အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၁၀)

အမှန်တရား၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေ့ရေး (၁၀)

ကမ္ဘာ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးကာလတွေကို ကျွန်တော်တို့ လေ့လာခဲ့ကြရာမှာနိုင်ငံတစ်ခုချင်းစီအလိုက် အသွင်ကူးပြောင်းရေး အမျိုးအစားတွေ ကွဲပြားခြားနားမှု ရှိသလို အဲဒီအသွင်ကူးပြောင်းရေး အမျိုးအစားအလိုက် အခွင့်အရေးတွေနဲ့ ကန့်သတ်ချက်တွေကလည်း မတူညီကြတာကို ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးကာလတွေကို ကျွန်တော်တို့ လေ့လာခဲ့ကြရာမှာ
နိုင်ငံတစ်ခုချင်းစီအလိုက် အသွင်ကူးပြောင်းရေး အမျိုးအစားတွေ ကွဲပြားခြားနားမှု ရှိသလို
အဲဒီအသွင်ကူးပြောင်းရေး အမျိုးအစားအလိုက် အခွင့်အရေးတွေနဲ့ ကန့်သတ်ချက်တွေကလည်း
မတူညီကြတာကို ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါတယ်။

မတူညီတာတွေ ဘယ်လောက်များများ၊ တူညီတာ အနည်းဆုံး တစ်ခုတော့ရှိပါတယ်။
အသွင်ကူးပြောင်းမှုတိုင်းမှာ အမှန်တရားနဲ့ တရားမျှတမှုရှိဖို့ လိုအပ်ခြင်းပါပဲ။ အမှန်တရားနဲ့
တရားမျှတမှု လိုအပ်တယ်ဆိုတာကိုမှ လက်မခံနိုင်ဘူး၊ ဆိုရင်တော့ အသွင်ကူးပြောင်းမှု
မလိုအပ်ဘူး သို့မဟုတ် စစ်မှန်သော အသွင်ကူးပြောင်းမှု မဟုတ်ဘူးလို့ သီအိုရီသဘောအရ
ရှင်းလင်း တိကျစွာ ဖြေရှင်းနိုင်ပါတယ်။

အသွင်ကူးပြောင်းရေး ကာလဖြစ်လို့ အမှန်တရားနဲ့ တရားမျှတမှုကို ရှာဖွေရန်
ဒီလောက်အရေးတကြီး လိုအပ်နေရတာလားလို့မေးရင် မဟုတ်သေးပါဘူး။

အမှန်တရားနဲ့ တရားမျှတမှုကို တောင်းဆိုနေတဲ့ တခြားအချက်တွေလည်း ရှိပါသေးတယ်လို့ပဲ
ကျွန်တော်တို့ ဖြေရမှာဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေး ကာလမတိုင်မီကဖြစ်စေ၊ အသွင်ကူးပြောင်းရေး ကာလအတွင်းမှာ ဖြစ်စေ
ပေါ်ပေါက်လာနေတဲ့ နိုင်ငံရေးပါတီ တွေ၊ နိုင်ငံရေးခေါင်းဆောင်အသစ်တွေ၊ အရပ်ဘက်
အဖွဲ့အစည်းတွေရဲ့ တန်ဖိုးထားမှု၊ ယုံကြည်မှု၊ သဘောထား ရပ်တည်ချက်နဲ့ ကိုယ်ကျင့်တရားတွေ
ကလည်း အမှန်တရားနဲ့ တရားမျှတမှုအတွက် တောင်းဆိုနေကြပါတယ်။

ဒီအကြောင်းတရားတွေဟာ တိုင်းပြည်အတွက် တည်ဆဲဥပဒေများနဲ့ အင်စတီကျူးရှင်းဆိုင်ရာ
ဖွဲ့စည်းတည်ဆောက်မှုတွေထက် တန်ဖိုးမနိမ့်ဘဲ အရေးကြီးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးဆိုင်ရာ မူဝါဒတွေဟာ အကြောင်းကြောင်းသော
ဖိအားတွေကြောင့်ချည်း ထွက်ပေါ်လာရတာ မဟုတ်ပါဘူး၊ လက်ရှိခေါင်းဆောင်တွေ၊
အဖွဲ့အစည်းတွေရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ ကိုယ်ကျင့်တရားတွေကြောင့်လည်း
ထွက်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။

အသွင်ကူးပြောင်းရေးကာလကို ဒီလို ရှုမြင်ခြင်းဟာ နိုင်ငံရေးသဘောတရားဆိုင်ရာ
အမြင်တစ်ခုတည်းနဲ့ ချဉ်းကပ်ခြင်းမဟုတ်ဘဲ၊ ခေါင်းဆောင်မှု သဘောတရားအရ
ခေါင်းဆောင်တွေမှာရှိရမယ့် ပင်ကိုအရည်အချင်းဆိုင်ရာ ရှုထောင့်ကပါ ပေါင်းစပ်ရှုမြင်ခြင်း
ဖြစ်ပါတယ်။

ခေါင်းဆောင်တစ်ဦးချင်းစီမှာ ခေါင်းဆောင်မှု အရည်အချင်းတွေ ဘယ်လောက်များများ
ရှိနေနိုင်သလဲဆိုတာ အပြင်လူတစ်ယောက်အနေနဲ့ ခန့်မှန်းဖို့ရာ ခက်ခဲနိုင်ပေမယ့် ဒီခေါင်းဆောင်မှု
အရည်အချင်းရဲ့ တာသွားမှုကို ကျွန်တော်တို့ လျှော့မတွက်သင့်ပါဘူး။

အတိတ်ကာလ အုပ်ချုပ်ရေးစနစ်ရဲ့ အမွေအဖြစ်နဲ့ ပါလာတဲ့ ခွဲခြားဆက်ဆံခြင်း၊ သို့မဟုတ်
ချိန်ခွင်ညှာ မညီမျှခြင်းက အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ လည်မျိုကို ဖိညှစ်ထားစဉ်မှာ
ခေါင်းဆောင်သစ်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းကသာ ပြေလျော့သွားအောင် လုပ်ပေးနိုင်မှာ
ဖြစ်ပါတယ်။

ခေါင်းဆောင်သစ်မှာ ခေါင်းဆောင်မှု အရည်အချင်း မပြည့်စုံခဲ့ရင် အသွင်ကူးပြောင်းရေး
လုပ်ငန်းစဉ်ဟာ ဒီနေရာမှာတင် အရုပ်ကြိုးပြတ် ဖြစ်ရတော့မှာပါ။

ဒါကြောင့် စောစောကတည်းက ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။

အသွင်ကူးပြောင်းရေး ကာလကို ခေါင်းဆောင်မယ့်လူဟာ ကိုယ်ကျိုး မငဲ့ဖို့၊ စွန့်လွှတ်စွန့်စားတတ်တဲ့
စိတ်ရှိဖို့နဲ့ ခိုင်မာပြတ်သားဖို့ လိုတယ်လို့ ဆွေးနွေးခဲ့တာပါ။

အသွင်ကူးပြောင်းရေးကာလ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေမှာ
သာဓကပြစရာ အများအပြားရှိပါတယ်။

နိုင်ငံရေးမှာ ခေါင်းဆောင်မှု အရည်အချင်းကို ထည့်မစဉ်းစားကြဘူး ဆိုရင် အကျပ်အတည်းထဲက
"လွတ်မြောက်ခြင်းဖြင့် အသွင်ကူးပြောင်းရေး" လို့ နာမည်ကြီးတဲ့ ချီလီနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး
အတွက် ကျွန်တော်တို့မှာ ရှင်းပြစရာစကားလုံးတောင် ရှာလို့တွေ့မှာ မဟုတ်တော့ပါဘူး။

နေရာတကာမှာ အာဏာရှင်ဘက်တော်သား အစုအဖွဲ့တွေနဲ့ ပြည့်နှက်နေတဲ့ သူတို့နိုင်ငံမှာ
အမှန်တရားနဲ့ တရားမျှတမှုအတွက် ထိခိုက်နစ်နာစေမှု အနည်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်
လုပ်ပြသွားနိုင်ခဲ့ပါတယ်။

သမ္မတ စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ သမ္မတရဲ့ ခေါင်းဆောင်မှုက ပိုအရေးကြီးပါတယ်။

ပုဂ္ဂိုလ်ရေး သစ္စာစောင့်သိမှုလည်း မပျက်မယွင်းရအောင်၊ နိုင်ငံရေး ယုံကြည်မှုလည်း
အလျှော့မပေးရအောင် ပြန်လည်ရင်ကြားစေ့ရေးနဲ့ ခွင့်လွှတ်ခြင်းသဘောထား
ထွန်းကားလာရအောင် လုပ်နိုင်ခဲ့တယ်။

အမှန်တရားနဲ့ တရားမျှတမှု ရရှိရေးအတွက် နောက်ဆက်တွဲ ပြောင်းလဲမှုတွေကိုလည်း
တည်တည်ငြိမ်ငြိမ် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

ဥရုဂွေးနိုင်ငံ အသွင်ကူးပြောင်းရေးမှာတော့ သမ္မတဟာ စစ်ဘက် ခေါင်းဆောင်များနဲ့သာ
ချိတ်ဆက်မှုရှိခဲ့ပြီး အမှန်တရားနဲ့ တရားမျှတမှုကို တောင်းဆိုနေတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့
ဆက်စပ်မှု အားနည်းခဲ့တဲ့အတွက် နောက်ဆုံးမှာ အမုန်းတရားနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာလည်း စောစောကတည်းက ရှိနေခဲ့တဲ့ အပြစ်ပေး
အရေးယူရန် မူဝါဒကို စစ်ဘက်နဲ့ ပုံမှန် ဆက်ဆံရေးပြန်ရဖို့အတွက် သမ္မတက အလျှော့ပေးရင်းနဲ့
နောက်ဆုံးမှာ ပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားကာ အတိတ် အုပ်ချုပ်ရေးစနစ်တုန်းကလိုပဲ
လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ကွဲပြားခြားနားစွာပဲ ချီလီနိုင်ငံမှာကျတော့ လူ့အခွင့်အရေး လှုပ်ရှားသူများဟာ
သမ္မတရဲ့ ပါတီနဲ့ ခိုင်မြဲစွာ အချိတ်အဆက်မိခဲ့တဲ့အတွက် အတိတ်ကို ဖော်ထုတ်ခြင်းလုပ်ငန်းစဉ်က
အခိုင်အမာ ဖြစ်စေခဲ့သလို၊ အပြစ်ပေးခြင်းထက် ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ရေး
အလေးအနက်ပြုတဲ့ မူဝါဒတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။

ခေါင်းဆောင်မှုနဲ့ နိုင်ငံရေးအသွင် ကူးပြောင်းမှု အကြောင်းကိုတော့ ဒီလောက်နဲ့ပဲ
ရပ်နားထားပါဦးမယ်။

ဒီမိုကရေစီ နိုင်ငံရေး အသွင်ကူးပြောင်းမှုဟာ သွေးထွက်သံယို ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
ဘယ်တော့မှ လွယ်ကူချောမွေ့တဲ့ ခရီးစဉ်တစ်ခု မဟုတ်ပါဘူး။

အမြဲတမ်း ခက်ခဲကြမ်းတမ်းသော ခရီးကြမ်းတစ်ခုသာ ဖြစ်ပါတယ်။

ဒီခရီးကြမ်းမှာ မျှော်လင့်ထားတာတွေ မဖြစ်တာများသလို၊ မမျှော်လင့်ထားတာတွေနဲ့လည်း
မကြာခဏ တွေ့တတ်ပါတယ်။

ဒီခရီးကြမ်းကို ကျွန်တော်တို့ကိုယ်တိုင် လျှောက်လှမ်းကြရာမှာ တခြားလူတွေရဲ့
အတွေ့အကြံုတွေကို ကျွန်တော်တို့ခေါင်းထဲမှာ များများထည့်ထားနိုင်လေ၊ ကျွန်တော်တို့ရဲ့
တုံ့ပြန်မှုဟာ ချိန်သားကိုက်လေ ဖြစ်ပါလိမ့်မယ်။

ကိုယ့် အတွေ့အကြံုပဲ ကိုယ်အားကိုးကြမယ်ဆိုရင်တော့ လက်ဆကလေး တစ်ချက်လွဲသွားတာနဲ့
ချောက်ထဲပြုတ်ကျသွားနိုင်ပါတယ်။

နိုင်ငံရေးအသွင်ကူးပြောင်းမှု ခရီးကြမ်းမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှု
သဘာဝကလည်း အတိတ်အပေါ် ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတဲ့ မဟာဗျူဟာကို
ပုံဖော်ပေးနိုင်ပါတယ်။

တကယ်လို့ အတိတ်ကာလအုပ်ချုပ်ရေးစနစ်အပေါ် ဆန့်ကျင်ခဲ့တဲ့ အဖွဲ့အစည်းတွေ့ရဲ့
ခေါင်းဆောင်မှု အပိုင်းက လူတွေက ပြုပြင်ပြောင်းလဲရေးထက် လူမှုတော်လှန်ရေး ပုံစံ၊
ရက်ဒီကယ်သမားတွေ ဖြစ်နေကြရင်တော့ ကမ္ဘာ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးလှိုင်းတွေမှာ
စောစောပိုင်းကတည်းက အသွင်ကူးပြောင်းခဲ့ကြတဲ့ ပေါ်တူဂီနိုင်ငံနဲ့ နီကာရာဂွာနိုင်ငံတို့မှာလို
တရားဥပဒေစိုးမိုးရေးတို့၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း လေးစားလိုက်နာမှုတွေ
အားနည်းတဲ့ အခက်အခဲနဲ့ ကြံုတွေ့ရပါလိမ့်မယ်။

ချီလီနိုင်ငံရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကျတော့ ခရစ်ယာန်ဒီမိုကရက်တစ်တွေနဲ့
အသစ် ပြုပြင်မွမ်းမံထားတဲ့ ဆိုရှယ်လစ်တွေ ဖြစ်ကြတယ်၊ ပြုပြင်ပြောင်းလဲရေးဘက်ကို
တိမ်းညွတ်ကြတယ်။

သူတို့ကတော့ သတိကြီးစွာထားပြီး လှုပ်ရှားမှုတွေကို ဥပဒေ စည်းမျဉ်းတွေအတိုင်းသာ
လုပ်ဆောင်ကြပါတယ်။

ဒါဟာ ချီလီနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ခရီးကြမ်းမှာ ဖြစ်နိုင်သမျှ ညင်သာ ချောမွေ့စေဖို့အတွက်
များစွာအထောက်အကူ ဖြစ်စေခဲ့ပါတယ်။

တကယ်လို့ ဆန့်ကျင်ဘက်တွေရဲ့ သဘာဝဟာ အာဏာရှင်စနစ် ဆုံးခန်းတိုင်စေရေး
တစ်ခုတည်းကိုပဲ အလေးထားတယ်။

အမှန်တရားနဲ့ တရားမျှတမှုအတွက် အားပေးမှုတွေ မလုပ်ခဲ့ဘူးဆိုရင် အဲဒီနိုင်ငံရဲ့ အခက်အခဲ
အကျပ်အတည်းတွေက လွတ်မြောက်ရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲတွေကို
ပျက်ပြားသွားစေနိုင်တဲ့အပြင် တာဝန်ခံမှု ရှိစေတဲ့ မူဝါဒကိုလည်း ငြင်းပယ်ရာကျနိုင်တာကို
ကျွန်တော်တို့ သတိထားဖို့လိုပါတယ်။

၁၉၈၅ ခုနှစ် ဘရာဇီးလ်နိုင်ငံနဲ့ ၁၉၉၀ ပြည့်နှစ် နီကာရာဂွာနိုင်ငံတွေမှာ ဒါမျိုးတွေ ဖြစ်ခဲ့တဲ့
သာဓကတွေရှိပါတယ်။

အသွင်ကူးပြောင်းရေး ခရီးကြမ်းကို ဦးဆောင်တဲ့ ခေါင်းဆောင်သစ်ဟာ ခွင့်မလွှတ်တတ်ဘူး၊
ထစ်ကနဲဆို အရေးယူ၊ ပေးလျော်ခြင်း သဘောထားရဲ့ အရေးကြီးမှုကိုလည်း နားမလည်ဘူး၊
အမှန်တရားနဲ့ တရားမျှတရေးမူဝါဒတွေဟာ ဒီတိုင်းပြည်အတွက် မလိုအပ်ပါဘူးလို့
ပြောနေပြီဆိုရင်တော့ ဒါဟာ ရှင်းရှင်းလေးပါပဲ။

သူတို့ဟာ တရားဝင်သော်လည်းကောင်း အလွတ်သဘောအရ သော်လည်းကောင်း ဖိနှိပ်ခဲ့သူများနဲ့
မဟာမိတ်ဖွဲ့ထားလို့ပါပဲ။

ဒီလိုသာဓကမျိုးကတော့ အယ်လ်ဆာဗေးဒိုး နိုင်ငံနဲ့ ဥရုဂွေးနိုင်ငံတို့ရဲ့ အသွင်ကူးပြောင်းရေး
ခရီးကြမ်းမှာ တွေ့နိုင်ပါတယ်။

အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ အမွေအဖြစ် အသွင်ကူးပြောင်းရေး ခေါင်းဆောင်တွေကို စီရင်ဖန်တီး
ပေးခဲ့တာကိုလည်း သမိုင်းမှာ တွေ့ခဲ့ရပါတယ်။

ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ အားနည်းရင်၊ သို့မဟုတ် မရှိရင် ဒီလို အမွေပေးတာက
ဖြစ်နိုင်ပါတယ်။

အုပ်ချုပ်ရေး စနစ်ဟောင်း ပြိုလဲသွားတဲ့အခါ အမြင်တင့်တယ်အောင် အသစ်ပြုပြင်ထားတဲ့
အတိတ် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပဲ အာဏာရယူထားတာဖြစ်ပါတယ်။

ရိုမေးနီးယားနိုင်ငံ အသွင်ကူးပြောင်းရေးပုံစံနဲ့ တူပါတယ်။

အတိတ် အုပ်ချုပ်ရေးအတွက် တာဝန်ခံမှုရှိရန်နဲ့ အမှန်တရားဖော်ထုတ်ရန် ကိစ္စတွေကို
ကလဲ့စားချေလိုသူများ လတ်တလော စိတ်ကျေနပ်မှု ရရှိစေရန် အသွင်သဏ္ဌာန်လောက်ပဲ
လုပ်ပြခဲ့ပါတယ်။

တကယ်လို့ အတိတ်အုပ်ချုပ်ရေး စနစ်အောက်မှာကတည်းက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့
အားကောင်းတဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုများ၊ အမှန်တရားနဲ့ တရားမျှတမှု တောင်းဆိုတဲ့
အစီအစဉ်များရှိခဲ့မယ် ဆိုရင်တော့ အခုလို အသွင်ကူးပြောင်းရေး ခရီးကြမ်းမှာ အမှန်တရားနဲ့
တရားမျှတမှု လုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေဖို့အတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင်
အထောက်အကူဖြစ်စေမှာ သေချာပါတယ်။

ဒီအဖွဲ့အစည်းတွေဟာ အစိုးရိမ်ကြီးနေကြတဲ့၊ သို့မဟုတ် အတိတ်ရဲ့ အမွေခံဖြစ်နေကြတဲ့
ခေါင်းဆောင်တချို့ရဲ့ အမှန်တရားနဲ့ တရားမျှတမှုလုပ်ငန်းစဉ်ကို ပိတ်ပင်ရန် အားထုတ်မှုများကို
တားဆီးကာကွယ်နိုင်ကြပါတယ်။

ချီလီနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့မှာ ဒီအတိုင်းဖြစ်ခဲ့တာပါပဲ။

တကယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက အားနည်းမယ်၊ စိတ်ပါလက်ပါ မရှိလှဘူး၊
ဒါမှမဟုတ်ရင်လည်း ကလဲ့စားချေဖို့ကလွဲလို့ ဘာမျှမရှိတော့ဘူး၊ အမှန်တရားနဲ့ တရားမျှတရေး
သဘောထားကိုလည်း အလေးအနက်မထားဘူးဆိုရင် စပိန်နိုင်ငံမှာဖြစ်ခဲ့သလို အတိတ်ကို
တာဝန်ခံမှုမူဝါဒဟာ စုံးစုံးမြုပ် ချင်မြုပ်နေမယ်။

ပေါ်တူဂီနိုင်ငံနဲ့ အရှေ့ ဥရောပနိုင်ငံ တချို့မှာလို ပါတီခေါင်း ဆောင်တွေအကြားမှာ အငြင်းပွားစရာ
ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။

အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးကြမ်းမှာ
တာဝန်ခံမှုရှိခြင်း သဘာဝကို ပုံဖော်ပေးနိုင်သလားဆိုတာကို သေသေချာချာ စစ်ဆေးလေ့လာဖို့
လိုအပ်ပါတယ်။

ဒီနေရာမှာလည်း အတိတ်အုပ်ချုပ်ရေး စနစ်ရဲ့အမွေ ဘယ်လောက်ပါရှိနေသလဲဆိုတာ သိဖို့
အရေးကြီးပါတယ်။

ဘရာဇီးလ်နိုင်ငံနဲ့ ချီလီနိုင်ငံတို့မှာ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတွေရှိခြင်း၊ ချီလီနိုင်ငံမှာတော့
အစိုးရရဲ့ လုပ်ဆောင်ချက်ကို အခြေခံဥပဒေနဲ့ ကန့်သတ်နိုင်ခြင်းတို့ဟာ တာဝန်ခံမှုရှိစေရေးဆီသို့
ဦးတည်စေပါတယ်။

အသွင်ကူးပြောင်းရေး ခရီးကြမ်းမှာ အင်စတီကျူးရှင်းတွေကလည်း စကားပြောပါတယ်။

ပြုပြင်ပြောင်းလဲရေး အမြင်နဲ့ ပြုလုပ်တဲ့ သဘောတူညီချက်တွေ၊ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းတွေကို လိုက်နာဆောင်ရွက်ရန် အတည်ပြုချက်များဟာ အတိတ်ကာလတုန်းက
ရှိခဲ့တဲ့ ဖိနှိပ်မှုအဆောက်အအုံကို အသုံးမဝင်အောင် ပြုလုပ်နိုင်ပါတယ်။

ဒါပေမဲ့ အင်စတီကျူးရှင်းတွေက ဒီသဘော တူညီချက်များ၊ ကတိကဝတ်တွေကို အချိန်မီ
ဖြည့်ဆည်းပေးရန် ပျက်ကွက်ကောင်း ပျက်ကွက်နိုင်တယ်။

အကောင်အထည်ဖော် ရမယ့်အချိန်ကို ဆွဲဆန့်ထားနိုင်တယ်။

အင်စတီကျူးရှင်းတွေရဲ့ သဘောထား ရပ်တည်ချက်နဲ့ အလေ့အကျင့်တွေကို ပြင်ဆင်ဖို့
၀န်လေးကောင်း ၀န်လေးနိုင်ပါတယ်။

အမေရိကတိုက် အလယ်ပိုင်း နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးခရီးကြမ်းမှာ ဒါမျိုးတွေ
အများကြီးဖြစ်ခဲ့ပါတယ်။

အမှန်တရားနဲ့ တရားမျှတမှုကို ရှာဖွေရာမှာ ဇွဲကောင်းကောင်းနဲ့ တင်းခံနေတတ်တဲ့
အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ ကိုယ်စားလှယ်တွေက အတားအဆီးအဖြစ် တိုက်ရိုက်ခုခံနေတာလည်း
ရှိနိုင်ပါတယ်။

ဥရောပ အရှေ့တောင်ပိုင်းနိုင်ငံများနဲ့ အာဖရိကနိုင်ငံတချို့ရဲ့ တရားစီရင်ရေးစနစ်ဟာ
ယခင်အုပ်ချုပ်ရေးစနစ်က လက်အောက်ခံအဖြစ် စနစ်တကျ သွတ်သွင်းခဲ့ခြင်း၊ သို့မဟုတ် နိုင်ငံရေး
သဘောထား ရိုက်သွင်းခဲ့ခြင်းတို့ကြောင့်သူတို့ကို လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ
လုပ်မပြီးမချင်း၊ ဒီနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုမူဝါဒတွေဟာ
ခေတ္တရပ်တန့်နေခဲ့ရတာကိုလည်း သတိထားမိခဲ့ရပါတယ်။

ဒါကြောင့် တခြားနိုင်ငံတွေရဲ့ အတွေ့အကြံုအရ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းခရီးဟာ
ကြမ်းတမ်းပါတယ်။

ဒီလမ်းခရီးမှာ စိတ်မကောင်းစရာ အတွေ့အကြံုတွေလည်း တွေ့ကြံုရနိုင်ပါတယ်။

သူတို့ရဲ့ အတွေ့အကြံုအရ နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီ သမိုင်းအစဉ်အလာကလည်း အားနည်း၊
ဒီမိုကရေစီ အင်စတီကျူးရှင်းတွေကလည်း အားနည်းကြမယ်ဆိုရင် အဲဒီနိုင်ငံဟာ အမှန်တရားနဲ့
တရားမျှတမှု မူဝါဒကို အကောင်အထည်ဖော်ဖို့ အားနည်းနိုင်ပါတယ်။

ကံဆိုးတာကတော့ ဒီနိုင်ငံတွေမှာပဲ လိမ်ညာမှုတွေက ပိုပြီး တာရှည်ခံနိုင်တယ်။

ဖိနှိပ်မှုတွေက ပိုပြီး ရှင်သန်နေနိုင်တယ်။

အနစ်နာခံခဲ့ရတဲ့ လူများစွာကတော့ အမှန်တရားနဲ့ တရားမျှတမှုမှ ကင်းဝေးနေကြရပါတယ်။

ကမ္ဘာပေါ်မှာ ဒီလိုနိုင်ငံမျိုးတွေက နည်းပင်နည်းငြားသော်လည်း အမှန်တကယ်ရှိနေကြပါသေးတယ်။

ပြောင်းပြန်သဘောမျိုးတွေ့ရတာကတော့ တချို့နိုင်ငံတွေမှာ မထင်ရင် မထင်သလို အရေးယူ
ဆောင်ရွက်မှုက သိပ်မများဘူး၊ တရားစွဲဆိုဖိနှိပ်မှုလည်း နည်းတယ်။

ဒါပေမဲ့ သူတို့ဆီမှာ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ဖို့ အခြေအနေက ပိုပေးနေပြန်တယ်။

ဒီနိုင်ငံတွေမှာပဲ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက
အမှန်တရားနဲ့ တရားမျှတမှုကို ပိုတောင်းဆိုနေကြတာ တွေ့ရပါတယ်။

နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ဒီအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုကပဲ
အခရာများဖြစ်နေသလားလို့ ကျွန်တော် တွေးဆမိပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021