အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၉)

အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၉)

သတင်းအသွင်ကူးပြောင်းရေးအမျိုးအစားများ အသွင်ကူးပြောင်းရေး တတိယလှိုင်းနိုင်ငံတွေရဲ့ အမှန်တရားနဲ့ တရားမျှတမှုလုပ်ငန်း တချို့ကို ကျွန်တော်တို့ အကျဉ်းမျှ လေ့လာပြီးတဲ့အခါမှာ ဘာသွားတွေ့ရသလဲဆိုတော့ နိုင်ငံတွေရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေဟာ ဘယ်တော့မျှ တစ်ထပ်တည်း၊ မဖြစ်ကြဘူးဆိုတာ သွားတွေ့ရတယ်။

သတင်းအသွင်ကူးပြောင်းရေးအမျိုးအစားများ အသွင်ကူးပြောင်းရေး တတိယလှိုင်းနိုင်ငံတွေရဲ့
အမှန်တရားနဲ့ တရားမျှတမှုလုပ်ငန်း တချို့ကို ကျွန်တော်တို့ အကျဉ်းမျှ လေ့လာပြီးတဲ့အခါမှာ
ဘာသွားတွေ့ရသလဲဆိုတော့ နိုင်ငံတွေရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေဟာ
ဘယ်တော့မျှ တစ်ထပ်တည်း၊ မဖြစ်ကြဘူးဆိုတာ သွားတွေ့ရတယ်။

နောက်ပြီးအတိတ်ကို တာဝန်ခံမှုရှိခြင်းဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဆက်စပ်မှုရှိတယ်
ဆိုတာကိုလည်း တွေ့ရတယ်။

ဒါ့ပြင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေချင်း မတူညီနိုင်ကြတဲ့အတွက် အတိတ်ကို တာဝန်ခံပုံ
တာဝန်ခံနည်းချင်း မတူညီနိုင်တာကိုလည်း ကျွန်တော်တို့ နားလည်သဘောပေါက်ခဲ့ကြပြီး
ဖြစ်ပါတယ်။

အခု ကျွန်တော်တို့ ဆက်ဆွေးနွေးကြမှာက နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေကို
အချိန်ကာလအလိုက်၊ သို့မဟုတ် လှိုင်းအလိုက် လေ့လာခြင်း မဟုတ်တော့ဘဲ
အသွင်ကူးပြောင်းရေး အမျိုးအစားများကိုလေ့လာခြင်းနဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူတွေက ဆုံးဖြတ်နိုင်ကြသလဲဆိုတာကို ဆွေးနွေး
တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ပြောချင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးဆိုတာ အစိုးရအဖွဲ့တစ်ခု
ပြောင်းလဲခြင်း၊ သို့မဟုတ် အာဏာရှင်အုပ်ချုပ်ရေး စနစ်အတွင်းက ထွက်ပေါ်လာတဲ့ လွတ်လပ်စွာ
လုပ်ပိုင်ခွင့်ရရှိခြင်းတို့ကိုဆိုလိုတာ မဟုတ်ဘဲ ဒီမိုကရေစီ မဟုတ်သော အုပ်ချုပ်ရေးစနစ်မှ
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲခြင်းကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေး ပထမအမျိုးအစားကတော့ "ပေါက်ထွက်လာသော အသွင်ကူး ပြောင်းရေး"
ဖြစ်ပါတယ်။

ပြည်ပစစ်၊ သို့မဟုတ် ပြည်တွင်းစစ်၊ သို့မဟုတ် တော်လှန်ရေး စစ်တို့မှာ စစ်ရေးအရရှုံးနိမ့်မှုကနေ
ဖြစ်ပေါ်လာတဲ့ အသွင်ကူးပြောင်းရေးပါ။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးစက ဂျပန်နိုင်ငံနဲ့ ဥရောပနိုင်ငံ အချို့ကို သာဓကပြုပြီး ပြောကြပါတယ်။

ဆိုက်ပရပ်စ်စစ်ပွဲအပြီး ဂရိနိုင်ငံ၊ ဖောက်ကလင်စစ်ပွဲအပြီး အာဂျင်တီးနားနိုင်ငံ၊ မိုဇမ်ဘစ်နဲ့
အင်ဂိုလာစစ်ပွဲများအပြီး ပေါ်တူဂီနိုင်ငံတို့လည်း ဒီအမျိုးအစားနဲ့ အသွင်ကူးပြောင်းခဲ့ကြတယ်လို့
ဖတ်ရှုခဲ့ရပါတယ်။

အသွင်ကူးပြောင်းရေး ဒုတိယအမျိုးအစားကတော့ "အလုံးစုံအရေးနိမ့်ခြင်းကြောင့်
ဖြစ်ပေါ်လာရသော အသွင်ကူးပြောင်းရေး" ဖြစ်ပါတယ်။

ဖိနှိပ်အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးယန္တရားတွေဟာ လုံးဝနီးနီး၊
သို့မဟုတ် အကြီးအကျယ် လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားတဲ့အခါ၊ ပြန်လည်
မဖွဲ့စည်းနိုင်တော့လောက်အောင် ဖြစ်သွားတဲ့အခါ ဒီလိုအသွင်ကူးပြောင်းရေး ဖြစ်လာနိုင်ပါတယ်။

တချို့ ကိစ္စတွေမှာတော့ ဒီလို အရေးနိမ့်မှုမျိုးဟာ တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် ယာယီသာဖြစ်လေ့
ရှိပါတယ်။

ဒါပေမဲ့ အဲဒီအစိတ်အပိုင်း၊ အဲဒီ ယာယီအချိန် ကာလတစ်ခုကပဲ အသွင်ကူးပြောင်းရေး
တစ်ခုအတွက် အဆုံးအဖြတ် ပေးနိုင်ပါတယ်။

ဒီလို အသွင်ကူးပြောင်းရေးအမျိုးအစားတွေမှာတော့ အတိတ်က အာဏာယန္တရားဟာ
လုံးဝ ကွယ်ပျောက်သွားခြင်း မရှိသေးလျှင်ဖြစ်စေ၊ အသစ်တက်လာတဲ့ အာဏာပိုင်တွေက
အတိတ်ကို တာဝန်ခံမှု မရှိတဲ့အတွက် လူထုရဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရန် အင်အားမရှိလျှင်ဖြစ်စေ၊
အတိတ်က ခေါင်းဆောင်မှုပုံစံဟောင်းတွေ ပြန်ပေါ်လာနိုင်ပါတယ်။

ဒီလိုမျိုးက ဖိလစ်ပိုင်နိုင်ငံမှာ ထင်ရှားစွာ တွေ့ခဲ့ကြရပါတယ်။

မားကို့စ် အုပ်ချုပ်ရေးစနစ်ကျရှုံးခြင်းဟာ အာဏာရှင်ကိုထောက်ခံတဲ့ စစ်တပ်ရဲ့ ကျရှုံးခြင်းကို
မဖြစ်စေခဲ့ပါဘူး။

ဒါကြောင့် ဒီနိုင်ငံမှာ အသွင်ကူးပြောင်းရေးကာလ အမှန်တရားနဲ့ တရားမျှတမှုကို
အကောင်အထည်ဖော်ရာမှာ အကန့်အသတ်တချို့ ရှိခဲ့ရတာကို စာဖတ်သူများသတိရကြမှာပါ။

အသွင်ကူးပြောင်းရေး တတိယအမျိုး အစားကတော့ "ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်အရ
ပြုပြင်ပြောင်းလဲရေးကို ရှေးရှုတဲ့ အသွင်ကူးပြောင်းရေး"ပါပဲ။

ဒီလိုအသွင်ကူးပြောင်းရေး အမျိုးအစားကတော့ အယူအဆ အသစ်အဟောင်း အင်အားချိန်ခွင်ညှာ
မတိမ်းမယိမ်း ရှိနေတဲ့အခါ နှစ်ဖက်အပေးအယူ အလျော့အတင်းလုပ်ပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှု
တွေကို ရှောင်လွှဲရန် ရည်ရွယ်ချက်နဲ့ အသွင်ကူးပြောင်းခဲ့ကြခြင်း ဖြစ်ပါတယ်။

ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ဟောင်းက အာဏာပိုင်တွေက ဩဇာအာဏာကို
အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထား လိုကြပါသေးတယ်။

သူတို့ဟာ ဒီမိုကရေစီအုပ်ချုပ်ရေး ဖော်ဆောင်မယ့် ခေါင်းဆောင်အသစ်များနဲ့အတူ ယှဉ်တွဲရပ်တည်
လိုကြတယ်။

အရေးကြီးတဲ့ အပြောင်းအလဲများ လုပ်တော့မယ်ဆိုရင် အာဏာပိုင်အဟောင်းတွေနဲ့
ညှိနှိုင်းဆွေးနွေးပြီးမှ ဖော်ဆောင်ရမယ်လို့ သဘောတူညီချက် ရှိနိုင်ပါတယ်။

ဒီလိုအသွင် ကူးပြောင်းရေးအမျိုးအစား သာဓကတွေကတော့ စပိန်နိုင်ငံ၊
လက်တင်အမေရိကနိုင်ငံများ၊ အလယ်ပိုင်းအမေရိကတိုက် နိုင်ငံများနဲ့ တောင်အာဖရိကနိုင်ငံတို့ရဲ့
အသွင်ကူး ပြောင်းရေးများ ဖြစ်ကြပါတယ်။

ဒီလိုကူး ပြောင်းရေးတွေမှာ လက်တွေ့ဖြစ်ခဲ့တဲ့ အတွေ့အကြံုတွေအရဆိုရင် အင်အားချိန်ခွင်ညှာ
ညီမျှခြင်းဆိုတာ မည်ကာမတ္တမျှသာ ဖြစ်ပါတယ်။

ဒီမိုကရေစီလိုလားတဲ့ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တွေဟာ ဉာဏ်ပညာအမြော်အမြင်ရှိစွာနဲ့
သတိကြီးကြီးထားပြီး အင်အား ချိန်ခွင်ညှာကို ကိုယ့်ဘက်ပါလာအောင် ကျွမ်းကျင်လိမ္မာစွာ
လုပ်ကိုင်နိုင်စွမ်းရှိကြတာ တွေ့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အတိတ်ကို ကျားကန်ပေးတဲ့ အင်အားစုတွေဟာ အလျင်အမြန်
ပြိုလဲကုန်ကြပြီး ဒီမိုကရေစီ လိုလားတဲ့ လူထုရဲ့အသံက ကျယ်သထက် ကျယ်လာတတ်လို့ပဲ
ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီမိုကရေသို့ ရွှေ့ပြောင်းမှုတိုင်းဟာ အကန့်အသတ်နဲ့သာ လုပ်လို့ရတာ ဖြစ်ပါတယ်။

ဟေတီနိုင်ငံရဲ့ ၁၉၈၆ ခုနှစ်နဲ့ ၁၉၉၀ ပြည့်နှစ် အကြား အခြေအနေကို နမူနာယူနိုင်ပါတယ်။

ဒူးဗားလိယားရဲ့ အုပ်ချုပ်ရေးစနစ် ကျရှုံးပြီးနောက် အဲဒီအုပ်ချုပ်ရေးကို ထောက်ခံ အားပေးခဲ့တဲ့
စစ်ရေး၊ စီးပွားရေးခေါင်းဆောင်များကပဲ နောက်ပိုင်းမှာ အစိုးရသစ်ရဲ့ ဩဇာအာဏာကို
ကျောထောက်နောက်ခံ လုပ်ပေးသွားခဲ့တာ ရှိပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်က သုံးမျိုးသုံးစားပဲ တင်ပြခဲ့တာဟာ
အသွင်ကူးပြောင်းရေးမှန်သမျှ ဒီသုံးမျိုးသုံးစားပဲရှိတယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။

အသွင်ကူးပြောင်းရေး ပင်မအရောင် သုံးမျိုးကိုသာ ရွေးချယ်တင်ပြခြင်း ဖြစ်ပါတယ်။

နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှုတွေဟာ ဒီပင်မအရောင်သုံးမျိုးအတိုင်းသော်လည်းကောင်း၊
ကြားအရောင်များသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

အရောင်တစ်မျိုးစီမှာ သူ့ရဲ့အားသာချက်၊ အားနည်းချက်၊ အခွင့်အရေးနဲ့ ခြိမ်းခြောက်မှု (SWOT)
အသီးသီး ရှိနေကြပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို စာဖတ်သူများကိုယ်တိုင်ပဲ
အမျိုးအစားခွဲခြား ကြည့်နိုင်ပါတယ်။

တင်ပြခဲ့တဲ့ အသွင်ကူးပြောင်းရေး အမျိုးအစားများကို ညွှန်းမှတ်အဖြစ် သဘောထားပြီး ပထမနဲ့
ဒုတိယအကြား၊ ဒုတိယနဲ့ တတိယအကြား၊ ဒုတိယနဲ့ နီးသလား၊ တတိယနဲ့ နီးသလား၊ ဒုတိယနဲ့
နီးရင် ဒုတိယရဲ့ စရိုက် ပိုရမယ်၊ တတိယနဲ့ နီးရင် တတိယစရိုက်ပိုရမယ်လို့တော့ တွက်နိုင်ပါတယ်။

အသွင်ကူးပြောင်းရေး အမျိုးအစားတွေထဲမှာ အထူးကိစ္စတစ်ရပ်ကို ကျွန်တော်တို့
စဉ်းစားသင့်တာကတော့ ယခင် ဆိုဗီယက်နဲ့ အရှေ့ဥရောပနိုင်ငံတချို့ရဲ့ အသွင်ကူးပြောင်းရေးတွေ
ပါပဲ။

ဒီနိုင်ငံတွေထဲက နိုင်ငံတချို့မှာ သဘောတရားရေး အတွေးအမြင်ပြို လဲခြင်း၊ နိုင်ငံရေးစနစ်
ပျက်ယွင်းလာခြင်းနဲ့ လူမှုရေးစီးပွား ရေးပြုပြင်ပြောင်းလဲရန် လိုအပ်နေခြင်းတို့ကြောင့်
လက်ရှိအာဏာရ ကွန်မြူ နစ် ခေါင်းဆောင်များ လက်ထဲမှာပင်လျှင် အသွင်ကူးပြောင်းရေးများ
ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီနိုင်ငံတွေမှာ အတိတ်က ကွန်မြူ နစ် ပါတီများကပင် နာမည်အသစ်ခံယူပြီး နောက်
ပထမဦးဆုံးသော ဒီမိုကရေစီရွေး ကောက်ပွဲများမှာ အနိုင်ရခဲ့ကြပါတယ်။

အာဏာကို လူဟောင်းအများစုလက်ထဲမှာပဲ ဆက်လက်စွဲကိုင်ထားနိုင်ခဲ့ကြပါတယ်။

သို့ရာတွင် နိုင်ငံရေးစနစ်က အသစ်ဖြစ်လာတဲ့အခါကျတော့ အစိုးရအဖွဲ့တွင်းဆက်ဆံရေး၊ အစိုးရနဲ့
လူထုအဖွဲ့အစည်းများရဲ့ ဆက်ဆံရေးက လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

ဒါ့ပြင် ပါတီများအတွင်းမှာလည်း အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ပါတယ်။

ဘယ်လောက်ထိအောင် ပြောင်းလဲနိုင်ခဲ့ကြသလဲဆိုရင် သူတို့ဟာ ယခင်ပါတီနဲ့အတူတူပဲလို့
ထောက်ပြစရာ၊ ပြောပြစရာတောင် လုံးဝမရှိတော့ လောက်အောင် ပြောင်းလဲသွားကြပါတယ်။

ပါတီဝင်အင်အား ၉၀ ရာခိုင်နှုန်းလောက်အထိ ဆုံးရှုံးခဲ့ကြရတာတွေ ရှိပါတယ်။

မူလကွန်မြူ နစ်ပါတီဝင်တွေထဲက တချို့ဟာ ခေတ်သစ်ဒီမိုကရက်တစ်ပါတီများ ဖြစ်လာကြတာ
တွေ့ရပါတယ်။

ယခင်ဆိုဗီယက်နဲ့ အရှေ့ဥရောပနိုင်ငံတွေထဲကပဲ နိုင်ငံတချို့ကျတော့ အထက်က တင်ပြခဲ့သလို
ဒီမို ကရေစီအသွင်ကူးပြောင်းရေး ဖြစ်မလာဘဲ အမျိုးသားရေးဝါဒအသစ်၊ သို့မဟုတ် အမျိုးသားရေးနဲ့
ဘာသာရေးရော ယှက်တဲ့ ၀ါဒအသစ်ဆီသို့ ရွှေ့ပြောင်းသွားကြတာလည်း တွေ့ရပါတယ်။

အရှေ့ဂျာမနီ၊ ပိုလန်၊ ယခင်ချက်ကိုဆလိုဗေးကီးယား၊ ဟန်ဂေရီနိုင်ငံတွေမှာကျတော့ စောစောက
တင်ပြခဲ့သလို လူဟောင်းတွေ လက်ထဲမှာ အာဏာဆက်ရှိမနေတော့ဘူး။

ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲတွေမှာကိုပဲ ဆန့်ကျင်ဘက် ပါတီတွေက အနိုင်ရရှိခဲ့ပါတယ်။

အသစ်ပြုပြင်ပြောင်းလဲထားတဲ့ ကွန်မြူနစ်ပါတီတွေက ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင်
မနည်းကြိုးစားနေကြရတာ တွေ့ရပါတယ်။

ဒီနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးက အသွင်ကူးပြောင်းရေး ပထမအမျိုးအစားဖြစ်တဲ့
ပေါက်ထွက်လာသော အသွင်ကူးပြောင်းရေးနဲ့ အတော်များများ သွားတူနေတာ တွေ့ရပါတယ်။
ဒါကြောင့် အရှေ့ဥရောပရဲ့ အသွင်ကူးပြောင်းရေးဟာ အစွန်းနှစ်ဖက်ကြားက အဆင့်အမျိုးမျိုး၊
သို့မဟုတ် အရောင်အမျိုးမျိုး ရှိနေတဲ့အတွက် အသွင်ကူးပြောင်းရေးလို့ပဲ ပြောရတော့မှာပါပဲ။

ကျွန်တော်တို့ဟာ နိုင်ငံရေးအသွင်ကူး ပြောင်းရေးအမျိုးအစားများကို ရှာဖွေလေ့လာတဲ့အခါမှာ
နိုင်ငံအလိုက်မတူညီတဲ့ အခြေခံအချက်တွေနဲ့ အကြောင်းအကျိုး ကွဲပြားခြားနားမှုတွေကြားထဲက
သဘောထား ဆက်စပ်လို့ ရတဲ့ အချက်အလက်တချို့ကို စူးစမ်းနေရသလို ဖြစ်နေပါတယ်။

စူးစမ်းရှာဖွေတွေ့ရှိရတဲ့ သဘောထား ဆင်တူတဲ့အချက်အလက် အနည်းငယ်ကလည်း
သဘာဝသိပ္ပံပညာ ပုံသေကိန်းများ မဟုတ်ကြဘဲ အမြဲတမ်း ပြောင်းလဲနိုင်တဲ့ ကိန်းရှင်တွေ
ဖြစ်နေတာကို တွေ့ကြရပါတယ်။

နိုင်ငံတွေရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေးတိုင်းမှာ အဓိကအရေးကြီးတဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့
ကိန်းရှင်တွေကတော့ အင်အားစုကြီး သုံးရပ်ပါပဲ။

(၁) အုပ် ချုပ်ရေးစနစ်ဟောင်းအထဲက ထွက်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲရေးကို လိုလားသော
အင်အားစု၊

(၂) အစွန်းမရောက်တဲ့ ဆန့်ကျင် ဘက်အင်အားစုနဲ့

(၃) နှစ်ဖက်စလုံးမှာ ရှိနေကြတဲ့ ခေါင်းမာပြီး မလိုက်လျောတတ်သော အင်အားစု
(အာဏာရှင် အယူအဆကို ကာကွယ်ထိန်းသိမ်းထားလိုသော ထိပ်ပိုင်းအလွှာနဲ့ ဆန့်ကျင်ဘက်
အစွန်းရောက်အုပ်စု)တို့ပါပဲ။

အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ အတွင်းမှာ ဒီနိုင်ငံရေးအင်အားစုများရဲ့ ညှိနှိုင်းဆွေးနွေးပွဲ
ရလဒ်များနဲ့ သူတို့မှာရှိတဲ့ အင်အားချိန်ခွင်ညှာတို့ဟာ အလွန်အရေး ကြီးတဲ့ အဆုံးအဖြတ်တွေကို
ပေးနိုင်ကြပါတယ်။

ဒီအင်အားစုကြီး သုံးရပ်ထဲမှာ ပိုပြီး ပြောင်းလဲနိုင်တဲ့ ကိန်းရှင်ကတော့ အုပ်စု (၁) ပဲ ဖြစ်တယ်လို့
ကျွန်တော်ထင်ပါတယ်။

သိပ်မြန်မြန်ဆန်ဆန်မပြောင်းတတ်တဲ့ ကျန်ကိန်းရှင်များရဲ့ အင်အားချိန်ခွင်ညှာကို
အသွင်ကူးပြောင်းရေးကာလမှာ ခန့်မှန်းတွက်ချက်လို့ ရကောင်း ရနိုင်သော်လည်း အုပ်စု (၁)ရဲ့
သဘောထား တိမ်းညွှတ်မှုကိုတော့ နိုင်ငံတကာကပင် အကဲခတ်ဖို့ ခက်ခဲနိုင်ပါတယ်။

ဒီအချက်ကပဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အချိန်မရွေး ဘေးအန္တရာယ်ပေးနိုင်တာ
ဖြစ်ပါတယ်။

အမှန်တရားကော်မရှင်များဖွဲ့စည်ပြီး အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်ခြင်းနဲ့ အုပ်ချုပ်ရေး
စနစ်အသစ်အတွင်း သန့်စင် ထုတ်ပယ်မှုများ၊ သို့မဟုတ် တရားစွဲဆိုမှုများ၊ အတိတ်ကို တာဝန်ခံမှု
ရှိစေတဲ့ အစီအစဉ်တွေဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ အဆုံးအဖြတ်ပေးတဲ့
အင်အားစုတွေ အားလုံးကို အလွန်အကျွံတိမ်းညွှတ်မှုတွေ၊ နောက်ပြန်လှည့်မှုတွေအထိ
မဖြစ်စေဘဲ အသွင်ကူးပြောင်း ရေးမူဘောင်အတွင်းမှာ တဖြည်းဖြည်းညီညွတ် လာရအောင်
ထိန်းကျောင်းပေးနိုင်ပါတယ်။

အတိတ်က နစ်နာခဲ့ရတဲ့ လူတွေရဲ့ စိတ်ကျေ နပ်မှု၊ အနာကျက်စေမှုအစီအစဉ်တွေနဲ့
ပေါင်းစပ်လိုက်မယ်ဆိုရင် တစ်နိုင်ငံလုံးကို ပြန်လည်ရင်ကြားစေ့ရေးဆီသို့ ရွှေ့ပြောင်းပေးနိုင်မှာ
ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုတင်ကာကွယ်ရေး လုပ်ဖို့လောက်ပဲ အမြဲသတိရှိနေကြတဲ့
လူတွေအတွက်ကတော့ ဒီမဟာဗျူဟာက လုံလောက်စွာ ဖျောင်းဖျပေးနိုင်စွမ်းရှိမယ်လို့တော့
ကျွန်တော်မထင်ပါဘူး။

အမှန်တရားကို ၀န်ခံပြီးလျှင် ဘယ်သူ့ကိုမျှ ဒုက္ခမပေး၊ လူတိုင်းကို အကာအကွယ်ပေးနိုင်တဲ့
အာမခံချက်တွေနဲ့ လက်တွေ့ကျတဲ့ လိုအပ်ချက်တွေ ပြည့်စုံစွာပါ၀င်မယ့် ဒီမိုကရေစီ
အသွင်ကူးပြောင်းရေး ဥပဒေတွေနဲ့ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်မယ့် အင်စတီကျူးရှင်းတွေ
ကျကျနနတည်ဆောက်ပေးနိုင်မှသာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး
လုပ်ငန်းစဉ်ဟာ အရှိန်အဟုန်ရလာမှာ ဖြစ်ပါတယ်။

အဲဒါပေါင်းစည်း စွမ်းအင်ပေါ်ထွန်းစေတဲ့ အမြင်ပါပဲ။

ဒါပေမဲ့လည်း ဒီတိုင်းပြည်မှာ ဒီလိုအရှိန်အဟုန် ဒီလိုစွမ်းအင်ပေါ် ထွက်လာဖို့ဆိုတာက
စွန့်လွှတ်စွန့်စားတဲ့ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်မှုမရှိဘဲ ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်ပါကြောင်းကိုလည်း တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021