မြန်မာနှင့် တောင်ကိုရီးယား အစိုးရတို့ ဖက်စပ် တည်ဆောက်မည့် ရန်ကုန်မြစ်ကူး၊ ရန်ကုန် - ဒလတံတားကြီး တည်ဆောက်ရေးကို ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့သည်။
မြန်မာနှင့် တောင်ကိုရီးယား အစိုးရတို့ ဖက်စပ် တည်ဆောက်မည့် ရန်ကုန်မြစ်ကူး၊ ရန်ကုန် - ဒလ
တံတားကြီး တည်ဆောက်ရေးကို ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့သည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားကြီးများ ဆောက်တော့မည်၊ ဖောက်တော့မည်ဟူသော သတင်းများက
အကြိမ်ကြိမ်ထွက်ပေါ်ခဲ့သည်။
ဤသို့သော သတင်းများ ထွက်ပေါ်လာတိုင်း ရန်ကုန်ဘက်မှ မြေဝယ်လိုသူနှင့် ဒလဘက်က
မြေရောင်းလိုသူတို့ လှုပ်ရှားကြသည်က ပိုကဲသည်။
ဒေသဖွံ့ဖြိုးရေးကို စိတ်ဝင်စားသူက နည်းသည်။
၁၉၉၆ ခုနှစ်ကစ၍ ဒဂုံမြို့သစ်များ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့သစ်များက မြေကွက်ပါမစ်ရသူများ
ပြန်ရောင်းကြသည်။
မြေကွက်အရောင်းအဝယ်သည် အိုးအိမ်ဦးစီးဌာနက ပါမစ်အတွက် စလစ်ထုတ်ပေးသည်နှင့်
ထိုစလစ်ကို ထိုရုံးရှေ့၌ပင် အရောင်းအဝယ်ပြုလုပ်ကြသည်။
ပေ ၆၀ ထ ပေ ၄၀ တစ်ကွက်စလစ်ဈေး ကျပ်နှစ်သိန်း၊ သုံးသိန်း စသဖြင့် လျင်မြန်စွာ
ဈေးတက်လာသည်။
ဒဂုံမြို့ သစ်ဆိမ်ကမ်းမြို့နယ်က ပြည်ထဲရေးဝန်ကြီးဌာန ၀န်ထမ်းများရရှိသည့် မြေကွက်နှင့်
စာပေနှင့် အနုပညာရှင်များ ရရှိသည့် မြေကွက်တို့၏ စလစ်ဈေးမှာ တစ်ကွက်
ကျပ်ခြောက်သိန်းအထိ ဈေးအကောင်းဆုံးရကြသည်။
စလစ်များကို ဓာတ်ပုံမိတ္တူကူး၍ ထိုမိတ္တူနှင့်လည်း အရောင်းအဝယ်ဖြစ်ခဲ့သည်။
ထိုအချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံ ကုမ္ပဏီတစ်ခုသည် မြန်မာနိုင်ငံ ရန်ကုန် တစ်ဖက်ကမ်းရှိ ဒလ၊
တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းစသော ကျွန်းဆွယ်ကဲ့သို့ မြေဧရိယာ အကျယ်အဝန်းတစ်ခုလုံးကို
မြို့သစ်ကြီး တစ်ခုတည်ဆောက်ရန် စီမံကိန်းရေးဆွဲ၍ တင်ပြလာသည်။
နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်အရ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ
လက်မှတ်ရေး ထိုးသည်အထိ ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်-ဒလ တံတားကြီး သုံးစင်းထိုးတော့မည်ဟူသောသတင်း ပထမဆုံးအကြိမ်
ဟိုးလေးတကျော် ထွက်ပေါ်ခဲ့သည်။
တံတားနှင့် အတူ ရေအလွန်ရှားသော ဒလမြို့နယ်ဘက်သို့ ရန်ကုန်ဘက်မှ
ဂျိုးဖြူရေပိုက်လိုင်းကြီးများပါ သွယ်တန်းပေမည်ဟူသော အချက်လည်း မြို့စီမံကိန်းတွင် ပါရှိကြောင်း
သတင်းကြီးခဲ့သည်။
ထိုအခါ ဒလဘက်ကမ်းတွင် မည်မျှခေတ်မီသော၊ မည်မျှကြီးမားသော မြို့စီမံကိန်းဖြစ်လာမည်ကို
ဘေးချိတ်ထားပြီး ဟိုဘက်ဒီဘက်က မြေကွက်ဝယ်လိုသူနှင့် မြေကွက်ရောင်းလိုသူများ အဓိက
လှုပ်ရှားခဲ့သည်။
ပေ ၆၀ ထ ပေ ၄၀ မြေကွက်ကို ကျပ်ခြောက်သိန်းမှ ကျပ် ၁၂ သိန်း အထိဈေးတက်ခဲ့သည်။
ရန်ကုန်က ချမ်းသာ ကြွယ်ဝသူများနှင့် ငွေကြေးစုဆောင်းမိသော ဆရာဝန်များ၊ အင်ဂျင်နီယာများ၊
လာဘ်စား၍ ၀င်ငွေကောင်းသော အစိုးရအရာရှိများနှင့် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများ
ဒလဘက်သို့ ပြေး၍ မြေကွက်များ ၀ယ်ကြသည်။
လေးငါး ခြောက်ကွက်သာမက အချို့က ၁၀ ကွက်လည်း ၀ယ်သည်။
အကွက်ရာနှင့်ချီ၍ ၀ယ်သောသူများပင် ရှိသည်။
မြို့စီမံကိန်းက မည်သို့ပုံစံရှိ၍ မြေကွက်များ လမ်းဖောက်လုပ်ခြင်း၊ ကစားကွင်း၊ ဥယျာဉ် ပြုလုပ်ခြင်း
တို့တွင် ပါသွားမသွားလည်း မစဉ်းစား၊ တက်ဈေးနှင့် ပြန်ရောင်းပြီး အမြတ်ရရှိရေးသာ
စဉ်းစားကြသည်။
၁၉၉၇ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှစ၍ အိုးအိမ်ဦးစီးက ပါမစ်အတွက် စလစ်
ထုတ်မပေးတော့ကြောင်းနှင့် စလစ်မိတ္တူများဖြင့် လက်ပြောင်းလက်လွှဲ အကြိမ်ကြိမ်
မြေတစ်ကွက်တည်း လှည့်ရောင်းထားသည့် ကိစ္စများအတွက် တာဝန်မယူကြောင်း ညွှန်ကြားစာ
ထုတ်ပြန်လိုက်သောအခါ မြေကွက်ဘယ်နေရာ၌ ရှိမှန်းပင်မသိဘဲ စလစ်ကိုသာ အရောင်းအဝယ်
လုပ်နေသူများ အရောင်းအဝယ် ရပ်သွားသည်။
ပိုက်ဘောမိသူများ အရှုံးကြီးရှုံးခဲ့သည်။
ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်က မြို့သစ် စီမံကိန်းသည် ဆော်ဒီကုမ္ပဏီက အမေရိကားက
ကုမ္ပဏီကို အပ်နှံ၍ မြို့သစ် တည်ဆောက်မည်ဖြစ်ရာ မြို့သစ်စီမံကိန်းမှာ အလွန်စနစ်ကျသည်။
တံတားများ ဖောက်မည့်နေရာ၊ ကားလမ်း၊ ရထားလမ်းများ ဖောက်လုပ်မည့်နေရာ၊
လေယာဉ်ကွင်း တည်ဆောက်မည့် နေရာ၊ ဆိပ်ကမ်းတည်ဆောက်မည့်နေရာ၊ ဈေးများ၊
အားကစားကွင်း၊ ဥယျာဉ်၊ ကျောင်း၊ ဆေးရုံ စသဖြင့် မြို့ကြီးတစ်မြို့၌ ရှိရမည့် အင်္ဂါရပ်များကို
သေချာဒီဇိုင်းဆွဲနေရာချထားပေးသည်။
ရန်ကုန်မြစ်၊ ပင်လယ်ဆိပ်ကမ်း၊ တိုးမြစ်နှင့် တွံတေးတူးမြောင်းပတ်လည်အတွင်းရှိ မြေဧရိယာဧက
၆၀၀ ခန့်ရှိသော ဤနယ်မြေသည် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များရှိသည်။
ဆိပ်ကြီးခနောင်တို၊ တောကြီးတန်းရပ်ကွက်များရှိသည်။
အနောက်ဘက်တွင် တွံတေးတူးမြောင်း၊ အရှေ့ဘက်တွင် ရန်ကုန်မြစ်၊ မြောက်ဘက်တွင်
ရန်ကုန်မြစ်နှင့် တောင်ဘက်တွင် ပင်လယ်ရှိသော မြေပြန့်ကြီးတွင် မြို့သစ်စီမံကိန်းကို
အနေအထားကျကျ ရေးဆွဲထားခြင်းဖြစ်သည်။
ကမ္ဘာ့ခေတ်မီဆိပ်ကမ်းတစ်ခုကို ပင်လယ်ဘက်တွင် တည်ဆောက်မည်ဖြစ်သည်။
လက်ရှိတွင် လက်ခုပ်ကုန်းဆိပ်ကမ်းရှိသည်။
ထိုဧရိယာတွင် ယခု သီလဝါဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်ဆောက်သည့် ဘက်လောက်
စပါးစိုက်လယ် ဧကမများ၊ သီလဝါဘက်သည် ရန်ကုန်တိုင်းဒေသကြီးတွင် စပါးအများဆုံး
ထွက်သည့် ကျောက်တန်းမြို့နယ် ဘက်တွင်ရှိ၍ လယ်မြေ ဧကများလှသည်။
ရန်ကုန်မြို့ကို ခရစ်နှစ် ၁၇၇၄ ခုနှစ်က ဒဂုံကျေးရွာမှ ရန်ကုန်မြို့ဟူ၍ အလောင်းဘုရားမင်းက
စတင်တည်ထောင်ပေးခဲ့သည်။
ရန်ကုန်မြစ်၏ မြောက်ဘက်ကမ်း ယခုဗိုလ် တထောင်မြို့နယ်မှ ကျောက်တံတားမြို့နယ်၊
ဗိုလ်တထောင်ဘုရားလမ်းမှ ဆူးလေဘုရားလမ်းအထိ မြို့၏ အချက်အချာနေရာဖြစ်ခဲ့သည်။
အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ထော်လီကွေ့သခင်မြ ပန်းခြံအနီးတွင်
လမ်းနံပါတ်(၁) ဖောက်လုပ်အမည်တပ်၍ ဗိုလ်တထောင်၊ သန်လျက်စွန်းအထိ လမ်းနံပါတ် ရ၄
အရောက် မြို့ကွက်ဖော်၍ လမ်းနံပါတ်ပေးကာ ဖောက်လုပ်တည်ဆောက်ခဲ့သည်။
ယနေ့အထိ အဆိုပါ အင်္ဂလိပ်တို့ တည်ထောင်ခဲ့သော မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်မှာ
မြို့သက်တမ်း နှစ်ပေါင်း ၁၅၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကမ္ဘာပေါ်ရှိ မြို့တော်ကြီးများကို ကြည့်လျှင် မြစ်ဘေးတွင် မြို့တည်ဆောက်ခဲ့ပါက မကြာမီ
ထိုမြစ်၏ တစ်ဖက်ကမ်းသို့ မြို့တော်ကို တိုးချဲ့ပြီး တည်ဆောက်နိုင်ကြသည်။
မြစ်သည် မြို့၏ အလယ်သို့ရောက်ကာ မြစ်တစ်ဖက်တစ်ချက် ရှေ့နောက်ဝဲယာသည် မြို့ပြဧရိယာ
ဖြစ်လာခဲ့သည်။
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့၊ ယူကေနိုင်ငံ လန်ဒန်မြို့၊ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့်
စင်ကာပူနိုင်ငံ စင်ကာပူမြို့တို့သည် မြစ်ကိုခွ၍ မြို့ပြတိုက်တာများ နှစ်ဖက်စလုံး
တည်ဆောက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။
အာဆီယံအဖွဲ့ဝင် စင်ကာပူနိုင်ငံကို စံနမူနာထား၍ ကြည့်ပါက စင်ကာပူကျွန်း၏
အောက်ဘက်နားတွင် အလျားလိုက်စီးဆင်း၍ မရီနာဘေးပင်လယ်ကွေ့မှ ပင်လယ်ထဲ
စီးဝင်နေသည့် စင်ကာပူမြစ်၏ ၀ဲယာကမ်း ဘေးနှစ်ဖက်စလုံး အထပ်မြင့် တိုက်ကြီးများဖြင့်
မြို့ပြဧရိယာ ဆက်စပ်နေပုံကို တွေ့ကြရသည်။
စင်ကာပူမြစ်ကို Marina Bay ခေါ် ပင်လယ်ကွေ့ အရှေ့ဘက်ထိပ်၌ မြစ်ကို ဖြတ်၍
ဆောက်လုပ်ထားသည့် ဆန်းသစ်သော ဗိသုကာလက်ရာရှိ စတီးလ်သံအလိမ် အလိမ်
အမိုးအကာရှိ The Helio ခေါ် တံတားမှ စတင်ကာ အနောက်ဘက်သို့ (1) Anderson Bridge,
(2) Cavenagh Bridge, (3) Elgim Bridge, (4) Coleman Bridge, (5) Road Bridge,
(6) Clemenceau Bridge, (7) Alkaff Bridge, (8) Fufau Saigon Bridge,
(9) Robertson Bridge, (10) Jiak Kim Bridge စသဖြင့် မြစ်ကို ဖြတ်၍ တံတားပေါင်းများစွာ
ဖောက်လုပ်ထားသည်ကို တွေ့ကြရမည်ဖြစ်သည်။
ရန်ကုန်မြို့ကြီး တိုးတက်စည်ပင်ဖွံ့ဖြိုး ခဲ့သည်မှာ နှစ်ပေါင်းရာနှင့်ချီ၍ ကြာခဲ့သည်။
ရန်ကုန်မြစ်၏ မြောက်ဘက်နှင့် ပန်းလှိုင်မြစ်၊ လှိုင်မြစ်ခေါ် မိုးမခမြစ်တို့၏ အနောက်ဘက်ကမ်း
တို့တွင် ရန်ကုန်မြို့ကြီး ချဲ့ကားတိုးပွားခဲ့သည်။
မြစ်၏ တောင်ဘက်ရှိ ဒလမြို့နယ်မှာ နှစ်ပေါင်းရာပေါင်းများစွာချီ၍ ကြာအောင် လုံးဝမဖွံ့ဖြိုးဘဲ
ဇနပုဒ်ကျေးရွာသာသာနှင့် နောက်ကျကျန်ခဲ့သည်။
ရန်ကုန်မြို့ပြ တည်ဆောက်သူများ ဘာဖြစ်နေကြသနည်း။
ဒလမြို့နယ်ဘက်က ပြည်သူများ ဘာဖြစ်နေကြသနည်း။
စိတ်မကောင်းဖွယ်ဖြစ်ရပ်ဟု ဆိုရန်သာရှိသည်။
ဒလဟူသော နယ်မြေသည် ရန်ကုန်ထက်များစွာ ရှေးကျသည့် ပုဂံခေတ်နှောင်းပိုင်းကတည်းက
မြန်မာ့သမိုင်းဝင်ဒေသတစ်ခုဖြစ်ခဲ့သည်။
တိတိပပဆိုရသော် ပုဂံနရသီဟပတေ့ တရုတ်ပြေးမင်းလက်ထက်က သားတော် သုံးပါးအနက်
အငယ်ဆုံးကျော်စွာမင်းသားကို ဒလမြို့အပိုင်စားပေးသနားခဲ့သည်မှာ ခရစ် နှစ် ၁၂၈၆ ခုနှစ်၊
လွန်ခဲ့သော ရ၂၉ နှစ် ကတည်းက ဖြစ်သည်။
နရသီဟပတေ့မင်း အမတ်ကြီး ရာဇသင်္ကြန်ကို မျက်၍ ဒလသို့ နယ်နှင်နေစေခဲ့သည်မှာ
လွန်ခဲ့သော နှစ်ပေါင်း ရ၄၇ နှစ် ခရစ်နှစ် ၁၂၆၈ ခုနှစ်က ဖြစ်သည်။
အင်းဝမင်းသား မင်းရဲကျော်စွာ ဒလတွင် မွန်တို့ကို စစ်ကျွံ၍ လိုက်တိုက်သဖြင့် ကျဆုံးခဲ့သည်မှာ
ခရစ်နှစ် ၁၄၁၄ ခုနှစ်က ဖြစ်သည်။
ထိုစဉ်က ဒလမြို့သည် မြစ်မခခေါ် လှိုင်မြစ်ဝရှိ ဒလမြို့ဖြစ်ပြီး သစ်တော သစ်အုပ် ထူထပ်သော
မြစ်ဝကျွန်းပေါ်ဒေသ နယ်မြေ တစ်ခုဖြစ်သည်။
ဒဂုံဟူ၍လည်း မရှိသေး၊ ရန်ကုန်မြစ်ဟူ၍လည်း မပေါ်သေး။
မြန်မာ ပုဂံမင်း၊ အင်းဝမင်းတို့ ဆင်ဖမ်းထွက်ရန်လာသော တောအုပ်ကြီးဖြစ်သည့် နယ်မြေ၏
သာယာသော ဒလမြို့ဖြစ်သည်။
ဗြိတိသျှတို့၏ မြေပုံပညာရှင်များ၏ ၁၆ ရာစု၊ ၁၇ ရာစု၊ ၁၈ ရာစုခုနှစ်တွင် ရေးဆွဲခဲ့သော
မြေပုံအထောက်အထားများဖြင့် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာ ချာလီသန်း၏ စာတမ်းပြုစုချက်အရ ၁၅၁၉ ခုနှစ်အထိ သန်လျင်နှင့် ဒဂုံကို
ဖော်ပြမထားကြောင်း၊ ၁၆ ရာစု ခုနှစ် အလယ်ခန့်အထိ လှိုင်မြစ်ခေါ် မြစ်မခမြစ်သည် ပဲခူးမြစ်ထဲ
စီးဝင်ပြီး ပင်လယ်သို့သွားကြောင်း၊ ၁၇ ရာစုနှစ် အလယ်ပိုင်းအထိ ရန်ကုန်မြစ်သည်
ရေယာဉ်ငယ်များပင် ကောင်းစွာသွားလာနိုင်ခြင်း မရှိသေးကြောင်း၊ ၁၇၇၅ ခုနှစ်မှ
သိသာထင်ရှားသော ရုတ်တရက် မြစ်ကြောင်း ပြောင်းလဲမှုကြောင့် ရန်ကုန်မြစ်
ပေါ်ထွက်လာကြောင်း တွေ့ရှိနိုင်သည်။
ဤသမိုင်း အထောက်အထားများအရ ဒလသည် သမိုင်းအစဉ်အလာရှိသော နယ်မြေဖြစ်ရာ
ယခုနောက်ပိုင်း ရန်ကုန်မြစ် တောင်ဘက်ရောက်အောင် မြစ်နှင့် ပိုင်းခြားခံလိုက်ရ၍
မဖွံ့ဖြိုးခြင်းဖြစ်သည်။
အခြား မြစ်ရှိသော မြို့တော်ကြီးများ အထူးသဖြင့် စင်ကာပူမြို့ကဲ့သို့ မြစ်နှစ်ဖက်စလုံး
ဖွံ့ဖြိုး တိုးတက်သင့်သည်။
ဆော်ဒီမှ လာရောက်တည်ဆောက်မည့် ဒလဘက်ကမ်းမြို့သစ် စီမံကိန်းမှာလည်း
အင်ဒိုနီးရှားနှင့် မလေးရှားခေါင်းဆောင်များ၏ စိတ်ဝင်စားမှုကြီးစွာ ပတ်သက်လိုမှုကြောင့်
ပျက်ခဲ့ရသည်။
မည်သို့ပင်ဆိုစေ၊ တံတားဖောက်မည်ကြား တိုင်းမြေဈေးတက်ပြီး ပြန်ပြန်ကျခဲ့သော
ဒလဘက်ကမ်းသည် ယခုအခါ အမှန်ပင် တံတားဖောက်တော့မည်ဖြစ်၍
တိုးတက်လာတော့မည်သာ ဖြစ်ပေတော့သည်။

















