ငြိမ်းချမ်းရေးရဖို့၊ ဘာကြောင့်အရေးကြီးရသလဲ စစ်ပွဲဆိုတာ လူသားတွေကို အများဆုံး ဖိစီးမှုတွေ ပေးနေတဲ့ ကြမ်းတမ်းသော ပြဿနာ တစ်ခုပါ။
ငြိမ်းချမ်းရေးရဖို့၊ ဘာကြောင့်အရေးကြီးရသလဲ စစ်ပွဲဆိုတာ လူသားတွေကို အများဆုံး ဖိစီးမှုတွေ
ပေးနေတဲ့ ကြမ်းတမ်းသော ပြဿနာ တစ်ခုပါ။
ငြိမ်းချမ်းရေးဟာ စစ်ပွဲထက်အပုံ ကြီးသာတယ်ဆိုတာ လူတိုင်းသိတယ်။
နောက်ပြီး ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲမရှိရုံ မျှသာ လိုအပ်တာမဟုတ်ဘူး။ လူတွေရဲ့ ဘဝရပ်တည်မှုနဲ့
ဘဝတန်ဖိုးမြှင့်တင်ဖို့၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အနာဂတ် အကျိုးစီးပွားဖြစ်ထွန်းမှုတို့အတွက်ပါ
လိုအပ်တယ်။ ဒါပေမဲ့ စစ်ဆက်တိုက်ကြမလား၊ ငြိမ်းချမ်းရေး ယူကြမလားလို့ မေးလာတိုင်း
ဟိုဟာ အကြောင်းပြ၊ ဒီဟာအကြောင်းပြနဲ့ ချီတုံချတုံ ဖြစ်နေကြပြန်တယ်။
ဘာကြောင့် ဒီလိုဖြစ်နေ ကြတာလဲ။ ကာယကံရှင်တွေကတော့ လွယ်လွယ်နဲ့ အဖြေပေးကြမှာ
မဟုတ်ပါဘူး။ ကြားထဲကနေပြီး ကျွန်တော်ကပဲ အဖြေပေးသွားပါ့မယ်။
ကျွန်တော့်အဖြေကို လက်ခံနိုင်တယ်ဆိုရင်တော့ ၀မ်းသာပါတယ်။ လက်မခံနိုင်ဘူးဆိုရင်လည်း
မတတ်နိုင်ဘူး။
အတ္တနောမတိ ကျွန်တော့်အယူအဆလို့သာ မှတ်ယူလိုက်ပါတော့။ စစ်ပွဲတွေကို ရပ်စဲပြီး
ငြိမ်းချမ်းရေးကို တည်ဆောက်မယ် လုပ်တိုင်းလုပ်တိုင်း၊ ဩဇာ အာဏာအလွန် ကြီးမားတဲ့
လူပုဂ္ဂိုလ်တချို့ရဲ့ စိတ်တိမ်းညွတ်မှုနဲ့ အပြုအမူတွေကို ကျွန်တော်တို့က ထည့်မစဉ်းစားဘဲ နေလို့ကို
မရပါဘူး။
"စစ်ပွဲတွေကိုရပ်စဲအောင် စစ်ပွဲနဲ့ပဲ လုပ်ရမယ်" ဆိုတဲ့ အယူအဆရှိတဲ့ လူတော်တော်များများ
တွေ့ဖူးပါတယ်။ စစ်တိုက်ပြီး နှိမ်နင်းပစ်ရမယ်။ ဘယ်လိုနှိမ်နင်းရမယ် ဆိုတာလောက်သာ
စဉ်းစားရမှာလို့ သူတို့က ပြောကြတယ်။
ဒီနေရာမှာ ကောက်ကျစ်စဉ်းလဲမှုတွေ၊ မရိုးမဖြောင့်မှုတွေ၊ ကတိကဝတ် ချိုးဖောက်မှုတွေပါ
ပါလာတော့တာပါပဲ။
ဒါဟာ ရာစုနှစ်ဝက်ကျော် ကျွန်တော်တို့နားထဲမှာ မဆံ့လောက်အောင် အမြဲကြားနေရတဲ့
"အပြုတ်တိုက်"ရေး လမ်းစဉ်ပါပဲ။ ဒီလမ်းစဉ်ကရော ဘယ်လိုဖြစ်ပေါ်လာရတာလဲ။
မိမိရဲ့ စစ်အင်အားကို တည်ဆောက်ပြီး တရားတာ မတရားတာအသာထား မိမိဘက်တော်သား
မိမိလူမျိုးရဲ့ အကျိုးစီးပွားအတွက်ပဲ ပဓာနထားတဲ့ နိုင်ငံရေးအမြင် (Realpolitik) က
ဆင်းသက်လာတာပါ။
ဒီအယူအဆကို ပရပ်ရှင်းစစ်ပညာရှင် ကာလ်ဗွန် ကလော့စဝဇ်က ထုတ်ဖော်ခဲ့တာဖြစ်ပြီး သူ့ရဲ့
ထင်ရှားတဲ့ အဆိုတစ်ခုက "စစ်ပွဲဆိုတာ နိုင်ငံရေးကို အခြားနည်းဖြင့် ဆက်လက်
အကောင်အထည်ဖော်ခြင်းဖြစ်တယ်" ဆိုတဲ့ စကားပါပဲ။
သူက စစ်တိုက်တယ်ဆိုတာ နိုင်ငံရေးပန်းတိုင်တွေကို ရအောင်လုပ်တာ၊ နိုင်ငံရေးရဲ့
လက်အောက်ခံအလုပ်ဖြစ်တယ်။
တစ်ခါတစ်ရံမှာ လူမဆန်အောင် ရက်စက်ပေမယ့် အကျိုးမဲ့၊ အဓိပ္ပာယ်မဲ့ လုပ်တာတော့
မဟုတ်ဘူး။ မိမိရဲ့အလိုဆန္ဒ ပြည့်ဝလာတဲ့အထိ ရန်သူကို အတင်းအကျပ် လိုက်နာစေခြင်းသာလျှင်
ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါကြောင့် ကလော့စဝဇ်ရဲ့ အဆိုအတိုင်းဆိုရင် ကြမ်းတမ်းတဲ့လုပ်ရပ်က အကြောင်းတရား၊
သို့မဟုတ် လုပ်နည်း၊ မိမိရဲ့ဆန္ဒကို ရန်သူက လိုက်နာစေခြင်းက အကျိုးတရား၊ သို့မဟုတ်
အပြီးသတ် ရလဒ်ဖြစ်ပါတယ်။
ကျွန်တော်က တပ်မတော် အဆင့်မြင့် ကျောင်းတွေမှာ စစ်အခြေခံသဘောတရားနဲ့ ဆက်စပ်ပြီး
ဒီအကြောင်းအရာတွေကို အကြိမ်ပေါင်းများစွာ ဆွေးနွေးပို့ချခဲ့ဖူးပါတယ်။
၁၉၅၄ ခုနှစ်တစ်ဝိုက် ထုတ်ဝေခဲ့တဲ့ စစ်နည်းဗျူဟာလက်စွဲစာအုပ်တွေ အများစုမှာလည်း
ကလော့စဝဇ်ရဲ့ အယူအဆကိုသုံးစွဲပြီး ရေးသားထားခဲ့ကြတာတွေ့ရပါတယ်။
၁၉၉၀ ပြည့်လွန် နှစ်များကစပြီး ကျွန်တော့်ရဲ့ ဆွေးနွေးချက်တွေမှာ ကလော့စဝဇ်ရဲ့ အယူအဆဟာ
ခေတ်မမီတော့ပါဘူး။
ကျွန်တော်တို့အတွက် အသုံးဝင်မှု အနည်းငယ်သာ ရှိပါတော့တယ်။
ဆွန်ဇု၊ ဘီအိပ်ချ်လစ်ဒယ်ဟတ်တို့ရဲ့ စစ်မဟာဗျူဟာတွေဟာ မျက်မှောက်ခေတ် တပ်မတော်တွေမှာ
သုံးစွဲနေလို့ အခုအထိခေတ်မီနေတယ်။
ဒါကြောင့် စစ်နည်းဗျူဟာတွေကို ပြောင်းလဲကျင့်သုံးဖို့ လိုအပ်ပါကြောင်း အမြဲပဲ
တိုက်တွန်းနေခဲ့တာပါ။
၁၉၈၇ ခုနှစ်နောက်ပိုင်း ကျွန်တော်ရေးသားပြုစုခဲ့တဲ့ စစ်နည်းဗျူဟာလက်စွဲ စာစောင်တွေကိုလည်း
ဒီရည်ရွယ်ချက်နဲ့ပဲ အသစ်ပြုပြင်ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီတုန်းက စစ်ရေးစစ်ရာနဲ့ မသက်ဆိုင်လို့ ကျွန်တော်မပြောဖြစ်၊ မရေးဖြစ်ခဲ့တဲ့
အရေးကြီးတဲ့ စကားကလေး တစ်ခွန်းရှိခဲ့ပါတယ်။
အဲဒါကတော့ ကလော့ စဝဇ်ရဲ့ အယူအဆဟာ ပြင်သစ် စက်မှု တော်လှန်ရေးမတိုင်မီ
မြေရှင်ပဒေသရာဇ်နဲ့ စစ်ဘုရင်စနစ်တွေ တန်ခိုးကြီးထွားနေတဲ့ အချိန်မှာ အဲဒီအာဏာရှင်တွေကို
အထောက်အခံပြုခဲ့တဲ့ အယူအဆတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။
ကမ္ဘာ့စစ်သမိုင်းတွေမှာတော့ ကလော့စဝဇ်ရဲ့အယူအဆဟာ ပထမကမ္ဘာစစ်အပြီးအထိ
ရာစုနှစ်တစ်ခုစာသာ ရှင်သန်ခဲ့ကြောင်း ဖော်ပြထားကြပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ လက်နက်ကိုင်အများစုက
ဒီအယူအဆကို အမြဲတမ်းမှန်နေတဲ့ စစ်အခြေခံသဘောတရားတစ်ခုလို လက်စွဲပြုပြီး
သုံးစွဲနေကြတာဟာ စိတ်မကောင်းစရာပါပဲ။
ဒါဟာ ငြိမ်းချမ်းရေးကို နှောင့်နှေးစေတဲ့ အဓိက အကြောင်းတရားတစ်ခုပေလားလို့ ကျွန်တော်
တွေးထင်မိပါတယ်။
ဒီနေရာမှာ ဆက်စပ်မှုရှိနေလို့ စစ်ဘုရင် ခေတ်တုန်းက စစ်ပွဲအပေါ်အမြင်နဲ့ ဒီမိုကရေစီစနစ်ရဲ့
စစ်ပွဲအမြင် ကွာခြားပုံကလေးကို နည်းနည်းကြားညှပ်ပြီး ဆွေးနွေးချင်ပါတယ်။
ဒီကမ္ဘာကြီးပေါ်မှာရှိနေတဲ့ လူသားတွေဟာ မျှဝေထားသော ပုံစံအမျိုးမျိုးနဲ့ ပိုမိုကြီးမားတဲ့
လူ့အဖွဲ့အစည်းများ စုဖွဲ့နေထိုင်လုပ်ကိုင် စားသောက်နေကြတာဖြစ်ပါတယ်။
ပထဝီ အနေအထားနီးစပ်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ မျိုးနွယ်စုနဲ့ ကိုယ်ပိုင်လက္ခဏာ
နီးကပ်မှု၊ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်များ လက်ခံနိုင်မှုစတဲ့ ရွေးချယ်မှုတွေနဲ့အတူ နေထိုင်ကြတာ
ဖြစ်ပါတယ်။
များသော အားဖြင့် ဒီပုံစံတွေဟာလည်း တစ်ခုနဲ့တစ်ခု ရောယှက်နေကြတာ ဖြစ်ပါတယ်။
ဆိုလိုတာက ယုံကြည်ကိုးကွယ်မှု ကွဲပြားခြားနားကြသူတွေဟာ ပထဝီနယ်နိမိတ်တစ်ခုထဲမှာ
အတူရှိ နေနိုင်တယ်။
ကွဲပြားခြားနားသော မျိုးနွယ်စုများ၊ ဘာသာစကားများဟာ သူ့ဒေသ သူ့အသိုက်အဝန်းထဲမှာ
သူ့မျိုးနွယ်စုကိုယ်ပိုင် လက္ခဏာ ဆောင်ယူထားကြသော်လည်း အခြားပထဝီနယ်မြေတစ်ခုမှာ
အခြားမျိုးနွယ်စုများနဲ့အတူတူ တည်ရှိနေနိုင်ကြပါတယ်။
တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်း ရှိနေတဲ့ ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာ
သူ့ဘက်ကိုယ့်ဘက် အကျိုးစီးပွားဆိုတာထက် အားလုံးရဲ့အကျိုးစီးပွား၊ အများစုရဲ့ အကျိုးစီးပွားကို
ဦးထိပ်ထားရမှာဖြစ်လေတော့ ကလော့စဝဇ်ပြောခဲ့သလို တရားတာ မတရားတာအသာထား၊
ကိုယ့်ဘက်သား ကိုယ့်လူမျိုး အကျိုးစီးပွားအတွက် စစ်တိုက်ရတယ်ဆိုတဲ့အမြင်နဲ့ ဖြောင့်ဖြောင့်ကြီး
ဆန့်ကျင်နေပါတယ်။
ဒီမိုကရေစီစနစ်အောက်မှာ အများအားလုံးရဲ့ အကျိုးစီးပွားအတွက်သာ စစ်ပွဲ ရှိနိုင်သော်လည်း
သူ့ဘက်ကိုယ့်ဘက် သူ့လူမျိုးကိုယ့်လူမျိုး၊ ယုံကြည်ကိုးကွယ်မှု စတာတွေအတွက်ကြောင့်တော့
စစ်ပွဲရှိဖို့ မလိုအပ်တော့ပါဘူး။
ဒါကြောင့် ကမ္ဘာ့သမိုင်း ပညာရှင်တွေက ဒီမိုကရေစီအစိုးရများရဲ့ အုပ်ချုပ်ရေး စနစ်အောက်မှာ
ဒီမိုကရေစီ မဟုတ်သောအစိုးရများထက် ပိုမိုငြိမ်းချမ်းမှု ရှိတယ်လို့ ယုံကြည်ထားကြတာ
ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဟာ ဒီမိုကရေစီရဖို့အတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ်သော်လည်း
စစ်ဖြစ်နေတာနဲ့စာရင် ငြိမ်းချမ်းနေချိန်မှာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဖို့
ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်တာကတော့ ထင်ရှားပါတယ်။
ငြိမ်းချမ်းရေးဟာ အစိုးရတွေကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ဘက်ဆီသို့ ကူးပြောင်းရောက်ရှိစေရန်
အတွက် ထိရောက်စွာ လမ်းကြောင်းပေးနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းက လွတ်မြောက်ဖို့အတွက်ဆိုရင်
ငြိမ်းချမ်းရေးဟာ အရေးကြီးတဲ့ ထွက်ပေါက်တစ်ခု ဖြစ်နေပါတယ်။
ငြိမ်းချမ်းရေးသာ ရလိုက်ပြီဆိုရင် ဒီမိုကရေစီအတွက် ရွှေ့ပြောင်းမှုဟာ အံ့ဩစရာ
ကောင်းလောက်အောင် လျင်မြန်သွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကလည်း လူတွေရဲ့ပါးစပ်ဖျားက အသံထွက်ခြင်းသာ တူနေကြတာ၊
စိတ်ထဲကနားလည်မှုကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။
အယူအဆတွေ ဘယ်လိုပဲကွဲပြားပါစေ၊ လူအများ လက်သင့်ခံနိုင်တဲ့ အချက်တွေကတော့
ငြိမ်းချမ်းရေးဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အကျိုးအတွက် လိုအပ်တယ်ဆိုတဲ့ အချက်ရယ်၊
ငြိမ်းချမ်းရေး ဟာလွယ်လွယ်နဲ့ မရနိုင်ဘူး၊ သဘောမတူညီမှုတွေ အများကြီးကို ဖြတ်ကျော်ပြီးမှသာ
ရရှိနိုင်တယ်ဆိုတဲ့ အချက်ရယ်မှာ သဘောထားချင်း ကိုက်ညီနိုင်ကြပါတယ်။
ကမ္ဘာပေါ်မှာ အများလက်ခံထားတဲ့ ငြိမ်းချမ်းရေးအမျိုး အစားကတော့ နှစ်မျိုးဖြစ်ပါတယ်။
စစ်မဲ့ ငြိမ်းချမ်းရေး၊ သို့မဟုတ် အနုတ်လက္ခဏာ ငြိမ်းချမ်းရေးနဲ့ တိုးတက်သောငြိမ်းချမ်းရေး၊
သို့မဟုတ် အပေါင်းလက္ခဏာ ငြိမ်းချမ်းရေး တို့ပဲဖြစ်ပါတယ်။
စစ်မဲ့ငြိမ်းချမ်းရေးက စစ်ပွဲ မရှိရုံမျှသာဖြစ်သော ငြိမ်းချမ်းရေးဖြစ်ပြီး စစ်ရေးအရ အကြမ်းနည်း
အသုံးပြုမှု မရှိခြင်းကို ဆိုလိုပါတယ်။
နိုင်ငံရေးပါတီအချင်းချင်း ယှဉ်ပြိုင်မှုရပ်ဆိုင်းထားခြင်းကိုလည်း နိုင်ငံရေးဝေါဟာရ အသုံးအနှုန်းအရ
အနုတ်လက္ခဏာငြိမ်းချမ်းရေးလို့ပဲ ခေါ်လေ့ရှိကြပါတယ်။
ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို စစ်ပွဲ၊ သို့မဟုတ် အာဏာပိုင်က စနစ်တကျ ဖွဲ့စည်းပြီး
ကြမ်းတမ်းစွာ အရေးယူဆောင်ရွက် မှုတွေမရှိသရွေ့တော့ ငြိမ်းချမ်းနေတာပါပဲ။
တစ်ခါတုန်းက အလွန် အင်အားကြီးမားတဲ့ ရောမလီဂျင့်တပ်မကြီးများက ရောမဥပဒေကို နာခံရတဲ့
မြို့ပြနိုင်ငံတွေနဲ့ ရယူထားတဲ့ ငြိမ်းချမ်းရေးက ဒီ စစ်မဲ့ငြိမ်းချမ်းရေးပါပဲ။
တိုးတက်သော ငြိမ်းချမ်းရေးရဲ့အမြင် ကတော့ ကွာခြားပါတယ်။ စစ်ပွဲမရှိတာအပြင်
အာဏာပိုင်တွေက လူ့အသိုက်အဝန်းအတွင်း အကြမ်းနည်းနဲ့ အရေးယူဆောင်ရွက်မှုပင် မရှိတဲ့
ငြိမ်းချမ်းရေးဖြစ်ပါတယ်။
အချင်းချင်း အမြတ်ထုတ်ခြင်းအနည်းဆုံး၊ ဖြစ်နိုင်ရင် လုံးဝ အမြတ်ထုတ်ခြင်းကင်းတဲ့ လူမှုရေး
အခြေ အနေဖြစ်ရမယ်။
အုပ်ချုပ်ရေးအပိုင်းက ဗြောင်ကျူးလွန်ခြင်းသော်လည်းကောင်း၊ သိမ်မွေ့ ပါးနပ်သောနည်းလမ်း
အသုံးပြုပြီး တိတ်တိတ်ပုန်း အကြမ်းနည်းအသုံးပြုခြင်းသော်လည်းကောင်း ကင်းရမှာဖြစ်ပါတယ်။
ဒါကြောင့် တိုးတက်သောငြိမ်းချမ်းရေး၊ သို့မဟုတ် အပေါင်းလက္ခဏာ ငြိမ်းချမ်းရေးဟာ
လောလောဆယ် မရရှိသေးတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးရယူနိုင်ဖို့အတွက် တက်ကြွရဲရင့်စွာ
အားထုတ်ရပါတယ်။
အခု ကျွန်တော်တို့နိုင်ငံမှာ ကြိုးပမ်းအားထုတ်နေကြတာဟာ စစ်မဲ့ငြိမ်းချမ်းရေး အတွက်ပါ။
သဘောမတူညီမှုတွေ အများအပြားကို ကျော်လွှားသွားကြရပါဦးမယ်။
စစ်မဲ့ငြိမ်းချမ်းရေးဟာ ဆေးလိပ်ဖြတ်သလိုပဲ ခဲခဲယဉ်းယဉ်းနဲ့ ဖြတ်ထားခဲ့ပြီးမှ ပြန်သောက်ချင်ရင်
အလွယ်ကလေး ဖြစ်ပါတယ်။
တိုးတက်သော ငြိမ်းချမ်းရေး၊ သို့မဟုတ် အပေါင်းလက္ခဏာဆောင်သော ငြိမ်းချမ်းရေးဖြစ်လာမှသာ
စိတ်ချရပါတယ်။
ဒီလမ်းကြောင်းကို ရွေးချယ်တဲ့အခါမှာလည်း အခုထက် ပိုကြီးမားတဲ့ သဘောမတူညီတာတွေ
တွေ့ကြရဦးမှာပါ။
စစ်မဲ့ငြိမ်းချမ်းရေးက ထင်သာမြင်သာရှိသေးတယ်။ တိုးတက်သော ငြိမ်းချမ်းရေး ရဖို့အတွက်
ကျတော့ သဲသဲကွဲကွဲဖြစ်လာအောင် လုပ်ဖို့ အတော်ခက်ပါတယ်။
သီးသန့်ပန်းတိုင်များ ရွေးချယ်တဲ့နေရာမှာရော၊ ရှေ့ဆက်မယ့် လမ်းကြောင်းများအတွက်ပါ
သဘောထား ကွဲလွဲစရာတွေ အများကြီးရှိပါတယ်။
တိုးတက်သော ငြိမ်းချမ်းရေးမှာ အားလုံးအတွက် အကျိုးရှိမယ့် အပြုသဘောဆောင်သော
ပန်းတိုင်များဖြစ်သင့်တာကတော့ ပူးပေါင်းဆောင်ရွက်ရေး၊ သဟဇာတဖြစ်ရေး၊ တန်းတူညီမျှမှုရှိရေး၊
တရားမျှတမှုနဲ့ အချင်းချင်း မေတ္တာတရားထားရှိရေးအထိ ပါ၀င်သင့်ပါတယ်။
ဒါတွေဟာ ပြန်လည်ရင်ကြားစေ့ရေး ပန်းတိုင်တွေထဲမှာ အကျုံးဝင်နေတာကိုလည်း
အသိအမှတ်ပြုရပါမယ်။
တိုးတက်သော ငြိမ်းချမ်းရေးရလာပြီဆိုရင် အခြားနိုင်ငံတွေနဲ့ ကြမ်းတမ်းသော ပဋိပက္ခအခြေအနေ၊
သို့မဟုတ် စစ်ဖြစ်ပွားနိုင်တဲ့ အခြေအနေကနေ ရှောင်လွှဲနိုင်သလို ပြည်တွင်းမှာ ကြမ်းတမ်းတဲ့
လှုပ်ရှားမှုတွေ ရုန်းကန်ပေါက်ကွဲ ထွက်ပေါ်လာမယ့်အရေးကိုလည်း ခံနိုင်ရည်ရှိလာပါတယ်။
နိုင်ငံရေးအရ စတင်တည်ငြိမ်မှု ရရှိလာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေအထိ
ရောက်ရှိလာဖို့ အတွက်ဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေကို ဦးစွာဖြေရှင်းရမယ်။
ပထမဆုံးအလုပ်က အပစ်အခတ်ရပ်စဲရေး၊ နောက်ထပ်မျှော်လင့်နိုင်တာက စစ်မဲ့ငြိမ်းချမ်းရေးပါပဲ။
နိုင်ငံကို စစ်ဖြစ်ပွားနေတဲ့ အခြေအနေကနေ စစ်မဲ့ငြိမ်းချမ်းရေးအခြေအနေကို ရွှေ့ပြောင်းနိုင်ပြီဆိုရင်
ရုတ်ချည်းမေးခွန်းနှစ်ခု ပေါ်လာမယ်။
ရရှိပြီး စစ်မဲ့ငြိမ်းချမ်းရေးကို တည်ငြိမ်အောင် ဘယ်လိုထိန်းသိမ်းမလဲ။ ငြိမ်းချမ်းရေးကို
အရှည်တည်တံ့ခိုင်မြဲအောင် ဘယ်လိုလုပ်မလဲဟူ၍ ဖြစ်ပါတယ်။
တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့က အခြေအနေသုံးရပ် လိုအပ်ပါတယ်။ ပထမလိုအပ်တဲ့
အခြေအနေက ငြိမ်းချမ်းရေးစာချုပ်ဟာ အပြန်အလှန် စိတ်ကျေနပ်မှုကနေ ပေါ်ထွက်လာတဲ့စာချုပ်
ဖြစ်ဖို့ လိုတယ်။
ကောက်ကျစ်စဉ်းလဲမှုတွေ အမြတ်ထုတ်မှုတွေ၊ အကျပ်ကိုင်မှုတွေမပါတဲ့ စာချုပ်ဖြစ်မှ စိတ်ကျေနပ်မှု
ရကြမှာပါ။ စိတ်ကျေနပ်မှုမရှိတဲ့ ငြိမ်းချမ်းရေးဟာ အချိန်မရွေး ဆုံးရှုံးနိုင်ပါတယ်။
ဒုတိယလိုအပ်ချက်က နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ စဉ်းစားတွေးခေါ်မှုတွေမှာ
ဘုံစရိုက်လက္ခဏာ ဖြစ်ပေါ်လာရေး၊ အဆင့်မြင့်ပုဂ္ဂိုလ်ချင်း အပြန်အလှန် ဆက်သွယ်တုံ့ပြန်မှုရှိရေးနဲ့
ပူးတွဲအင်စတီကျူးရှင်း၊ သို့မဟုတ် ပူးတွဲ အဖွဲ့အစည်းများ ဖွဲ့စည်းတည်ဆောက်ရေးတို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံး လိုအပ်ချက်ကတော့ လူထုပညာပေးရေးနဲ့ သင်ယူမှုအစီအစဉ်ရှိဖို့ပါပဲ။ သင်ယူခြင်းဟာ
လူတွေရဲ့ ခံယူချက်နဲ့ အပြုအမူကို ပြင်ဆင်ပြောင်းလဲစေနိုင်ပါတယ်။
ခေါင်းဆောင်များသာမက လူထုအတွင်း အပြန်အလှန် ယုံကြည်မှု တိုးတက်ရေး လူမှုဘဝလုံခြံုရေး၊
သတင်းမှန်များ အလျဉ်မပြတ် စီးဆင်းရေးနဲ့ သင်ယူခြင်းတို့ဟာ အရေးကြီးပါတယ်။
ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ရမယ့်ကိစ္စကတော့ တခြားမဟုတ်ပါဘူး။
ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ခြင်းပါပဲ။
လူမျိုးစုအချင်းချင်း၊ ယုံကြည်ကိုးကွယ်မှု အချင်းချင်း၊ အယူဝါဒအချင်းချင်း ပဋိပက္ခများဟာ
တစ်ဖက်နိုင်တစ်ဖက်ရှုံး အပေါင်း သုညလမ်းစဉ်ဖြစ်ပြီး အချိန်ကာလကြာ ညောင်းစွာ အကြမ်းနည်း
အသုံးပြုခဲ့ခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှု များပြားလှပါတယ်။
မလိုမုန်းထားမှုများ၊ နာကျင်မှုများနဲ့က လှည့်စားချေမှုများဟာ အဆုံးသတ်လို့ မရပါဘူး။
ဒါကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှုရှိကြဖို့ အတူတကွ
နေထိုင်လုပ်ကိုင်ကြဖို့နဲ့ အချင်းချင်း အပြန်အလှန် မှီခိုမှုရှိဖို့ဆိုတာတွေဟာ ပြန်လည် ရင်ကြားစေ့ရေး
လုပ်ငန်းစဉ်ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွင်းမှာ ပြန်လည်ရင်ကြားစေ့နိုင်ပြီဆိုမှ စစ်မှန်သော ငြိမ်းချမ်းရေး
အရသာကို လူထုက ကျယ်ကျယ်ပြန့်ပြန့် ခံစားနိုင်ကြပြီး ရေရှည်တည်တံ့ခိုင်မြဲအောင်လည်း
စောင့်ရှောက်နိုင်ပါတယ်။
စစ်မှန်သော ပဋိပက္ခဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖြစ်စေရန်အတွက်
လိုအပ်တဲ့ အခြေအနေ ၁၀ ချက်ကို ၂၀ ရာစုအကုန်ပိုင်းမှာ ပညာရှင်တချို့က ထုတ်ပြန်ခဲ့ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကို စနစ်တကျအပြီးသတ်စေခဲ့တဲ့ အောင်မြင်သော
ပဋိပက္ခဖြေရှင်းရေးစနစ် ရှိရမယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ပွင့်လင်းမြင်သာပြီး ဘက်ပေါင်းစုံက အပြန်အလှန်
စိတ်ကျေနပ်မှု ရှိစေရမယ်။
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှု၊ အကျိုးတူလုပ်ကိုင်မှုတို့ကို
အစပျိုးထားနိုင်ရမယ်။
အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းစေသော အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုမှုများနဲ့
ပန်းတိုင်များရရှိရေးကို အားပေးမြှင့်တင်နိုင်ရမယ်။
အရေးပါသော ကိုယ်ပိုင်အမှတ်လက္ခဏာနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို မျှဝေပေးထားတဲ့
မြင့်မားသော ပြန်လည်ပေါင်းစည်းရေး အစီအစဉ်ပါရှိရမယ်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးရာသီဥတုက ငြိမ်းချမ်းရေး၊ ပြန်လည် ရင်ကြားစေ့ရေးတို့ကို
အားပေးသော အခြေအနေကောင်း ရှိရမယ်။
ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် ခေါင်းဆောင်တွေရဲ့ တာဝန်ခံမှုနဲ့ လှုံ့ဆော်မှု
ရှိရမယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးတို့အတွက် ပြည်တွင်းအင်အားစုများအချင်းချင်း
မဟာမိတ်ဖွဲ့ထားခြင်းဖြင့် ခုခံဆန့်ကျင်သူများကို အားနည်းသွားအောင် လုပ်နိုင်ရမယ်။
ပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူ ဖြစ်စေတဲ့ ယုံကြည်မှုအသစ်၊ တန်ဖိုးထားမှု
အသစ်များ ဖွံ့ဖြိုးလာရန် ပညာပေးရေး အစီအစဉ်ပါရှိရမယ်။
ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် လူထုရဲ့ စိတ်ခံစားချက်များ၊
ပါ၀င်ဆောင်ရွက်မှုများနဲ့ လူ့အသိုက်အဝန်းအလိုက် ကိုယ်ပိုင်အမှတ် လက္ခဏာများပါရှိတဲ့
အများပြည်သူဆိုင်ရာ အခမ်းအနားတွေ လုပ်ပေးရမယ်။
ပဋိပက္ခဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးတို့ဟာ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး
မဟာဗျူဟာ ပန်းတိုင်နှင့် နိုင်ငံရေး အကျပ်အတည်းအတွင်းက လွတ်မြောက်ရေးအတွက်
ထွက်ပေါက်ဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုရဲ့ နည်းဗျူဟာအကျိုး အမြတ်အတွက်သာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ လှည့်ဖြားမှု၊
အမြတ်ထုတ်လိုမှုတွေ ပါရှိနေခဲ့ရင် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြမယ့် အထက်ပါ
စံနှုန်းတွေအရ စစ်မှန်မှုဖြစ်ဖို့ ခဲယဉ်းပါလိမ့်မယ်။
ဒါကြောင့် ဒီလိုအလုပ်တွေ လုပ်တဲ့အခါမှာ ရိုးရိုးရှင်းရှင်း တည်တည်ကြည်ကြည်နဲ့
ပွင့်လင်းမြင်သာဖြစ်ဖို့က အရေးအကြီးဆုံးပါပဲလို့ တင်ပြလိုက်ပါတယ်။

















