အခုတလော နိုင်ငံရေး စိတ်ဝင်စားကြတဲ့ ပြည်သူတွေကြား စိတ်ဝင်စားနေကြတဲ့ ကိစ္စတစ်ခုကတော့ အမတ်တွေကိုပြည်သူတွေက ပြန်လည် ဖြုတ်ချခွင့်ပေးမယ့် Right to Recall ဥပဒေကြမ်း လွှတ်တော်တွင်းဆွေးနွေးကြတဲ့ သတင်းပါ။
အခုတလော နိုင်ငံရေး စိတ်ဝင်စားကြတဲ့ ပြည်သူတွေကြား စိတ်ဝင်စားနေကြတဲ့
ကိစ္စတစ်ခုကတော့ အမတ်တွေကို ပြည်သူတွေက ပြန်လည် ဖြုတ်ချခွင့်ပေးမယ့်
Right to Recall ဥပဒေကြမ်း လွှတ်တော်တွင်း ဆွေးနွေးကြတဲ့ သတင်းပါ။
ရွေးကောက်ပွဲကော်မရှင်က တောင်းဆိုသလို အမတ်တွေဟာ ဒီ ဥပဒေကြမ်းကို
အတည်ပြုပေးလိုက်လေမလား၊ လွှတ်တော်က အတည်ပြုပြီးနောက် ဥပဒေ ပြဋ္ဌာန်းပြီးသွားရင်
အဲဒီဥပဒေကို အသုံးပြုပြီး လွှတ်တော် နာယက သူရဦးရွှေမန်းကို အမတ်အဖြစ်ကနေ ဖြုတ်ချမယ့်
လှုပ်ရှားမှုကြီး တကယ်ပဲ ဖြစ်ပေါ်လာလေမလား၊ ဒါမှမဟုတ်လည်း အမတ်တွေဟာ
ဘယ်လိုအကြောင်းအချက်တွေပြပြီး ဒီ ဥပဒေပြဋ္ဌာန်းရေး အချိန်ဆွဲထားဦးမှာလဲဆိုပြီး
သို့လော သို့လော စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။
ခုတော့ အဲဒီ ဥပဒေကြမ်းကို လွှတ်တော်တွင်းမှာ ဆက်ပြီး မဆွေးနွေးဖို့၊ ဆိုင်းငံ့ထားဖို့
မဲခွဲ ဆုံးဖြတ်လိုက်ပါပြီ။
လွှတ်တော်တွင်းက အဲဒီ ပြဿနာဟာ ဥပဒေကြောင်းဆိုင်ရာ ပြဿနာလား၊ ဂိုဏ်းဂဏဆိုင်ရာ
ပြဿနာလားဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
၂၀၀၈ ဖွဲ့စည်းပုံထဲမှာ နိုင်ငံသား တစ်ယောက်ဟာ ကိုယ်တိုင် အမတ်အဖြစ် ရွေးချယ်ခံပိုင်ခွင့်၊
အခြားသူတွေကို အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခွင့်၊ ရွေးချယ်ပြီးသား အမတ်ကို ပြန်ပြီး
ဖြုတ်ချခွင့် ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။
အဲဒီအထဲမှာ ကိုယ်တိုင် အမတ်အဖြစ် ရွေးချယ်ခံပိုင်ခွင့်နဲ့ အခြား တစ်ယောက်ယောက်ကို
အမတ်အဖြစ် ရွေးချယ်တင်မြှောက်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံထဲမှာ ဖော်ပြထားသလို
သီးခြား ဥပဒေတွေလည်း ပြဋ္ဌာန်းထားပြီးပါပြီ။
Right to Recall လို့ခေါ်တဲ့ အမတ်တွေကို ပြန်ပြီး ဖြုတ်ချနိုင်တဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့
ကတော့ ဖွဲ့စည်းပုံပါ ဖော်ပြချက်လောက်ပဲ ရှိပြီး ဥပဒေ အဖြစ်တော့ ဒီကနေ့ အချိန်ထိ မပြဋ္ဌာန်း
ရသေးပါဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ မှာ ခုလို ဖော်ပြထားပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း
၃၉၆။ (က) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့်
တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။
(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏
အရည်အချင်း ပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။
(ခ) သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က
တာဝန်မှပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့်
တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံတင်ပြရမည်၊
(ဂ) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီစုံစမ်းစစ်ဆေးရမည်၊
(ဃ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်
ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(င) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုစွပ်စွဲချက်သည်မှန်ကန်ပြီး စွပ်စွဲခံရသူသည်
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
၃၉၇။ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍
လည်းကောင်း၊ တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း
လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်" လို့ ဆိုထားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၁ နှစ်ဆန်းပိုင်းမှာ လွှတ်တော်တွေ ပေါ်ပေါက်လာပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၂ ဩဂုတ်လ ၂၇ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ဟာ လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီး
ပြည်ထောင်စု လွှတ်တော် နာယက ဆီကို ပေးပို့ခဲ့ပါတယ်။
ဒီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ သဘောထားကွဲလွဲတာတွေကို
ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးပြီးခဲ့ပြီ ဖြစ်ပေမယ့် နောက်ဆုံး အဆင့်ရောက်မှ
အကြောင်းကြောင်းကြောင့် ဥပဒေအဖြစ် အတည်မပြုခဲ့ကြပါဘူး။
အဲဒီလို အတည်မပြုနိုင်တာနဲ့ ပတ်သက်ပြီး လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အမတ်တချို့
ပြောဆိုတာကတော့ အမတ်တွေကို ပြန်ပြီး ဖြုတ်ချဖို့ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တောင်းဆို
နိုင်တယ်ဆိုတဲ့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ဟာ အရေအတွက် အလွန်နည်းတယ်၊ ဒါကိုပဲ
အတည်ပြုလိုက်မယ်ဆိုရင် တိုင်တောမှုတွေ တသီတတန်းကြီး ဖြစ်ပေါ်လာနိုင်တယ်၊
နိုင်ငံရေးပါတီတွေအကြား၊ တိုင်းရင်းသားအချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်စေနိုင်တယ်၊
နိုင်ငံရေးအရ မတည်မငြိမ် ဖြစ်စေနိုင်တယ်ဆိုပြီး အကြောင်းပြကြတာ ဖြစ်ပါတယ်။
တကယ်တော့ ဒါဟာ အကြောင်းပြချက်တွေ သက်သက်ပဲ ဖြစ်ပါတယ်။
လက်ရှိ လွှတ်တော်တွင်း နောက်ဆုံး အဆင့် ဆွေးနွေးထားတဲ့ ဥပဒေကြမ်းမှာ
အမတ်တစ်ယောက်ကို ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းဖို့ ဒီလောက် မလွယ်ကူပါဘူး။
မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းရဲ့ တိုင်တန်းချက် ရှိရပါမယ်။ ဒီအတိုင်း တိုင်လို့ မရပါဘူး။
ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုခုနဲ့ ငြိစွန်းတယ်လို့ ယူဆမှ တိုင်နိုင်မှာပါ။
တိုင်ရင် ပထမအဆင့် ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ရပါမယ်။ စိစစ်လို့ သံသယ ဖြစ်ဖွယ်
တွေ့ရင် ခုံရုံးဖွဲ့ စစ်ဆေး ဆုံးဖြတ်ရပါမယ်။
ဆုံးဖြတ်ချက်ရတာတောင် အဲဒီ အမတ်ကို ကိုယ်စားလှယ်တာဝန်က ပြန်ရုပ်သိမ်းမယ်ဆိုပြီး
လုပ်လို့ မရသေးပါဘူး။
သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှာ မဲပုံးထောင်၊ ပြည်သူ့ဆန္ဒခံယူ၊ မဲဆန္ဒရှင် ၅၀ ရာခိုင်နှုန်း အထက်က
ထောက်ခံမှ အဲဒီအမတ်ကို ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းမှုအတည်ဖြစ်မှာပါ။
တကယ်တမ်း အဲဒီ ဥပဒေကြမ်း အတည်ဖြစ်လာရင် ပြည်သူတွေဟာ အမတ်တစ်ယောက်ကို
ရွေးချယ်ဖို့ မဲ ၅၀ ရာခိုင်နှုန်း လိုချင်မှ လိုမှာဖြစ်ပေမယ့် ခန့်ထားပြီးသား အမတ်ကို ဖြုတ်ချဖို့ကတော့
၅၀ အထက် မဲရမှ ဖြစ်မှာမို့ ပိုပြီး ခက်ခဲတယ်လို့တောင် ပြောနိုင်ပါတယ်။
ဒါဆို ဘာလို့ ဒီဥပဒေကြမ်းကို အတည် မပြုရဲကြတာလဲလို့ မေးစရာ မေးခွန်း ပေါ်လာပါတယ်။
အကြောင်းကတော့ ရိုးရှင်းပါတယ်။
အမတ်တွေကို ရုပ်သိမ်းမယ့် ကိစ္စ အစအဆုံး လုပ်ကိုင်ဆောင်ရွက်မယ့်သူဟာ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ဖြစ်နေလို့ပါပဲ။
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း
ဦးတင်အေး ဖြစ်နေတယ်၊ သူဟာ သမ္မတနဲ့ အလွန် နီးစပ်တယ်၊ သမ္မတနဲ့ တပ်မတော်အုပ်စု
ဘက်က လူဖြစ်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကြောင့် ဒီ ဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ မဝံ့မရဲ
ဖြစ်နေကြတာပါ။
လက်ရှိ အခြေအနေကတော့ ပိုရှင်းပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ဘက်က ဒီ ဥပဒေကြမ်းကို အမြန်ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတာဟာ
သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားပြီးခါစ၊ လွှတ်တော်
အကြီးအကဲအဖြစ်ကနေ ထပ်ပြီးဖယ်ရှားဖို့ လုပ်လာတဲ့ လှုပ်ရှားမှုအဖြစ် မှတ်ယူကြလို့ ဖြစ်ပါတယ်။
ပြောရရင် လက်ရှိ လွှတ်တော် အကြီးအကဲနဲ့ အမတ်တွေရဲ့ ကံကြမ္မာ ဦးတင်အေး လက်ထဲ
မထည့်လိုဘူးဆိုတဲ့ သဘောထားမျိုးဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ လွှတ်တော်တွင်းမှာ Right to Recall ကိစ္စ ဆွေးနွေးငြင်းခုံနေကြတယ် ဆိုပေမယ့်
ဥပဒေအကြောင်းအရာ ကိစ္စတွေက အပြင်ပန်းလောက်ပဲ ဖြစ်ပြီး တကယ့် အတွင်းအနှစ်သာရ
ကတော့ လူပုဂ္ဂိုလ်နဲ့ ဂိုဏ်းဂဏဆိုင်ရာ ပြဿနာတွေ ရှင်းနေကြတဲ့ သဘောပဲ သက်ရောက်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ၊ တိုင်းရင်းသားနဲ့ အခြား နိုင်ငံရေးပါတီတချို့ အပါအဝင်
ပြည်ခိုင်ဖြိုးထဲက သူရဦးရွှေမန်းကို ထောက်ခံသူ အမတ်တွေဟာ သူရဦးရွှမန်းကို
လွှတ်တော်အကြီးအကဲကနေ ဖယ်ရှားရာမှာ အသုံးပြုဖွယ်ရှိတဲ့ ဒီ ဥပဒေကြမ်း ပြဋ္ဌာန်းရေး
ဆိုင်းငံ့ထားဖို့ လျှို့ဝှက်မဲပေး ဆုံးဖြတ်လိုက်ကြတာသာ ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။

















