တာဝန်ခံမှုရှိခြင်းရဲ့ သမိုင်းအရွေ့ ကျွန်တော်တို့က ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလမှာ အနာဂတ် မျှော်မှန်းချက်တစ်ခုအနေနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးအကြောင်း မကြာခဏပြောဖြစ်ကြပါတယ်။
တာဝန်ခံမှုရှိခြင်းရဲ့ သမိုင်းအရွေ့ ကျွန်တော်တို့က ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလမှာ
အနာဂတ် မျှော်မှန်းချက်တစ်ခုအနေနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးအကြောင်း မကြာခဏ
ပြောဖြစ်ကြပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်လာဖို့ အကြမ်းဖျင်းလိုအပ်ချက် ရှစ်ချက်မှာ
တစ်ချက်က တာဝန်ခံမှုရှိခြင်းပါပဲ။
လူ့ ကျင့်ဝတ်အနေနဲ့ဖြစ်စေ၊ အုပ်ချုပ်ရေးသဘော အရဖြစ်စေ တာဝန်ခံမှုရှိခြင်းဆိုတာ အပြစ်တင်
ခံထိုက်ခြင်း၊ တာဝန်မကင်းခြင်းနဲ့ အကြောင်းရင်းကို ဖြေရှင်းပေးရန် မျှော်လင့်ချက်ထားနိုင်ခြင်းတို့ကို
ဆိုတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုမှာ တွေ့ရပါတယ်။
ခေါင်းဆောင်မှု သဘောအရဆိုရင်တော့ တာဝန်ခံမှုရှိခြင်းဟာ လူပုဂ္ဂိုလ်၊ သို့မဟုတ်
အဖွဲ့အစည်းတစ်ခုရဲ့ လှုပ်ရှားဆောင်ရွက်ချက်များနဲ့ ထွက်ပေါ်လာသော မူဝါဒများ၊
ရလဒ်များအတွက် တာဝန်ရှိကြောင်း လက်ခံအသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။
တာဝန်ခံမှုဟာ ကာလ သုံးပါးစလုံးနဲ့ သက်ဆိုင်ပါတယ်။ အတိတ်နဲ့ အနာဂတ် ကာလကတော့
ငါလုပ်တာ မဟုတ်လို့ ငါနဲ့ မဆိုင်ဘူး၊ ပစ္စုပ္ပန်သာ တာဝန်ခံနိုင်တယ်လို့ ပြောရင် အဲဒါ
တာဝန်မဲ့တာပါပဲ။ အကြောင်းအကျိုး ဆက်စပ်မှု သဘောတရားကို ငြင်းပယ်ရာကျပါလိမ့်မယ်။
ဒါကြောင့် ကျွန်တော်တို့က အတိတ်ကို တာဝန်ခံမှုရှိခြင်းဆိုတဲ့ စကားလုံးကို သုံးရတာဟာ
ဘယ်သူဘယ်အဖွဲ့အစည်းကိုမျှ ရည်ညွှန်းခြင်း မရှိပါဘူး။
ကောင်းမွန် သောအုပ်ချုပ်ရေးရဲ့ အင်္ဂါရပ်အစိတ်အပိုင်းတစ်ခုအနေနဲ့သာ ဆွေးနွေးခြင်းဖြစ်ပါတယ်။
အတိတ်ကို တာဝန်ခံမှုရှိခြင်းဆိုတဲ့ အယူအဆဟာ ကြိုတင်စီစဉ်မှုတစ်ခုခုကြောင့် လူသားများကို
ကြီးမားစွာ ပျက်စီးဆုံးရှုံးစေခဲ့တဲ့ ဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ တရားမျှတမှုကို ပြန်လည်
ရရှိစေဖို့အတွက် စဉ်းစား ဆောင်ရွက်ပေးနိုင်တဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။
ပစ္စုပ္ပန်အုပ်ချုပ်ရေးစနစ် သာမက အတိတ်အုပ်ချုပ်ရေးစနစ်နဲ့ အနာဂတ်ကာလအတွက်ပါ
အကျိုးကျေးဇူးဖြစ်ထွန်းစေတာမို့ ဒါကိုအသွင်ကူးပြောင်းရေး ဖြစ်ပေါ်နေတဲ့ ပစ္စုပ္ပန်အုပ်ချုပ်ရေးစနစ်ရဲ့
အခွင့်အရေးတစ်ရပ်လို့ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။
ဒီအခွင့်အရေးကြောင့် ကျွန်တော်တို့ဟာ တရားမျှတမှုရှိလာစေရန် အင်စတီကျူးရှင်းအလိုက်
စနစ်တကျ အားထုတ်နိုင်ကြပါတယ်။
နိုင်ငံရေးအသွင်ကူးပြောင်းမှု မစတင်မီ ပြင်ဆင်တဲ့အနေနဲ့ရော၊ အသွင်ကူးပြောင်းနေစဉ်
ကာလမှာရော တရားမျှတမှုကို ဘယ်လို ပြန်ရအောင် လုပ်ပေးရမလဲဆိုတာကို
စဉ်းစားကြရပါမယ်။
ကျူးလွန်ဖောက်ဖျက်မှုတွေမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ လူတွေနဲ့ နစ်နာခဲ့ရတဲ့ လူတွေ
ဆွေးနွေးညှိနှိုင်းရေး လုပ်ဆောင်မယ့် အစီအစဉ်တွေ ပါ၀င်နိုင်ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေရဲ့ အတွေ့အကြံုတွေအရ အတိတ်ကို
တာဝန်ခံခြင်းမှာ အပြန်အလှန်ဆက်စပ်နေတဲ့ ပန်းတိုင် နှစ်ခုရှိပါတယ်။
ပထမပန်းတိုင်က အတိတ်ကာလ ကျူးလွန်ဖောက်ဖျက်မှုတွေကြောင့် ခံစားခဲ့ရသူများအတွက်
တုံ့ပြန်မှုတစ်စုံတစ်ရာ ဆောင်ရွက်ပေးရန်နဲ့ ဒုတိယပန်းတိုင်ကတော့ အနာဂတ်မှာ
အလားတူဖြစ်ရပ်များကြောင့် ခံစားရမှုများ ထပ်မဖြစ်စေရေး ကာကွယ်ပေးရန်တို့ပါပဲ။
အနစ်နာခံခဲ့ရတဲ့လူတွေက သူတို့ရဲ့ဖြစ်ရပ်အမှန်များကို အများပြည်သူရဲ့ သိရှိလက်ခံမှု ရရှိအောင်
တိကျမှန်ကန်စွာ ပြောပြနိုင်စေခြင်းဟာ အမှန်တရားကော်မရှင်များရဲ့ တူညီသောရည်မှန်းချက်ပဲ
ဖြစ်ပါတယ်။
ဒီလိုလုပ်တာဟာ အနစ်နာခံခဲ့ရသူတွေရဲ့ အတိတ်က ခံစားရမှုတွေကို သက်သာသွားရအောင်
ဖြေလျှော့ပေးနိုင်ပါတယ်။
ဒီလိုပါပဲ ပေးလျော်ခြင်းနဲ့ ကုစားတဲ့ လုပ်ငန်းစဉ်တွေကလည်း အတိတ်တုန်းက ပျက်စီးဆုံးရှုံးမှုတွေ
အတွက် တစ်စုံတစ်ရာ စိတ်ကျေနပ်နှစ်သိမ့်မှုပေးနိုင်ဖို့အတွက် ရည်ရွယ်ရတာဖြစ်ပါတယ်။
ကျူးလွန်သူတွေကို တရားစွဲဆိုနိုင်တဲ့ တရားစီရင်ရေး ယန္တရားကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်း၊
သို့မဟုတ် အဖွဲ့အစည်းရဲ့ တရားမျှတမှု လိုအပ်ချက်ကို ကောင်းစွာဖြည့်ဆည်းပေးနိုင်ရပါမယ်။
ဒါတွေအားလုံးဟာ အတိတ်မှာ ခံစားခဲ့ရမှုများအတွက် ဒီမိုကရက်တစ်အစိုးရတွေက လုပ်ပေးနိုင်တဲ့
တုံ့ပြန်မှုတွေပါပဲ။
ဒီလိုတုံ့ပြန်မှုမျိုး မပေးနိုင်သေးရင်တော့ ဒီနိုင်ငံရဲ့ ဒီမိုကရေစီ ရေစူးတိမ်နေသေးတာက
အဓိကအကြောင်းရင်း ဖြစ်နိုင်ပါတယ်။
အနာဂတ်မှာ အတိတ်တုန်းကလို ကျူးလွန်ဖောက်ဖျက်မှုတွေ မရှိစေဖို့ ကြိုတင်ကာကွယ်နိုင်တဲ့
လုပ်ငန်းတွေလည်း အများကြီးရှိပါသေးတယ်။
အထက်က တင်ပြခဲ့တဲ့ တုံ့ပြန်မှုတွေကိုယ်နှိုက်ကလည်းပဲ နောက်တစ်ဖန် ပြန်မကျူးလွန်ရဲအောင်
ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
ပထမပန်းတိုင်ဖြစ်တဲ့ အတိတ်က နစ်နာခဲ့တဲ့လူတွေအတွက် တုံ့ပြန်မှုကို လုံလုံလောက်လောက်
မလုပ်ခဲ့ဘဲ ဒုတိယပန်းတိုင်ဆက်သွားတဲ့ နိုင်ငံတချို့လည်း တွေ့ရပါတယ်။
ကိုယ့်နိုင်ငံ အခြေအနေနဲ့ ကိုယ်ဆိုပေမယ့်လည်း ဒီမိုကရေစီ နိုင်ငံရေး စိတ်ဆန္ဒရှိမှုက
ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။
ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေထဲမှာ အတိတ်က ကျူးလွန် ဖောက်ဖျက်ခဲ့သူများကို
အာဏာအခိုင်အမာ ပြန်မရစေခြင်းနဲ့ အနာဂတ်မှာ ကျူးလွန် ဖောက်ဖျက်မှုများ
ထပ်မံမပေါ်ပေါက်လာစေရန် တားမြစ်ခြင်းတို့က အဓိကကျပါတယ်။
လူ့အဖွဲ့အစည်း တစ်ရပ်လုံးက ဒီလို တားဆီးကာကွယ်ရေးလုပ်ငန်းတွေမှာ ပါ၀င်ကြဖို့
လိုအပ်ပါတယ်။
ဒါကြောင့် အနာဂတ်ကာလမှာ အကြမ်းနည်းအသုံးပြုမှုတွေကို ကာကွယ်နိုင်တဲ့ အရပ်ဘက်
လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့နဲ့ ကျူးလွန်ဖောက်ဖျက်မှုများ အသစ်တစ်ဖန် ရှိလာခဲ့မယ်
ဆိုရင်လည်း ပြည်သူလူထုက အားကိုးယုံကြည်နိုင်တဲ့ တရားစီရင်ရေးစနစ် ခိုင်ခိုင်မာမာ
ရှိနေဖို့အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ထားပြီး ဖြစ်နေဖို့ လိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအစီအစဉ်တွေဟာ ဒီပန်းတိုင်
နှစ်ရပ်ကိုပဲ ဦးတည်ခဲ့ကြတာဖြစ်ပေမယ့် ကမ္ဘာကြီးရဲ့ လူ့အခွင့်အရေးဆိုင်ရာ အယူအဆအပေါ်
အလေးထားမှု သဘောထားက ယခု ၂၁ ရာစု အစောပိုင်းကာလမှာ တစ်ဟုန်ထိုး မြင့်တက်ပြီး
ပြောင်းလဲလာမှုတွေရှိနေတဲ့အတွက် နိုင်ငံအလိုက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့
အာရုံစူးစိုက်မှုနဲ့ အထောက်အကူပေးမှုတွေကတော့ အကြီးအကျယ် ကွာခြားသွားကြပြီ
ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ၁၉၈၀ ပြည့် လွန်နှစ်များနဲ့ မတိုင်မီက အသွင်ကူးပြောင်းရေးကာလ
တရားမျှတမှုလုပ်ငန်းစဉ်များကို ပထမမျိုးဆက်၊ ၁၉၉၀ ပြည့်လွန်နဲ့ နောက်ပိုင်း
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်ကို ဒုတိယမျိုးဆက်လို့ အကြမ်းဖျင်း
သတ်မှတ်ပြီး ဆက်လက်ဆွေးနွေးသွားပါမယ်။
ပထမမျိုးဆက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖြစ်စဉ်တွေမှာ များသောအားဖြင့်
တွေ့ခဲ့ရတာကတော့ ခွဲခြားဆက်ဆံသော အုပ်ချုပ်ရေးစနစ်၊ သို့မဟုတ် အာဏာရှင်
အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအုပ်ချုပ်ရေးဆီသို့
ကူးပြောင်းလာခဲ့တဲ့ ဖြစ်စဉ်တွေပါပဲ။
ဒီဖြစ်စဉ်တွေထဲက အတော်များများက လက်နက်ကိုင် ပဋိပက္ခကနေ အပန်းတကြီးရှိလှသော
ငြိမ်းချမ်းရေးဆီသို့ ကူးပြောင်းခဲ့ကြတာတွေ ပါ၀င်ပါတယ်။
အဲဒီအချိန်တွေတုန်းက အသွင်ကူးပြောင်းမှုတွေဟာ အတုယူစရာ နမူနာကောင်းရယ်လို့ မရှိတော့၊
အခြေအနေတွေကများစွာ ရှုပ်ထွေးတဲ့အပြင် အပြောင်းအလဲတွေကလည်း ခေါင်းဆောင်တွေရဲ့
စိတ်ကူးနဲ့ ဆင်ခြင်တုံတရားတွေအပေါ်မှာပဲ မူတည်နေတဲ့အတွက် မှန်းဆလို့မရဘဲ
မြန်မြန်ဆန်ဆန်ဖြစ် ပျက်လေ့ ရှိခဲ့ပါတယ်။
တခြားနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှုတွေကိုလည်း စနစ်တကျ လေ့လာသုံးသပ်နိုင်ခြင်း
မရှိသေးတဲ့အတွက် အမှားအမှန်မခွဲခြားနိုင်ခြင်း၊ တခြားလူတွေရဲ့ အတွေ့အကြံုတွေကို
အသုံးပြုနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေခဲ့ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အမေရိကတိုက်နိုင်ငံများဆိုင်ရာ လူ့အခွင့်အရေးတရားရုံးနဲ့
ယူဂိုဆလားဗီးယား၊ ရဝမ်ဒါတို့က အပြည်ပြည်ဆိုင်ရာ ပြစ်မှုကြောင်း တရားရုံးတွေက
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအတွက် ဥပဒေ အတတ်ပညာဆိုင်ရာ
ဆင်ခြင်သုံးသပ်ချက်များကို စတင်အသုံးပြုနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒါကြောင့် ပထမမျိုးဆက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတွေဟာ သီအိုရီအယူအဆ
အခိုင်အမာဖြစ်ထွန်းမှု မရှိသေးမီ စမ်းတဝါးဝါးနဲ့ မြေစမ်းခရမ်းပျိုး နေရသလို ဖြစ်ခဲ့ကြရပါတယ်။
နောက်တစ်ချက်ကတော့ ပထမမျိုးဆက် ကူးပြောင်းမှုတွေဟာ ပြည်တွင်းစစ်ပွဲတွေနဲ့
ဆက်စပ်နေတာလည်း များပါတယ်။
လူအများအပြားဟာ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေမှာ သားကောင်တွေ
ဖြစ်ခဲ့ကြရပါတယ်။
လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့တဲ့ပြစ်မှုများ၊ အစုလိုက်အပြံုလိုက် သတ်ဖြတ်မှုများလည်း
တချို့နိုင်ငံတွေမှာ ဖြစ်ခဲ့ပါတယ်။
လူ့အဖွဲ့အစည်းဆိုင်ရာ၊ အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအဆောက် အအုံများလည်း
ဖျက်ဆီးခံရမှုတွေ ရှိခဲ့ပါတယ်။
တရားစီရင်ရေး ယန္တရားမှာလည်း အရင်းအမြစ်တွေက ဘယ်တော့မျှ လုံလုံလောက်လောက်
မဖြစ်ခဲ့ဘူး။
ပိုဆိုးတာက အဲဒီတုန်းက ဖိနှိပ်မှုများနဲ့ လူ့အခွင့်အရေးဖောက်ဖျက်မှုများဟာ အစိုးရနဲ့
ပတ်သက်တဲ့အပိုင်းက အများစု ဖြစ်နေတယ်။
ဆိုလိုချင်တာကတော့ ဒီမိုကရေစီနိုင်ငံရေး အသွင်ကူးပြောင်းမှုတွေဟာ သူတို့နိုင်ငံအခြေအနေ
သူတို့အကြောင်း တရားတွေနဲ့သူတို့ ဖြစ်ခဲ့ကြပေမယ့် ပထမမျိုး ဆက်အသွင်ကူးပြောင်းရေးကာလ
တရားမျှတမှုလုပ်ငန်းစဉ်တွေမှာတော့ အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းတွေက
ကူညီနိုင်ခြင်းလည်း မရှိခဲ့ဘူး၊ ထဲထဲဝင်ဝင် ပါ၀င်ခဲ့ခြင်းလည်း မရှိခဲ့ဘူး။
အဲဒီအချိန်တွေတုန်းက အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုမှာ အမှန်တရားကပဲ
အရေးကြီးသလား၊ တရားမျှတမှုကပဲ အရေးကြီးသလား၊ တည်ငြိမ်မှု၊ သို့မဟုတ် ငြိမ်းချမ်းရေးကပဲ
အရေးကြီးသလား ဆိုတာကိုတောင် ဝေခွဲလို့မရဘဲ ကိုယ်သန်ရာကိုယ်လုပ်ခဲ့ကြရတာ
ဖြစ်ပါကြောင်း တင်ပြလိုခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့တော့ ဒီလိုမဟုတ်တော့ပါဘူး။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု
လုပ်ငန်းစဉ်မှာ အထက်ကတင်ပြခဲ့တဲ့ အခြေခံဦးတည်ချက်သုံးချက်ကို သီးခြား စီခွဲပြီး
မစဉ်းစားကြတော့ပါဘူး။
ဒီအချက်တွေဟာ တစ်ခုအပေါ်တစ်ခု အပြန်အလှန် မှီခိုနေရတဲ့ အချက်တွေဖြစ်တယ်။
ပဋိပက္ခတွေ ဖြေရှင်းပြီးတဲ့အခါ၊ သို့မဟုတ် ကျယ်ပြန့်သော ကြမ်းကြုတ်ရက်စက်မှုတွေ
ဖြစ်ပြီးသွားတဲ့အခါမှာ ဒီဦးတည်ချက် သုံးခုစလုံးကိုရအောင် လုပ်ရမှာပဲ။
ဒီဦးတည်ချက်အားလုံးဟာ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူတွေအားလုံး နားလည်ထားကြတဲ့
တာဝန်ခံမှု ရှိခြင်းဆိုတဲ့ အပိုင်းထဲမှာ အကျုံးဝင်နေပါတယ်။
တည်ငြိမ်အေးချမ်းမှု၊ သို့မဟုတ် ငြိမ်းချမ်းရေးကိုတော့ လုပ်သွားမယ်၊ အမှန်တရားနဲ့
တရားမျှတမှုကတော့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ တွေးရင် ဒါဟာ ပထမမျိုးဆက်
အသွင်ကူးပြောင်းရေးတုန်းက စဉ်းစားခဲ့ကြတဲ့နည်းပါ။
ဒီအတွေးအခေါ်က ဆယ်စုနှစ်သုံးခုလောက် နောက်ကျခဲ့ပါပြီ။
ဒီခေတ်မှာတော့ အသွင်ကူးပြောင်းရေးကို ဦးဆောင်တဲ့ အစိုးရတိုင်းဟာ ဒီဦးတည်ချက်
သုံးခုစလုံးကို ဘယ်အချိန်၊ ဘယ်လိုအစီ အစဉ်နဲ့ အကောင်အထည်ဖော်သွားမယ်ဆိုတာ
ဇယားချပြီး လုပ်သွားရမှာ ဖြစ်ပါတယ်။
ဦးတည်ချက်တစ်ခုခုကို လျစ်လျူရှုမိရင် အစိုးရအဖွဲ့များကို မတည်မငြိမ်ဖြစ်စေနိုင်တဲ့အပြင်
ငြိမ်းချမ်းရေးရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။
အာဂျင်တီးနားနဲ့ မက္ကဆီကိုနိုင်ငံတွေရဲ့ အတွေ့အကြံု တွေအရ နိုင်ငံတစ်နိုင်ငံဟာ
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရဲ့ ဦးတည်ချက်တွေကို ပြည့်စုံစွာ အကောင်အထည်
မဖော်ခဲ့ဘူးဆိုရင် အဲဒီနိုင်ငံရဲ့နိုင်ငံရေး အခင်းအကျင်းမှာ ကြာရှည်စွာ အရိပ်မည်းကြီးက
စိုးမိုးနေမှာဖြစ်တယ်။
ဒီအရိပ်မည်းကြီးကလည်း နှစ်တွေဘယ်လောက်ပဲကြာကြာ မလုပ်ဖြစ်ခဲ့တဲ့ ဦးတည်ချက်ကို
အကောင်အထည်ဖော် မပြီးမချင်း ဆက်လက်တည်ရှိနေမှာပဲ ဖြစ်ပါတယ်။
အမှန်တရားနဲ့ တရားမျှတမှုအစီအစဉ်များကို ဖော်ဆောင်ရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ
အားထုတ်ပုံခြင်း မတူကြပါဘူး။
အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေးကော်မရှင်များနဲ့ ဖြစ်စေ၊ တရားရုံးလုပ်ထုံးလုပ်နည်းများနဲ့
ဖြစ်စေ ဆောင်ရွက်ကြတာရှိသလို ယခင်ကျူးလွန် ဖောက်ဖျက်ခဲ့သူတွေကို အာဏာပြန်မရစေရန်
အတွက် ထုတ်ပယ်ခြင်း၊ အနားပေးခြင်း နည်းလမ်းတွေနဲ့လည်း ဆောင်ရွက်ခဲ့ကြတာ
တွေ့ရှိရပါတယ်။
ကမ္ဘာ့ နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ခြံုငုံမိအောင် လေ့လာဆန်းစစ်
လိုက်မယ်ဆိုရင်တော့ အမှန်တရား၊ တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းမှု၊ သို့မဟုတ် ငြိမ်းချမ်းရေး
ဦးတည်ချက်တွေကို ဘယ်လိုနည်းနဲ့ ရအောင်လုပ်နိုင်ခဲ့သလဲဆိုတာထက် ဒီဦးတည်ချက်တွေကို
အမှန်တကယ် ရခဲ့သလား၊ မရဘူးလား ဆိုတာက ပိုအရေးကြီးပါတယ်။
မှန်ပါတယ်။ အသွင်ကူးပြောင်းရေးအစိုးရတွေဟာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု
အလုပ်တစ်မျိုးတည်း လုပ်နေရတာ မဟုတ်ပါဘူး။
သူတို့ဟာ ပြည်သူလူထုရဲ့ လူနေမှုဘဝလုံခြံုရေး၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေနဲ့
အလေ့အကျင့်တွေ ပြုစုပျိုးထောင်ရေး၊ ချို့ယွင်းအားနည်းခဲ့သော ဖွဲ့စည်းတည်ဆောက်မှု
အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး၊ စီးပွားရေး ပြန်လည်နာလန်
ထူလာစေရေး၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးစတဲ့
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနဲ့ မသက်ဆိုင်တဲ့ တခြားအလုပ်တွေ
အများကြီးရှိပါသေးတယ်။
အသွင်ကူး ပြောင်းရေးကို ဦးဆောင်နေရသူတိုင်းဟာ နိုင်ငံရေးပြိုင်ဘက်များရဲ့
စိန်ခေါ်မှုတွေကိုလည်း အမြဲခံနေရပါတယ်။
ဒါကြောင့် မည်သည့်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာမဆို အာဏာလက်ဝယ်ကိုင်ထားတဲ့
လူတွေဟာ အတိတ်က ကျူးလွန်ဖောက်ဖျက်မှုများကို တရားသဖြင့် ပြန်ဖြစ်စေလိုတဲ့
စိတ်ဆန္ဒအမှန်သာ ရှိတယ်ဆိုရင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဦးတည်ချက်များ
အကောင်အထည်ဖော်ရေးနဲ့ နိုင်ငံရေး၊ လူမှုရေး အရေးတကြီး လိုအပ်ချက်များ ဖြည့်ဆည်းရေးတို့ကို
ဟန်ချက်ညီအောင် ကောင်းစွာချိန်ဆပြီး လုပ်နိုင်ရမှာ ဖြစ်ပါတယ်။
ဒီအလုပ်တွေဟာ တစ်ခုကိုတစ်ခု မထိခိုက်စေဖို့လည်း ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရပါမယ်။
ဒီနေ့ကမ္ဘာကြီးရဲ့ လူ့အခွင့်အရေး သဘောထား အရှိန်မြင့်မားနေချိန်မှာ ကမ္ဘာ့နိုင်ငံရေး
အကျိုးစီးပွားဟာ နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတွေအပေါ်မှာ
စုစည်းခိုင်မာစွာ ကျရောက်နေပြီ ဖြစ်ပါတယ်။
ကမ္ဘာကြီးကိုယ်နှိုက်က နိုင်ငံတွေရဲ့ တာဝန်ခံမှုရှိခြင်းအပေါ်မှာ နိုင်ငံရေးအရနဲ့ ဥပဒေရေးအရ
အကူအညီပေးရန် အခြေခံအဆောက်အအုံတွေကို တည်ဆောက်ထားပြီးဖြစ်နေပါပြီ။
အပြည်ပြည်ဆိုင်ရာ တရားမျှတရေး လှုပ်ရှားမှုအဖွဲ့တွေဟာ မည်သည့် နိုင်ငံမှာမဆို
အသွင်ကူးပြောင်းရေးကာလမှာ တာဝန်ခံမှု ရှိစေရန်အတွက် ပြည်တွင်း တောင်းဆိုမှုတွေနဲ့
ခိုင်မာသောမိတ်ဖက်အဖြစ် ဖွဲ့စည်းလှုပ်ရှားနေပါတယ်။
ဒါဟာ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံပါ၀င်တဲ့ နိုင်ငံရေးရာနဲ့ ဥပဒေရေးရာ
လူ့အခွင့်အရေးအဖွဲ့များကို ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အစိုးရများအနေနဲ့ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး
ချိုးဖောက်ခဲ့မှုများကို တာဝန်ခံမှုရှိရန် တောင်းဆိုမှုတွေကို လျစ်လျူရှုနေမယ်ဆိုရင် အလွန်ကြီးမားတဲ့
အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
အရေးကြီးတာကတော့ တာဝန်ခံမှုရှိခြင်း သဘောထားဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုအတွင်းမှာ
အကြီးအကျယ်ရွေ့ပြောင်းမှုဖြစ်ခဲ့ပါပြီ။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုဟာ ဒုတိယမျိုးဆက် အသွင်ကူးပြောင်းရေးကာလ
တရားမျှတမှု လုပ်ငန်းစဉ် မူဘောင်အတွင်းမှာ ကျရောက်နေပါတယ်။
အမှန်တရား၊ တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းမှု၊ သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ဟာ
အချင်းချင်း အပြန်အလှန် အထောက်အကူပြုနေတဲ့ လုပ်ငန်းစဉ်တွေဖြစ်လို့ အချိန်ဇယားချပြီး
ပြိုင်တူရင်ပေါင်တန်း အကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်။
ဒါတွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ အသွင်ကူးပြောင်းရေး ကာလတရားမျှတမှု
လုပ်ငန်းစဉ်တွေရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါပဲ။
ဒီမိုကရေစီလမ်းကြောင်း အမှန်ပေါ်မှာ ကျွန်တော်တို့ လျှောက်လှမ်းနေကြပြီဆိုရင်တော့
ဒီလုပ်ငန်းစဉ်တွေကို ဘယ်သူကမျှ ရပ်တန့်ထားဖို့ရာ မစွမ်းဆောင်နိုင်တော့ပါကြောင်း
တင်ပြလိုက်ရပါတယ်။
















