သာမညဖလ ဆိုသည်မှာ ရဟန်းပြုခြင်း၏ အကျိုးဟု အဓိပ္ပာယ်ရ၏။ မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းသားကို တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်တွင် သာမညဖလ သုတ္တန်တရားတော် (ရဟန်းပြုရခြင်း အကျိုး)ကို ဟော်ဖော်မြွက်ကြားတော်မူသည်ကို အကြောင်းပြု၍ သာမညဖလအခါတော်နေ့ဟု ခေါ်ဆိုခြင်းဖြစ်သည်။
သာမညဖလ ဆိုသည်မှာ ရဟန်းပြုခြင်း၏ အကျိုးဟု အဓိပ္ပာယ်ရ၏။ မြတ်စွာဘုရားရှင်သည်
အဇာတသတ်မင်းသားကို တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်တွင် သာမညဖလ
သုတ္တန်တရားတော် (ရဟန်းပြုရခြင်း အကျိုး)ကို ဟော်ဖော်မြွက်ကြားတော်မူသည်ကို
အကြောင်းပြု၍ သာမညဖလအခါတော်နေ့ဟု ခေါ်ဆိုခြင်းဖြစ်သည်။
သာမညဖလသုတ်သည် ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိ၏။ သာမညဖလသုတ်
သည် ရဟန်း သံဃာတော်တို့အတွက် ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၏။ ကိုယ်ကျင့်သီလရှိသည်၊
မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်၏။
အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ လူပေါင်းမှားကား ဖခင်ဖြစ်သူ
ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ကာ ညည အိပ်မပျော်သည့်
ရောဂါဝေဒနာကို ခံစားရ၏။ မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွသလို
ခံစားရ၏။
ယင်းဝေဒနာကို မည်သည့် ဆေးဆရာနှင့်မျှ ကု၍မပျောက်၊ မင်းထံပါး ခစားသည့် အမတ်ကြီးများက
အိပ်မပျော်သောရောဂါကို ကုစားရန် တိတ္ထိဆရာကြီး ခြောက်ဦးထံသွားရောက်စေ၏။
အဇာတသတ်က သူသိလိုသည့် ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ) ကို စုံစမ်းမေးမြန်း၏။
တိတ္ထိဆရာကြီး ခြောက်ဦးအနက် ... "ပူရဏကဿပ" ဆရာကြီးသည် "အကိ ရိယဝါဒ" အယူမှားကို
ခံယူထားသူဖြစ်၏။ အကြောင်း "ကံ" တရားကိုပယ်၍ "မပြုမလုပ်ရ ၀ါဒသမား" ဖြစ်၏။ သူ့ထံက
သိချင်သည်ကို ဘာမျှမသိရ။
"အဇိတကေသကမ္ဗလ" ဆရာကြီးသည် "နတ္ထိကဝါဒ" ဟူသော အယူမှားကို
ယုံကြည်သူဖြစ်၏။ အကျိုး "၀ိပါက" ကို ပယ်၏။ "မရှိ၀ါဒသမား" ဖြစ်၏။ ဘာမျှမထူး။
"မက္ခလိဂေါသာလ" ဆရာကြီးသည် "အဟေတုကဝါဒ" သမားဖြစ်၏။ ကံနှင့် ကံ၏အကျိုးကို
ပြိုင်တူပယ်၏။ အဆုံးမှာတော့ "ကြောင်းကျိုးပယ်ဝါဒသမား" ဖြစ်၏။ အဇာတသတ် သိလိုသည်ကို
မသိရ။
"ဗကုဓကစ္စာယန" ဆရာကြီးသည်လည်း ထူးမခြားနား "အကတဝါဒ" အယူမှားကိုပင်
သက်ဝင်ယုံကြည်သူ ဖြစ်၏။ ပြုပြင်ခံစားခြင်း မရှိ။ အလိုအလျောက်ဖြစ်သည်ဟု ယူဆယုံကြည်၏။
"မပြုမပြင် ၀ါဒသမား" ဖြစ်၏။
"သ ဉ္ဇယဗေလဋ္ဌပုတ္တ" ဆရာကြီးသည်လည်း "အမရာဝိက္ခေပဝါဒ" ဟူသည့် အယူမှားကိုပင်
ယုံကြည်သူဖြစ်၏။ မေးသည်ကို တိုက်ရိုက်မဖြေဘဲ ရှောင်လွှဲဖြေတတ်၏။
"မရေ မရာဝါဒသမား" ဖြစ်၏။
"နိဂဏ္ဍနာဋပုတ္တ" ဆရာကြီးသည်လည်း "စာတုရာမသံဝရဝါဒ" သမားဖြစ်၏။ သူ့အယူက
စောင့်စည်းမှု လေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထား၏။ ယင်းဆရာကြီးကို အိန္ဒိယနိုင်ငံ၌ ဇိန(ဂျိန) ဟု
ခေါ်၏။ "ဂျိန" သည် "ဂျိန်းဘာသာဖြင့်" ယနေ့တိုင် ထင်ရှားရှိ၏။
မင်းအဇာတသတ်သည် ဘာကိုမျှ ရေရေ ရာရာ မသိရ။ အမတ်မင်းတို့၏ ညွှန်ပြမှုသည်
သူ့အတွက် အကျိုးမဖြစ်။ ကျေနပ်လောက်သည့် အဖြေကိုမရ။ ရောဂါလည်း မပျောက်။
နောက်ဆုံး သမားတော်ကြီး ဇီဝက၏ အကြံပြုချက်အရ မြတ်စွာဘုရားထံ သွားရောက်
လျှောက်ထားရန် သဘောတူ၏။
ရှင်တော်မြတ်ဘုရားသည် ထိုစဉ်က သမားတော်ကြီးဇီဝက လှူဒါန်းထားသော သရက်ဥယျာဉ်၌
သီတင်းသုံးနေတော်မူ၏။
မြတ်စွာဘုရားထံသို့ သွားရောက်ရန် ဆရာ ဇီဝကကို တာဝန်ပေး၏။ ဆရာဇီဝက၏ ဥယျာဉ်သည်
တောင်သုံးလုံးတို့ ခြံရံလျက် ရှိ၏။ နန်းတော်မှ ဘုရားကျောင်းတော်သို့ သွားသည့်အခါ
နန်းတော်မြို့ရိုး အရှေ့ဘက်တံခါးမှ ထွက်၍သွားရ၏။ လမ်းတစ်လျှောက်သည် တောရိပ်၊
တောင်ရိပ်၊ သစ်ပင်ရိပ်တို့ဖြင့် လွှမ်းမိုးနေ၏။ အမှောင်ဖုံးနေ၏။
ဆရာဇီဝကသည် ဘုရားကျောင်းတော်သို့ သွားရန် စီစဉ်ရာတွင် မိန်းမအခြွေအရံ ငါးရာ တို့ကို
ယောက်ျားကဲ့သို့ စစ်ဝတ်တန်ဆာ ၀တ်ဆင်ကာ ဆင်မယာဉ်သာ ၅၀၀ ကိုစီး၍ ဘုရင့်ကို
စောင့်ရှောက်လိုက်ပါစေ၏။
အလင်းရောင်မရှိသည့် နေဝင်ပြီးချိန်ဖြစ်၍ လိုက်ပါသူများအားလုံး မီးတိုင်များ ကိုယ်စီထွန်းညှိ
ကိုင်ဆောင်ကြရ၏။
မီးရှူးတိုင်ကို ရှေးခေတ်သုံး ပေါရာဏအခေါ်အားဖြင့် တန်ဆောင် (တန်ဆောင်တိုင်) ဟု ခေါ်၏။
အဇာတသတ်မင်းနှင့် အခြွေအရံ ပရိသတ်ကြီး တန်ဆောင်မုန်းလပြည့်နေည၌ မီးရှူးတိုင်
အလင်းရောင်ထွန်းညှိပြီး ဘုရားရှင်ထံ သွားရောက်ဖူးမြော်သောထုံးကို နှလုံးမူ၍
တန်ဆောင်မုန်းလ၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးကို ကျင်းပကြခြင်းဖြစ်၏။
မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလတွင် မိုးလေကင်းစင်ပြီးဖြစ်၍ ရာသီဥတု သာယာချိန်၊
ဆောင်းဦးကာလ၏ အအေးဓာတ်ဖြန့်ကြက်ချိန်တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို
မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြသကဲ့သို့ စေတီပုထိုးများတွင် လဆန်း ၁၄ ရက်၊ လပြည့်နေ့၊
လပြည့်ကျော် ၁ ရက်နေ့ သုံးရက်တိုင်တိုင် ဆီမီး ၅,၀၀၀၊ ဆီမီး ၉,၀၀၀ ပူဇော်ပွဲများ ကျင်းပကြ၏။
မသိုးသင်္ကန်း အပြိုင်အဆိုင် ရက်လုပ်ယှဉ်ပြိုင်၍ မသိုးသင်္ကန်းဖြင့် စေတီပုထိုးများ၊
ရုပ်ပွားဆင်းတုတော်များကို လပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် မသိုးသင်္ကန်း
ဆပ်ကပ်လှူဒါန်းကြ၏။
ဘာသာတရား အခြေခံကို ဖော်ထုတ်နိုင်ပြီး ချစ်စရာ၊ မြတ်နိုးစရာ၊ တန်ဖိုးထားစရာ ဓလေ့တစ်ခုပင်
ဖြစ်၏။
တန်ဆောင်မုန်းလသည် ၀ါကျွတ်ပြီးသည့် အခါသမယဖြစ်သဖြင့် ကထိန်သင်္ကန်း
ဆက်ကပ်လှူဒါန်းပွဲများကိုလည်း နိုင်ငံတော် အစိုးရကစ၍ ပြည်သူများအဆုံး တစ်တိုင်းတစ်ပြည်လုံး
အုန်းအုန်းကျွက်ကျွက် လှူဒါန်းကုသိုလ် ယူကြသည်မှာ ကြည်နူးစရာ၊ ကျေနပ်ဖွယ်ရာ၊ ဂုဏ်ယူစရာ
ဖြစ်ရပါ၏။
တန်ဆောင်မုန်းလပြည့်သည် မြန်မာလူမျိုးတို့က "ဆေးပေါင်းခသည့်ည" ဟု သတ်မှတ်ကြ၏။
ညဉ့်သန်းခေါင်ယံချိန်တွင် "မဲဇလီသုပ်" စားခြင်းဖြင့် ဆေးဖက်ဝင်သည်။ သိဒ္ဓိမြောက်သည်ဟု
စွဲမြဲယုံကြည်ကြ၏။
မြို့နယ်၊ ရပ်ကွက်များနှင့် ကျေးလက်တော ရွာတို့တွင်လည်း တန်ဆောင်မုန်းလပြည့်နေ့ ညတွင်
"ကျီးမနိုးပွဲ" ကိုလည်း ဆင်နွှဲကြ၏။
အိမ်ပြင်ပရှိ ကြီးမားသော ပစ္စည်းကြီးများကို မနိုင့်၊ တစ်နိုင်မ၍ အဝေးသို့ သွားထားကြသည်။
သစ်ပင်တွေပေါ် တက်ချိတ်ဆွဲထားကြသည်။
ဟိုအိမ်ကပစ္စည်း ဒီရောက်၊ ဒီအိမ်က ပစ္စည်း ဟိုရောက်ဖြင့် နံနက်လင်းလျှင် ပစ္စည်းပျောက်
ရှာပုံတော် ဖွင့်ကြရ၏။
"ငိုအား ထက်၊ ရယ်အားသန်" ဆိုသလို လုပ်ထားကြပုံများက စိတ်မဆိုးနိုင်ဘဲ အူတက်အောင်
ရယ်မောကြရ၏။ ကျီးမနိုးပွဲ၏ ပြယုဒ်တစ်ခု ဖြစ်၏။
ထိုသို့ နှစ်သက်ဖွယ် မြန်မာ့ဓလေ့စရိုက်တို့ ခြံုလွှမ်းနေသည့် တန်ဆောင်မုန်းလပြည့်နေ့သည်
လွမ်းမောဖွယ်၊ ကြည်နူးဖွယ်ကောင်း လှ၏။
အဇာတသတ်မင်းသည် ဘုရားရှင်ထံ မှောက်ရောက်ရှိခဲ့ပြီး ဘုရားရှင် ဟောဖော်
ညွှန်ပြတော်မူသည့် သာမညဖလသုတ် တရားတော်ကို နာကြားလိုက်ရသည့်အခါ
အိပ်မပျော်သော ရောဂါဝေဒနာသည် ဤနေ့မှာပင် ပျောက်ကင်းသွား၏။
ရဟန်းပြုခြင်း၏ အကျိုး (သာမညဖလ) ကိုလည်း နားလည် သဘောပေါက်သွား၏။
ဘုရားရှင်၏ တရားတော်ကြောင့် ရတနာသုံးပါးကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်သွား၏။
ပုထုဇဉ်ထဲတွင် ရတနာသုံးပါးကို ကြည်ညိုဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခံရ၏။
နောင်သောအခါ မြတ်ဘုရားသာသနာ၌ ပိဋကတ်တော်များ မယိမ်းမယိုင်ရလေအောင်၊
မပျောက်မပျက် ရလေအောင် ပထမသင်္ဂါယနာတင် ဒါယကာ မင်းအဖြစ် ခံယူနိုင်ခဲ့၏။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည့်အခါ ဘုရားရှင်၏ ဓာတ်တော်များကို
သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ကာ သာသနာပြုနိုင်ခဲ့၏။
ဗုဒ္ဓသာသနာနှစ်ကို အတိအကျ သတ်မှတ်ခဲ့၏။
သာသနာပြုလုပ်ငန်းကြီး သုံးရပ်ဖြင့် ဗုဒ္ဓသာသနာအတွက် ကြီးမားသောအကျိုးကို ပြုနိုင်ခဲ့၏။
ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူး၊ တစ်နည်းဆိုရသော် "သာမညဖလသုတ်"၏ အကျိုးဆက်ဟု ဆိုနိုင်၏။
အဖသတ်သည့် အကုသိုလ်အပြစ်သည် ကံကြီးထိုက်၏။ အလွန်မှပင် အပြစ်ကြီးလေး၏။
သို့သော် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတည်းဟူသော ရတနာမြတ် သုံးပါးကို
နှစ်နှစ်ကာကာ လေးစားယုံကြည် ကြည်ညိုခဲ့သည်ကြောင့် အကုသိုလ်ကံများကို
ကုသိုလ်ကံများကသာ လွှမ်းခြံုထားနိုင်၏။
အလွန်အပြစ်ကြီးသူတို့ ကျခံရမည့် "မဟာ အဝီစိငရဲ"၌ မကျခံရတော့ဘဲ အပြစ်ပေါ့သော
"လောဟကုမ္ဘီငရဲ" ၌သာ ခံစားရ၏။
နောင်အနာဂတ်ကာလတွင် "၀ိဇိတာဝီ" အမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်း ၀င်ရမည်ဖြစ်၏။
ဤကား ရတနာသုံးပါးကို သက်ဝင် ယုံကြည် ကိုးကွယ်မှု၏ အကျိုးကိုခံစားရခြင်း ဖြစ်ပါ၏။
ဤနမူနာကောင်းကို ယနေ့လူငယ်တို့ သတိချပ်သင့်၏။ မိမိတို့ကိုယ်ကို မိမိတို့ အကုသိုလ်တို့ကို
ရှောင်၍ ကုသိုလ်တရားတို့ကို ပွားများရာ၏။ ရတနာသုံးပါးကို သက်ဝင်ယုံကြည်စွာ
မြတ်နိုးကိုးကွယ် ဆည်းကပ်ရာ၏။

















