ဒီမိုကရေစီအတိမ်အနက် နိုင်ငံတစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ရှာဖွေ ရာမှာပဲဖြစ်ဖြစ်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာပဲဖြစ်ဖြစ် အလိုအပ်ဆုံး စကားကလေးနှစ်လုံးကတော့ အမှန် တရားနဲ့ တရားမျှတမှုပါပဲ။
ဒီမိုကရေစီအတိမ်အနက် နိုင်ငံတစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို
ရှာဖွေ ရာမှာပဲဖြစ်ဖြစ်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို
အကောင်အထည်ဖော်ရာမှာပဲဖြစ်ဖြစ် အလိုအပ်ဆုံး စကားကလေးနှစ်လုံးကတော့
အမှန် တရားနဲ့ တရားမျှတမှုပါပဲ။
လူတိုင်း ရှင်းလင်းလွယ်ကူစွာ နားလည်လက်ခံနိုင်သလောက် ဒီစကားလုံးလေးတွေကပဲ
အစိုးရအဖွဲ့တွေ၊ လူ့အဖွဲ့အစည်းတွေအတွက် အလွန်လေးနက်ခက်ခဲတဲ့ တောင်းဆိုမှုတွေနဲ့
ရင်ဆိုင်ရစေတယ်ဆိုတာကို အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံတိုင်းမှာလိုလို တွေ့ခဲ့ကြရပါတယ်။
တကယ်တော့ အမှန်တရားကို ပြောတယ်ဆိုတာ လူအများက လက်ခံနိုင်တဲ့ အသိတရား
တစ်ခု ဖြစ်လာရအောင် လူတစ်ဦးတစ်ယောက်၊ သို့မဟုတ် လူတစ်ဖွဲ့က သူတို့ရဲ့ လူမှုရေး
လိုအပ်ချက်တွေကို ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီလိုအေးဆေးတည်ငြိမ် စွာ ဖော်ပြခြင်းကိုပဲ ရှုထောင့်တစ်ခုကနေ
ကြည့်မယ်ဆိုရင် လူမှုရေးအခွင့် အာဏာ တစ်ရပ်ကို အသုံးပြုတယ်လို့ ရှုမြင်နိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာ လူ အများက အသိအမှတ်ပြု လက်ခံလာကြပြီ
ဆိုရင် တစ်ချိန်တုန်းက ဒီလိုဩဇာအာဏာ ကင်းမဲ့တဲ့အပြင် ဖိနှိပ်ခြင်းခံခဲ့ရတဲ့လူတွေ
ရှိခဲ့ကြပါကလားဆိုတာကိုရော၊ ဖိနှိပ်ချုပ်ချယ် မှုအောက်မှာ နေထိုင်ခဲ့ရတဲ့ သူတို့ရဲ့ ဘဝတွေ
ကိုပါ လူအများက ရှင်းလင်းပီပြင်စွာ သိနား လည်လာကြပြီး ကိုယ်ချင်းစာတရားတွေ၊
မေတ္တာတရား ကရုဏာတရားတွေ ပေါက်ဖွား လာစေခဲ့တယ်။ နောက်ပြီး သူတို့ရဲ့ လူမှုဘဝ
လိုအပ်ချက်များ တောင်းဆိုနိုင်ရအောင် လည်း အကူအညီပေးလိုကြပါတယ်။ နိုင်ငံ တော်ရဲ့
အချုပ်အခြာအာဏာဟာ နိုင်ငံသား များထံက ဆင်းသက်တဲ့ နိုင်ငံတစ်နိုင်ငံ အတွက်ကတော့
ဒီလိုနိုင်ငံသားများရဲ့ အကူ အညီပေးလိုတဲ့ အလိုဆန္ဒရှိမှုဟာ အနစ်နာခံ ခဲ့ရတဲ့လူတွေအတွက်
လူမှုရေးအခွင့် အာဏာကို ဖန်တီးပေးလိုက်တာပါပဲ။
အခြားရှုထောင့်တစ်ခုက လှည့်ကြည့် လိုက်မယ်ဆိုရင်တော့ အမှန်တရားကို လူ အများစုက
"ဪဒါဟာ အမှန်တရားပါပဲ လား"လို့ အသိအမှတ်ပြု လက်ခံလိုက်ခြင်းကိုက
တရားမျှတမှုတစ်မျိုး ဖြစ်သွားစေ ပါတယ်။ ကျွန်တော်တို့ တစ်ခါတုန်းက ဆွေးနွေးခဲ့ကြ
တာကို စာဖတ်သူများ မှတ်မိကြမှာပါ။ တခြား နိုင်ငံတွေရဲ့ အတွေ့အကြံုတွေအရ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးကာလမှာ အနည်းဆုံး တရားမျှတမှုအမျိုး အစား လေးမျိုးရှိကြောင်း
ဆွေးနွေးတင်ပြခဲ့ဖူးပါတယ်။
ဒဏ်ခတ်အရေး ယူသော တရားမျှတမှု၊ အားသစ် လောင်းသော တရားမျှတမှု၊ သမိုင်းဆိုင်ရာ
တရားမျှတမှုနဲ့ အလျော်ပေးသောတရားမျှတမှုတို့ပဲ ဖြစ်ပါ တယ်။ ဒီအထဲမှာ အမှန်တရားကော်မရှင်
များက အဓိကကြိုးပမ်းအားထုတ်တာကတော့ သမိုင်းဆိုင်ရာ တရားမျှတမှုပါပဲ။ အမှန်တရားကို
အမှန်တရားဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားဖို့ သူတို့ကတောင်းဆိုတယ်။ ကာယကံရှင်တွေ
ကလည်း အမှန်တရားကို အကျိုးသင့် အကြောင်းသင့် ရှင်းလင်းတင်ပြတယ်။ လူ အများစုကလည်း
ဒီအမှန်တရားကို အသိ အမှတ်ပြုလက်ခံလိုက်ပြီဆိုတာနဲ့ ဒါဟာ သမိုင်းဆိုင်ရာတရားမျှတမှု
ဖြစ်သွားပါပြီ။ အမှန်တရားကော်မရှင်တွေက ဒီသမိုင်းဆိုင် ရာတရားမျှတမှုကို ဘာကြောင့်
တန်ဖိုးထား ကြတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုလို အမှန်တရားကို သမိုင်းမှတ်တမ်း
တင်နိုင်ခြင်း ဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ကိုယ်ကျင့် တရားအရ မှောင်မိုက်ခဲ့တဲ့
အတိတ်နဲ့ အဆက် ဖြတ်ပစ်နိုင်လို့ပါပဲ။ ဒါ့ပြင် ကြမ်းကြုတ်ရက်စက် မှုတွေကို ပြန်မဖြစ်အောင်
လည်း ကာကွယ် နိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ အခုလို သမိုင်းဆိုင်ရာ
တရားမျှတမှုကလေးလောက် တောင် ရရှိအောင် အားမထုတ်နိုင်ခဲ့ကြဘူး ဆိုရင်တော့
မှောင်မိုက်ခဲ့တဲ့အတိတ်နဲ့ အဆက်မဖြတ်နိုင်တဲ့အပြင် ကြမ်းကြုတ်ရက် စက်မှုတွေ
အသစ်တစ်ဖန် ပြန်ပေါ်မလာဘူး လို့လည်း ဘယ်သူကမျှ တာဝန်မယူနိုင်ကြပါဘူး။
ကျွမ်းကျင်လိမ္မာတဲ့ ခေါင်းဆောင်တွေက တော့ သူတို့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်း
ရေးကာလတွေမှာ တရားမျှတမှုအမျိုးအစား လေးမျိုးစလုံးကို လိုအပ်သလို ချင့်ချိန်သုံးစွဲ
သွားခြင်းအားဖြင့် ပြည်သူလူထုတစ်ရပ်လုံး ကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ တရား
ဥပဒေစိုးမိုးရေးတို့အတွက် အသိပညာပေးတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ရပ်သဖွယ်
ဖြစ်လာနိုင်သလို အစွန်းအထင်းများရှိခဲ့တဲ့ တရားစီရင်ရေးလုပ်ငန်းများအပေါ်မှာလည်း
လူထုရဲ့ ယုံကြည်စိတ်ချမှု အသစ်တစ်ဖန်ပေါက် ဖွားလာရအောင် လုပ်နိုင်ခဲ့ကြပါတယ်။ ဒါ့ပြင်
အသစ်ထွက်ပေါ်လာမယ့် ဒီမိုကရေစီ အင်စတီကျူးရှင်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မူလအင်စတီကျူးရှင်း
အဟောင်းများ ပြုပြင် ပြောင်းလဲရေးအတွက်လည်း ထိရောက်တဲ့ အထောက်အကူ ဖြစ်စေပါတယ်။
အမှန်တရားပြောကြားခြင်းရဲ့ နောက်ထပ် အရေးကြီးတဲ့ တောင်းဆိုမှုတစ်ခုကတော့ ပြန်လည်
ရင်ကြားစေ့ရေးလုပ်ပေးဖို့ပါပဲ။
အမှန်တရားကို လူအများစုက အသိအမှတ်ပြု လက်ခံပြီးသွားတဲ့အခါမှာ ကျွန်တော်တို့ဟာ
တစ်ယောက်ကိုတစ်ယောက် စိမ်းစိမ်းကြီး ကြည့်နေကြဖို့ မဟုတ်တော့ပါဘူး။ တစ်ယောက်နဲ့
တစ်ယောက် ဆက်ဆံရေးရှိရမယ်၊ နားလည် နိုင်ရမယ်၊ ခွင့်လွှတ်နိုင်ရမယ်၊ အတူတကွ
နေထိုင်အလုပ် လုပ်ကိုင်နိုင်ရမယ်၊ ကူညီနိုင် ရမယ်၊ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ ဒါတွေက
ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ပါပဲ။ တစ်ဦးတစ်ဖွဲ့ချင်းကတော့
ဒါမျိုးဖြစ်နိုင်လောက်ပါတယ်။
ဒါပေမဲ့ တစ် နိုင်ငံလုံးဖြစ်နိုင်ပါ့ မလားလို့ တချို့က သံသယ ရှိနိုင်ပါတယ်။ လူတွေမှာ
အမုန်းတရားအခြေခံ ရှိသူတွေ၊ ခွင့်မလွှတ်နိုင်သူတွေ အများကြီး ရှိနိုင်သေးတယ်။ ပိုဆိုးတာက
ကွဲပြားခြားနား တဲ့ တန်ဖိုးထားမှုနဲ့ ယုံကြည်မှုတွေပါပဲ။ ကျူးလွန် ဖောက်ဖျက်ခဲ့ကြတဲ့
လူတွေကရော၊ နစ်နာခဲ့ ရတဲ့လူတွေကပါ နှစ်ဖက်စလုံးက "ဒီတိုင်း ပြည်ကို ငါတို့
ကယ်တင်ခဲ့ကြရတာ"၊ သို့မဟုတ် "ငါတို့ကောင်းအောင်လုပ်ခဲ့ကြတာ"ဆိုတဲ့
အကြောင်းပြခံစားချက်တွေ ရှိနေကြရင် တော် တော်ရှင်းရခက်ပါတယ်။ အမှန်တရားကော်
မရှင်များရဲ့ ဘက်မလိုက်တဲ့ လူထုဗဟိုပြုတဲ့ ဆုံးဖြတ်ချက်က သိပ်အရေးကြီးပါတယ်။ ပြည်သူ
လူထုက အမှန်တရားကော်မရှင်များ ထံမှ သူတို့မျှော်လင့်ထားသလို ရလဒ်မရရှိ နိုင်ခဲ့သော်
ကော်မရှင်ကိုရော၊ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်နဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တို့
အပေါ်မှာပါ အလွန်စိတ်ပျက် သွားကြပါလိမ့်မယ်။ အမှန်တရားဟာဘာလဲ ဆိုတာ
သူတို့ရှင်းရှင်းလင်းလင်း မသိရတဲ့ အတွက် အသွင်ကူးပြောင်းရေးကာလ တရား မျှတမှုနဲ့
ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် အပေါ် သံသယကြီးထွားစေသလို အုပ်ချုပ်ရေးစနစ်သစ်ရဲ့
အပြစ်အနာအဆာတွေကို လည်း မမြင်နိုင်၊ မဝေဖန်နိုင်၊ မသုံးသပ်နိုင် ဖြစ်စေရပါတယ်။
ဒါကြောင့် တချို့နိုင်ငံတွေ အဖို့ ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ မျှော်လင့်ချက်က
သိပ်မြင့်မားနေခဲ့မယ်ဆိုရင်တောင်၊ ပထမအဆင့်အနေနဲ့ အမှန်တရား၊ တရားမျှတမှုနဲ့
ဒီမိုကရေစီဖော်ဆောင်ရေးတို့အကြား အချိတ်အဆက်မိအောင် လုပ်ဖို့ကို ပိုပြီး အလေးထား
သင့်တယ်လို့ တချို့ပညာရှင်တွေ က ဆိုကြပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး
စာဖတ်သူတွေဟာ နေ့စဉ်နဲ့အမျှ စာအုပ် စာစောင်အများ အပြားမှာ လေ့လာဖတ်ရှုနေ
ကြတာဖြစ်တဲ့အတွက် ကျွန်တော်က လိုရင်း အကျဉ်းမျှ တင်ပြသွားပါမယ်။
နိုင်ငံတစ်နိုင်ငံ မှာ ဒီမိုကရေစီဖော်ဆောင်မှုဟာ ဘယ်တော့မျှ ပြီးပြည့်စုံပြီရယ်လို့ မရှိဘူးဆိုတဲ့
အချက်နဲ့၊ ဒီမိုကရေစီဖော်ဆောင်ရေးဟာ တညီတညာ တည်းမဟုတ်သော ဖွံ့ဖြိုးတိုးတက်မှု၊
သို့မဟုတ် အချိန်မရွေးနောက်ကြောင်းပြန်လှည့်မှုရှိနိုင် တယ်ဆိုတဲ့အချက်တို့ကို ကျွန်တော်တို့
အားလုံးသိရှိထားကြပြီး ဖြစ်ပါတယ်။ ရှေးဦး စွာ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ဘာတွေ
ပါ၀င်နိုင်သလဲဆိုတာကို စဉ်းစားကြမယ်ဆို ရင် နိုင်ငံရေးရာ၊ ဥပဒေရေးရာ၊ အင်စတီကျူး ရှင်းေ
ရးရာ၊ ယဉ်ကျေးမှုနဲ့ အတွေးအခေါ် အယူအဆရေးရာ၊ လူမှုရေးရာနဲ့ စီးပွားရေးရာ တို့က
နယ်ပယ်အစုံ ပါ၀င်ကြပါတယ်။ ဒီလုပ် ငန်းနယ်ပယ်တွေမှာ မူလက ဒီမိုကရေစီ အနည်းအကျဉ်း
ကလေးမျှလောက်သာ ရှိနေရာက ဒီမိုကရေစီဝါဒကို ပို၍ခံယူသော လုပ်ဆောင်ချက်များ
ဖွံ့ဖြိုးလာစေခြင်းဟာ ဒီမိုကရေစီဖော်ဆောင်ရေးပဲ ဖြစ်ပါတယ်။
နိုင်ငံအလိုက် ဒီမိုကရေစီဖော်ဆောင်ရေးမှာ ပုံသေဆေးညွှန်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံ
တစ်ခုချင်းစီမှာ ဒီမိုကရေစီဖော်ဆောင်ရေး မူဝါဒတွေ အမျိုးမျိုးကွဲပြားခြားနားစွာ ရှိနေနိုင်
တာကိုလည်း ကျွန်တော်တို့အားလုံး နားလည် နိုင်ကြပါတယ်။ ဒီမိုကရေစီဖော်ဆောင်
ရေးမှာ ဘယ်လိုပဲ မရေရာမသေချာသော အကြောင်းအချက်တွေ ရှိနေပေမယ့် ဒီမိုကရေစီ
ဖော်ဆောင်ရေး တိုးတက်မှု ရှိသလား၊ မရှိဘူး လား၊ နောက်ကြောင်းပြန်လှည့်သလား၊
မလှည့်ဘူးလားဆိုတာကို အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေက အမြဲတမ်းအကဲခတ်ပြီး
ထုတ်ပြန်ပေးလေ့ရှိပါတယ်။ အခုတော့ ဒီမို ကရေစီအတိမ်အနက် လေ့လာတဲ့နည်းလေး
တစ်ခုကိုပဲ ဆွေးနွေးချင်ပါတယ်။ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲရှိ တယ်၊ အချိန်မှန်နဲ့
ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းပေးမှုရှိတယ်ဆိုရင် ဒီနိုင်ငံမှာ ဒီမို ကရေစီအနည်းအကျဉ်းမျှ
ရှိတယ်လို့ ပြောနိုင် ပါတယ်။
ဒီမိုကရေစီဖော်ဆောင်ရေးမှာ ပါ၀င်တဲ့ နယ်ပယ်အစုံမှာ ဒီမိုကရေစီဝါဒဖွံ့ဖြိုး တိုးတက်မှု
သိပ်မရှိဘူး၊ ဒါမှမဟုတ်ရင် တိုးတက်မှု နဲ့ ဆုတ်ယုတ်မှုက ဘဲစားဘဲချေဖြစ်နေတယ်၊ သို့သော်
အထက်ကတင်ပြခဲ့သလို ရွေးကောက် ပွဲနဲ့ အာဏာလွှဲပြောင်း ပေးမှုကတော့ ရှိတယ် ဆိုရင်
ဒီနိုင်ငံရဲ့ ဒီမိုကရေစီရေစူးက တိမ်သေး တယ်လို့ ပြောရမှာပါ။ ဒီလောက် ကလေးကိုတောင်
ဖြစ်မြောက်အောင် မလုပ်နိုင်ရင်တော့ ဒီမိုကရေစီနိုင်ငံရယ်လို့ကို မခေါ်နိုင်တော့ ပါဘူး။
တရားရုံးတွေ၊ ရဲတပ်ဖွဲ့တွေ၊ သို့မဟုတ် စစ်တပ်နဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ
နိုင်ငံသားများရဲ့ နေ့စဉ်လူနေမှုဘဝမှာ အင်အားကြီးမားစွာ လွှမ်းမိုးထားတဲ့အင်စတီ ကျူးရှင်းတွေ
ဖြစ်ကြပါတယ်။ ဒီအင်စတီ ကျူးရှင်းတွေအတွက် တာဝန်ရှိသူတွေဟာ ကိုယ်တိုင်ဒီမိုကရေစီ
နည်းလမ်းတကျ ရွေးျျကောက်တင်မြှောက်ခံထားရတဲ့ လူတွေ မဟုတ်ကြစေကာမူ သူတို့ဟာ
ဒီမိုကရေစီနည်း အရ ရွေးကောက်တင်မြှောက်ခံရတဲ့ လူတွေက ပုံဖော်ပေးထားတဲ့ ဥပဒေမူဘောင်
အတွင်း ကနေ အလုပ်လုပ်ရတဲ့လူတွေ ဖြစ်ရပါမယ်။ တကယ်လို့ ဒီလိုအင်စတီကျူးရှင်းတွေကို
အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ အင်အားစုတွေက ဆက်လက်ပြီး အုပ်စီးထားကြတယ် ဆိုရင်
တော့ ဒီမိုကရေစီရဲ့ အဆင့်အတန်းကို မလွဲမသွေကျဆင်းစေပါလိမ့်မယ်။ အသွင်ကူးပြောင်းရေးနဲ့
ဒီမိုကရေစီဖော် ဆောင်ရေးဘာသာရပ်ကျွမ်းကျင်သူ အိုဒွန် နယ်ရဲ့ အမြင်ကတော့
အင်စတီကျူးရှင်းတွေ ပျက်စီးရတာဟာ သီးသန့်လူမွေးဝါဒနဲ့ အပြန် အလှန်အကျိုးပြုဖောက်သည်
၀ါဒတွေကြောင့် ဖြစ်တယ်လို့ ထောက်ပြပါတယ်။
ဒါတွေ အားလုံးဟာ အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ အမွေခံအလုပ် ကို ပြုပြင်ပြောင်းလဲခြင်းမပြုဘဲ
ဆက်လုပ်နေကြတာဖြစ်တယ်။ အများပြည်သူ ဆိုင်ရာနယ်ပယ်နဲ့ ပုဂ္ဂလိက နယ်ပယ်တို့ ထိစပ်
တဲ့နေရာတွေမှာ တာဝန်ခံမှုအားနည်းချက် တွေရှိလို့ အကျင့်ပျက်ခြစားမှုတွေက ပုံမှန်
ဆက်လက်ဖြစ်ပေါ်နေတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေစဉ်မှာ ကွပ်ကဲမှု အားနည်းချက်
ဖြစ်ပေါ်လေ့ရှိတာမို့ အတိတ် အုပ်ချုပ်ရေးစနစ်ရဲ့ အလေ့အကျင့်၊ လုပ်နည်း လုပ်ဟန်နဲ့
စရိုက်လက္ခဏာတွေ ပြန်လည် ခေါင်းထောင်လာဖို့ ခွင့်ပြုပေးထားသလို ဖြစ်နေတတ်တယ်။
ပြည်သူလူထုရဲ့ လွတ်လပ်ခွင့် ကို အကန့်အသတ်နဲ့သာ ခွင့်ပြုပေးပြီး အခြား တစ်ဖက်မှာကျတော့
စီးပွားရေးအကျိုး အမြတ်အတွက် အကျိုးတူသူအုပ်စုတွေကို အခွင့် အရေးပိုရစေတဲ့ မူဝါဒတွေ
ချမှတ်ပေး လေ့ရှိတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အကျိုး ကျေးဇူးတွေကို ဧရာမ ပြည်သူလူထုကြီးရဲ့
အခန်းကဏ္ဍမပါ၀င်ဘဲ ဖော်ဆောင်နေခြင်း သာလျှင် ဖြစ်ပါတယ်လို့ အခြားပညာရှင်နှစ်ဦး ဖြစ်တဲ့
မင်းဒက်စ်၊ ပင်ဟဲရိုးတို့နဲ့အတူ လက် တင်အမေရိကနိုင်ငံများမှာ ဒီမိုကရေစီဖော်ဆောင်မှု
အတွေ့အကြံုများ စုစည်းဖော်ပြထားတဲ့ ၁၉၉၉ ခုနှစ်ထုတ် စာအုပ်တစ်အုပ်မှာ အိုဒွန် နယ်က
ရေးသားထားတာ တွေ့ရပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင် ရေးလုပ်ငန်းစဉ်မှာ ဒီမိုကရေစီမဟုတ်သော အစုအဖွဲ့များနဲ့
ယခင်အုပ်ချုပ်ရေးစနစ်ရဲ့ အမွေခံများ အားကောင်းနေခြင်း၊ သို့မဟုတ် ဩဇာရှိနေခြင်းဟာ
ဒီမိုကရေစီတိမ် ကောစေ ခြင်းရဲ့ ညွှန်းမှတ်တွေပါပဲ။ ဒါကြောင့် နိုင်ငံ သားများရဲ့ အချုပ်အခြာ
အာဏာပိုင်စိုးမှုကို ကန့်သတ်တဲ့ ဥပဒေတွေ ပပျောက်စေရေးဟာ ဒီမိုကရေစီဖော်ဆောင်ရေးမှာ
သိပ်အရေးကြီး တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အလားတူ ပါပဲ လွတ်လပ်ပြီးထိရောက်သော
တရားစီရင် ရေးစနစ်ဖြစ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အောက်မှာ
အသေအချာရှိစေဖို့၊ နိုင်ငံသားအခွင့်အရေး တွေ ပိုရဖို့နဲ့ရရှိတဲ့နိုင်ငံသားအခွင့်အရေးတွေကို
လက်တွေ့ကျင့်သုံးနေပြီ ဆိုရင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီဟာ နက်ရှိုင်းစွာဖြစ်ပေါ်
တိုးတက်နေပြီလို့ ပြောရမှာပါ။ ဒါပေမဲ့ ကျယ် ပြန့်စွာဖြစ်ပေါ်နေတဲ့ လူအများစုရဲ့ ဆင်းရဲ
နွမ်းပါးမှုနဲ့ မညီမျှမှုတွေဟာ ဒီမိုကရေစီဖော် ဆောင်ရေးမှာ ပင်မအတားအဆီးတွေ ဖြစ်
ကြပါတယ်။ နောက်ပြီး ဒီမိုကရေစီအုပ်ချုပ် ရေးကလည်း အခြေတကျမဖြစ်သေး၊ နိုင်ငံရေး
အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေကလည်း ဒီမိုကရက်တစ် ပီပီပြင်ပြင်မဖြစ်
သေး၊ အဲဒီအချိန်မှာ ဒီမိုကရေစီမဟုတ်တဲ့ တန်ဖိုးထားမှုတွေ၊ ရပ်တည် ချက်တွေနဲ့ အပြု
အမူတွေက ဒီမိုကရေစီတန်ဖိုးထားမှုတွေနဲ့ ပို၍ပို၍ ယှဉ်ပြိုင်လာလေ ဒီမိုကရေစီရေစူးကလည်း
တိမ်သွားလေ ဖြစ်တတ်ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတစ်ခု စတင်ဖြစ်ပေါ်ဖို့ဆိုတာ မလွယ်ပါဘူး။ အတော်ကြီးကို
စိတ်ရှည်သည်းခံပြီး ကြိုးစား အားထုတ်ကြရပါတယ်။ ဒီမိုကရေစီဖော် ဆောင်ရေးလုပ်ငန်းစဉ်
တစ်ခုကို စတင်မိပြီ ဆိုပြန်ရင်လည်း ရေရှည်ရှင်သန်အောင် အားလုံးဝိုင်းဝန်းထိန်းသိမ်း
ဆောင်ရွက်ကြ ရပါမယ်။ ဒါက ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုပါ။ ပြီးခဲ့တဲ့ ဒီမိုကရေစီဖော်ဆောင်ရေး
လှိုင်းနှစ်လှိုင်းမှာတုန်းကလည်း နိုင်ငံတိုင်းဟာ ရေရှည် ရှင်သန်အောင် မလုပ်နိုင်ခဲ့ကြဘူးလို့
ပညာရှင် ဟန်တင်တန်ကိုယ်တိုင်က ဖော်ပြခဲ့ပါတယ်။
အလားတူပါပဲ။ သူ့ရဲ့ ဒီမိုကရေစီဖော် ဆောင်ရေးတတိယလှိုင်း (၁၉၇၄ နောက်ပိုင်း) နိုင်ငံတွေ
မှာလည်း ပီရူး၊ နိုက်ဂျီးရီးယားနဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတွေဟာ နောက်ပြန် လျောဆင်းနေကြပြီလို
့ ၁၉၉၁ ခုနှစ်ထုတ် သူ့ရဲ့ စာအုပ်မှာ သုံးသပ် ဖော်ပြခဲ့တာ ဖတ်ရပါ တယ်။ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးရဲ့ စရိုက်လက္ခဏာတွေဟာ မရေရာမသေချာမှု ဒီဂရီအလွန်မြင့်မားပါတယ်။
နိုင်ငံတွေမှာ ဒီမိုကရေစီဖော်ဆောင်ရေး ရှေ့ကိုတိုးတက်ဖို့၊ သို့မဟုတ် နောက်ကို ပြန်ဆုတ်ဖို့
သီးသန့် အကြောင်းပြချက်တွေ သူ့ဟာနဲ့သူ အမြဲ ရှိကြ ပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေး
အတွက် အပေးအယူ အလျှော့အတင်းလုပ်ရတဲ့ လုပ်ငန်းစဉ်ကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ
မတူညီကြဘူး။ လက်တင် အမေရိကနိုင်ငံတွေ နဲ့ ပါကစ္စတန်၊ ထိုင်းကဲ့သို့ နိုင်ငံတွေမှာ အပေး
အယူ အလျှော့အတင်းလုပ်ကြရတာဟာ စစ်ဘက်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း အင်စတီ
ကျူးရှင်း (အထူးသဖြင့် နိုင်ငံရေးပါတီများ) ဖြစ်ကြပါတယ်။
အရှေ့ဥရောပ၊ အလယ် ဥရောပမှာတော့ အစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့ အစည်းတို့ ဖြစ်ကြပြီး
အာဖရိက မှာတော့ တိုင်းရင်းသားမျိုးနွယ်စုတွေအကြား ဖြစ်ကြ တာကို တွေ့ရပါတယ်။
ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ ဒီမို ကရေစီဖော်ဆောင်ရေးမှာတော့ အပေးအယူ အလျှော့
အတင်းလုပ်စရာ သူတို့ ထက် ပိုများနိုင်တယ်ဆိုတာ သိသာပါတယ်။ ဒါကြောင့် သူတို့ထက်
ကျွန်တော်တို့က ပိုပြီး နိုင်ငံရေးအလိုဆန္ဒရှိမှု မြင့်မားသင့်တယ်၊ ရေရှည်အကျိုးကျေးဇူးအတွက်
ပိုပြီး စိတ်ရှည် သည်းခံသင့်တယ်၊ ပိုပြီး ဇွဲလုံ့လရှိသင့်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း
တင်ပြလိုက် ရပါတယ်။
















