ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ခေါင်းဆောင်တွေနဲ့ ဘာကြောင့် မရင်းနှီးရတာလဲ

ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ခေါင်းဆောင်တွေနဲ့ ဘာကြောင့် မရင်းနှီးရတာလဲ

သိပ်မကြာခင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) ဟာ ပြည်သူလူထုထောက်ခံမှု အရဆုံး ပါတီတစ်ခု ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။

သိပ်မကြာခင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) ဟာ
ပြည်သူလူထု ထောက်ခံမှုအရဆုံး ပါတီတစ်ခု ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့
မရပါဘူး။

ပုံမှန်အားဖြင့် ဒီမိုကရေစီ ထွန်းကားပြီး ပြည်သူ့ ဆန္ဒနဲ့အညီ အစိုးရဖွဲ့စည်းခွင့်ရတဲ့ နိုင်ငံလိုမျိုး
ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရ၊
အစိုးရဖွဲ့ပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်ခွင့်ရမှာ အသေအချာပါပဲ။

ဒါပေမဲ့ မြန်မာနိုင်ငံအခြေအနေကတော့ ဒီလောက် မရိုးရှင်းပါဘူး။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ဆိုတာကို ပြဋ္ဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ
တာဝန်မယူနိုင်အောင် တားမြစ်ထားသလို၊ မဲအများစု အနိုင်ရရုံနဲ့ သမ္မတ တစ်ယောက်
မတင်မြှောက်နိုင်၊ အစိုးရဖွဲ့လို့ မရနိုင်အောင် မမျှမတတွေ ထည့်သွင်းရေးဆွဲထားတာကိုလည်း
မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

အကြောင်းကတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မဲအနိုင်ရခဲ့ပြီး အာဏာလွှဲမပေးနိုင်တဲ့ အဖြစ်မျိုး မရောက်အောင် ကြိုတင် အတားအဆီး မျိုးစုံချ
ကာကွယ်ထားလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ကြည့်ရင် အချက်နှစ်ချက် ကြည့်ရပါလိမ့်မယ်။

အင်န်အယ်လ်ဒီဟာ သမ္မတတစ်ယောက် ရွေးကောက်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေအထိ
မဲနိုင်မလား၊ အဲဒီလို အခြေအနေမျိုး ရောက်ခဲ့ရင်ကော အာဏာရထားသူတွေက အာဏာကို
လွယ်လွယ်ကူကူ လွှဲပေးပါ့မလားဆိုတဲ့ မေးခွန်းပါ။

ပထမမေးခွန်းနဲ့ ပတ်သက်ရင်တော့ လာမယ့်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီဟာ
ပြည်ထောင်စုအဆင့် လွှတ်တော် နှစ်ခုအတွက် မဲထက်ဝက်ကျော်၊ တစ်နည်းအားဖြင့်
မဲ ၅၀ ရာခိုင်နှုန်းကျော်လောက် အနိုင်ရရုံနဲ့ အစိုးရမဖွဲ့နိုင်ပါဘူး။

အလုပ်ဖြစ်တဲ့ နိုင်နည်းမဟုတ်ပါဘူး။

အလုပ်ဖြစ်တဲ့ နိုင်နည်းကတော့ ကိုယ်တိုင် ၆၇ ရာခိုင်နှုန်းအထက် နိုင်ချင်နိုင်၊ မနိုင်ရင်
လွှတ်တော်ထဲ ရောက်တဲ့အခါ အဲဒီ ရာခိုင်နှုန်း အထက်ရအောင် မဟာမိတ် ဖွဲ့နိုင်ဖို့ လိုပါတယ်။

ကောင်းပါပြီ။ အဲဒီလို အခြေအနေကို ကျော်ဖြတ်နိုင်ပါပြီ၊ နောက်ဆုံးအဆင့် အာဏာလွှဲပေးရမယ့်
အခြေအနေတစ်ခုကို ရောက်လာပါတော့မယ်။

အာဏာ လွှဲပေးမပေး၊ ဘာအကြောင်းပြချက်တွေများရှိနေ ဦးမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီရဲ့ တပ်မတော်အပေါ်သဘောထား၊ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီအပေါ် အမြင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်အပေါ် စည်းရုံးနိုင်မှု စွမ်းရည်
စတာတွေက အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ဘယ်လောက် အတိုင်းအတာအထိ စည်းရုံး
ဆွဲဆောင်နိုင်ခဲ့ပြီလဲဆိုတာ ဒီတစ်ပတ် လေ့လာဆန်းစစ် တင်ပြသွားပါမယ့်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်၊ အမေရိကန် အခြေစိုက် RFA အသံလွှင့်ဌာနနဲ့ ပုံမှန် အင်တာဗျူးမှာ
အစီအစဉ်တင်ဆက်သူ ဦးခင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့ တပ်မတော်အကြား
ရင်းနှီးမှု သိပ်မရှိဘူးဆိုတာ ဟုတ်ပါသလားဆိုတဲ့ မေးခွန်းမေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "အဲဒါ ဟုတ်ပါတယ်။ သိပ်ပြီး ရင်းနှီးမှု မရှိပါဘူး"ဆိုပြီး ဖြေပါတယ်။

ဒီအခါ ဦးခင်မောင် စိုးက ခုလို ရင်းနှီးမှု မရှိတာဟာ ဒေါ်စုဘက်က မကြိုးစားတာလား၊ တပ်မတော်
ခေါင်းဆောင်တွေဘက်က မကြိုးစားတာလားလို့ ဆက်ပြီး မေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့့ကတော့ ကြိုးစားတယ်ဆိုတဲ့အကြောင်း၊ တပ်မတော်
ခေါင်းဆောင်တွေဘက်ကသာ သိပ်ပြီး စိတ်ပါလက်ပါ ရှိလှတာ မဟုတ်ဘူးဆိုပြီး ဖြေသွားပါတယ်။

အဓိပ္ပာယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော် ခေါင်းဆောင်တွေကို
စည်းရုံးဆွဲဆောင်ဖို့ ကြိုးစားလိုစိတ်ရှိတယ်၊ ကြိုးလည်း ကြိုးစားတယ်၊ တပ်မတော်
ခေါင်းဆောင်တွေဘက်က စိတ်ပါလက်ပါ မရှိလို့သာ ရင်းနှီးမှုတွေ ဖြစ်ပေါ်မလာတာ ဖြစ်တယ်
ဆိုတာမျိုး ဖြစ်ပါတယ်။

ဒီအဖြေမှန်ပါသလား။

တကယ်တော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲချင်တယ်ဆိုရင် တပ်မတော်ပါမှ
ဖြစ်မယ်၊ တပ်မတော်ကို စည်းရုံးဆွဲဆောင်နိုင်မှ ဖြစ်မယ်ဆိုတာ ၁၉၈၈ တစ်တိုင်းပြည်လုံး
ဒီမိုကရေစီ တောင်းဆိုဆန္ဒပြခဲ့တဲ့ အရေးအခင်းနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက သက်သေပြခဲ့ပြီး
ဖြစ်ပါတယ်။

ဒါပေမဲ့ ကံမကောင်း အကြောင်း မလှစွာပဲ ၁၉၈၈ နဲ့ ၂၀၁၀ အကြား နှစ်ကာလတွေမှာ
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးလို့ ဆိုနိုင်တဲ့ စစ်အာဏာရှင် စနစ်နဲ့ စစ်ဗျူရိုကရေစီ
ယန္တရားအောက်ကို ကျရောက်သွားရုံမက ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံခေါင်းဆောင်တွေနဲ့
အင်န်အယ်လ်ဒီ ဟာလည်း ပြင်းထန်လွန်းလှတဲ့ ဖိနှိပ်မှု ဒဏ်အမျိုးမျိုးကို ရင်ဆိုင်ခဲ့ကြရပါတယ်။

ပြောရရင် အဲဒီအချိန် အဲဒီကာလက နေအိမ်အကျယ်ချုပ်အဖြစ်နဲ့သာ အများဆုံး နေထိုင်ခဲ့ရတဲ့
ဒေါ်အောင်ဆန်းစုကြည်အဖို့ တပ်မတော်ကို စည်းရုံးတယ်ဆိုတာဟာ 'အမျိုးသား ပြန်လည်
ရင်ကြားစေ့ရေး' 'တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရအောင်' ဆိုတဲ့ စကားလုံးလေးတွေလောက်ပဲ
ပြောနိုင်တဲ့ အနေအထားမျိုး ရှိခဲ့တာပါ။

တပ်မတော် တစ်ရပ်လုံး ဟာလည်း ကမ္ဘာပေါ်မှာ အဆိုးဆုံးလို့ ဆိုနိုင်တဲ့ စစ်အာဏာရှင်တွေရဲ့
လက်ထဲမှာ ရောက်နေတဲ့အတွက် ဘယ်လိုမှ မစွမ်းသာဘူးဆိုတဲ့ အနေအထားလို့ ပြောမယ်ဆို
ပြောနိုင်ပါတယ်။

၂၀၁၀ ရောက်တဲ့အခါ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။

မြန်မာနိုင်ငံက ထိပ်ဆုံး စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်ဘက်၊ အရပ်ဘက်
တာဝန်တွေကနေ အနားယူသွားခဲ့ပါပြီ။

အများစုသော စစ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေဟာလည်း စစ်ယူနီ ဖောင်းချွတ်ပြီး အရပ်ဘက်
အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးဘက်ကို ကူးလာကြပါတယ်။

တပ်မတော်ကြီးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပိုပြီး ငယ်ရွယ်တဲ့ မျိုးဆက်သစ်
တပ်မတော်ခေါင်းဆောင်တွေ လက်ထဲ ရောက်သွားခဲ့ပါတယ်။

တစ်ပြိုင်နက်တည်း တိုင်းပြည်မှာ ဖြေလျှော့မှုတွေ လုပ်ခဲ့ချိန်လည်း ဖြစ်ပါတယ်။

၂၀၁၂ ရောက်တဲ့အခါ ပုံနှိပ် စာနယ်ဇင်း လွတ်လပ်ခွင့်လည်း ရလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်အပေါ် ပြောချင်ရာ ဆိုချင်ရာ လွတ်လပ်စွာ
ပြောဆိုနိုင်ပြီး၊ အဲဒီ ပြောဆိုမှုတွေကိုလည်း တပ်မတော်ခေါင်းဆောင်တွေအနေနဲ့
လွတ်လွတ်လပ်လပ် တရားဝင် ဖတ်ရှုခွင့်ရခဲ့လို့ ပါပဲ။

ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စည်းရုံး ဆွဲဆောင်မယ်ဆိုရင်
တကယ့်ကို အချိန်ကောင်း အခြေအနေကောင်းလို့ ပြောနိုင်တဲ့ အနေအထားပါ။

တကယ်တော့ တပ်မတော်ကို စည်းရုံးဆွဲဆောင်တယ်ဆိုတာဟာ ဒီမိုကရေစီ အသားကျပြီး
ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံက တပ်မတော်တွေကို လက်ညှိုးထိုးပြရုံ၊ တပ်မတော်ကို ချစ်ခင်ပါတယ်
ဆိုတာ ပြောနေရုံ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ ရင်းနှီးလိုမှု ပြသရုံ သက်သက်လောက်နဲ့
အလုပ်မဖြစ်နိုင်ပါဘူး။

အကြောင်းကတော့ အရင် စစ်အာဏာရှင် အဆက်ဆက်ဟာ တပ်မတော် တပ်မှူးတပ်သားတွေကို
ရာစုနှစ် တစ်ဝက်လောက်ကြာသည်အထိ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးထားကြလို့ပဲ
ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာလည်း ဘယ်နိုင်ငံ တပ်မတော် ခေါင်းဆောင်တွေမှ မရတဲ့ အခွင့်ထူးမျိုးစုံကို
ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ရေးဆွဲ ပြဋ္ဌာန်းပေးခဲ့ပြီး မမှန်ကန်တဲ့ နည်းနဲ့ ဖြားယောင်းသွေးဆောင်
သွားခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

ပြောရရင် တပ်မတော်ကို စည်းရုံးဆွဲဆောင်လိုသူဟာ လက်ရှိအခြေအနေကို အခြေခံတဲ့၊
လက်တွေ့ကျတဲ့၊ မှန်ကန်တဲ့ ပေါ်လစီ တစ်ရပ်ချမှတ်ပြီး အကောင်အထည် ဖော်ရပါလိမ့်မယ်။

ဒါပေမဲ့ တပ်မတော်ကို စည်းရုံးဆွဲဆောင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီ လက်တွေ့ ကျင့်သုံးခဲ့တဲ့ ပေါ်လစီကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဖြစ်နေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုတာ တပ်မတော်အနေနဲ့
စစ်တန်းလျားကို ဂုဏ်သိက္ခာရှိရှိ ပြန်ရေး၊ တပ်မတော်၊ စစ်ခေါင်းဆောင်တွေနဲ့
စစ်ခေါင်းဆောင်ဟောင်းတွေ အားလုံးရဲ့ ကံကြမ္မာ ရွေးကောက်ခံ အမတ်တွေရဲ့
လက်ထဲ ရောက်ရှိရေး ဆိုတာမျိုးပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခွင့်ထူးအမျိုးမျိုး အာဏာအမျိုးမျိုး တရားဝင်သဖွယ် ရထားတဲ့ လက်ရှိ
တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
ပေါ်လစီဟာ အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် ဆန့်ကျင်ဘက်ပါပဲ။ ဒါကြောင့်လည်း ဒီလို
ပေါ်လစီမျိုးနဲ့ တပ်မတော်ကို စည်းရုံးဆွဲဆောင်လို့ မရနိုင်တာ၊ အောင်မြင်မှုမရတာ ဘာမှ
အဆန်းတကြယ်ကိစ္စတော့ မဟုတ်ပါဘူး။

ဒီလို တပ်မတော်ကို စည်းရုံးဆွဲဆောင်တာ အောင်မြင်မှု မရလေလေ၊
တပ်မတော်ခေါင်းဆောင်တွေနဲ့ မရင်းနှီးလေလေ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့တိုင်
အာဏာလွှဲပြောင်းရေးကိစ္စ စိတ်ချ လက်ချ မဖြစ်နိုင်လေလေပါပဲ။

အခု နောက်ဆုံး အခြေအနေအရ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်
ထိပ်ပိုင်း ခေါင်းဆောင် သုံးယောက်ကလွဲပြီး ကျန် စစ်ဗိုလ်ချုပ် အတော်များများ အရပ်ဝတ်လဲ၊
ရွေးကောက်ပွဲ ၀င်လာကြပါပြီ။

တပ်မတော်ဟာ ပိုပြီး ငယ်ရွယ်တဲ့ စစ်ခေါင်းဆောင်တွေ လက်ထဲ ရောက်နေပါပြီ။

ဒီကနေ့ ပွင့်လင်းလာမှုနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အထိုက်အလျောက် ရှိလာမှု
အနေအထားအရ ဒေါ်အောင်ဆန်းစုကြည် ပြောတာဆိုတာ ပြုမူတာအားလုံး
တပ်မတော်ခေါင်းဆောင်တွေ မြင်နိုင်၊ တွေ့နိုင်၊ ကြားနိုင်တဲ့ အနေအထားမျိုးပါ။

အရင်ခေတ်ကလို သံကန့်လန့်ကာ ကာထားလို့ရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။

ဒီလို အခြေအနေဟာ တပ်မတော် ခေါင်းဆောင်တွေကို တိုင်းပြည်အကျိုး ရှေးရှုပြီး
အပြောင်းအလဲတွေ လုပ်ရာမှာ ပါ၀င်လာစေဖို့ စည်းရုံး ဆွဲဆောင်လို့ အကောင်းဆုံးအချိန်လို့တောင်
ပြောနိုင်ပါတယ်။

လက်ရှိ အချိန်ဟာ ရွေးကောက်ပွဲ ကာလမို့ ရွေးကောက်ပွဲ အနိုင်ရရေး အရေးကြီးတာ မှန်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ အလွန်ကာလကို လှမ်းမျှော်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီအတွက် တပ်မတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာအောင်
စည်းရုံး ဆွဲဆောင်ဖို့ဆိုတာဟာ ပိုပြီးတောင် အရေးကြီးပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီက တပ်မတော်ကို စည်းရုံးဆွဲဆောင်
နိုင်အောင် ၄၃၆ ပြင်ဆင်ရေး ဆိုတာကို အပြန်ပြန် အလှန်လှန် ပြန်သုံးသပ်ဖို့ လိုနေပါတယ်။

အဲဒီအစား တပ်မတော်ကို စည်းရုံးဆွဲဆောင်ရာမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို
ဖော်ဆောင်နိုင်မယ့်၊ ပိုပြီး လက်တွေ့ကျတဲ့ ပေါ်လစီတစ်ရပ် ချမှတ်အစားထိုး အကောင်အထည်
ဖော်သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021