ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံးခွဲမှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တစ်ပွဲလုပ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံးခွဲမှာ
ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တစ်ပွဲလုပ်ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး
ကိုယ်တိုင် ဦးဆောင် ပြုလုပ်တာဖြစ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အပြောင်းအလဲ
တချို့ကိုလည်း ပြောဆိုပါတယ်။
အဲဒီထဲ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေဟာ မှတ်ပုံတင် ရှိစရာမလို၊ မှတ်ပုံတင်
မရှိလည်းရတယ်၊ မဲပေးမယ့်သူ အားလုံးကို မဲပေးမယ့်နေ့ မတိုင်ခင် တစ်ပတ်အလိုမှာ မဲဆန္ဒရှင်
သက်သေခံလက်မှတ် ထုတ်ပေးထားမယ်လို့ ဆိုပါတယ်။
မဲပေးတဲ့နေ့ ကျရင် ပြည်သူတွေဟာ အဲဒီ မဲဆန္ဒရှင် သက်သေခံလက်မှတ်ကို ကိုင်ဆောင်လာပြီး
မဲပေးရုံပဲလို့ ပြောလိုက်တာပါ။
ဒီအချက်ဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှုတ်ကနေ
တဖွဖွ ပြောဆိုနေတဲ့ ဥပဒေနဲ့အညီ လုပ်ကိုင်တာ ဟုတ်ပါရဲ့လားဆိုတာ ဒီတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။
၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊
အခန်း(၄)၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၊ ပုဒ်မ ၆ မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
"အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ (က) ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင်
အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊
နိုင်ငံသား ပြုခွင့်ရသူ၊ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ၊
(ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါ၀င်သူ" ဆိုပြီး ဖော်ပြထားပါတယ်။
ဒီဖော်ပြချက်ဟာ ပြည်သူ့ လွှတ်တော် အပါအဝင် အခြားလွှတ်တော်တွေအတွက် ပြဋ္ဌာန်းထားတဲ့
ဥပဒေတွေအားလုံးမှာလည်း တူညီစွာ ဖော်ပြထားပါတယ်။
လက်ရှိ ရွေးကောက်ပွဲကော်မရှင် ၀က်ဘ်ဆိုက်မှာလည်း တိတိကျကျ ဖော်ပြထားရုံမက
မဲပေးခြင်းဆိုင်ရာ အသိပညာပေး ပိုစတာကြီးတွေ၊ လက်ကမ်းစာစောင်တွေနဲ့ ပညာပေး
ရုပ်သံဇာတ်လမ်းတွေမှာပါ ထည့်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။
နောက်ပိုင်း ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ
တွေကို မဲပေးခွင့်ပြုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူး ဆိုပြီး ဥပဒေထဲကနေ
'ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ' ဆိုတဲ့ စာသားကို ဖြုတ်ပေးလိုက်ပါတယ်။
ကျန်တာကတော့ အားလုံး အတူတူပဲ ဖြစ်ပြီး လက်ရှိ အချိန်ထိ အတည် ဖြစ်နေဆဲပါ။
အဓိပ္ပာယ်ကတော့ မဲပေးတဲ့နေ့ကျရင် မဲစာရင်းထဲပါတဲ့ ပြည်သူတစ်ယောက်ယောက်ဟာ
'နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ သက်သေခံ လက်မှတ်' တစ်ခုခု ကိုင်ဆောင်ပြီး
မဲရုံကိုလာ၊ မဲပေးရမှာ ဖြစ်ပါတယ်။
အဲဒီလူဟာ မဲစာရင်းထဲ သူ့နာမည် ပါမပါ၊ သူဟာ မဲစာရင်းထဲပါတဲ့သူ ဟုတ်မဟုတ်
သူကိုင်ဆောင်လာတဲ့ သက်သေခံကတ်ပြားနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ မဲပေးခွင့်ပြုမှာ ဖြစ်ပါတယ်။
အဲဒီအချိန် မဲရုံမှာ မဲရုံမှူး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ အမတ်လောင်းတွေရဲ့
မဲရုံကိုယ်စားလှယ်တွေ ရှိနေကြပြီး သူတို့ ကိုယ်တိုင် မဲပေးခွင့်ရှိသူကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
ဒါက သဘာဝကျတဲ့ ဥပဒေပြဋ္ဌာန်းချက်ပါ။
အခု အဲဒီ ဥပဒေ ပြဋ္ဌာန်းချက်ကို လျစ်လျူရှုပြီး ဦးတင်အေးက မဲပေးမယ့် ပြည်သူတွေကို
ရွေးကောက်ပွဲ မတိုင်ခင်တစ်ပတ်မှာ မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ထုတ်ပေးမယ်လို့
ဆိုလာပါတယ်။
အဲဒီ လက်မှတ်ကို ဘယ်သူတွေက စိစစ်ပြီး ဘယ်လို ထုတ်ပေးမယ် အသေးစိတ် မပြောပေမယ့်
သက်ဆိုင်ရာ အောက်ခြေ ကော်မရှင်အဖွဲ့က ဖြစ်ဖို့များပါတယ်။
ဒီလို လုပ်လိုက်ခြင်းအားဖြင့် မဲပေးမယ့်နေ့မှာ မဲပေးမယ့် ပြည်သူတွေဟာ သူတို့ရဲ့ ခိုင်လုံတဲ့
သက်သေခံ မှတ်ပုံတင်တစ်ခုခု ယူဆောင်လာပြီးမှ မဲပေးရမယ်ဆိုတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့
ကိုက်ညီမှု ရှိတော့မှာ မဟုတ်ပါဘူး။
ဦးတင်အေး ဘက်ကတော့ ဒီလို လုပ်ရတာဟာ ရေဘေးကြောင့်လို့ အကြောင်းပြပါတယ်။
ရေဘေးမှာ ပြည်သူတချို့ မှတ်ပုံတင်တွေ ဆုံးရှုံးတယ်၊ အိမ်ထောင်စုစာရင်းတွေ ဆုံးရှုံးသွားတယ်လို့
ဆိုပါတယ်။
ဒါကြောင့် ခုလို လုပ်ရတာလို့ ပြောတာပါ။
တကယ်တော့ ရေဘေးကြောင့် အခုလို လုပ်ရတာပါဆိုရင် ပထမအဆင့် အဲဒီလို လုပ်တာဟာ
ရေဘေးသင့်တဲ့ နေရာတွေမှာပဲ လုပ်ဖို့ လိုအပ်ပါတယ်။
တစ်နိုင်ငံလုံးအနှံ့လုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး။
နောက်တစ်ချက် မှတ်ပုံတင် သက်သေခံ လက်မှတ် ပျောက်ဆုံးသွားတယ်ဆိုရင် သက်ဆိုင်ရာ
ရပ်ကွက် အာဏာပိုင်တွေ၊ လဝက တာဝန်ရှိသူတွေဟာ 'မှတ်ပုံတင် လက်မှတ်ပျောက်ဆုံးတာကို
တိုင်ကြားထားကြောင်း' ဆိုတဲ့ ယာယီ ထောက်ခံစာတွေ စိစစ် ထုတ်ပေးထားလို့ ရပါတယ်။
ဒီလိုလုပ်ဖို့ ရက်ပေါင်း ၆၀ ကျော်ဆိုတာ လုံလောက်တဲ့ အချိန်ပါ။ တစ်နိုင်ငံလုံး မှတ်ပုံတင်
ပျောက်နေကြတာ မဟုတ်ပါဘူး။
မဲပေးတဲ့နေ့မှာ မဲစာရင်းပါပြီး မှတ်ပုံတင် မရှိသူတွေဟာ အဲဒီ မှတ်ပုံတင်ပျောက်ဆုံးနေကြောင်း
ထောက်ခံစာ ယူလာ၊ မဲရုံမှာ ရှိတဲ့လူတွေက စိစစ်ပြီး မဲပေးခွင့် ပြုလိုက်ရုံပါပဲ။
ဦးတင်အေးအနေနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်ကို လျစ်လျူရှုစရာ အကြောင်းမရှိပါဘူး။
ဦးတင်အေး ခုလို လုပ်ကိုင်ခွင့်ပြုလိုက်ရင် ဖြစ်လာနိုင်တဲ့ ပြဿနာတွေ အများကြီးပါပဲ။
အဓိက ပြဿနာကတော့ မဲဆန္ဒရှင် သက်သေခံလက်မှတ်ကို ကော်မရှင်ကပဲ စိစစ်ထုတ်ပေးမှာ
ဖြစ်တဲ့အတွက် အဲဒီလူတွေဟာ တကယ် မဲပေးပိုင်ခွင့်ရှိသူ အစစ် ဟုတ်မဟုတ်
အမတ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေက စစ်ဆေးနိုင်တော့မှာ မဟုတ်လို့ပါဘဲ။
မဲရုံလာတဲ့အချိန် မှတ်ပုံတင်တွေ ပါမလာတော့ဘဲ ကော်မရှင်က ထုတ်ပေးတဲ့ မဲဆန္ဒရှင်
သက်သေခံလက်မှတ် ကိုင်လာကြမှာမို့ စစ်ဆေးဖို့ မဖြစ်နိုင်လောက်အောင်
ခက်ခဲသွားစေနိုင်ပါတယ်။
ဒီအခါ မဲစာရင်းထဲပါပြီး ရပ်ဝေးရောက်နေသူတွေနဲ့ အမှန်တကယ် ရှိမနေသူတွေရဲ့ နာမည်တွေ
အသုံးပြုပြီး မဆိုင်သူတွေက မဲဆန္ဒရှင် သက်သေခံလက်မှတ် ရအောင်ယူ၊ မဲလာပေးလို့ ရသွားမှာမို့
ဖြစ်ပါတယ်။
ဦးတင်အေးရဲ့ အဲဒီလုပ်ရပ်ဟာ သေးသေးမွှားမွှား မဟုတ်ပါဘူး။ အတော်ကြီးကျယ်ပါတယ်။
ခုဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း အကူအညီနဲ့ မဲပေးခြင်းဆိုင်ရာ အသိပညာပေးရေး ပိုစတာတွေ
အမြောက်အမြား ရိုက်နှိပ် ဖြန့်ဝေထားပြီးဖြစ်ပါတယ်။
အဲဒီ ပိုစတာတွေမှာ ဥပဒေပါ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူတွေ မဲပေးခွင့်
ရှိတယ်ဆိုတဲ့ စာသားတွေနဲ့ ရုပ်ပုံတွေ အထင်အရှား ဖော်ပြထားပြီး ဖြစ်ပါတယ်။
ဒါတွေအားလုံး ပယ်ဖျက်ရပါလိမ့် မယ်။ ပယ်ဖျက်ပြီး ရုပ်ပုံတွေမှာ 'မဲဆန္ဒရှင် သက်သေခံလက်မှတ်
ကိုင်ဆောင်သူတွေ မဲပေးခွင့် ရှိသည်' ဆိုတာမျိုး ပြင်ရပါလိမ့်မယ်။
အလားတူ မဲပေးခွင့်ဆိုင်ရာ ရုပ်သံပညာပေး ဇာတ်လမ်းတွေမှာလည်း အဲဒီအတိုင်း
ထည့်သွင်းရိုက်ကူးထားတာ တွေ့မြင်ကြရပါလိမ့်မယ်။
ဒါတွေအားလုံးဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့အညီ ထည့်သွင်းဖော်ပြ၊ ရိုက်ကူးထားတာတွေ
ဖြစ်ပြီး အားလုံးကို ပြင်ကြရပါလိမ့်မယ်။
အချုပ်ပြောရရင် အခု ဦးတင်အေး လုပ်ပုံကိုင်ပုံဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ မညီပါဘူး။
ဦးတင်အေးအနေနဲ့ ဥပဒေနဲ့ မညီတာကို ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲ လုပ်ကိုင်ခွင့်
ရှိသလားဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်။
တစ်ဆက်တည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်တိုင်
ရွေးကောက်ပွဲ ဥပဒေတွေကို ချိုးဖောက်နေသလားဆိုပြီး မေးမြန်းရမှာလည်း ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။

















