ရွှေမြန်မာတို့ရဲ့အမေ (သို့မဟုတ်) လူထုဒေါ်အမာ

ရွှေမြန်မာတို့ရဲ့အမေ (သို့မဟုတ်) လူထုဒေါ်အမာ

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ရာပြည့်ပွဲကို မန္တလေးမြို့တွင် နိုဝင်ဘာ ၂၆၊ ၂၇၊ ၂၈ ရက်များ၌ ကျင်းပမည်ဖြစ်သဖြင့် လူထုဒေါ်အမာ ရာပြည့်အမှတ်တရအဖြစ် ဖော်ပြလိုက်ပါသည်။

အမေ...
   ကျွန်တော်တို့ အားလုံးရဲ့အမေ...
   တုနှိုင်းစံမမီအမေ...
   အနှိုင်းမဲ့အမေ...
   ရွှေမြန်မာတို့ရဲ့ ရွှေအမေ...

ကျွန်တော်တို့ မြန်မာစာပေခရီးတွင် အတွဲညီညီနှင့် ဇနီးမောင်နှံတူစုံ အောင်မြင်ထင်ရှားဖို့ဆိုတာ
မလွယ်ပါ။

အလွန်ရှားပါးသော ကိစ္စ၊ ဖြစ်ခဲသည့်အရာ၊ ထိုရှားရှားပါးပါး ဇနီး မောင်နှံများကား ဥပမာ
ဆရာကြီးဂျာနယ်ကျော် ဦးချစ်မောင်၊ ဆရာမကြီး ဂျာနယ်ကျော် မမလေး၊ ဆရာကြီး ဦးတက်တိုး၊
ဆရာမကြီးဒေါ်နုယဉ်၊ ဆရာကြီး လူထုဦးလှနှင့် ဆရာမကြီး လူထုဒေါ်အမာ... စသည်...
စသည်တို့မှာ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များဆိုတာ အားလုံး အသိ၊ အမြင်၊ အကြားပင်
မဟုတ်ပါလား။

အသက်အရွယ် ကြီးရင့်လာသော်လည်း အမေ၏ စာပေအတွေး အရေးနှင့် စေတနာတို့မှာ
လစဉ်ထုတ်မဂ္ဂဇင်း၊ ဂျာနယ်များတွင် အကြောင်းအရာ မထပ်အောင် တင်ပြရေးသားနိုင်ပုံမှာ
အားလုံး အတုယူစရာ၊ အားကျစရာ။

အမေ၏ နိုင်ငံ့အပေါ်ထားရှိမှု စေတနာကို ကျွန်တော်တို့ ငယ်စဉ်ကတည်းကပင်
သတိထားမိခဲ့ပါသည်။

ခေတ်ဟောင်းမှစ၍ ယနေ့ ခေတ်သစ်အထိ နိုင်ငံရေး၊ လူမှုရေး၊ စာပေရေးရာများကို ၀တ္ထုသဖွယ်၊
ဆောင်းပါးသဖွယ်များ ရေးသား၍ ခရီးသွားဆောင်းပါး စာအုပ်ထူကြီးများအဖြစ် ရေးသား၍ အငြိမ့်၊
ဇာတ်သဘင်နှင့် ယဉ်ကျေးမှုများပေါ်တွင် ထားရှိသော သဘောထား၊ အတ္ထုပ္ပတ္တိစာအုပ်ကြီးများ၊
ပန်းချီဆရာများ၊ ကာတွန်းဆရာများ၊ သတင်းစာဆရာများ၊ သဘောတရားဆိုင်ရာ ဆွေးနွေးပွဲများ၊
စာတမ်းများ၊ စာအုပ်များ၊ ဘာသာတရားနှင့် ဆရာတော်ကြီးများ အကြောင်းတစေ့တစောင့်...
စသည့်... စသည့်... ဘက်စုံထောင့်စုံ အကြောင်း အရာ ပေါင်းစုံကို ပြုစုရေးသားနိုင်စွမ်းရှိသော
အမေ၊ ကိုယ်ကျင့်သီလ၊ သိက္ခာ၊ ကျန်းမာရေး၊ လူမှုရေး...ရေးပေါင်းများကို ဆေးစက်ကျရာ
အရုပ်ထင်အောင် ရေးနိုင်စွမ်းရှိသူအဖြစ် တန်ဖိုးထား မှတ်တမ်းတင် ဦးညွှတ်ကြရသည်မှာ အခါခါ။

ခေတ်စနစ် အမျိုးမျိုးအပြောင်းတွင် ကလောင်လက်နက်ကိုင်စွဲပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်သူ၊ ရင်ဆိုင်ခဲ့သူ၊
လူ့ဘဝ လောကဓံတရားများကို၊ သောကမီးများကို၊ လင်ကောင်းအပေါ် ဇနီးကောင်းအဖြစ်၊
သားသမီးများအပေါ် မိခင်ကောင်းအဖြစ်၊ ကောင်းကျိုးဆိုးကျိုး အမျိုးမျိုးပေးသော မိတ်ဆွေများကို
သူငယ်ချင်းကောင်းအဖြစ် မညည်းမညူ လက်ခံထားနိုင်ခဲ့သူ။

သားသမီးများစွာ မွေးဖွားခဲ့၍ မည်သည့်ကိစ္စကြီးငယ်မဆို အပြံုးမပျက် ရင်ဆိုင်၍၊ တရားသဘော
နှလုံးသွင်း၍၊ ကျန်းမာရေးကို ဂရုစိုက်၍ လူတစ်လုံးသူ တစ်လုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ...
သူ ဆိုမှသူ...။

ကိုလိုနီစစ်ကြိုခေတ်၊ စစ်အတွင်းဂျပန် ခေတ်၊ စစ်ပြီးခေတ်၊ ဖဆပလခေတ်၊ ရောင်စုံ သူပုန်ခေတ်၊
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နဝတခေတ်၊ ခေတ်တွေဘယ်လို ပြောင်းပြောင်း၊ စနစ်တွေ
ဘယ်လိုပြောင်းပြောင်း၊ လူမသေ အရင်းကျန်ဆိုသော မြန်မာ့ဓလေ့ ဆိုရိုးစကားနှင့်အညီ
မသေအောင်၊ မနာအောင်၊ ကျန်းမာရေးလိုက်စားပြီး ကြံုရသည့်၊ တွေ့ရသည့်ခေတ်တိုင်းကို
ရင်ဆိုင်ခဲ့သူ၊ စာအစွန်းမရောက်၊ မသွေမဖောက် ရင်ဆိုင်ခဲ့သူ၊ မြန်မာ့ဓလေ့နှင့် ဘာသာတရားကို
တန်ဖိုးထားပြီး စံပြဖြစ်အောင် နေထိုင်သွားသူ၊ မည်သည့်လောက ဌာနက အနုပညာရှင်
လူငယ်တိုင်း၊ မိတ်ဆွေတိုင်းကို မြေတောင် မြှောက်လက်တွဲခေါ်ခဲ့သူ၊ အကျိုးအပြစ် ဝေဖန်ပေးခဲ့သူ၊
မိတ်ဆွေရင်းများကို ချီးမြှောက်သင့်သူကို ချီးမြှောက်ခြင်း၊ ပူဇော်သင့် သူကို ပူဇော်ခြင်းဆိုသော
သဘောတရားများ လက်ကိုင်ထားသူ၊ မန္တလေးနှင့် ကျွန်တော်တို့ တိုင်းပြည်ဂုဏ်ကို ဆောင်ခဲ့သူ၊
သူဆိုမှသူ..။

ကျွန်တော်တို့ တိုင်းပြည်၏ စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ စာပေအနုပညာ၊ ပန်းချီ ... စသည့်
ကဏ္ဍအသီးသီး၏၊ ဌာနအသီးသီး ၏ ဦးဆောင်နေကြသော၊ ဦးဆောင်ခဲ့ကြသော
ပုဂ္ဂိုလ်ကြီးများကပင် တန်ဖိုးထားရသောအမေ၊ ရင်းနှီးကျွမ်းဝင်ခဲ့ရသော၊ လက်တွဲလုပ်ကိုင်ခဲ့သော
အမေ...။

မြန်မာ့စာပေ၏ ခေတ်စမ်းစာပေသစ် ပေါ်ပေါက်လာရေးအတွက် အဓိကကျသော ခေတ်၏
လူငယ်စာရေးဆရာများတွင် ပါ၀င်ခဲ့သူ၊ မြန်မာပြည်၏ ဆွေးနွေးပွဲများတွင် အဓိကကျသော
နေရာများက ပါ၀င်ခဲ့သူ၊ ကိုယ်ပိုင်သတင်းစာ၊ ဂျာနယ်ထုတ်ဝေ၍ သတင်းစာဆရာများ၊
စာရေးဆရာများ၊ ပန်းချီဆရာများ၊ ကာတွန်းဆရာများ၏ ဘဝရပ်တည်ရေးနှင့် စာအုပ်ထုတ်ဝေမှု
များတွင် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူ၊ ဦးဆောင်ခဲ့သူ၊ အမျိုးဘာသာ သာသနာကို စာအား၊
ငွေအား၊ လုပ်အားများ တတ်စွမ်းသမျှ စောင့်ရှောက်ခဲ့သူ၊ ရာထူးအာဏာ မမက်မောဘဲ လုပ်သင့်
လုပ်ထိုက်သော နေရာဌာန အသီးသီးတွင် တက်ကြွစွာ စောင့်ရှောက်ခဲ့သူ...။

အမေသည် အမျိုးသမီးတစ်ယောက်ဆိုသော်လည်း ဗုဒ္ဓဘာသာဝင်ပီပီ လောကဓံလှိုင်းအမျိုးမျိုးကို
တရားသဘောနှင့်ယှဉ်၍ ရင်ဆိုင်ခဲ့သည်လား မသိ၊ မည်သည့် အကြောင်းအရာမျိုးစုံကိုမဆို
ရင်ဆိုင်နိုင်ခဲ့သည့် စွမ်းရည်မှာ အားလုံးအသိအမြင်အကြားပင် မဟုတ်ပါလား။

အမေ့အတွက် မွေးနေ့ပွဲတွေ၊ အမှတ်တရ ပွဲတွေမျိုးစုံ လုပ်ပေးကြသည်၊ လုပ်ခဲ့ကြသည်ကို
ကြားရ မြင်ရသည်မှာ ကျွန်တော်တို့ ပီတိ ဖြစ်ရသည်မှာ အခါခါ။

လူ့ဘဝမှာ ပေးသူနှင့်ယူသူ ဟူ၍ နှစ်မျိုးရှိသည်ဟု သတ်မှတ်ထားကြသည်။

အမေကား ပေးသွားသူ၊ လှူသွားသူဟု ကျွန်တော်တို့ ယုံကြည်ကြပါသည် ခင်ဗျား။

အမေက အသက်ရှည်ရှည် နေထိုင်သွားပြီး အသက်ကြီးသွားသော်လည်း စာမထပ်၊ မလေး။

သတိလည်း မချွတ်ယွင်းသဖြင့် ခေတ်အမြင်၊ ခေတ်အတွေး၊ ခေတ်မီမီကြည့်မြင်တတ်သည်။

အကြောင်းအရာမထပ်၊ ရေးစပ်စရာ ပြောစရာတွေ တစ်ပုံတစ်ပင်၊ မြင်လည်း မြင်တတ်သည်၊
သင်လည်း သင်တတ်သည်၊ သတင်းစာဆရာမကြီး၊ ဂျာနယ်ဆရာမကြီး ပီသပါပေသည်ဟု
လက်ဖျားတခါခါနှင့် အံ့ဩယူရသည်။

စာကို လူတိုင်းနားလည်အောင် စကားပြောသလို ရေးမည်ဟု ကြွေးကြော်ခဲ့သလို
တီထွင်ခဲ့ကြသည်၊ ကြိုးပမ်းခဲ့ကြသည်။

ထိုအယူအဆကို ကန့်ကွက်ခဲ့သူတွေ ရှိခဲ့ကြသလို ထောက်ခံခဲ့သည့် လူတွေကလည်း
အများအပြား၊ သို့သော် အမေက မကြောက်၊ မမြောက်၊ မတုန်လှုပ်၊ ကျောက်ရုပ်နှလုံးသားနှင့်ဟုပင်
ထင်ရသည်။

ယုံကြည်တာကို၊ မှန်တယ်ထင်တာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်၍ စဉ်ဆက် မပြတ်လုပ်ကိုင်ခဲ့သူ၊
စာပေဆောင်းပါးရေး ရေး၊ ခရီးသွားဆောင်းပါးရေးရေး၊ ဘယ်အချိန်ဖတ်ဖတ် စာဖတ်သူများ
စိတ်ဝင်စားဖြစ်အောင်၊ ပရိသတ်နှစ်ခြိုက်အောင် ရေးသားနိုင်မှုမှာ အံ့မခန်း။

ဤလို ရေးသားနိုင်စွမ်း ရှိသူများမှာ ကျွန်တော်တို့ စာပေနယ်တွင် ဥပမာ - ဆရာ ကြီးသိန်းဖေမြင့်၊
ဆရာကြီးဦးသုခ၊ ဆရာကြီး သခင်အောင်ဖေနှင့် ဆရာမကြီး အမေ ဒေါ်အမာတို့ဟု
အသိအမှတ်ပြုကြရသည်မှာ လွန်အံ့မထင်။

အမေက စာပေဂျာနယ် အတွဲ - ၂ - အမှတ် ၂ - ၁၉၉၄ - အောက်တိုဘာလထုတ်တွင်
စာပေဝေဖန်ရေး အမည်ခံ၍ ပုဂ္ဂိုလ်ရေး စော်ကားမော်ကား ရေးသားနေသူများကို ရည်ညွှန်းကာ
"စာရေးကြတယ်ဆိုတာ" ခေါင်းစီးဖြင့် ဆောင်းပါးတစ်ပုဒ်ရေး၍ လမ်းညွှန်ခဲ့သည်။

ထိုဆောင်းပါးတွင် အမေက - "ကျွန်မတို့တစ်တွေ စာရေးကြတယ်ဆိုတာ အဖြူပေါ် အမည်းတင်ပြီး
စောင်ရေတွေ အများကြီး ရိုက်နှိပ်ဖြန့်ဖြူးတဲ့ခေတ်မှာ စာရေးကြတာမို့ ကျွန်မတို့တစ်တွေ
ရေးခဲ့တဲ့စာတွေဟာ ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ် ဖြစ်တော်တော်နဲ့ မပျောက်ပျက်ဘူး၊
စာရေးတဲ့ သူသေသွာပြီးတဲ့ နောက်တောင်မှ စာတွေဟာ ကျန်ရစ်နိုင်သေးတယ်...

"ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် စိတ်အခန့်မသင့်လို့ ဆဲတာ၊ ရေးတာဟာ ဘယ်လောက်
ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေးမိစေဦး၊ လေထဲမှာ ပျောက်ကွယ်သွားတာမို့ ကြားရတဲ့လူ
အနည်းအပါးကသာ သိလိုက်တယ်၊ အမှတ်ထင်ထင် ကျန်ရစ်တယ်ဆိုတာ မရှိပါဘူး။ ရေးတာ၊
သားတာကတော့ ဒီလိုမှ မဟုတ်ပါဘဲ။ "ဒါကြောင့် ဒီခေတ်စာရေးနေကြတဲ့ လူငယ်တချို့
စာရေးတယ်ဆိုတာ တော်တော်နဲ့ ပျောက်ပျက်တာမျိုး မဟုတ်ဘူး။ သတိရှိကြဖို့ ကောင်းတယ်လို့
သတိပေးချင်ပါတယ်"ဟု သတိပေးဆောင်းပါး ရေးသားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် စာအုပ်ဝေဖန်ရေး၊ စာပေဝေဖန်ရေး၊ အနုပညာသန့်စင်အောင်
ဝေဖန်ရေးဟု အကြောင်းပြပြီး ကိုယ်ရေးချင်ရာ ပုဂ္ဂိုလ်ရေးအကြောင်းအရာများကို
ရေးသားနေကြသော ပုဂ္ဂိုလ်များ၊ ထည့်သွင်း ဖော်ပြနေသော အယ်ဒီတာနှင့်ထုတ်ဝေသူများကို
စေတနာကရုဏာဖြင့် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့သဘောဆန်သည့် ခေတ်ပြင် ဆောင်းပါးများစွာ အမြင်မတော်သည့်ကိစ္စ၊
အကြားမတော်သည့်ကိစ္စများတွင် ဆရာမကြီး ဘယ်တော့မှ ကလောင်လက်မနှေး၊
ရေးပစ်လိုက်သည်သာ။

သို့သော်စေတနာပါသဖြင့် စာကောင်းသည်။

ကရုဏာပါသဖြင့် စာသွက်သည်၊ မေတ္တာပါသဖြင့် စာလှသည်၊ အခံရ သက်သာသည်၊ ကတ္တီပါ
လက်အိတ်စွပ်ထားသော သံလက်သီး၊ နာလို့နာမှန်းပင် မသိလိုက်ရ၊ ဖွဖွရွရွ။ အမေခင်ဗျား...
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်ပီပီ ကံနှင့် သံသရာကို ယုံကြည်ပါတယ်၊ တစ်နေ့နေ့၊ တစ်ချိန်ချိန်၊
တစ်နေရာရာမှာ အမေနှင့် ကျွန်တော်တို့ ပြန်လည်ဆုံစည်းကြမယ်ဆိုတာကို
အမှန်ယုံကြည်ပါတယ် ခင်ဗျား။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021