစ်ချက်
ပါရှိလာတာကို လက်တွေ့ အကောင်အထည်ဖော်ဖြစ်ခဲ့တဲ့ အခြေအနေပါပဲ။

ဘူရွန်ဒီနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေမှာ ယခင်အစိုးရအုပ်ချုပ်ရေး အရာရှိတွေ၊ ရဲနဲ့
စစ်ဘက်အရာရှိတွေကို တရားစွဲစစ်ဆေးခဲ့တာတွေ ရှိခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာပြစ်မှုကြောင်းခုံရုံး ရဝမ်ဒါ (ICTR)က ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလမှာ
ယခင်လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ ၀န်ကြီးချုပ်ဟောင်း ဂျင်းကမ် ဘမ်ဒါကို
ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။

ဇမ်ဘီယာနိုင်ငံ ယခင်ကက်နက် ကအွန်းဒါအစိုးရကို ဖြုတ်ချခဲ့တဲ့ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ
စစ်တပ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို သစ္စာဖောက်မှုနဲ့ တရားစွဲဆိုအရေးယူခဲ့တာ
တွေ့ရပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ကနေ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထုတ်ပြန်ပေးခဲ့တာလည်း
ရှိပါတယ်။

၁၉၉၆-၁၉၉၉ ခုနှစ်အတွင်း ဆီယာရာ လီယွန်နိုင်ငံနဲ့ ၁၉၉၇ ခုနှစ်မှာ လိုက်ဘေးရီးယားနိုင်ငံတို့မှာ
ဖြစ်ပါတယ်။

အင်ဂိုလာနိုင်ငံကတော့ ၁၉၈၁ ခုနှစ်ကစလို့ လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ကြိမ်ထုတ်ပြန်ပေးခဲ့တာ
တွေ့ရပါတယ်။

မိုဇမ်ဘစ်နိုင်ငံကတော့ ၁၉၇၇ မှ ၁၉၉၂ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများရှိနေတာက
တစ်ကြောင်း၊ တရားစီရင်ရေးစနစ် အားနည်းတာကတစ်ကြောင်း၊ အစိုးရ တပ်ဖွဲ့ရော
သူပုန်တပ်ဖွဲ့ရော တာဝန်ခံမှုမရှိ တာကတစ်ကြောင်းတို့ကြောင့် တရားစွဲဆိုမှုတွေဟာ
အောင်မြင်မှု မရှိသလောက်ပါပဲ။

အမှန်တရားဖော်ထုတ်မှုကို လက်မခံနိုင်၊ ၀န်မခံနိုင်၊ ခွင့်မလွှတ်နိုင်ကြလို့ ပြန်လည် ရင်ကြားစေ့ရေး
လည်းမဖြစ်၊ ဒီမိုကရေစီလမ်းကြောင်းရှေးရှုမှုလည်း အားနည်းခဲ့ရပါတယ်။

အာရှတိုက်မှာတော့ တတိယလှိုင်းနဲ့ နိုင်ငံရေး အသွင်ကူးပြောင်းခဲ့ကြတဲ့နိုင်ငံတွေ
သိပ်မများခဲ့ပါဘူး။

ဒါပေမဲ့ သူတို့မှာ ထူးခြားတဲ့ အတွေ့အကြံုရှိနေကြတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

၁၉၈၇ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံ၊ ၁၉၉၅ မှ ၁၉၉၈ ခုနှစ်ကာလမှာ သီရိလင်္ကာနိုင်ငံတို့မှာ
လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများအတွက် ကော်မရှင်များ ဖွဲ့စည်းစစ်ဆေးနိုင်ခဲ့သော်လည်း
သီရိလင်္ကာကသာ အမှန်တရားအစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

၁၅ နှစ်ကြာအစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့ရတဲ့စစ်ပွဲတွေမှာ ပျောက်ဆုံးခဲ့ရတဲ့လူ
၁၆,၇၄၂ ယောက်အတွက် စုံစမ်းစစ်ဆေးရန် ကော်မရှင်သုံးခုကို အစိုးရက ဖွဲ့စည်းပေးခဲ့တာ
ဖြစ်ပါတယ်။

အတိတ်က ကျူးလွန်ဖောက်ဖျက်ခဲ့မှုများအတွက် စစ်သားများကို အရေးယူတာကတော့ အာရှမှာ
သီရိလင်္ကာတစ်နိုင်ငံသာ ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ၁၉၈၇ မှ ၁၉၉၀ ပြည့်နှစ်အတွင်း
တိုင်စာပေါင်း တစ်ထောင်ကျော်ရှိခဲ့သော်လည်း ကျူးလွန်ခဲ့မှု ခြောက်ခုသာ
ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ အတိတ်တုန်းက ကျူးလွန်ဖောက်ဖျက်မှုများနဲ့ ပတ်သက်လို့ အရေးယူ
ဆောင်ရွက်ဖို့ အစောဦးဆုံး လှုပ်ရှားခဲ့တဲ့နိုင်ငံတစ်ခုလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးက ၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ်
စစ်ပွဲအပြီးကနေ ၁၉၈၇ ခုနှစ်အထိ ဘတစ်ပြန်ကျားတစ်ပြန် ထွေးလုံးရစ်ပတ်နေခဲ့တာပါ။

၁၉၆၀ ကျောင်းသားများ ဆန္ဒပြလှုပ်ရှားမှု နောက်ပိုင်း ဒီမိုကရက်တစ်ပါတီ အာဏာရခဲ့တဲ့
၁၉၆၀-၆၁ ခုနှစ်ကာလ အတွင်းမှာ အတိတ်ကကျူးလွန် ဖောက်ဖျက်ခဲ့မှုများနဲ့
အကျင့်ပျက်ခြစားမှုများအတွက် ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၆၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအောက်မှာ ၎င်းဥပဒေဟာ အသုံးမဝင်လိုက်ပါဘူး။

၁၉၈၈ ခုနှစ်နောက်ပိုင်းကြမှ အတိတ်က ကျူးလွန်ဖောက်ဖျက်မှုများကို အရေးယူဖို့ ပြန်ကြိုးစား
အားထုတ်ကြတာ တွေ့ရပါတယ်။

ဒီမိုကရေစီဖော်ဆောင်ရေးလှုပ်ရှားမှု အထူးဥပဒေနဲ့ ၁၉၉၅ ခုနှစ်မှာ သမ္မဟောင်းနှစ်ဦး အပါအဝင်
အရာရှိကြီးတချို့ကို ပြစ်ဒဏ်ချ မှတ်ခဲ့သော်လည်း ၁၉၉၇ ခုနှစ်မှ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်
အမိန့်နဲ့ အားလုံး လွတ်မြောက်လာကြတာ တွေ့ရပါတယ်။

၂၀၀၁ ခုနှစ်မှာ ပြန်လည်သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းပြီး သံသယဖြစ်ဖွယ် သေဆုံးရတဲ့
မိသားစုတွေအတွက် အသိအမှတ်ပြုပေးခြင်း၊ ပေးလျော်ခြင်းများစွာ လုပ်ပေးခဲ့ပါတယ်။

ဒီကော်မရှင်ကို ၂၀၀၄ ခုနှစ်မှာ ဖျက်သိမ်းခဲ့တယ်။

အတိတ်သမိုင်းဆိုင်ရာ အမှန်တရားနဲ့ ပြန်လည် ရင်ကြားစေ့ရေးဥပဒေ (၂၀၀၅ ခုနှစ်) အရ
လွတ်လပ်သောအမှန်တရားနဲ့ ပြန်လည် ရင်ကြားစေ့ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြန်ပါတယ်။

အတိတ်ကို စစ်ဆေးခြင်းနဲ့ ပတ်သက်လို့ အခက်အခဲများရှိခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်မှာ
ဖျက်သိမ်းခဲ့ပါတယ်။


တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် ဒီမိုကရေစီဥပဒေအရ နစ်နာခဲ့သူတွေအတွက် ပြန်လည်
ထူထောင်ပေးခြင်းနဲ့ ပေးလျော်ခြင်းများကို ပြုလုပ်ပေးနိုင်သော်လည်း အမှန်တရားနဲ့ ပြန်လည်
ရင်ကြားစေ့ရေးကော်မရှင်ရဲ့ လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ မရောက်ခဲ့ဘူးလို့ ယူဆရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ပုံစံကျသော အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်
ဆောင်ရွက်ခဲ့ခြင်းမရှိသလို လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အစီရင်ခံရန် သီးသန့်
မူဝါဒချမှတ်ထားခြင်းလည်း မတွေ့ရပါဘူး။

ကမ္ဘောဒီးယားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုမှာ အဓိကအာရုံစိုက်စရာ
နှစ်ချက်တွေ့ရှိရပါတယ်။

ပထမအချက်ကတော့ ဒေသန္တရအရပ်ဘက်အဖွဲ့အစည်းများဟာ အမှန်တရားနဲ့ ပြန်လည်
ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ရဲ့ ပဏာမခြေလှမ်းများကို လှမ်းထားနိုင်တာ တွေ့ရပါတယ်။

သူတို့ဟာ အစိုးရက ခန့်အပ်သော ကော်မရှင်များလို ဩဇာအာဏာမရှိသော်လည်း
အစိုးရမဟုတ်သော အဖွဲ့အစည်းများ အကူအညီနဲ့ နစ်နာခဲ့တဲ့လူတွေရဲ့ အကျိုးအတွက်
ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဒုတိယအချက်ကတော့ အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုအတွက် အင်စတီကျူးရှင်းများက
ပူးပေါင်းဆောင်ရွက်မှု အားကောင်းကြပါတယ်။

သူတို့ဟာ ငြိမ်းချမ်းရေးခိုင်မြဲဖို့ကို ပထမဦးစားပေးခဲ့ကြပြီး တရားမျှတမှုကို ဒုတိယ အဆင့်လို
သဘောထားကြပုံရပါတယ်။

ကမ္ဘောဒီးယား လူမျိုးတွေဟာ ပြန်လည်ရင်ကြားစေ့ရေးအပေါ် ဘယ်လိုသဘောထားတယ်
ဆိုတာကို သိနိုင်ဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေတက္ကသိုလ် လူ့အခွင့်အရေး
ဌာနက ၂၀၀၈ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ်မှာ တစ်ကြိမ် လူ ၁,၀၀၀ လောက်စီကို
မေးခွန်းများ မေးပြီး ဆန်းစစ်ရှာဖွေမှု ပြုလုပ်ခဲ့ဖူးပါတယ်။

၂၀၀၈ ခုနှစ် တွေ့ရှိချက်အရ ပြန်လည်ရင်ကြားစေ့ရေးဆိုတာ အကြမ်းနည်းအသုံးပြုမှု မရှိခြင်းနဲ့
ပဋိပက္ခမရှိခြင်းလို့ မြင်သူ ၅၆ ရာခိုင်နှုန်း၊ အတူတကွ ညီညွတ်စွာ လုပ်ကိုင်နေထိုင်ကြခြင်းလို့
မြင်သူ ၃၃ ရာခိုင်နှုန်း၊ ဆက်ဆံရေး ကောင်းရှိခြင်းနဲ့ အချင်းချင်းနား လည်မှုရှိခြင်းလို့မြင်သူ
ကိုးရာခိုင်နှုန်း ရှိတာတွေ့ခဲ့ရပါတယ်။

၂၀၁၀ ပြည့်နှစ်တွေ့ရှိချက်အရ အကြမ်းနည်း အသုံးပြုမှုမရှိခြင်းနဲ့ ပဋိပက္ခ မရှိခြင်းလို့ မြင်သူ
၁၅ ရာခိုင်နှုန်း၊ အတူတကွ ညီညွတ်စွာ လုပ်ကိုင်နေထိုင် ကြခြင်းလို့မြင်သူ ၅၄ ရာခိုင်နှုန်း၊
ဆက်ဆံရေးကောင်းရှိခြင်းနဲ့ အချင်းချင်း နားလည်မှုရှိခြင်းလို့မြင်သူ ၃၀ ရာခိုင်နှုန်းဖြစ်လာခဲ့တယ်လို့
သိရပါတယ်။

ဒါဟာ နှစ်နှစ်အတွင်း ပြန်လည်ရင်ကြားစေ့ရေးအပေါ် လူထုရဲ့ နားလည်မှု တိုးတက်လာတဲ့
သဘောပါပဲ။

အမှန်တရားနဲ့ ပြန်လည် ရင်ကြားစေ့ရေးကော်မရှင် ဖွဲ့စည်းရန် အစိုးရက သတိကြီးစွာ
ထားရှိနေစဉ်မှာပဲ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ဒီလိုအပ်ချက်ကို
ဖြည့်ဆည်းပေးရန် ပို၍ပို၍ ထောက်ပြ လာနေလျက် ရှိကြပါတယ်။

၂၀၀၂ ခုနှစ်မှာ နိုင်ငံသစ်အဖြစ် ထုတ်ပြန် ကြေညာခဲ့တဲ့ တီမောလိစ်နိုင်ငံဟာ ခက်ခဲတဲ့ သူ့နိုင်ငံရဲ့
အတိတ်ကာလ အမှန်တရားမျှတမှုနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် လမ်းကြောင်းနှစ်သွယ်
အသုံးပြုခဲ့တာ တွေ့ရပါတယ်။

ပြစ်မှုကြောင်းဆိုင်ရာကိစ္စတွေမှာ တရားမျှတမှုရရှိရေးအတွက် ဒဏ်ခတ်အရေးယူသော
တရားမျှတမှုနဲ့ အားသစ်လောင်း သောတရားမျှတမှုတို့ကို ပူးတွဲအသုံးပြုခဲ့ပါတယ်။

အမှန်တရားဖော်ထုတ်ခြင်း၊ အနာကျက်စေခြင်း၊ ပေးလျော်ခြင်းနဲ့ ပြန်လည် ပေါင်းစည်းခြင်းတို့
အတွက် "ကြိုဆိုလက်ခံရေး၊ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်"ကို
ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါတယ်။

သူ့နိုင်ငံမှာ ထူးခြားတာတစ်ခုကတော့ အရေးကြီးသော ပြစ်မှုများအတွက် အပြည်ပြည်ဆိုင်ရာနဲ့
ပြည်တွင်းတရားစီရင်ရေးတို့ကို ပေါင်းစပ်ထားတဲ့ မျိုးစပ်ပုံစံအထူးခုံရုံး အစီအစဉ် ကျင့်သုံးခဲ့ခြင်းပဲ
ဖြစ်ပါတယ်။

ဒီခုံရုံးတွေမှာ ၉၅ မှု စွဲတင်နိုင်ခဲ့ပြီး ၈၇ မှု စီရင်ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာကတော့
အောင်မြင်သော တရားစီရင်မှုလို့ အသိအမှတ်ပြုကြတာ တွေ့ရပါတယ်။

အသွင်ကူးပြောင်းရေး တတိယလှိုင်းမှာ ပါ၀င်ခဲ့တဲ့နိုင်ငံတချို့ရဲ့ အမှန်တရားနဲ့ တရားမျှတမှု
အခြေအနေများကို စူးစမ်းရှာဖွေရထားသမျှ စာဖတ်သူများထံ အကျဉ်းချုံးဆွေးနွေး
တင်ပြပြီးတဲ့အခါမှာ ခြံုငုံထားတဲ့ သုံးသပ်ချက် ကလေးတစ်ခုတလေကိုလည်း ထည့်သွင်းပေးဖို့
ကျွန်တော့်မှာ တာဝန်ရှိလာပြန်တယ်လို့ ထင်မိပါတယ်။

အသွင်ကူးပြောင်းခဲ့တဲ့နိုင်ငံ တချို့ရဲ့ အမှန်တရား၊ တရားမျှတမှုနဲ့ ပြန်လည်ရင်ကြားစေ့ရေး ပကတိ
အခြေအနေတွေကို လေ့လာကြည့်တဲ့အခါမှာ တချို့နိုင်ငံတွေဟာ အတိတ်ကို တာဝန်ခံမှု
တစ်စုံတစ်ရာ ရှိတယ်။

ဒီနိုင်ငံတွေဟာ ဒီမိုကရေစီလမ်းကြောင်း အမှန်အပေါ် ရောက်သွားကြတာများပါတယ်။

တချို့ မရောက်ဘဲဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

အာဖရိကနိုင်ငံတွေရဲ့ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် အတိတ်ကို တာဝန်ခံမှုလုပ်ငန်းစဉ်
အပြည့်လုပ်ခဲ့ကြပေမယ့် တချို့ဟာ အစိုးရစနစ်ပြောင်းလဲခြင်း (Regime Change) မဟုတ်ဘဲ
အစိုးရတစ်ဖွဲ့ပြောင်းလဲ ခြင်းသာ ဖြစ်နေတာတွေ့ရပါတယ်။

ဒါကြောင့် ဒီနိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေ
ဆက်ရှိနေတာကို သတိပြုသင့်ပါတယ်။

ဒီလိုနိုင်ငံတွေမှာ အမှန်တရားကော်မရှင်ဟာ အာဏာရှိနေသူရဲ့ အာဏာစွမ်းပြနိုင်တဲ့
ကိရိယာတစ်ခုအဖြစ်သာ အသုံးဝင်မှာပါ။

တချို့နိုင်ငံတွေဟာ အတိတ်ကို တာဝန်ခံမှုတစ်စုံတစ်ရာ ထွက်ပေါ်မလာဘူး၊ ဒီနိုင်ငံတွေထဲမှာလည်း
ဒီမိုကရေစီလမ်းကြောင်းအမှန်ကို ရွေးချယ်ထားတဲ့ နိုင်ငံရှိနေတာကို တွေ့ရပါတယ်။

သာဓကအနေနဲ့ ပြောရရင် ဖိလစ်ပိုင်နဲ့ ဇင်ဘာဘွေမှာ အမှန်တရားအစီရင်ခံစာ လူသိရှင်ကြား
ထွက်ပေါ်မလာသော်လည်း ဒီမိုကရေစီပန်းတိုင်ကို ဆက်လက်ရှေးရှုနေနိုင်ကြပါတယ်။

ဒါကြောင့် ရှေ့ပိုင်းမှာ ဆွေးနွေးခဲ့သလို အတိတ်ကို တာဝန်ခံမှုရှိခြင်းဟာ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ရှေးရှုခြင်းဖြစ်စေတာ မှန်ပေမယ့် ဒီလို တာဝန်ခံတဲ့
လုပ်ငန်းစဉ်ဟာ နိုင်ငံတစ်ခုချင်းအလိုက် သီးခြားစီအဓိပ္ပာယ် ဆောင်ယူနိုင်တယ်လို့
သုံးသပ်ရမှာ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021