နိုဝင်ဘာလ ၄ ရက်နေ့ အထွေထွေရွေး ကောက်ပွဲကြီး ကျင်းပရန် သုံးရက်အလိုတွင် DVB က အင်းလျားကန်ဟိုတယ် မင်္ဂလာခန်းမ၌ National Election Debate ကို ထူးခြားသော အစီအစဉ်ဖြင့် ကျင်းပခဲ့သည်။
နိုဝင်ဘာလ ၄ ရက်နေ့ အထွေထွေရွေး ကောက်ပွဲကြီး ကျင်းပရန် သုံးရက်အလိုတွင် DVB က
အင်းလျားကန်ဟိုတယ် မင်္ဂလာခန်းမ၌ National Election Debate ကို ထူးခြားသော
အစီအစဉ်ဖြင့် ကျင်းပခဲ့သည်။
ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီပေါင်း ၉၂ ခုထဲမှ နာမည်ကြီးနိုင်ငံရေးပါတီ
ခြောက်ခုက တာဝန်ခံများကို ဖိတ်ကြား၍ ယင်းတို့ပါတီ၏ မူဝါဒများကို ဦးစွာ မေးမြန်းသည်။
ထို့နောက် ပညာရေး၊ စီးပွားရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးစသည့်
အကြောင်းအရာများနှင့် ပတ်သက်၍ မိမိတို့ ပါတီအနိုင်ရ၍ အစိုးရဖြစ်လာလျှင် ဆောင်ရွက်ပေးမည့်
အချက်များကို မေးမြန်းသည်။
ပါတီကြီးခြောက်ခုက နိုင်ငံရေးခေါင်းဆောင် အားလုံးသည် တိုင်းပြည်နှင့် လူထုအတွက်
ခေတ်ပြောင်းပေးမည်၊ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းပေါ်တက်မည်၊ ပြည်သူများ ဆင်းရဲမှု
လျော့နည်းအောင် ကြိုးစားမည်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး
ရအောင် ကြိုစားမည်ဟု ဆိုကြသည်။
ပါတီများ၏ မြန်မာနိုင်ငံရေး ခေါင်းဆောင်များကို ဦးစွာမေးလိုသည်။
ယခု ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၂ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်မှာ
ကြည့်၍ ကြား၍ ကောင်းပါ၏လော။
ကမ္ဘာပေါ်ရှိ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် ရွေးကောက်ပွဲကျင်းပလျှင် ဤမျှများသော
ပါတီများ ၀င်ရောက်ယှဉ်ပြိုင်ကြသည်ဟူ၍ ရှိပါ၏လော။
အမေရိကန်၊ အင်္ဂလန်၊ ဂျပန် စသော ထိပ်တန်းနိုင်ငံများ မဆိုထားနှင့် အာဆီယံအဖွဲ့ဝင် စင်ကာပူ၊
ထိုင်း၊ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများပင် ရွေးကောက်ပွဲကို အဓိကပါတီကြီးနှစ်ခုသာ
ဆန်ခါတင် ပါ၀င်ယှဉ်ပြိုင်ခဲ့ပုံကို မသိ၍၊ ပါတီပေါင်းများစွာ အစိတ်စိတ်အမြွှာမြွှာကွဲကာ
၀င်ပြိုင်နေသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲပုံစံကို အဟုတ်ကြီးထင်နေကြပါ၏လော-ဟူ၍။
နိုင်ငံ့အကျိုး၊ တိုင်းပြည်အကျိုး၊ တိုင်းရင်းသားများအကျိုးကို ဆောင်ရွက်လို၍ နိုင်ငံ့ခေါင်းဆောင်
လုပ်လိုသူများသည်၊ စည်းလုံးညီညွတ်စွာပေါင်းစုပြီး ကျစ်လျစ်ခိုင်မာသော ပါတီကြီးများအဖြစ်
ဖွဲ့စည်းနိုင်မှ ပိုမိုထိရောက်စွာ အကျိုးဆောင်နိုင်မည်ဟူသော တွေးခေါ်မြော်မြင်ရေးတရားကို
လက်ကိုင်ထားရမှန်း မသိကြပြီလော။
တစ်ယောက်တစ်ပေါက်၊ သူတစ်လူငါတစ်မင်း အကွဲကွဲအပြားပြားနှင့် ပြန့်ကျဲစွာ
လုပ်ဆောင်ကြခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် ထိရောက်မည်ဟု ယူဆနိုင်ပါ၏လော။
တိုးတက်၍ အဆင့်မြင့်သော နိုင်ငံများနည်းတူ အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီကြီး
နှစ်ပါတီ၊ သို့မဟုတ် သုံးပါတီတို့ကသာ ယှဉ်ပြိုင်ဖြစ်အောင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်
(တိုင်းရင်းသားခေါင်းဆောင်များအပါအဝင်)များ ပေါင်းစည်းနိုင်ခြင်း မရှိပြီလော။
မရှိလျှင် အဘယ်ကြောင့်ပါနည်း။
၄ ရက်နေ့က Debate တွင် အာဏာရ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်က ပြောသွားသည်။
အပြောနှင့် မဟုတ်၊ အလုပ်နှင့် သက်သေပြပါ။
နိုင်ငံတော်သမ္မတဖြစ်အောင် လုပ်ကြည့်ပါဟူ၍ ပြောသည်။
အခြားပါတီများကို နိုင်ငံတော်သမ္မတ လုပ်နိုင်လျှင်လုပ်ကြည့်ပါဟု ပြောခြင်းသည်။
သမ္မတရာထူးကို မလုပ်နိုင်အောင် ပြောင်ကျကျ ပိတ်ပင်တားဆီးခဲ့သည့် သမိုင်းဖြစ်ရပ်ကို မသိ၍
ပြောသလောဟု မေးရန်ရှိသည်။
၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပ၍ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကာ
၂၀၀၈ ခုနှစ်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုခဲ့သည်။
အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေ၌ သမ္မတတစ်ဦးဖြစ်ရန် ကန့်သတ်ချက်များ ရေးဆွဲ
အတည်ပြုခဲ့သည်ကို နိုင်ငံရေးခေါင်းဆောင်များ သိပါ၏လော။
ပါတီခေါင်းဆောင်များကို အနိုင်ရ၍ အစိုးရဖွဲ့ပြီးလျှင် ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပေးရန်
များကို မေးမြန်းရာ၊ အခမဲ့ ပညာရေး၊ ဆရာ ဆရာမများ တိုးချဲ့ ခန့်ထားရေး၊ နိုင်ငံတကာ
အဆင့်မီသော ပညာများ သင်ကြားရေးစသည်များ ဆောင်ရွက်ပေးမည်ဟု ပါတီခေါင်းဆောင်
အသီးသီးက ဖြေကြားခဲ့သည်။
သို့သော် မည်သည့်ငွေကို သုံးမည်၊ ငွေမည်မျှ သုံးမည်ကို ဘယ်ပါတီကမျှ မပြောကြ။
ပညာရေး အသုံးစရိတ်အတွက် ဘတ်ဂျက်ရန်ပုံငွေလျာထားချက် ရာခိုင်နှုန်း မည်မျှအထိ
သတ်မှတ်ပေးမည်နည်း။
စစ်အစိုးရလက်ထက်က ပညာရေးအတွက် ဘတ်ဂျက်လျာထားချက်သည် ကာကွယ်ရေး
အသုံးစရိတ်၏ ၁၀ ပုံတစ်ပုံလောက်သာ လျာထား သတ်မှတ်ခဲ့ခြင်းကို မည်သို့မြင်ပါသနည်း။
ကျောင်းသားများ ပညာရေးဥပဒေရေးဆွဲစဉ်က တောင်းဆိုခဲ့သည့် ပညာရေးအသုံးစရိတ်
၂၀ ရာခိုင်နှုန်းအထိ လျာထားပေးရန်ဟူသော အချက်ကို လက်ခံပါ၏လောဟူ၍ ပညာရေးကို
အမှန်တကယ်မြှင့်တင်လိုပါက၊ ပညာရေး ဥပဒေကို တစ်သက်လုံးအထက်စီးမှ တာဝန်ထမ်းခဲ့သော
အဆင့်မြင့်ပညာဦးစီးဌာနက ရာထူးကြီးသူများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများ၊
ပါမောက္ခချုပ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ အငြိမ်းစားများချည်း ရေးဆွဲစေခြင်းထက်၊ လက်တွေ့
အခြေခံကျကျ ပါ၀င်ပတ်သက် လုပ်ကိုင်နေရသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ
ကျောင်းသားများနှင့် ကျောင်းသားမိဘများကိုပါ ထည့်သွင်း၍ ရေးဆွဲစေသင့်သည်ကို
လက်ခံပါ၏လော။
အနည်းဆုံးအခကြေးငွေကို ကျပ် ၃,၆၀၀ အဖြစ် သတ်မှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပါတီ
ခေါင်းဆောင်များ စဉ်းစားပေးရန် အရေးကြီး အချက်များ အကြံပေးလျှင် လက်ခံပါမည်လော။
ပထမအလုပ်သမားဘက်က ကျပ် ၃,၆၀၀ နည်းသည်ဟုဆိုခြင်းမှာ စားစရိတ်ကြီးလွန်၍ မလောက်၊
သွားလာစရိတ်ကြီး လာခြင်းကြောင့် မလောက်၊ ၀င်ငွေထက် ထွက်ငွေက များလာခြင်းကြောင့်
ဆင်းရဲဒုက္ခ ဖြစ်ရသည်၊ ဤသို့ဖြစ်ရခြင်းမှာ ကုန်ဈေးနှုန်း တက်၍ တက်၍ လာခြင်းကြောင့် ဖြစ်ရာ၊
ကုန်ဈေးနှုန်း မတက်အောင်အစိုးရဘတ်ဂျက် ရန်ပုံငွေကို ဘဏ္ဍာရေးမူဝါဒ (Fiscal Policy)
ချမှတ်၍ ထိန်းသိမ်းဆောင်ရွက်ရေး၊ ငွေကြေး ဖောင်းပွမှု မဖြစ်အောင် ဘဏ္ဍာရေး စီမံခန့်ခွဲမှု
(Financial Management) ကို ငွေရင်းငွေနှီး ဈေးကွက် (Capital Market) ပီပြင်စွာ
ဖော်ဆောင်ရေး၊ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ (Production Promotion)၊ နိုင်ငံခြား
ငွေပေးငွေယူ လက်ကျန်ရှင်းတမ်း (Balance of Payment) တွင် အမြတ်ရရှိရေးစသော
ဆောင်ရွက်ဖွယ်ရာများကို အမြန်ဆောင်ရွက်ပေးနိုင်၏လော။
ဒုတိယအလုပ်ရှင်ဘက်က ကျပ် ၃,၆၀၀ ပေးရ မည်ကို များသည်ဟုဆိုခြင်းမှာ
အဘယ်ကြောင့်နည်း၊ ကုန်ထုတ်လုပ်သူတို့သည် ကုန်ပစ္စည်းထုတ်လုပ်လျှင် ထိုပစ္စည်း၏
တန်ဖိုး (Costing) ကို တွက်ချက်ပြီးမှ အမြတ်ရာခိုင်နှုန်းတင်၍ စက်ရုံထွက်တန်ဖိုး
သတ်မှတ်ရသည်။
Costing တွက်ရာ၌ ကုန်ကြမ်းရရန် ခက်ခြင်း၊ ဈေးကြီးခြင်း၊ ကုန်ကြမ်းအတွက်
သယ်ပို့စရိတ်များခြင်း၊ လျှပ်စစ်ဓာတ်အား အလုံအလောက်မရသောကြောင့် ကိုယ်ပိုင် မီးစက်ဖြင့်
မောင်းသောအခါ လောင်စာဆီနှင့် အခြားစရိတ်များ ပိုကုန်ခြင်း၊ အခြေခံ အဆောက်အအုံ၏
အားနည်းချက်ကြောင့် စရိတ်ပိုကုန်ခြင်းတို့အပြင် မမြင်နိုင်သည့် ကြီးလေးသော ကုန်ကျစရိတ်မှာ
လာဘ်ပေးလာဘ်ယူတည်းဟူသော သွယ်ဝိုက်စရိတ်များခြင်းကြောင့်ဖြစ်သည်။
ဤလာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားမှုကို မည်သည့်အခါမှ နိုင်အောင် နှိမ်နင်းပေး
နိုင်ပါမည်နည်း။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပါတီကိုယ်စားလှယ်တိုင်းက ငြိမ်းချမ်းရေး အမြန်ရအောင်
ဆောင်ရွက်ပေးမည်ဟုဆိုသော်လည်း ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ
တည်ထောင်ရေးတို့၏ အပြန်အလှန် ဆက်စပ်မှု ရှိပုံအကြောင်း ရှင်းလင်းစွာဖော်ပြခြင်း
အဘယ်ကြောင့် မပြုပါသနည်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အေးချမ်းသာယာရေးတွင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်းနှင့်အတူ ကိုယ်ဒေသထွက် သယံဇာတပစ္စည်းများကို ကိုယ်ပိုင်အကျိုး
ခံစားခွင့်ပြုရေး၊ ဒေသဆိုင်ရာအစိုးရများက မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးကို
ကိုယ်ပိုင်ဆောင်ရွက် ခွင့်ပြုရေးစသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပါ၀င်သောအချက်များကို
အဘယ်ကြောင့် ညှိနှိုင်းဆောင်ရွက်ကျင့်သုံးရန် ခက်နေပါသနည်း။
တပ်မတော်သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ရမည်ဟူသော
အခြေခံဥပဒေပါအချက်ကို တိုင်းရင်းသားများအပါအဝင် အားလုံးက လိုက်နာကျင့်သုံးရန်
ဖြစ်သော်လည်း၊ ယင်းသို့ ကျင့်သုံးရာတွင် နယ်မြေစိုးမိုးရေးနှင့် သယံဇာတ ထွက်ကုန်ပစ္စည်းများ
အုပ်စည်ရေးအတွက် နယ်ချဲ့ လွှမ်းချုပ်သကဲ့သို့ မဖြစ်စေရန် အရေးကြီးသည်။
တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော ကြွေးကြော်သံသည်
အိမ်နီးချင်းနိုင်ငံများ၏ မလေးမစားပြုခြင်း မခံရစေရန်သာ အဓိကရည်ရွယ်ရမည်ဖြစ်ကြောင်း
ကောင်းကောင်းကြီး သဘောပေါက်သည့် နိုင်ငံရေးပါတီခေါင်းဆောင်များ ပေါ်ပေါက်ရန်
မလိုပြီလော။
(စာရေးသူသည် ပြည်တွင်း စာနယ်ဇင်းများတွင် သတင်းဆောင်းပါးများ ရေးသားလျက်ရှိသည်)

















