စာရှုသူများ.. သို့ မြန်မာတိုင်း(မ်) (အတွဲ ၃၅၊ အမှတ် ၆၈၃၊ ၁ - ရ၊ ၈၊ ၂၀၁၄)တွင် ဖော်ပြခဲ့သော မောင်သွေးသစ် "ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည် နှင့် ဆရာမင်းသိင်္ခဟောကိန်း" စာမူတွင် ပါရှိသည့် ဆရာမင်းသိင်္ခ၏ ဟောကိန်းသည် ယနေ့နိုင်ငံရေး အခြေအနေ ဖြစ်ရပ်မှန်နှင့် အံ့ဩဖွယ် ကောင်းလွန်စွာ တိုက်ဆိုင်နေပါသဖြင့်ပြန်လည်ဖော်ပြလိုက်ပါသည်။
စာရှုသူများ.. သို့ မြန်မာတိုင်း(မ်) (အတွဲ ၃၅၊ အမှတ် ၆၈၃၊ ၁ - ရ၊ ၈၊ ၂၀၁၄)တွင် ဖော်ပြခဲ့သော
မောင်သွေးသစ် "ရှစ်လေးလုံး ၂၆ နှစ် နှစ်ပတ်လည် နှင့် ဆရာမင်းသိင်္ခဟောကိန်း" စာမူတွင်
ပါရှိသည့် ဆရာမင်းသိင်္ခ၏ ဟောကိန်းသည် ယနေ့နိုင်ငံရေး အခြေအနေ ဖြစ်ရပ်မှန်နှင့်
အံ့ဩဖွယ် ကောင်းလွန်စွာ တိုက်ဆိုင်နေပါသဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။
၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်၊ ည ၉ နာရီ အချိန်ခန့်တွင် အနောက်ကြို့ကုန်းရပ်ကွက်၊ စန္ဒဝင်း
လက်ဖက်ရည်ဆိုင်၌ စက်မှုတက္ကသိုလ် ကျောင်းသားသုံးဦးနှင့် အရက်မူးနေသော အရပ်သား
လူငယ်လေးဦးတို့ အချင်းများမှုသည် 'ရှစ်လေးလုံး ပြည့်သူ့အရေးတော်ပုံကြီး' ၏ သမိုင်းသစ်
နိဒါန်းအဖွင့်ဟု ကမ္ပည်း မော်ကွန်းထိုးရမည်။
တစ်နည်းအားဖြင့် ပြောရသော် မဆလ တစ်ပါတီ အုပ်ချုပ်မှု ပြိုလဲပျက်ပြုန်းသွားစေမည့်
နိဂုံးဇာတ်သိမ်းခန်းအစပင် ဖြစ်သည်။
ယင်းသို့သော သမိုင်းသစ်နိဒါန်း မစတင်မီ ကတည်းက အုပ်ချုပ်သူ လူတန်းစားနှင့် အုပ်ချုပ်ခံ
ပြည်သူတို့အကြား မပြေလည်မှု နောက်ခံပြဿနာများ၊ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ
များစွာရှိခဲ့ဖူးသည်။
"သမိုင်း အချိုးအကွေ့ အပြောင်းအလဲဆိုတာ ရုတ်ခြည်း ထဖြစ်ပွားလာတာမျိုး မဟုတ်ဘူး။
တိုင်းပြည်မှာ မကျေနပ်မှုတွေ၊ ပဋိပက္ခတွေ များများလာလေလေ၊ အဲဒီ အဖုအထစ်၊ အစိုင်အခဲတွေ
ပေါင်းစည်းမိသွားတဲ့ အချိန်တစ်ချိန်မှာ ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရနိုင်တော့တဲ့ ပေါက်ကွဲမှု၊
ပြောင်းလဲမှု၊ အချိုးအကွေ့ကြီးတစ်ခု ဖြစ်ပွားပေါ်ပေါက်လာရစမြဲပဲ"ဟု ဆရာဒေါက်တာသန်းထွန်း
(ကွယ်လွန်) ကောက်ချက်ချ ပြောဖူးသည်။
ဆရာ့ ကောက်ချက်ချ ပြောစကား မှန်ကန်ပါသည်။ မဆလတို့ အုပ်ချုပ်သည့် ၂၆ နှစ်တာ
ကာလအတွင်း ၆၂ ခုနှစ်၊ မတ်လ ရ - ၈ ရက်၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်
တို့အား ပစ်ခတ်သတ်ဖြတ်မှု၊ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို
မိုင်းခွဲဖြိုဖျက်ခဲ့မှု၊ ၆၃ ခုနှစ် ကျွန်းဆွယ်အားကစားပြိုင်ပွဲ အဓိကရုဏ်း၊ ရ၄ ခုနှစ်၊ ဇွန်လ ၆ ရက်
အလုပ်သမားအရေးအခင်း၊ ရ၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် ဦးသန့် ဈာပနကိစ္စ အုံကြွလှုပ်ရှားမှု၊
ရ၅ ခုနှစ်၊ ဇွန် ၆ ရက် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်၊ ရ၆ ခုနှစ်၊ မတ် ၂၃ ရက်
မှိုင်းရာပြည့် အရေးတော်ပုံ၊ ၈၇ ခုနှစ် ငွေစက္ကူပြဿနာ၊ ဆန်ပြဿနာ၊ ပြဿနာပေါင်းစုံ။
ဒီကြားထဲ မြွေပူရာ ကင်းမှောင့်ဟု ဆိုရမည့် ၁၉၈၇ ခုနှစ်တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေညီလာခံကြီးက မြန်မာနိုင်ငံကို 'ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ' အဖြစ် စာရင်းသွင်း
ကြေညာချက် ထုတ်ပြန်ခံရသည့် သတင်းဆိုး အပါအဝင် မြန်မာတွေ အုပ်ချုပ် မင်းမူသည့်
ခေတ်ရောက်မှ မြန်မာ့ ဂုဏ်သိက္ခာ အကျည်းတန် အရုပ်ဆိုးစွာ ဖြစ်ရသည်မှာ မဆလအစိုးရ၌
တာဝန်အပြည့်ရှိသည်။
ယင်းသို့သော ကာလနောက်ခံ အကြောင်း တရားများကြောင့် 'ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ'
အကျိုးတရား ဖြစ်ပေါ်လာရသည်။
'ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး' သည် မြေပေါ် မြေအောက် နိုင်ငံရေးအဖွဲ့များ၊
လက်နက်ကိုင် အင်အားစုများ၏ လှုံ့ဆော်မှု ပယောဂမပါ။ ကျောင်းသားထုက တိုက်ပွဲ ခေါ်သံ
စတင်သည်။
သွေးစည်း ညီညွတ်စွာ တိုက်ပွဲဝင်ကြသည်။ မူလတန်း ကျောင်းသူ၊ ကျောင်းသားကလေးများ
အပါအဝင် ရဟန်း သံဃာတော် အရှင်သူမြတ်များ၊ အလွှာပေါင်းစုံက ၀န်ထမ်းများ၊ ပြည်လုံးကျွတ်
ပြည်သူများ၊ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲများပါမကျန် 'ပြည်သူ့အရေးတော်ပုံ'
ရက်ရှည်ကြာ ဆန္ဒပြပွဲကြီး ကမ္ဘာကျော်အောင် ဆင်နွှဲခဲ့ကြသည်။
ထိုတိုက်ပွဲဝင် လူတန်းစား အလွှာပေါင်းစုံ အဖွဲ့အစည်း အသီးသီးများထဲတွင် 'စာပေနှင့်
အနုပညာရှင်များအဖွဲ့'လည်း ပါသည်။
ထို အဖွဲ့၏ ဟောပြောပွဲ အစီအစဉ်များထဲတွင် နာမည်ကျော် စာရေးဆရာ၊ ဗေဒင်ယတြာ
ဆရာကြီး မင်းသိင်္ခလည်း ရှေ့ဆုံးတန်းမှ သူ့သဘော၊ သူ့ဆန္ဒအရ တက်ကြွစွာ ကူညီသူ အဖြစ်
ပါ၀င်သည်။
* * *
ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း နှလုံး အထူးကုအဆောင်ရှေ့၊ ဆင်ဝင်ဘေးရှိ၊
သံရေတိုင်ကီပျက်ကြီးကို ဟောပြောစင်သဖွယ် အသုံးချ၍ ဒီမိုကရေစီ တရားပွဲများကို
'စာပေနှင့် အနုပညာရှင်များအဖွဲ့'က ဦးစီး ကျင်းပသည်။
ဩဂုတ် ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ပြည်သူလူထုနှင့်
ပထမဦးဆုံးအကြိမ် တွေ့ဆုံဟောပြောပွဲကို ဆေးရုံကြီးဝင်းထဲ၌ စီစဉ်ဆောင်ရွက်ခဲ့သည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံဘုရား အနောက်မုခ် မျက်နှာစာ၌ ဒေါ်အောင်ဆန်းစုကြည်
ဟောပြောပွဲအတွက် 'စာပေနှင့် အနုပညာရှင်များအဖွဲ့'က သတင်းပြန်ကြားရေး ကိစ္စများ
တာဝန်ယူဝိုင်းဝန်းကူညီပေးခဲ့သည်။
အဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများအတွက် လိုအပ်သောရန်ပုံငွေကို ကိုယ်နှင့် ရင်းနှီးသူများထံမှ
အကူအညီ တောင်းခံရသည်။
မိမိနှင့် စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ၊ ကိုမျိုးမြင့်ညိမ်းတို့ သုံးဦးက ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်
၂၉ လမ်းထောင့်တွင် ဆရာ မင်းသိင်္ခထံ ရန်ပုံငွေ အလှူခံရန် ရောက်သည်။
"သူငယ်ချင်းတို့၊ ကိုယ် ကျပ် ၅၀၀ လှူမယ်။ ခုလောလောဆယ်တော့ ကိုယ့်လက်ထဲမှာ
ပိုက်ဆံမရှိဘူး။ နက်ဖြန် မနက်ပေးမယ်။ ဘယ်မှာ လာပေးရမလဲ" မိမိတို့က မိမိတို့ အဖွဲ့ရုံးတည်ရာ
ဘားလမ်းရှိ စပယ်ဦးစာပေတိုက်ကို ညွှန်းသည်။
နောက် နေ့နံနက်တွင် စပယ်ဦးသို့ ဆရာမင်းသိင်္ခ ရောက်လာသည်။
သို့သော် မိမိတို့ အဖွဲ့သား အားလုံး တရားပွဲအစီအစဉ်အတွက် ဆေးရုံကြီးဝင်းထဲသို့
ရောက်နေသည်။
ဆရာ မင်းသိင်္ခ ဆေးရုံကြီးဝင်းထဲသို့ ၀င်ရောက်လာစဉ် - "ပရိသတ်များခင်ဗျား၊ ကျွန်တော်တို့ရဲ့
ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲကြီးကို တစ်ခဲနက်ထောက်ခံအားပေးနေတဲ့ နာမည်ကျော်
စာရေးဆရာကြီးမင်းသိင်္ခ ဒီမိုကရေစီ တရားဟောရန် ကြွရောက်လာပြီ ဖြစ်ပါတယ်" ဟု မိမိတို့က
လှုံ့ဆော်ကြေညာပြီး ဆရာ မင်းသိင်္ခကို သံတိုင်ကီပျက်စင်ပေါ်သို့ ဆွဲတင် ပို့လိုက်သည်။
သူငြင်းဆန်ချိန် မရလိုက်ပါ။ တကယ်ဖြစ်ရပ်မှန်က ဆရာမင်းသိင်္ခ တရားဟောရန် လာရောက်ခြင်း
မဟုတ်ပါ။ ရန်ပုံငွေ ကျပ် ၅၀၀ ပေးအပ်ရန် လာရောက်ခြင်း ဖြစ်သည်။
သို့သော် မိမိတို့၏ အကြံအဖန်ကြောင့် ဆရာမင်းသိင်္ခခမျာ စင်ပေါ်တက်၍ ပရိသတ်၏
လက်ခုပ်သံကို သဲ့ယူသွားသည်။
* * *
စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်က အာဏာသိမ်းသည်။
'ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး'တွင် တက်ကြွစွာ ပါ၀င် ဟောပြောမှုကြောင့်
ဆရာမင်းသိင်္ခ အဖမ်းခံရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့၊ အင်းစိန် ထောင်အတွင်း တရားရုံးက ဆရာမင်းသိင်္ခ ကို ထောင်ဒဏ်
တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်သည်။
အင်းစိန်ထောင်ကြီးအတွင်း ဆရာ မင်းသိင်္ခနှင့်အတူ တစ်တိုက်တည်း အတူနေခဲ့ဖူးသော
ဆရာမောင်ဝံသသည် ဒုအကြိမ်မြောက် အထိန်းသိမ်းခံရပြီး ထောင်ခုနစ်နှစ် ပြစ်ဒဏ်ချမှတ်ခံရ
သော်လည်း မထင်မှတ်ဘဲ ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် ပြန်လည် လွတ်မြောက်
လာသောအခါ ဆရာမောင်ဝံသ ထံ မိမိသွားရောက်နှုတ်ဆက်သည်။
ဆရာ မောင်ဝံသက ထောင်တွင်းအတွေ့အကြံုများကို စီကာပတ်ကုံး ပြောကြားချက်များ၌
ဆရာ မင်းသိင်္ခအကြောင်း ပါလာသည်။
"ဒီလူ တော်တော်ချစ်ဖို့ကောင်းတယ်ဗျာ၊ တကယ့် ရဲဘော်ရဲဘက်ပီသတယ်။ အစောပိုင်းတုန်း
ကတော့ ဒီလူ စူပါစာရေးဆရာဆိုတော့ အထာကိုင်လိမ့်မယ်လို့ ထင်ထားတာ။
"ကျွန်တော့် အထင်မှားသွားတယ် ကိုသွေးသစ်ရေ၊ ကိုအောင်ထွန်းကြီးမှာ ဟိတ်ဟန် မရှိဘူး။
လူတိုင်းနဲ့ တည့်အောင်နေတတ်တယ်။ ရှင်းရှင်းပြောမယ်ဗျာ၊ ထောင်ကြပ်၊ ၀ါဒါ၊ ဘုတ်ကိုင်ဆိုတဲ့
ငနဲတွေကအစ ကိုအောင်ထွန်းကြီးနဲ့ဆို လေပေးဖြောင့်နေတာပဲဗျို့။
"ဒါကြောင့်မို့လားမသိဘူး။ အင်မတန် တင်းကျပ်တာတွေကို အလူးအလှိမ့်ခံနေရတဲ့
ကျွန်တော်တို့လို နိုင်ငံရေး အကျဉ်းသမားတွေ ဆီကို စားစရာ၊ အသုံးအဆောင်၊ ဆေးဝါးတွေကအစ
ရောက်ရောက် လာတယ်ဗျ။ ယူလာပေးတဲ့သူတွေက ဘယ်သူတွေမှတ်သလဲ၊ ထောင်ဝန်ထမ်း၊
အကြပ်၊ ၀ါဒါ၊ ဘုတ်ကိုင်တွေ၊ ဘယ်သူက ပေးခိုင်းတာလဲလို့ မေးလိုက်ရင် 'ဆရာကြီးမင်းသိင်္ခ'လို့
ဖြေသဗျ။
"ကိုအောင်ထွန်းကြီးက ဥပဓိရုပ်ကောင်း သလို စကားပြောလည်းကောင်းတယ်။
သူ့ မျက်လုံးအကြည့်မှာ တစ်ဖက်သားကို ညှို့ဓာတ်တွေရှိတယ်။ ဆံရှည်၊ နှုတ်ခမ်းမွေး၊
မုတ်ဆိတ်မွေးနဲ့ သူ့စတိုင်က ထူးခြားမှုရှိတယ်။ သူ့မှာက ပြောစရာစကားတွေကလည်း အများသား
ဘဝကလည်း စုံခဲ့သကိုးဗျာ။
"ဒီလို ဘဝကလည်းစုံ၊ ဗေဒင်၊ ယတြာ၊ ဂါထာ၊ မန္တန်တွေကလည်း တတ်ကျွမ်းတဲ့ သူဆိုတော့ဗျာ
ရေချိုးချိန် လူတွေစုံတဲ့ အခါမျိုးမှာ သူ့အပြောတွေက ကွက်စိပ် နားထောင်နေရသလိုမျိုး ကျွန်တော်တို့
မျောပါသွားတာ။ မှတ်မိသေးတယ်ဗျ၊ ဗေဒင်၊ ယတြာ၊ အတိတ် နိမိတ်ကောက်တာနဲ့ပတ်သက်ပြီး
ကိုအောင်ထွန်းကြီး လုပ်ပုံ။ အင်းစိန်ထောင်ထဲကို ကုလသမဂ္ဂက လူ့အခွင့်အရေး ကိုယ်စားလှယ်
'ယိုရို ယိုကိုတာ' လာကြည့်မယ်ဆိုတော့ ထောင်အဆောက်အအုံတွေ ထုံးဖြူသုတ် လိုက်တယ်ဗျာ။
အဲဒီလို ထုံးဖြူသုတ်တာကို ကိုအောင်ထွန်းကြီးက ဘယ်လို အတိတ်၊ နိမိတ်ကောက်
ယူလိုက်သလဲဆိုတော့...။
"ထုံးသုတ်တာက ကိုယ့်အတွက် အတိတ်ကောင်း၊ နိမိတ်ကောင်းပဲဗျာတို့၊ ကြည့်နေ၊
ကိုယ်တရားရုံးက ပြန်လာရင် အားလုံးအံ့အား သင့်စေရမယ်။ မင်းသိင်္ခဆိုတဲ့ စာရေးဆရာ ကိုယ့်ကို
ကွင်းလုံးကျွတ်လွှတ်စေဆိုတဲ့ အမိန့် ချမှတ်မှာ ကျိန်းသေပဲ"တဲ့။
"အဲ ...တရားရုံးက ပြန်လာတော့ မျက်နှာရှုံ့တွတွနဲ့ 'တစ်သက်တစ်ကျွန်း အမိန့်ချ လိုက်ပြီဗျ' လို့
ပြောတယ်။ အဲဒီကစပြီး သူ ဘာပြောပြော၊ ဘာဟောဟော ကျွန်တော်တို့ အယုံအကြည်တန်
သွားတယ်ဗျာ။
"တစ်ခါတော့ သူကပြောသေးတယ်။ အဆောင်တိုင်း အဆောင်တိုင်းက သောက်ရေအိုးတွေ
အားလုံးရိုက်ခွဲပစ်လိုက်၊ အဆောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ
အားလုံးလွတ်လိမ့်မတဲ့။
"ဘယ်လုပ်ရဲပါ့မလဲဗျာ။ ရေအိုးခွဲမှုနဲ့ အရေးယူခံရမှာ၊ ပြီးတော့ သေချာတာက သောက်ရေ
ငတ်ကုန်ကြမှာ၊ သူ့အဟောကို မယုံလို့ ကျွန်တော်တို့ မလုပ်ဘူး။
"တစ်နေ့တော့ ရေချိုးဆင်းချိန်၊ ကျွန်တော်ရယ်၊ ကိုအောင်လွင်ရယ်၊ ကိုမိုးသူရယ်၊
ဒေါက်တာဘမော်သမက် ဦးရဲထွန်းရယ်ဆီကို သူလာပြီး ဘာစကား အဆက်အစပ်မှ မရှိဘဲ
'ဘယ်လ၊ ဘယ်နေ့၊ ဘယ်အချိန်မှာ ခင်ဗျားတို့ အထဲက အင်္ဂါသားဆိုတဲ့ ပုဂ္ဂိုလ်
ဒီအကျဉ်းထောင်ကြီးထဲက လွှတ်မိန့်ကျလိမ့်မယ်' လို့ ခပ်တည်တည်ကြီးပြောပြီး ထွက်သွားသဗျ။
ကျွန်တော်တို့ကလည်း ဆက်မမေးပါဘူး။ တစ်လလောက်ကြာတော့ မနက်ခင်းမှာ
ထောင်ပိုင်ကြီးရုံးခန်းက ၀န်ထမ်းတစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို ထောင်ပိုင်ကြီး
ရုံးခန်းထဲလိုက်ခဲ့ဖို့ ခေါ်သဗျ။ ကျွန်တော် စိတ်ထင်လိုက်တာက ထောင်ပြောင်းဦးမှာလား။
အမှုတွဲထပ်တိုးပြီး အင်န်အယ်လ်ဒီ အမတ်ဖြစ်တဲ့ သူမို့လို့ ပြစ်ဒဏ်ရက်ကာလ ထပ်တိုးကြောင်း
ပြောလေမလားဆိုပြီး လိုက်သွားတာပေါ့ဗျာ။ ထောင်ပိုင်ကြီးနဲ့ တွေ့တော့ 'ဦးစိုးသိမ်း၊ ပစ္စည်းတွေ
သိမ်းပါ။ ခင်ဗျား ဒီနေ့ လွတ်မိန့်ကျပြီ'လို့ ပြောလိုက်တော့ ကျွန်တော် အံ့အားသင့်သွားတယ်။
ဘာပြန်ပြောရမှန်း မသိဘဲ နံရံပေါ်က ပြက္ခဒိန်ကိုကြည့်လိုက်တော့ "၁၉၉၂ ခုနှစ်၊ ဧပြီ ၂၉ ရက်၊
မနက်ပိုင်း။
"ဟာ ... ကိုအောင်ထွန်းပြောတာ အတိ အကျမှန်နေပါပေါ့လား" လို့ ကျွန်တော့်နှုတ်က
အာမေဍိတ်သံအကျယ်ကြီး ထွက်သွားတယ်။ ဒီစကားသံထွက်သွားတော့ ထောင်ပိုင်ကြီးရော၊
ထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေရော၊ ရဲအထူး သတင်းထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေကပါ
'ကိုအောင်ထွန်းပြောတာ ဘာမှန်တာလဲ၊ ဘယ်လိုမှန်တာလဲ'လို့ အလောတကြီးမေးကြတာပေါ့။
ဒါနဲ့ ကျွန်တော်လည်း ၀မ်းသာ အားရပြောပြလိုက်တယ်။ ကျွန်တော်တို့ အုပ်စုထဲမှာ ရှိတဲ့
သူတွေထဲမှာ ကိုအောင်ထွန်းပြောတဲ့ အင်္ဂါသားဆိုတဲ့ ပုဂ္ဂိုလ်က 'စိုးသိမ်း'ဆိုတဲ့ ကျွန်တော်
မောင်ဝံသဖြစ်နေတာကိုး။
"ကျွန်တော်ကသာ ခုလို၀မ်းသာအားရနဲ့ ပြောချလိုက်တာ၊ ကိုအောင်ထွန်းအဖို့တော့
ဒုက္ခရောက်သွားတော့တာပဲ။ ချက်ချင်းပဲ ကိုအောင်ထွန်းကို ရုံးခန်းထဲ သွားခေါ်လာတယ်။
ကျွန်တော့်ကို သူပြောခဲ့တာတွေ ဟုတ် မဟုတ်၊ မှန် မမှန် မေးတယ်။ သူကလည်း ကျွန်တော်
ပြောခဲ့တဲ့အတိုင်း ပြန်ပြောတယ်။
"ချုံ့ပြောရမယ်ဆိုရင်တော့ဗျာ၊ ကိုအောင်ထွန်းကို သက်ဆိုင်ရာက လျှို့ဝှက်ခေါ်တွေ့တယ်။ သူတို့
သိချင်တဲ့ မေးခွန်းတစ်ခုမေးမယ်။ အဲဒီမေးခွန်းက အထက်က လူကြီးတွေ မေးခိုင်းတာ၊ အာရုံမှာ
ထင်တဲ့အတိုင်း အမှန်အတိုင်းဖြေပါ။ အဲဒီအဖြေနဲ့ ပတ်သက်ပြီး လုံးဝ အရေးမယူဘူးလို့ သူကို
ပြောသတဲ့။
"ကိုအောင်ထွန်းကလည်း မဟော၊ မပြောပါရစေနဲ့လို့ အကြောက်အကန် ငြင်းဆန်တယ်။
နောက်ဆုံး ဘယ်လိုမှ ငြင်းမရတာနဲ့ 'သူ့ကို တစ်လတိတိ အချိန်ပေးပါ။ သူ သက်သတ်လွတ်စား၊
အဓိဋ္ဌာန်ဝင်မယ်၊ တစ်လပြည့်တဲ့ မနက်မှာ အဖြေပေးမယ်'လို့ ကတိပေးလိုက်ရတယ်။
သူသက်သတ်လွတ်စား ဥပုသ်စောင့်၊ အဓိဋ္ဌာန်ဝင်၊ ဂါထာမန္တန်တွေ ရွတ်တယ်။
"တစ်လပြည့်တဲ့နေ့၊ ထောင်ကြီးရဲ့ သီးသန့် အထူးစစ်ကြောရေးခန်းမှာ စစ်ဘက်၊ ရဲဘက်
လုံခြံုရေးအရာရှိကြီးတွေ အပါအဝင် အသံဖမ်းစက်ဖွင့်ပြီး ကိုအောင်ထွန်းကို မေးခွန်း စမေးတယ်။
အဲဒီမေးခွန်းက - "ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်း ဆောင်ဖြစ်လာမလား၊ တိုင်းပြည်ကို
အုပ်ချုပ် ခွင့်တကယ်ရမလား" ဒါပဲ။
"ကိုအောင်ထွန်း အဖြေက - '၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်
လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံကို အုပ်ချုပ်ခွင့်မုချ ရမှာ ဖြစ်တယ်'လို့
ဟောကိန်းထုတ်သတဲ့"
* * *
ဆရာမင်းသိင်္ခ ဟောကိန်းထုတ်တဲ့ အချိန်က ၁၉၉၀ အထွေထွေရွေးကောက်ပွဲပြီးကာလ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ်အတော်များများ မြန်မာနိုင်ငံ
အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့အချိန်။
ဆရာမင်းသိင်္ခဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်မဟုတ်သလို ဘယ်ပါတီဝင်မှ မဟုတ်ဘူး။
ရှစ်လေးလုံးတိုက်ပွဲကာလမှာ ဒီမိုကရေစီ တရားတွေ လှည့်လည်ဟောပြောလို့ အင်းစိန်
အကျဉ်းထောင်ကြီးထဲမှာ အထိန်းသိမ်းခံနေရတာ။
အဲဒီမှာ ဆရာမောင်ဝံသတို့ အဖွဲ့နဲ့ ဆုံတယ်။ ဆရာမောင်ဝံသပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ပတ်သက်တဲ့ သူ့ "ဟောကိန်း"ကို မိမိစိစစ်၊ သုံးသပ်မိပါတယ်။ 'စာရှုသူများခင်ဗျား' အဲဒီလို
အချိန်ကာလမျိုးမှာ ဆရာမင်းသိင်္ခက 'ဟောကိန်း' ထုတ်ခဲ့တာ။ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ
အခြေခံဥပဒေမပေါ်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့၊ ရွေးကောက်ပွဲ
ကော်မရှင်တို့ဆိုတာ ဘယ်ဆီ ရောက်နေမှန်းတောင် မသိရဘူး။ (မနေ့တစ်နေ့ကမှ
ရွေးကောက်ပွဲကော်မရှင်က ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကြီးကို
၂၀၁၅ နှစ်ကုန်ပိုင်းမှာမှ ကျင်းပမယ်လို့ ကြေညာခဲ့)
သိပ်အံ့ဩစရာကောင်းတဲ့ အချက်က ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့်
ရက်ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာဖြစ်မယ်လို့ ကြေညာချက်ဟာ ဆရာမင်းသိင်္ခ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၀ ကျော်က ဟောကိန်းထုတ်ခဲ့တဲ့ နှစ်ကာလ၊ လနဲ့ ချိန်ကိုက် တိုက်ဆိုင်နေတာပါပဲ။
"၂၀၁၅ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်
နိုင်ငံကို အုပ်ချုပ်ခွင့်မုချရမှာ ဖြစ်တယ်"ဆိုတဲ့ ဆရာမင်းသိင်္ခ ဟောကိန်းမှန် မမှန် မိမိတို့
စောင့်ကြည့်ကြပါစို့။

















