တရားမျှတမှုကို ဘယ်သူတွေက ဖန်တီးပေးနိုင်သလဲ - နိုင်ငံတစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ အမှန်တရားနဲ့ တရားမျှတမှု မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘယ်လိုနိုင်ငံရေး အခြေအနေတွေက ဖန်တီးပေးနိုင်သလဲ။
တရားမျှတမှုကို ဘယ်သူတွေက ဖန်တီးပေးနိုင်သလဲ - နိုင်ငံတစ်နိုင်ငံရဲ့
အသွင်ကူးပြောင်းရေး ကာလမှာ အမှန်တရားနဲ့ တရားမျှတမှု မူဝါဒတွေကို အကောင်အထည်
ဖော်နိုင်ဖို့အတွက် ဘယ်လိုနိုင်ငံရေး အခြေအနေတွေက ဖန်တီးပေးနိုင်သလဲ။
ဒီမေးခွန်းကို ဆွေးနွေးနိုင်ဖို့အတွက် ၁၉၇၀ ပြည့်လွန်နှစ်တွေကစပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေအထိ
ဒီကာလအတွင်းမှာ အသွင်ကူးပြောင်းခဲ့ကြတဲ့ နိုင်ငံ ၁၈ နိုင်ငံရဲ့ အတွေ့အကြံုတွေကို
ပညာရှင်တွေက လေ့လာသုံးသပ်ထားပြီး ဘာရာဟိုနာ ဒီဗရစ်တိုဦးစီးတဲ့ အယ်ဒီတာအဖွဲ့က
စိစစ် တည်းဖြတ်ထားတဲ့ ၂၀၀၁ ခုနှစ်ထုတ် "သတိရ မှတ်မိခြင်းနှင့် နိုင်ငံရေး" (The POLITICS
of MEMORY) ဆိုတဲ့ စာအုပ်ထဲက နိဂုံးချုပ် သုံးသပ်ချက်တချို့ကိုပဲ ကောက်နုတ်
တင်ပြသွားပါ့မယ်။
အသွင်ကူးပြောင်းရေး ကာလတစ်လျှောက်လုံးမှာ အမြဲတမ်းအရေးတကြီး သတိထားပြီး
ကျွန်တော်တို့ ကြည့်နေရမှာက အတိတ်အုပ်ချုပ်ရေးစနစ်က ကျန်နေခဲ့တဲ့ ထိပ်ပိုင်းဦးဆောင်
သူတွေနဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်လိုကြတဲ့အုပ်စုတွေရဲ့အကြား
အင်အားချိန်ခွင်ညှာပါပဲ။
သူတို့ဟာ နိုင်ငံတစ်နိုင်ငံမှာ အမှန်တရားနဲ့ တရားမျှတမှုမူဝါဒတွေကို ဘယ်လိုချမှတ်သင့်သလဲ။
အဲဒီမူဝါဒတွေကို ဘယ်လိုနည်းနဲ့ အကောင်အထည်ဖော်မလဲဆိုတာက အဓိကဖန်တီးပေးနိုင်ကြ
သူတွေ ဖြစ်ကြပါတယ်။
ဒီမူဝါဒ တွေကို ချမှတ်အကောင် အထည်ဖော်တဲ့ နေရာမှာ နောက်ထပ်အရေးပါတဲ့
အချက်တွေကတော့ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်သော အရင်းအမြစ်များ ရရှိနိုင်မှု
အခြေအနေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်သူအသစ်တွေက အတိတ်ကို တရားမျှတမှု
ပြန်ဖြစ်စေချင်တဲ့သဘောထား ဘယ်လောက်ရှိနိုင်သလဲဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်လို့
ဖော်ပြထားတာ တွေ့ရှိရပါတယ်။
အရေးကြီးဆုံးက အင်အားချိန်ခွင်ညှာပါပဲ။ သူက ဘယ်လိုပုံစံ၊ ဘယ်လိုအမျိုးအစားနဲ့
အသွင်ကူးပြောင်းကြမလဲဆိုတာကိုပါ ဆုံးဖြတ်နိုင်တဲ့ အထောက်အထား ဖြစ်နေပါတယ်။
အတိတ်ကာလ အုပ်ချုပ်ရေးစနစ်ရဲ့ အင်အားနဲ့ ဆန့်ကျင်ဘက်တို့ရဲ့ အင်အားဟာ ချိန်ခွင်ညှာမှာ
မျှနေရင် အသွင်ကူးပြောင်းရေးဟာ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်နိုင်တယ်။
အုပ်ချုပ်ရေးစနစ်ဟောင်းက ပြိုလဲကျတော့မှ အသွင်ကူးပြောင်းခဲ့ ရတာဆိုရင်
အင်အားချိန်ခွင်ညှာဟာ တစ်ဖက်သတ် အလေးသာသွားတဲ့အတွက် ဆွေးနွေးညှိနှိုင်းမှု မရှိဘဲ
ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကြားညှပ်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို
စဉ်းစားလိုက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေးစနစ်ဟောင်းပြိုလဲလို့ အသွင်ကူးပြောင်းရတာ
မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
ဆန့်ကျင်ဘက်မရှိဘဲ၊ ဆန့်ကျင်ဘက်က ဖိအားပေးမှု၊ အပြည်ပြည်ဆိုင်ရာက ဖိအားပေးမှုမရှိဘဲ
ပြောင်းလဲခဲ့တာလည်း မဟုတ်ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးမှ ပြောင်းလဲရတာဖြစ်တဲ့အတွက် ဆွေးနွေးညှိနှိုင်းပြီး
အသွင်ကူးပြောင်းမှုပုံစံနဲ့ အနီးစပ်ဆုံးဖြစ်တယ်လို့ ကျွန်တော်က ယူဆပါတယ်။
လေ့လာသုံးသပ်သူတွေ အတွက်ကတော့ အင်အားချိန်ခွင်ညှာအယူအဆဟာ နိုင်ငံတွေရဲ့
အသွင်ကူးပြောင်းရေး အမျိုးအစားတွေ နှိုင်းယှဉ်စဉ်းစားတာထက် ပိုပြီးအသုံးဝင်တယ်လို့
ဆိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အင်အားချိန်ခွင်ညှာ အယူအဆက ပိုပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့အပြင်
အင်အားကြီးမားစွာ လှုပ်ရှားရိုက်ခတ်သွားနိုင်တဲ့ အားလည်းရှိလို့ ဖြစ်ပါတယ်။ သူက အချိန်မရွေး၊
အခြေအနေမရွေး ပြောင်းလဲနိုင်တယ်။
ဒါကြောင့် နိုင်ငံရေးမှာ ဘာမျှ ကြိုတင်ပြောထားလို့ မရနိုင်ဘူးလို့ တချို့က ပြောနေကြတာပါ။
အသွင်ကူးပြောင်းမှု အမျိုးအစားနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်စဉ်းစားမယ်ဆိုရင်တော့ သူက
ကာလတစ်ခုအတွက် သမိုင်းဆိုင်ရာ မှတ်တမ်းတစ်ခုလို ဖြစ်နေတော့ အတော်အသင့်
အခြေခိုင်ပါတယ်။
ဆိုလိုတာကတော့ အသွင်ကူးပြောင်းမှု အမျိုးအစားတစ်ခု အတွင်းမှာပဲ အင်အားချိန်ခွင်ညှာက
အပြောင်းအလဲ များစွာရှိနိုင်တဲ့ သဘောပါပဲ။
အင်အား ချိန်ခွင်ညှာဟာ တစ်ခါတစ်ရံမှာ တရားမျှတမှုကို ရှာဖွေနေကြတဲ့ လူတွေဘက်ကိုဖြစ်ဖြစ်၊
မိမိကိုယ်မိမိ ကာကွယ်လိုကြတဲ့ လူတွေဘက် ကိုပဲဖြစ်ဖြစ် ရွှေ့ပြောင်းသွားတတ်ပါတယ်။
သာဓကအနေနဲ့ ဖော်ပြထားတာကတော့ အာဂျင်တီးနားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးပါပဲ။
အသွင်ကူးပြောင်းရေးကာလ ပထမပိုင်းမှာ စစ်တပ်ဘက်က အားနည်းခဲ့တယ်။
ဒါပေမဲ့ နောက်ပိုင်းကာလမှာ အရပ်သားအစိုးရရဲ့ အပြစ်ဒဏ်ပေးသော မူဝါဒများကို ကန့်သတ်
ထားနိုင်လောက်တဲ့အထိ စစ်တပ်ဘက်က အလေးသာလာခဲ့ပါတယ်။
ဆွေးနွေးညှိနှိုင်းမှုဖြင့် အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေမှာတော့ ထွက်ခွာသွားတဲ့
အုပ်ချုပ်ရေးစနစ်ဟောင်းအတွက် အလေးမသာဖြစ်စေခဲ့တဲ့ အင်အားချိန်ခွင်ညှာကစားမှုများ
သိပ်မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။
တကယ်လို့ ထွက်ခွာသွားတဲ့ အုပ်ချုပ်ရေးစနစ်ဟာ စစ်တပ်ရဲ့ အုပ်ချုပ်ရေးစနစ်သာဖြစ်ခဲ့ရင်
အသွင်ကူးပြောင်းရေးကာလမှာ အရပ်သား အုပ်ချုပ်ရေးစနစ်အောက်ရောက်ပြီး
နှစ်အတော်ကြာတဲ့တိုင် စစ်တပ်ဟာ ကြမ်းတမ်းတဲ့နည်းကို အသုံးပြုနိုင်တဲ့ အားကို
ဆက်လက် ထိန်းသိမ်းထားတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဒီနိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးထားမှုအသစ်တွေကို တဖြည်းဖြည်းချင်း လက်ခံရယူကျင့်
သုံးစပြုနေစဉ်မှာပင် အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ အင်စတီကျူးရှင်းတွေဟာ မူလအတိုင်း
ခြေရာလက်ရာ မပျက် ရှိနေကြတယ်။
ဒီလိုအကန့်အသတ်နဲ့ ပြုပြင်ပြောင်းလဲမှု အခင်းအကျင်းထဲမှာ အမှန်တရားနဲ့ တရားမျှတမှု
မူဝါဒတွေဟာ စောစောပိုင်း နှစ်တွေမှာ ဘေးဖယ်ထားခြင်း ခံရနိုင်ပါတယ်။
ပြည်တွင်းမှာ အင်အားချိန်ခွင်ညှာ ရွှေ့ပြောင်းမှုကြောင့်ဖြစ်စေ အပြည်ပြည်ဆိုင်ရာဖိအားများကြောင့်
ဖြစ်စေ နှစ်အတန်ကြာမှ အမှန်တရားနဲ့ တရားမျှတမှုမူဝါဒတွေကို အကောင်အထည်ဖော်လာနိုင်ပါ
တယ်။
ကမ္ဘာ့နိုင်ငံတွေ ရဲ့ အသွင်ကူးပြောင်းမှုတွေကနေ လေ့လာသူ တွေတွေ့ရှိခဲ့ရတာကတော့ ဖိနှိပ်ခဲ့တဲ့
အတိတ်ကို လုံးဝမီးသေသွားအောင် ဖြတ်တောက် ပစ်ခဲ့ဖို့ ဘယ်ဒီမိုကရေစီဝါဒကမျှ မတတ်နိုင်ဘူး
ဆိုတာပါပဲ။
ပြဿနာတွေက တစ်ခု မဟုတ်တစ်ခု အမြဲပေါ်နေလိမ့်မယ်။
စုံစမ်း စစ်ဆေးပေးဖို့၊ လျော်ကြေးပေးဖို့၊ လယ်ယာ မြေနဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည်ပေးအပ်ဖို့နဲ့
အပြစ်ပေး အရေးယူပေးဖို့ တောင်းဆိုမှုတွေ ထပ်တလဲလဲ ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ အင်အားချိန်ခွင်ညှာဟာ အဲဒီနိုင်ငံမှာ
လက်ခံကျင့်သုံးဖို့ ဒီမိုကရေစီသစ်အမျိုးအစားနဲ့ အမှန်တရား၊ တရားမျှတမှုမူဝါဒတို့ကို
ပုံသွန်းလောင်းပေးနိုင်တဲ့အပြင် ဒီနိုင်ငံရဲ့ နိုင်ငံရေးမူဝါဒတွေကို
ဘယ်လိုအကောင်အထည်ဖော်ရမလဲဆိုတဲ့ နည်းလမ်းတွေအပေါ်မှာပါ ကြီးစွာသော
သက်ရောက်မှု ရှိပါတယ်။
တကယ်လို့ အင်အားချိန်ခွင်ညှာဟာ အတိတ်အုပ်ချုပ်ရေးဘက် အလေးမသာတော့ဘူးဆိုရင်
တရားစွဲဆိုမှုတွေ၊ အုပ်ချုပ်ရေး နည်းလမ်းအရ ထုတ်ပယ်မှုတွေ ပိုများလာနိုင်ပါတယ်။
အင်အားချိန်ခွင်ညှာဟာ သူမသာ ကိုယ်မသာ ဖြစ်နေရင်တော့ တရားဥပဒေ စိုးမိုးရေးအပေါ်
လုံးဝအမှားမခံဘဲ နှစ်ဖက်စလုံးက အသေအချာ စောင့်ကြည့်နေကြတော့မှာ ဖြစ်ပါတယ်။
နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးမူဝါဒတွေကို ဖန်တီးရာမှာ အင်အားချိန်ခွင်ညှာအပြင်
အခြားအရေးကြီးသောအကြောင်း အရာများလည်း ရှိပါသေးတယ်။
အင်စတီကျူးရှင်းဆိုင်ရာ အရင်းအမြစ်၊ လူသား အရင်းအမြစ်နဲ့ ဘဏ္ဍာရေးအရင်းအမြစ်တို့ကလည်း
အမှန်တရားနဲ့ တရားမျှတမှု မူဝါဒတွေကို ပုံဖော်ပေးနိုင်ပါတယ်။
များသောအားဖြင့် ဒီအရင်းအမြစ်တွေဟာ အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံအများစုမှာ
အသင့်မရှိကြပါဘူး။
အထောက်အကူရယူခြင်းနဲ့ အချိန်မီဖြည့် တင်းနိုင်အောင် အားထုတ်ကြရပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အင်အားစုရဲ့ ခေါင်းဆောင်မှု၊ အတွေးအခေါ် အယူအဆနဲ့
ကတိကဝတ်ပေးပြီး နှစ်မြှုပ်လုပ်ကိုင်မှုတို့ကလည်း အရေးကြီးပါတယ်။
သီအိုရီသဘောအရကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းမှု အခြေအနေ၊ သို့မဟုတ်
အင်အားချိန်ခွင်ညှာဟာ ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေဘက်ကို ကြာလေလေ
အလေးပေးလေလေလို့ ဆိုကြပါတယ်။
သို့သော်လည်း အတိတ်ကာလ တရားမျှတမှုအတွက်တော့ အမြဲတမ်း အသင့်မဖြစ်နိုင်ကြတာ
တွေ့ရပါတယ်။
ဒီနေရာမှာ ခေါင်းဆောင်မှုက သိပ်စကားပြောပါတယ်။
တချို့နိုင်ငံတွေမှာ အင်အားချိန်ခွင်ညှာက သိသိသာသာ အလေးပေးမှု မရှိသေးပေမယ့်
ခေါင်းဆောင်တချို့ဟာ ထူးထူးခြားခြား အမှန်တရားနဲ့ တရားမျှတမှုအတွက် ဆက်လက်
တွန်းအားပေး ဆောင်ရွက်သွားနိုင်တာ တွေ့ရပါတယ်။
သာဓကအဖြစ် ချီလီနဲ့ တောင်အာဖရိကနိုင်ငံတို့ကို ရည်ညွှန်းဖော်ပြထားတာ တွေ့ရပါတယ်။
ဒါကြောင့် အမှန်တရားနဲ့ တရားမျှတမှု မူဝါဒအတွက် နိုင်ငံ့ထိပ်ပိုင်းဦးဆောင်သူတွေရဲ့
သဘောထား ရပ်တည်ချက်ကို ထည့်မတွက်လို့ မရပါဘူး။
အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဆန့်ကျင်ဘက်ပါတီတွေ၊ လူ့အခွင့် အရေးအဖွဲ့ အစည်းတွေနဲ့
တခြားတက်ကြွလှုပ်ရှားတဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ သို့မဟုတ် လူထုသဘောထား
ထုတ်ဖော်ချက်တွေက ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သစ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို
ဖိအားပေးနိုင်ခဲ့ရင် အတိတ်ကို တာဝန်ခံမှုရှိတဲ့ မူဝါဒတစ်မျိုးမျိုးတော့ ထွက်ပေါ်လာနိုင်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဖြစ်စဉ်တွေကလည်း အမှန်တရားနဲ့ တရားမျှတမှု လုပ်ငန်းစဉ်အပေါ်
သက်ရောက် ပါတယ်။
စစ်အေးကာလတုန်းက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာ ငုပ်လျှိုး နေရတာပါ။
လူ့အခွင့်အရေးတွေက ပိုအရေးကြီးလာပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက
နိုင်ငံတွေထဲမှာ ထဲထဲဝင်ဝင် ပါ၀င်နိုင်တာ ရာစုနှစ်တစ်ဝက် ခန့်သာရှိပါသေးတယ်။
ဒီကာလအတွင်းမှာပဲ အမှန်တရားနဲ့ တရားမျှတမှုလုပ်ငန်းစဉ်က ကမ္ဘာ့နိုင်ငံရေးမှာ
ရှေ့တန်းတစ်နေရာရခဲ့တာပါ။
ကျွန်တော်တို့ မေ့မကျန်သင့်တဲ့ နောက်တစ်ချက်ကတော့ နီးစပ်ရာကို ကူးစက်တတ်တဲ့ နိုင်ငံရေး
သင်ယူမှုသဘာဝပါ။
နိုင်ငံတစ်နိုင်ငံရဲ့ထိပ်ပိုင်းဦးဆောင်သူ တစ်ယောက်ဟာ တခြားနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှု
အတွေ့အကြံုတွေကို သင်ယူစုဆောင်းမိပြီးတဲ့နောက် သူ့နိုင်ငံအတွက် အသွင်ကူးပြောင်းမှု
လုပ်ငန်းစဉ်တစ်ခုကို ကျွမ်းကျင်လိမ္မာစွာ လုပ်ပြသွားနိုင်တဲ့အခါ တခြားအသွင်ကူး ပြောင်းဆဲ
နိုင်ငံတွေကလည်း လိုက်ပါ အကောင်အထည်ဖော်လေ့ ရှိခဲ့ပါတယ်။
အစိုးရက တာဝန်ယူ ဖွဲ့စည်းအကောင်အထည်ဖော်ခဲ့တဲ့ အမှန်တရားကော်မရှင်များဟာ
ချီလီနိုင်ငံမှာ ပထမဦးဆုံး ထွက်ပေါ်လာပြီး နောက် လက်တင်အမေရိကနိုင်ငံတွေနဲ့
တောင်အာဖရိကနိုင်ငံအထိ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပါပဲ အရှေ့ဥရောပမှာလည်း ဂျာမနီကို အတုယူပြီး အင်စတီကျူးရှင်းတွေထဲက ယခင်
အုပ်ချုပ်ရေး စနစ်ဟောင်းမှာ အရေးပါခဲ့တဲ့ လူတွေကို ထုတ်ပယ်အရေးယူတဲ့ပုံစံဟာ ချက်နဲ့
အယ်လ်ဘေးနီးယားနိုင်ငံတို့မှာ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာခဲ့ပြီး ပိုလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့
ဘူလ်ဂေးရီးယား နိုင်ငံတွေမှာ ပျော့ပျော့ပျောင်းပျောင်း ဆက်လက်အကောင်အထည်ဖော်ခဲ့ကြတာ
တွေ့ရှိရပါတယ်။
အသွင်ကူးပြောင်းချိန် ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ပြည်ပဆက်ဆံရေး ဖိအား၊
သို့မဟုတ် အလေးပေးမှုအခြေအနေတွေကိုလည်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒများ
ဖန်တီးရာမှာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ပြည်တွင်းအခြေအနေဆိုတဲ့ နေရာမှာ အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ အမွေခံအနည်းအများ။
အတိတ်အုပ်ချုပ် ရေးကာလ ဘယ်လောက်တာရှည်ခဲ့သလဲ၊ အင်စတီကျူးရှင်းတွေ
ဘယ်လောက်ခိုင်မာအောင် တည်ဆောက်ထားခဲ့သလဲဆိုတဲ့ အချက်တွေကို ထည့်တွက်ရပါမယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ တာရှည်ခံသော အင်စတီကျူးရှင်း တည်ဆောက်ခဲ့မှု
တစ်စုံတစ်ရာမရှိဘဲ၊ လူအများစုရဲ့ထောက်ခံမှု၊ သို့မဟုတ် လက်ခံမှု ဆက်လက်မရရှိဘဲ
မည်သည့်အာဏာရှင်စနစ်မျှ ရေရှည်မခံနိုင်ပါဘူး။
တာရှည်ခံသော အင်စတီကျူးရှင်းများ တည်ဆောက်ထားတဲ့ အာဏာရှင်အုပ်ချုပ်ရေးစနစ်ဆိုတာ
ဒီအုပ်ချုပ်ရေးစနစ်နဲ့ ဖိနှိပ်သော လှုပ်ရှားမှုများကို အရှည်သဖြင့် ဆက်လက်တည်ရှိစေလိုသော
တန်ဖိုးထားမှုများ ရှိနေကြတဲ့ နိုင်ငံ့ဝန်ထမ်းအလွှာတစ်ရပ်ကို ပေါ်ပေါက်လာစေခြင်းနဲ့ ဒီအလွှာက
လူ့ပတ်ဝန်းကျင်ထဲမှာ ၀င်ဆံ့မှုဆက်ရှိနေစေခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကိုလည်း
တွေ့ရပါတယ်။
တရားရေးဝန်ထမ်းတွေ၊ ရဲ တပ်ဖွဲ့နဲ့ စစ်တပ်အရာရှိတွေဟာ ဒီအုပ်ချုပ် ရေးစနစ်ရဲ့အောက်မှာ
မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှု ဘဝအချိန်ကာလ အများစု ဖြတ်သန်းခဲ့ရတာဖြစ်ပြီး
ဒီအုပ်ချုပ်ရေး စနစ်ကပဲ သူတို့ကို ရွေးချယ်၊ လေ့ကျင့်၊ ရာထူး တိုးတက်ခွင့်တွေကို လုပ်ပေးခဲ့တာပါ။
ထုတ်ပယ်အရေးယူခြင်း အစီအစဉ်ကို မကျင့်သုံးနိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေး
ကာလမှာ ဒီပုဂ္ဂိုလ်တွေကပဲ အမှန်တရားနဲ့ တရားမျှတမှု လုပ်ငန်းစဉ်တွေကို
အကောင်အထည်ဖော်ဖို့ တာဝန် ကျလာမယ်ဆိုရင် သူတို့မှာ မူဝါဒအသစ်ကို
အကောင်အထည်ဖော်ပေးဖို့ စေတနာဘယ်လောက် ရှိမလဲဆိုတာ သံသယရှိစရာပါ။
တစ်ချိန်တည်း မှာပဲ တာရှည်ခံသော အင်စတီကျူးရှင်းများ တည်ဆောက်ထားခဲ့တဲ့
အုပ်ချုပ်ရေးစနစ်ဟောင်းက အဲဒီအုပ်ချုပ်ရေးစနစ်ကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေ၊ နည်းဥပဒေ၊
စည်းမျဉ်း စည်းကမ်းတွေ အများအပြား ချန်ထားရစ်ခဲ့လေ့ရှိပါတယ်။
ဒီအချက်နှစ်ချက်ပေါင်း လိုက်တဲ့အခါမှာ အမှန်တရားနဲ့ တရားမျှတမှု မူဝါဒများ
အကောင်အထည်ဖော်ဖို့အတွက် အခက်အခဲက ဘယ်လောက်အထိ ကြီးမားနိုင်တယ်ဆိုတာ
သုံးသပ်နိုင်ပါတယ်။
ဒါ့ပြင် အတိတ်အုပ်ချုပ်ရေးစနစ်မတိုင်ခင်ကတည်းက ပြည်တွင်းစစ်က ရှိနေခဲ့တယ်။
ပြည်တွင်း စစ်ကြောင့် လူထုဟာ ဘက်ပေါင်းစုံက ကြမ်းကြုတ်ရက်စက်မှုဒဏ်တွေကို
တာရှည်ခံခဲ့ရတယ်။
အတိတ်အုပ်ချုပ်ရေးစနစ်အောက်မှာ ဒီပြည်တွင်းစစ်ကို အဆုံးသတ်နိုင်အောင်၊ သို့မဟုတ်
တစ်စိတ်တစ်ပိုင်း သက်သာရအောင် လုပ်ပေးခဲ့တယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများ
အတွက် အပြစ်ပေးရမယ့် လုပ်ငန်းစဉ်ကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာ
တောင်းဆိုမှု လျော့နည်းနိုင်ပါတယ်။
လေ့လာသူတွေရဲ့ နောက်ထပ်တွေ့ရှိချက်ကတော့ လူ့အဖွဲ့အစည်းဟာ သမိုင်းကြောင်း
တစ်လျှောက်လုံး နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး ကြမ်းတမ်းခက်ထန်မှုတွေနဲ့ နေသားတကျ
ဖြစ်နေခဲ့တယ်ဆိုရင်လည်း အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ ကျူးလွန်ဖောက်ဖျက်မှုများအတွက်
အရေးယူပေးရန် စိတ်ဝင်စားမှုလျော့ကျနိုင်ပါတယ်။
သာဓကအနေနဲ့ ဘရာဇီးလ်နိုင်ငံကို ဖော်ပြကြပါတယ်။
ကြမ်းတမ်းခက်ထန်မှုတွေကို လူမှုရေးအရ လက်ခံနိုင်စွမ်းရှိနေကြတာဟာ ဆင်းရဲနွမ်းပါးမှု
အလွန်နိမ့်ကျတဲ့အပြင် လူမျိုးစုရေးရာခွဲခြားထားခြင်းခံရတဲ့ နိုင်ငံတွေမှာ ပိုတွေ့ရတယ်လို့ သူတို့က
ရေးသားထားကြပါတယ်။
တောင်အာဖရိက၊ ဂွာတီမာလာနဲ့ ဘရာဇီးလ်နိုင်ငံတွေကို ရည်ညွှန်းကြပါတယ်။
တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာတဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ
ဖြေရှင်းဖို့ အလေးသာစေပါတယ်။
ဒါပေမဲ့ ဒီလိုနိုင်ငံရေးယဉ်ကျေးမှု အားနည်းတဲ့ နိုင်ငံတွေမှာတော့ အမှန်တရားနဲ့ တရားမျှတမှု
မူဝါဒကို တောင်းဆိုတာလည်း နည်းတတ်ကြပါတယ်။
အတိတ်တုန်းက အောင်မြင်ခဲ့တဲ့ ဒီမိုကရေစီအတွေ့အကြံု မရှိတဲ့ နိုင်ငံတွေမှာလည်း
ဒီအားနည်းချက်ကို တွေ့ရတယ်လို့ ဆိုပါတယ်။
အပြန်အလှန် သဘောအားဖြင့် အတိတ်က ဒီမိုကရေစီ အတွေ့အကြံုကောင်းရှိရင်
တရားမျှတမှုအတွက် မျှော်လင့်ချက်က သမိုင်းမှာ စွဲမြဲခိုင်ခန့် နေပြီဖြစ်တဲ့အတွက် လူထုဟာ
အမှန်တရားနဲ့ တရားမျှတမှု မူဝါဒများကို ပိုမိုတောင်းဆိုလာနိုင်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာလိုသူများအတွက် နှိုင်းယှဉ်လေ့လာစရာဖြစ်လိုဖြစ်ငြား
မျှော်လင့်ချက်ထားပြီး ကောက်နုတ် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
















