တာဝန်ခံမှုမူဝါဒနဲ့ သမိုင်းအမွေခံ ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံတွေကို ကျွန်တော်တို့ လက်လှမ်းမီသလောက် ရှုထောင့်ပေါင်းစုံက လေ့လာခဲ့ကြတဲ့အခါမှာနောက်ထပ်တွေ့ရှိချက် တစ်ခုကတော့ ဒီနိုင်ငံတွေမှာ ဒီမိုကရေစီအုပ်ချုပ်ရေး သမိုင်းကြောင်း အစဉ်အလာကောင်းခဲ့ကြသလား၊ မကောင်းခဲ့ကြဘူးလား၊ အဲဒီအချက်က အတော်ကလေး အရေးကြီးတယ်ဆိုတာကို တွေ့ရပါတယ်။
တာဝန်ခံမှုမူဝါဒနဲ့ သမိုင်းအမွေခံ ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံတွေကို
ကျွန်တော်တို့ လက်လှမ်းမီသလောက် ရှုထောင့်ပေါင်းစုံက လေ့လာခဲ့ကြတဲ့အခါမှာ
နောက်ထပ်တွေ့ရှိချက် တစ်ခုကတော့ ဒီနိုင်ငံတွေမှာ ဒီမိုကရေစီအုပ်ချုပ်ရေး သမိုင်းကြောင်း
အစဉ်အလာကောင်းခဲ့ကြသလား၊ မကောင်းခဲ့ကြဘူးလား၊ အဲဒီအချက်က အတော်ကလေး
အရေးကြီးတယ်ဆိုတာကို တွေ့ရပါတယ်။
ဒီမိုကရေစီအုပ်ချုပ်ရေး သမိုင်းအစဉ်အလာ၊ သို့မဟုတ် ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုအခြေခံတွေ
ကောင်းခဲ့ရင် နိုင်ငံရေးအသွင် ကူးပြောင်းမှုဟာ လျင်မြန်ချောမွေ့စေပြီး တရားဥပဒေစိုးမိုးရေးနဲ့
လူ့အခွင့်အရေး လေးစားလိုက်နာမှု အရှိန်အဟုန်ကို တိုးတက်စေပါတယ်။
အဲဒီလိုပဲ အတိတ်ကို တာဝန်ခံမှုရှိစေတဲ့ မူဝါဒကလည်း အခိုင်အမာပေါ်ထွန်းလာစေပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ တစ်ခုသတိပြုရမှာက ဘယ် နိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု
ကာလမှာမဆို အတိတ်ကို တာဝန်ခံမှုမူဝါဒဟာ နိုင်ငံရေးလေဟာနယ်ထဲမှာ ဘယ်တော့မှ
ပေါက်ဖွားရှင်သန်ခြင်း မရှိခဲ့ဘူးဆိုတာပါပဲ။
အတိတ်ကို တာဝန်ခံမှုမူဝါဒဟာ သမိုင်းကြောင်း အခြေခံကောင်းနဲ့ လူ့အဖွဲ့အစည်းရဲ့ တောင်းဆိုမှု
အရသာ ပေါ်ထွန်းလာနိုင်ပါတယ်။
ဒါကြောင့်လည်း နိုင်ငံတစ်ခုချင်းစီရဲ့ နိုင်ငံရေး ရေခံမြေခံအပေါ် မူတည်ပြီး တာဝန်ခံပုံ
တာဝန်ခံနည်းတွေလည်း မတူညီကြတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်မှာ မကောင်းသောသမိုင်းဆိုင်ရာ အတွေ့အကြံုများ
ရှိခဲ့ပါသလား။
နိုင်ငံသားတွေရဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေဟာ အကြမ်းဖက်မှုတွေ၊ အကြမ်းနည်းအသုံးပြု
ဖြေရှင်းမှုတွေ၊ ရှည်ကြာလှစွာသော လူ့အဖွဲ့အစည်းဆိုင်ရာ ပဋိပက္ခတွေ၊ လက်နက်ကိုင်တိုက်ပွဲ
တွေနဲ့ပဲ အဆုံးသတ်ခဲ့ကြရသလား။
အဲဒီလိုဆိုရင်တော့ အတိတ်နဲ့ ပတ်သက်တဲ့ တာဝန်ခံမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်
မူဝါဒ ရွေးချယ်တဲ့အခါမှာ ဒီမေးခွန်းတွေရဲ့အဖြေက အများကြီး စကားပြောကြပါလိမ့်မယ်။
အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ အစုအဖွဲ့တွေကို စိန်ခေါ်ပြီးတော့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်
နယ်နိမိတ်ကို စမ်းသပ်စစ်ဆေးရန်အတွက်ဖြစ်စေ၊ အကြမ်းနည်းလုပ်ဆောင်ခဲ့သူတွေကို
အပြစ်ပေး အရေးယူရန်အတွက်ဖြစ်စေ စိတ်ပါ၀င်စားမှုရှိသူအရေအတွက် နည်းပါးနိုင်ပါတယ်။
နောက်ပြီး လူ့အဖွဲ့ အစည်းအတွင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ ကိုယ့်ဘက်ကရော၊
သူ့ဘက်ကရော ကြမ်းကြုတ်ရက်စက်မှုတွေ ရှိနိုင်ပါတယ်။
ဒါကြောင့် အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေး ဦးဆောင်သူတွေဟာ အတိတ်ကို
အတိတ်မှာပဲ ထားခဲ့တာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်နိုင်ကြပါတယ်။
ဒီလိုမျိုးဖြစ်ခဲ့တာကတော့ စပိန်နိုင်ငံ ပါပဲ။
တစ်ခါတုန်းက ဒီမိုကရေစီအုပ်ချုပ်ရေးမှာ အကွဲအပြဲတွေနဲ့ အကြီးအကျယ်ဆုံးရှုံးခဲ့ရတဲ့
အတွေ့အကြံုရှိခဲ့တာကြောင့် အခုတစ်ဖန် ကစဉ့်ကရဲပြန် ဖြစ်လာမှာ ကြောက်တဲ့စိတ်က
လူအများစုမှာ ရှိနေခဲ့ကြတယ်။
ပြည်တွင်း စစ်ပွဲတွေရဲ့ အကျိုးဆက်အဖြစ် သူ့ဘက်ရော၊ ကိုယ့်ဘက်ကရော မတရားပြုမူ
နှိပ်စက်တာတွေရှိသလို အနှိပ်စက်ခံရတာတွေ ရှိလာမှာကိုလည်း ကြောက်တယ်။
ဒီလိုကြောက်တဲ့ စိတ်တွေက အသွင်ကူးပြောင်းရေးမှာ ဦးဆောင်နေကြတဲ့လူတွေမှာရော၊
လူ့အဖွဲ့အစည်းတွေမှာပါ ရှိနေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် စကားနည်းရန်စဲ၊ ဘယ်သူ့ကို ဘယ်သူက အပြစ်တင်မနေတော့ဘဲ အားလုံး
အကျုံးဝင်သော လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ဖို့ လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနိုင်ငံလိုပဲ ဒီမိုကရေစီအစဉ်အလာ အားနည်းခဲ့တဲ့ နိုင်ငံတွေမှာ၊ အထူးသဖြင့်
အသွင်ကူးပြောင်းရေး ကာလအတွင်းမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကလည်း
အားနည်းနေတတ်ကြပါတယ်။
လူအများစုရဲ့ ကြောက်ရွံ့နေတဲ့စိတ်ကို အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အားနည်းမှုနဲ့
ပေါင်းစပ်လိုက်တဲ့အခါမှာ အတိတ်ကို တာဝန်ခံမှုရှိစေဖို့ လူထုရဲ့တောင်းဆိုမှုဟာ
မရှိတော့သလောက် လျော့နည်းသွားတာ တွေ့ရှိရပါတယ်။
ဒါ့ပြင် လူအများစုက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ ရှေ့ကဦးဆောင်နေတဲ့
လူတွေရဲ့ အလုပ်ပဲ။ ငါတို့နဲ့မဆိုင်ဘူး။
ဒါဟာ ပြုပြင်ပြောင်းလဲလိုသူနဲ့ လူဟောင်းတွေရဲ့ တိုက်ပွဲမျက်နှာစာပဲ။
ငါတို့က ပွဲကြည့် ပရိသတ်ပဲဆိုတဲ့ သဘောထားတွေဝင်နေကြပါတယ်။
ကြောက်တဲ့စိတ်နဲ့ နိုင်ငံရေးအသိ ပညာအတွေ့အကြံုအားနည်းမှုတို့ကြောင့် ရလဒ်ဟာ
လူအများစုအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မယ့် အရေးကိစ္စများကို ပင်လျှင် လျစ်လျူရှုခံခဲ့ရတဲ့
အခြေအနေတချို့ကို အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဥရောပနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှုတွေမှာ
တွေ့ရတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
ကောင်းမွန်သော ဒီမိုကရေစီသမိုင်းကြောင်း ရှိခဲ့တဲ့ နိုင်ငံတွေမှာတော့ အတိတ်အုပ်ချုပ်ရေးစနစ်
အင်အားစုတွေရဲ့ အားထုတ်မှုက မျှော်လင့်ထားတာထက် မြန်မြန်ဆန်ဆန် ကျဆင်းသွားလေ့
ရှိတာကို တွေ့ရပါတယ်။
အတိတ်ကို တာဝန်ခံမှု ရှိစေဖို့အတွက်ကလည်း အခွင့်အရေး ပိုများပါတယ်။
သမိုင်း အခြေခံကောင်းခဲ့တဲ့ တရားစီရင်ရေးစနစ်ကလည်း လွတ်လပ်စွာ စီရင်ဆုံးဖြတ်ပိုင်ခွင့်နဲ့
တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ယဉ်ပါးနေပြီးသားဖြစ်တဲ့အတွက် အတိတ်ကို တာဝန်ခံမှုနဲ့
ပတ်သက်လို့ အခက်အခဲမရှိ အကောင်အထည် ဖော်နိုင်ပါတယ်။
သီအိုရီသဘောအရ ဆွေးနွေးတင်ပြရမယ်ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီသမိုင်းကြောင်း
ကောင်းခဲ့ရင်၊ နိုင်ငံရေးအရ တရားမျှတမှုရှိနေတဲ့ အခြေအနေဖြစ်နေတာမို့ ဒီကနေ တရားမျှတမှု
မရှိတဲ့အခြေအနေသစ်တွေ ထွက်ပေါ်လာဖို့ဆိုတာ သိပ်ခဲယဉ်းပါတယ်။
နောက်ပြီး တရားဥပဒေစိုးမိုးမှုရှိတဲ့ အစဉ်အလာတစ်ရပ်ဟာ စုပေါင်းအပြစ်ကျူးလွန်တဲ့ အယူအဆ
တစ်ရပ်ဖြစ်ပေါ်မလာရအောင် ကန့်သတ်ထားနိုင်ပါတယ်။
လက်တင်အမေရိက နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှုအပေါ် အကဲဖြတ်ချက်တွေထဲမှာ
ဒီအချက်တွေကို ဖော်ထုတ်ထားတာ ဖတ်ရပါတယ်။
သို့သော်လည်း စစ်ပြီးခေတ် အရှေ့ဥရောပနိုင်ငံတွေမှာ ဒီမိုကရေစီအတွေ့အကြံု အားနည်းခဲ့လို့
တရားဥပဒေစိုးမိုးရေးဖောက်ဖျက်မှုတွေ မကြာခဏဖြစ်ခဲ့ပါတယ်။
နောက်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အာဖရိက နိုင်ငံတချို့မှာလည်း
ဒီအကြောင်းကြောင့်ပဲ ကျူးလွန်ဖောက်ဖျက်မှုတွေ အများအပြား ဖြစ်ခဲ့ရတာလို့ သုံးသပ်ကြပါတယ်။
အသွင်ကူးပြောင်းရေး ကာလမှာ အတိတ်ကို ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာကို ကျွန်တော်တို့
စဉ်းစားကြမယ်ဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီသမိုင်းကြောင်းက အရေးကြီးတာမှန်သော်လည်း
ဒီအကြောင်းပြချက် တစ်ချက်တည်းနဲ့ ဆုံးဖြတ်ဖို့တော့ မသင့်လျော်သေးပါဘူး။
နိုင်ငံတစ်နိုင်ငံဟာ ဒီမိုကရေစီ သမိုင်းကြောင်း ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ နိုင်ငံရဲ့
နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေးအဆင့်အတန်းနဲ့ စဉ်းစားတွေးခေါ်မှု ပတ်ဝန်းကျင်
အနေအထားကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ဒါတွေဟာ နိုင်ငံရဲ့ အထွေထွေကြံ့ခိုင်မှု အခြေအနေတွေပဲ ဖြစ်ပါတယ်။
အထွေထွေကြံ့ခိုင်မှု အဆင့်အတန်းဟာ အရှည်သဖြင့် မြင့်မားနေရင် နိုင်ငံရေး
အသွင်ကူးပြောင်းရေးမှာ လူ့အဖွဲ့အစည်းအသီးသီးဟာ အခြေအနေနဲ့ ဆီလျော်အပ်စပ်အောင်
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုပြင်ပြောင်းလဲသွားရမယ်ဆိုတာ နားလည်လွယ်ကြတယ်။
ရေရှည်အကျိုး စီးပွားအတွက် ရေတိုဆုံးရှုံးမှုကို ခံနိုင်ရည် ရှိကြပါတယ်။ ခုခံကာကွယ်မှု
လျော့နည်းနိုင်ပါတယ်။
နောက်ပြီး အသွင်ကူးပြောင်းရေး ကာလအမှန်တရားနဲ့ တရားမျှတမှု အခြေအနေဟာ
အနီးကပ်ဆုံးအတိတ် အုပ်ချုပ်ရေး စနစ်ရဲ့ အမွေခံအပေါ်မှာလည်း တည်ပါတယ်။
အတိတ်အုပ်ချုပ်ရေးစနစ်၊ သို့မဟုတ် အာဏာရှင်စနစ်ဟာ တစ်ဆက်တည်း
ဘယ်လောက်ကြာကြာ အုပ်ချုပ်ခဲ့သလဲ။
အာဏာရှင်အုပ်ချုပ်ရေးစနစ်က ကြာရှည်လေ အနစ်နာခံခဲ့ရတဲ့လူတွေက များလေပါပဲ။
တရားမျှတမှုပြန်ရအောင် လုပ်ဖို့ကလည်း ခက်လေပါပဲ။ ကလဲ့စားချေမှုတွေ များလာလေ၊
အမှန်တရားဖော်ထုတ်ပေးဖို့ကလည်း ခက်လေပါပဲ။
ဖိနှိပ်သူတွေနဲ့ အနစ်နာ ခံခဲ့ရတဲ့လူတွေက ကွယ်လွန်ကုန်ကြတဲ့အပြင် အထောက်အထား
မှတ်တမ်းတွေကလည်း အဖျက်အဆီးခံခဲ့ကြရမှာဖြစ်လို့ အခုမှ အသစ်ပြန်လည်
စတင်ဖော်ထုတ်ဖို့ဆိုတာ အများကြီး ခက်ခဲနိုင်ပါတယ်။
အတိတ်က ဖိနှိပ်ခဲ့တဲ့ပုံစံကလည်း အမှန်တရားနဲ့ တရားမျှတမှုမူဝါဒ အပေါ်မှာ သက်ရောက်မှု
ရှိပါတယ်။
အနစ်နာခံခဲ့ရတဲ့လူတွေဟာ ထင်ထင်ပေါ်ပေါ် အရေးယူခြင်းခံခဲ့ရတယ်ဆိုရင် အမှန်တရား
ဖော်ထုတ်ရတာ လွယ်ပါတယ်။
လျှို့ဝှက်ပြီး လူမသိ သူမသိ အရေးယူဆောင်ရွက်မှု ခံခဲ့ရတယ်ဆို ရင်တော့ အမှန်တရား
ဖော်ထုတ်ဖို့က ပိုအရေး ကြီးလာပါတယ်။
လက်တင်အမေရိကနဲ့ ဗဟို အမေရိကတိုက်နိုင်ငံတွေမှာဆိုရင် ပျောက်ဆုံးခဲ့တဲ့ လူတွေကို
အတိတ်အုပ်ချုပ်ရေးစနစ်က ငြင်းပယ်ထားခဲ့တဲ့အတွက် အမှန်တရားဖော်ထုတ်တဲ့အခါမှာ ဒီကိစ္စကို
ပိုပြီး ဦးစားပေး ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။
အသွင်ကူးပြောင်းနေစဉ်ကာလနဲ့ အသွင်ကူးပြောင်းပြီးနောက်ပိုင်း ကာလတွေမှာ အတိတ်ကို
တာဝန်ခံမှုလုပ်ငန်းစဉ်ဟာ အပြည်ပြည်ဆိုင်ရာဖြစ်ရပ်တွေနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။
အတိတ်ကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကိုတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံသားခေါင်းဆောင်
တွေကပဲ အဆုံးအဖြတ်ပေးနိုင်ကြတာဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာ၊ သို့မဟုတ်
တစ်ကမ္ဘာလုံးဆိုင်ရာ အတွေးအခေါ် အယူအဆတွေက တစ်မျိုးသားလုံးမူဝါဒရေးရာ အချေအတင်
ဆွေးနွေးပွဲတွေမှာ တစ်နေ့တခြား ပို၍ပို၍ လွှမ်းမိုးလာနေကြတာကို ကျွန်တော်တို့
သတိထားမိကြမှာပါ။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပြဋ္ဌာန်းချက်တွေဟာ ၁၉၄၅ ခုနှစ်က အစပြုခဲ့တာမှန်ပေမယ့်
စစ်အေးကာလ တစ်လျှောက်လုံး ရှေ့မတိုးနောက်မဆုတ် ဖြစ်နေခဲ့ရတာပါ။
၁၉၇၀ ပြည့်လွန်နှစ်တွေကမှ စပြီး ဒေသဆိုင်ရာလူ့အခွင့်အရေးစံနှုန်းတွေကို နိုင်ငံခြား
အထောက်အကူပေးရာမှာနဲ့ စစ်လက်နက်ပစ္စည်း ရောင်းဝယ်ရေးကိစ္စတွေအပြင် ကုန်သွယ်မှု
မူဝါဒတွေအတွက်ပါ အနောက်နိုင်ငံ အစိုးရတွေက ထည့်သွင်း စဉ်းစားလာကြပါတယ်။
ဒီကာလအတွင်းမှာပဲ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း
လူ့အခွင့်အရေး စကားလုံးတွေကို အသုံးပြုပြီး ကမ္ဘာပေါ်မှာ ရှိနေသေးတဲ့ အာဏာရှင်အုပ်ချုပ်ရေး
စနစ်တွေကို ကိုယ်ကျင့်တရားဆိုင်ရာရှုထောင့်ကနေ ပြောင်ပြောင်တင်းတင်းပဲ ဆန့်ကျင်မှုတွေ
စတင်ပြုလုပ်လာခဲ့ကြတာ တွေ့ရပါတယ်။
သို့ပါသော်လည်း ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့ကြတဲ့
နိုင်ငံတွေကတော့ ကမ္ဘာကြီးက လူ့အခွင့်အရေးအယူအဆအပေါ် သဘောထား ပြောင်းလဲလာမှု
တွေကနေ ဘာအကျိုး ကျေးဇူးမျှ မရခဲ့ကြပါဘူး။
အလားတူပါပဲ အဲဒီအချိန်တုန်းက အပြည်ပြည်ဆိုင်ရာက လက်ခံထားခဲ့တဲ့ လူ့အခွင့်အရေး
စကားလုံးတွေက နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အယူအဆတွေနဲ့ လွတ်လပ်သောဒီမိုကရက်တစ်
အယူအဆ၊ သို့မဟုတ် လူမှုရေးဆိုင်ရာ ဒီမိုကရက်တစ်တွေကြားထဲမှာ ရေပန်းမစားသေးပါဘူး။
ဒါကြောင့် အဲဒီတုန်းက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အယူအဆထဲမှာ
လူ့အခွင့်အရေး သဘောတရားက လုံးဝသန္ဓေ မတည်နိုင်ခဲ့သေးတာ ဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်း ရောက်လာတော့မှ
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အယူအဆဟာ သိသိသာသာကြီးကို
ပြောင်းလဲသွားခဲ့တာပါ။
အခုတော့ လူ့အခွင့်အရေးဟာ အပြည်ပြည်ဆိုင်ရာ ဘာသာစကားဖြစ်နေပါပြီ။
နိုင်ငံတွေမှာ လူသားချင်း စာနာထောက်ထားမှုဥပဒေတွေနဲ့ လူ့အခွင့်အရေး ဥပဒေတွေ
ပြဋ္ဌာန်းလာကြပါတယ်။
ဒီပြဋ္ဌာန်းချက်တွေဟာ စစ်ပွဲကာလ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုများသာမက
ငြိမ်းချမ်းနေချိန်မှာပင် ပျောက်ဆုံးခြင်း၊ အနှိပ်စက်ခံရခြင်းနဲ့ အခြားပြစ်မှုတွေပါ အကျုံးဝင်
လာခဲ့ပါတယ်။
ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာအားထုတ်မှုများဟာ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားရေး တာဝန်ခံမှုရှိစေခြင်း
လုပ်ငန်းစဉ်အပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုးမှု ရှိနိုင်မလဲဆိုတာကိုတော့ ဘယ်သူကမျှ
မပြောနိုင်သေးပါဘူး။
လူ့အခွင့်အရေးစံနှုန်းတွေ ပိုမိုမြင့်မားလာအောင်၊ အမှန်တရား ဖော်ထုတ်ရန် အားထုတ်မှုများကို
တရားဝင်ဖြစ်လာအောင်၊ တရားမျှတမှု စူးစမ်း ရှာဖွေရေးမှာ အကူအညီပေးဖို့ ဖင့်နွှဲ လေးကန်နေတဲ့
နိုင်ငံရေး ဦးဆောင်သူများနဲ့ တရားရုံးများကို တွန်းအားပေးလာနိုင်အောင်နဲ့ ဖိနှိပ်သူများရဲ့
လှုပ်ရှားမှုများကို ကန့်သတ်သွားနိုင်လောက်အောင်တော့ သူတို့လုပ်နိုင်ကြလိမ့်မယ်လို့
ကျွန်တော်တို့ မျှော်လင့်နိုင်ကြပါပြီ။
နိုင်ငံတစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ အမှန်တရားနဲ့ တရားမျှတမှုအတွက် တာဝန်ခံမှု
ရှိစေတဲ့ မူဝါဒများဟာ အဲဒီနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေကို ပိုမိုကောင်းမွန်လာအောင်
ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားတွေရှိသလို လူ့အဖွဲ့အစည်းတွေကိုလည်း ဒီမိုကရေစီအပေါ်
တန်ဖိုးထားမှု၊ ယုံကြည်မှုနဲ့ ရပ်တည်ချက် မှန်ကန်အောင် ဆောင်ကြဉ်းပေးနိုင်ပါတယ်။
တကယ်လို့ နိုင်ငံတစ်နိုင်ငံမှာ အတိတ်ကို တာဝန်ခံမှု ရှိစေတဲ့ မူဝါဒကို လက်မခံနိုင်ဘူးဆိုရင်တော့
အဲဒီနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဆိုတာဟာ အတိတ်က အုပ်ချုပ်ရေးစနစ်နဲ့ ရှည်ကြာလှပြီဖြစ်တဲ့
သမိုင်းကြောင်းဆိုင်ရာ အမွေခံတို့ရဲ့ ပုံသွင်းခြင်းကို ခံယူရုံကလွဲလို့ တခြား မျှော်လင့်စရာ
သိပ်မရှိတော့ပါကြောင်း တင်ပြလိုက်ရပါတယ်။
















