အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် မဟာဗျူဟာမြောက်ထွက်ပေါက်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အခန်းဆက်ဆောင်းပါးကို အငြိမ်းစား ပြည်ထောင်စု ၀န်ကြီးတစ်ဦးဖြစ်တဲ့ စာရေးသူက အခုလို တင်ပြဆွေးနွေးထားပါတယ်။
လူတိုင်းပါ၀င်ဖို့ ဘာကြောင့်အရေးကြီးရသလဲ ကမ္ဘာ့နိုင်ငံအများစုမှာ လူနည်းစုဖြစ်မှု၊ မျိုးနွယ်စု၊
ယုံကြည်ကိုးကွယ်မှု၊ စဉ်းစားတွေးခေါ်မှုတို့နဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းအတွင်းက လူတချို့ကို
၀ိုင်းပယ်ထားခြင်း၊ သို့မဟုတ် ခွဲခြားဆက်ဆံခြင်းတို့ဟာ ရှည်လျားလှစွာသော လူ့သမိုင်းနဲ့အတူ
ရှိခဲ့ကြပါတယ်။
၂၁ ရာစုခေတ် ဒီမိုကရေစီစံနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီလိုပုံစံအမျိုးမျိုးနဲ့
၀ိုင်းပယ်ထားခြင်းဟာ တရားမျှတမှုမရှိဘူးဆိုတာ လူအများစုက နားလည်ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးစခေတ် လူ့အခွင့်အရေးတွေ စတင်ထွန်းကားလာတဲ့အချိန်၊ နိုင်ငံများစွာဟာ
ကိုလိုနီဘဝက စတင်လွတ် မြောက်လာတဲ့ အချိန်တွေကစပြီး ဒီလိုဟောင်းနွမ်းဆွေးမြေ့နေတဲ့
အယူအဆအပေါ် လူတွေက ယုံကြည်မှုကင်းမဲ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အခုအခါ နိုင်ငံအများစုမှာ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးနဲ့ လူတိုင်းမှာ
တန်းတူညီမျှ အခွင့်အရေးရရှိရေးဆိုတဲ့ အယူအဆကို အခိုင်အမာဆုပ်ကိုင်လာကြတာ
တွေ့ရပါတယ်။
၀ိုင်းပယ်ထားခြင်း၊ သို့မဟုတ် ဘေးဖယ်ထားခြင်း အယူအဆနဲ့ အလေ့အကျင့်တွေဟာ
ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ ဂုဏ်သိက္ခာ ကင်းမဲ့ပါစေ၊ ယုံကြည်မှုကင်းမဲ့ခြင်းနဲ့ လူရာမသွင်းဘဲ
စွန့်ပစ်ထားခြင်းခံရပါစေ နိုင်ငံတချို့မှာတော့ ဆက်လက်ရှင်သန်နေကြပါတယ်။
အဲဒီနိုင်ငံတွေမှာတော့ လူ့သမိုင်းရဲ့ အမွေဆိုးတစ်ခုကို ဆက်လက်ထွေးပိုက်ထားကြပြီး လူတွေရဲ့
လူမှုရေးဆိုင်ရာ သဘောထား ရပ်တည်ချက်တွေ၊ ယဉ်ကျေးမှု ဓလေ့စရိုက်တွေ၊ စီးပွားရေး၊
ပညာရေး၊ လူဦးရေဆိုင်ရာ စနစ်ပုံစံတွေနဲ့ အင်စတီကျူးရှင်းတွေရဲ့ ဖွဲ့စည်းပုံ
စည်းမျဉ်းစည်းကမ်းတွေမှာလည်း ခွဲခြားဆက်ဆံမှုတွေ ပါရှိနေသေးတာကို တွေ့ရပါတယ်။
ဒါဟာ လူ့အဖွဲ့အစည်းကို အစွန်းအထင်းဖြစ်စေခဲ့တဲ့အပြင် စစ်မှန်သော၊ လူတိုင်းပါ၀င်နိုင်သော
တန်းတူညီမျှမှုရှိသော နိုင်ငံသား လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးကို အကြီးအကျယ်
ထိခိုက်စေပါတယ်။
မြန်မာ့နိုင်ငံရေးမှာ အကျပ်အတည်းဖြစ် ပေါ်စေတဲ့ ပဋိပက္ခတချို့ဟာ မြန်မာ့လူ့အဖွဲ့အစည်းကို
စွန်းထင်းစေခဲ့တဲ့ လူ့သမိုင်းအမွေဆိုးရဲ့ ရိုက်ခတ်ချက်ဖြစ်တယ်ဆိုတာ ပြောစရာ မလိုတော့ပါဘူး။
တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအားလုံးဟာ ဒီလိုစိန်ခေါ်မှုတွေကို အမြဲတမ်း
ရင်ဆိုင်ဖြေရှင်းနေကြရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာမှ အထူးတလည်
ဖြစ်ပေါ်တဲ့ကိစ္စ မဟုတ်ပါဘူး။
ဖြေရှင်းပုံ ဖြေရှင်းနည်းသာ အရေးကြီးတာပါ။
အာဏာရှင်အုပ်ချုပ်ရေးစနစ်တွေရဲ့ သန္ဓေမှာကိုက အပိုင်းလိုက် အကန့်လိုက်
ခွဲခြားအုပ်ချုပ်သောနည်း (Compartmentalization ကို ကျင့်သုံးတာဖြစ်တဲ့အတွက်
လူ့အဖွဲ့အစည်းအတွင်း ၀ိုင်းပယ်ခြင်း၊ ခွဲခြားခြင်းပြဿနာကို အပြီးတိုင်ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။
ဒီလို ပြဿနာတွေအပေါ်မှာ ဖုံးကွယ်လှည့်စားသော နည်းနဲ့ အသံတိတ်စေသော နည်းတွေကိုသာ
အသုံးပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဖြေရှင်းနည်းကို အနည်းငယ်
လေ့လာကြည့်မယ်ဆိုရင်တော့ အကြမ်းနည်း လုံးဝအသုံးမပြုဘဲ အသိတရားပိုင်း
ဉာဏ်ပညာပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုနည်းလမ်း နှစ်သွယ်ကို
ပြိုင်တူအသုံးပြုပြီး ဖြေရှင်းနေကြတာ တွေ့ရပါတယ်။
၀ိုင်းပယ်ထားခြင်း၊ သို့မဟုတ် ဘေးဖယ်ထားခြင်းနဲ့ ခွဲခြားဆက်ဆံခြင်းဆိုင်ရာ စိန်ခေါ်မှုတွေကို
ရင်ဆိုင်ရာမှာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ထင်ရှားပေါ်လွင်လာတာကတော့ အသိတရားနဲ့
ဉာဏ်ပညာပိုင်းဆိုင်ရာ ရွှေ့ပြောင်းမှု ဖြစ်စေနိုင်တဲ့ "ပြန်လည်ရင်ကြားစေ့ရေး မူဝါဒ"ပါပဲ။
ပြန်လည်ရင်ကြားစေ့ရေးမူဝါဒဟာ ရှည်လျားသော သမိုင်းကြောင်းရှိခဲ့တာကို ကျွန်တော်တို့
မကြာခဏဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ တောင်အာဖရိကနိုင်ငံ ခေါင်းဆောင်များက သူတို့ရဲ့နိုင်ငံကို လူမျိုးရေး
ခွဲခြားသော စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းရာမှာ ပြန်လည်ရင်ကြားစေ့ရေး
မူဝါဒကို အောင်မြင်စွာ ကျင့်သုံးဆောင်ရွက်နိုင်ခဲ့ခြင်းဟာ နိုင်ငံတကာမှာ
ထင်ရှားပေါ်လွင်လှပါတယ်။
လူမျိုးရေးဖိနှိပ်မှုတွေ နှစ်ပေါင်းရာနဲ့ ချီပြီးရှိခဲ့တဲ့ ဒီနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းစကာလမှာ
ကြမ်းတမ်းတဲ့ပဋိပက္ခတွေ ကျိန်းသေဖြစ်တော့မှာပဲလို့ ကမ္ဘာ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက
ကျယ်ပြန့်စွာ ကြိုတင်ခန့် မှန်းထားခဲ့ကြပေမယ့် သူတို့နိုင်ငံခေါင်းဆောင်များရဲ့ ရဲရင့်သော
လုပ်ဆောင်ချက်ဖြစ်တဲ့ "အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး" အစီအစဉ်ဟာ ထူးကဲစွာ
အောင်မြင်သော အသွင်ကူးပြောင်းရေးကို ဖြစ်စေခဲ့တယ်။
ဒီအောင်မြင်မှုကြောင့် နိုင်ငံများစွာတို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ခွဲခြားဆက်ဆံမှုတွေ၊ လူ့အခွင့်အရေး
ဖောက်ဖျက်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ နဲ့ ကြမ်းကြုတ်ရက်စက်ခဲ့တဲ့ သမိုင်းအမွေကိစ္စတွေကို
ကိုင်တွယ်ဖြေရှင်းရာမှာ ပြန်လည် ရင်ကြားစေ့ရေး မူဝါဒဟာ အားထားစရာလို့ ယုံကြည်မှုတွေ
တိုးပွားလာစေခဲ့ပါတယ်။
ပြန်လည်ရင်ကြားစေ့ရေး မူဝါဒလိုပဲ မျက်မှောက်ကမ္ဘာမှာ ဂုဏ်ရှိန်မြင့်တက်လာနေတဲ့
အယူအဆတစ်ခုကတော့ နိုင်ငံရေးလှုပ်ရှားမှု ပုံစံတစ်မျိုးဖြစ်တဲ့ "ကွဲပြားခြားနားခြင်းဆိုင်ရာ
နိုင်ငံရေးမူဝါဒ"ပါပဲ။
၁၉၆၀ ပြည့်လွန်နှစ် တွေလောက်မှာ ဒီမိုကရေစီစနစ် အခြေကျနေပြီဖြစ်တဲ့ အနောက်နိုင်ငံတွေက
စတင်ပေါ် ထွန်းလာတဲ့ အယူအဆပါ။
သူတို့ရဲ့အဆိုအရ ပြောရရင်တော့ လူအများစု ဩဇာကြီးမားနေတဲ့ သမားရိုးကျ ဒီမိုကရေစီစနစ်ရဲ့
အတွင်း ဗီဇမျိုးစေ့ထဲမှာကိုက ရွှေ့ပြောင်းဝင်ရောက် လာသူတွေ၊ ရှေးပဝေသဏီကတည်းက
ရှိနေတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ မသန်စွမ်းသူတွေနဲ့ အခြားလူနည်းစုတွေ အပါအဝင်
လူအုပ်စုတချို့ကို ၀ိုင်းပယ်ထားခြင်း၊ ဘေးဖယ်ထားခြင်းတို့ ပါနေသလို ဖြစ်နေတယ်။
ဒီအားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် လူတိုင်း ပါ၀င်နိုင်ခွင့်ရှိရန် အားထုတ်ခဲ့ကြရာမှာ
အယူအဆ သုံးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။
"ထုံးတမ်း စုံညီပါ၀င်သော ဒီမိုကရေစီ" (Multicultural Democracy)၊ "စဉ်းစားဆင်ခြင်သော
ဒီမိုကရေစီ" (Deliberative Democracy)နဲ့ "ပါ၀င်ယှဉ်ပြိုင်သော ဒီမိုကရေစီ" (Contestatory
Democracy) ဆိုတဲ့ ဒီမိုကရေစီပုံစံ သုံးမျိုးဟာ သူ့နေရာနဲ့သူ အသုံးပြု နိုင်ရမှာဖြစ်ပါတယ်။
သမိုင်းမှာ ဘေးဖယ်ထားခြင်းခံရတဲ့ လူတွေကို အသိအမှတ်ပြုရန်၊ လူတိုင်း တန်းတူညီတူ
အသံထွက်နိုင်ရန်၊ လူနည်းစုရဲ့ တရားဝင်အကျိုးစီးပွားနဲ့ အမှတ်လက္ခဏာတွေကို
လေးစားအသိအမှတ်ပြုရန်နဲ့ သူတို့ကို ဘေးဖယ်ထားဖို့၊ သို့မဟုတ် သူတို့ရဲ့ အခွင့်အရေးတွေ
ဆုံးရှုံးစေဖို့အတွက် လုပ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့ ထုတ်ပြန်ချက်တွေကို
ထောက်ပြဝေဖန်ပြီး ခုခံကာကွယ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိစေဖို့အတွက် ဒီမိုကရေစီပုံစံ
သုံးမျိုးလုံးကိုပေါင်းရုံး ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။
ထုံးတမ်းစုံညီပါ၀င်သော ဒီမိုကရေစီမှာ ပြန်လည်ရင်ကြားစေ့ရေး အယူအဆတွေ
များစွာပါ၀င်နေပါတယ်။
လူတိုင်းပါ၀င်နိုင်တဲ့ ဒီမိုကရေစီဆိုတာ လူတိုင်းရဲ့ ယဉ်ကျေးမှုတန်ဖိုး၊ ယုံကြည်ကိုးကွယ်မှု၊
စရိုက်လက္ခဏာ အလေ့အထနဲ့ ဘာသာစကား ကွဲပြားခြားနားမှု ရှိနေတာတွေကို
အသိအမှတ်ပြုရခြင်း၊ ဖြည့်ဆည်းပေးရခြင်းလောက်နဲ့ ပြည့်စုံနိုင်တာ မဟုတ်ပါဘူး။
ဒီလိုကွဲပြားမှုတွေဟာ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ ကတည်းက ရှိခဲ့တယ်။
မလိုမုန်းထားခြင်းတွေ၊ ကဲ့ရဲ့အပြစ်တင်ခြင်းတွေနဲ့ ၀ိုင်းပယ်ထားခြင်းတွေဟာ ကာလတာရှည်စွာ
ဖြစ်ခဲ့ရတယ်။
ဒါကြောင့် လူနည်းစုတွေက ပါ၀င်ခွင့်အတွက် တောင်းဆိုတာဟာ သမိုင်းနဲ့ချီပြီး ဖြစ်ခဲ့ရတဲ့ သူတို့ရဲ့
ခံစားမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို နားလည်နိုင်ဖို့ လိုပါတယ်။
ကွဲပြားခြားနားခြင်းဆိုင်ရာ နိုင်ငံရေးမူဝါဒကိုယ်တိုင်ကလည်း သမိုင်းဆိုင်ရာအမှားများကို
အသိအမှတ်ပြု ခြင်းနဲ့ ကုသခြင်းတို့ လုပ်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီအသွင် ကူးပြောင်းနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ လူနည်းစု ရေးရာကွာဟချက်များရဲ့
တာရှည်ဖြစ်တတ်တဲ့ သဘာဝကို လေးနက်စွာကိုင်တွယ်နိုင်ဖို့ လိုပါတယ်။
မည်သည့်ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာဖြစ်စေ ဒီကွာဟချက်များအပေါ်
သင့်တော်ကောင်းမွန်စွာ အသိအမှတ်ပြုရန် သတိတရားနဲ့ အားထုတ်ခဲ့ခြင်း မရှိရင်တော့
အုပ်စုတစ်စုက အခြား အုပ်စုတစ်စုကို စိုးမိုးခြယ်လှယ်ခြင်း၊ သို့မဟုတ် ထိုသို့ ခြယ်လှယ်ရန်
အားထုတ်ရင်း ကြမ်းတမ်းတဲ့ ပဋိပက္ခ အသစ်တွေ ဖြစ်ခြင်းတို့နဲ့ ကျိန်းသေရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ထုံးတမ်းစုံညီပါ၀င်သော ဒီမိုကရေစီပုံစံဟာ ဗဟုလူ့အဖွဲ့အစည်း တစ်ခုအတွင်းမှာ
ဒီမိုကရေစီနည်းကျ လူတိုင်း ပါ၀င်နိုင်မှု အခွင့်အရေး အမြဲရရှိဖို့အတွက် အရေးဆိုနေရမှာ
ဖြစ်ပါတယ်။
စဉ်းစားဆင်ခြင်သောဒီမိုကရေစီရဲ့ ချဉ်းကပ်နည်းကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့
စနစ်တကျ စဉ်းစားဆင်ခြင်မှုဖြင့် ပြည်သူလူထုရဲ့သဘောထားကို ဖော်ထုတ်ရ တဲ့လုပ်ငန်းစဉ်ပါ။
အများစုကပဲ အမြဲ အနိုင်ရရှိမယ့် မဲပေးဆုံးဖြတ်တဲ့စနစ်တစ်ခုမှာ လူနည်းစုတွေနဲ့
ဘေးဖယ်ထားခြင်းခံရတဲ့ လူအုပ်စုတွေဟာ အများပြည်သူရဲ့သဘောထား သူတို့ဘက်
ပါလာအောင် စည်းရုံးဟောပြော ဆွေးနွေးရခြင်းဖြစ်ပါတယ်။
အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ သူတို့ဘက်က အသံတစ်သံတည်း ထွက်အောင် လုပ်ဖို့က
ပိုအရေးကြီးပါတယ်။
အချေအတင် ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေနဲ့ လူထုမီဒီယာတွေကတစ်ဆင့် လူအများစု
လက်ခံလာအောင် ပြောနိုင်ခဲ့ရင်၊ လူအများစုဟာ မူလက သူတို့မှာရှိနေတဲ့ အယူအဆတွေကို
ပြောင်းလဲပြီး လူနည်းစုရဲ့ တောင်းဆိုချက်ကို လိုက်လျောနိုင်ပါတယ်။
ဒီလိုနည်းနဲ့ တချို့ နိုင်ငံကြီးတွေမှာတောင် မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ငါးရာခိုင်နှုန်းထက်မများတဲ့
လိင်တူဆက်ဆံသူများရဲ့ တရားဝင်လက်ထပ်ထိမ်းမြားခွင့် အခွင့်အရေးကို ရယူနိုင်ကြတာ
စာဖတ်သူများ အားလုံး အသိပါပဲ။
မြန်မာပြည်မှာလည်း လူနည်းစုအခွင့်အရေး တောင်းဆိုသူတွေဟာ ဒီလိုစဉ်းစားဆင်ခြင်သော
ဒီမိုကရေစီပုံစံကို အသုံးပြုပြီး ဥပဒေဘောင်အတွင်းကအားထုတ်နိုင်တဲ့ အခွင့်အရေးတွေ
ရှိနေတာကို သတိပြုမိကြဖို့ ဖြစ်ပါတယ်။
ပါ၀င်ယှဉ်ပြိုင်သော ဒီမိုကရေစီပုံစံ ကလည်းဝိုင်းပယ်ထားခြင်းခံရတဲ့ လူနည်းစုတွေအတွက်
"အသံ" ထွက်ပေါ်လာရေးကိုပဲ အဓိကထားပါတယ်။
ဒါပေမဲ့ သူ့ရဲ့ပန်းတိုင်က အများသဘောတူညီထားချက်များကို ပြင်ဆင်ရန်၊ သို့မဟုတ် အစားထိုးရန်
မဟုတ်ဘဲ ဒီမိုကရေစီ ဗဟုဝါဒနဲ့အညီ ဒီမိုကရေစီ စည်းမျဉ်းနဲ့ တန်ဖိုးတွေအရ လူနည်းစုအတွက်
ဩဇာအာဏာ၊ သို့မဟုတ် နေရာရရှိစေရန် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် လူအများစုနဲ့ လူအနည်းစုက တစ်ဦးကိုတစ်ဦး ရန်သူလို သဘောမထားကြဘဲ
ပါ၀င်ယှဉ်ပြိုင် ဘက်လို သဘောထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ အကျပ်အတည်း ဖြစ်စေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ
ဒီမိုကရေစီရေချိန်မြင့်လာဖို့က အဓိကလိုအပ်ချက် ဖြစ်ပါတယ်။
ဒီမိုကရေစီရေ ချိန်သာမြင့်၊ ဒီမိုကရေစီနည်းအရ ဖြေရှင်းနည်းတွေက အသင့်ရှိနေပါတယ်။
ဒီမိုကရေစီရေချိန်တိမ်နေတဲ့ အခုလိုကာလမှာ ကျွန်တော်က ဒါတွေ ရေးပြနေတော့
လက်တွေ့လုပ်ဖို့ခက်ခဲတယ်လို့ ကျွန်တော့်ကို အပြစ်တင်ရင်လည်းခံရမှာ ပါပဲ။
ဒါပေမဲ့ ကျွန်တော့်ရည်ရွယ်ချက်က ပြဿနာတွေကို ဖြေရှင်းရာမှာ ဒီမိုကရေစီ ရေတိမ်ဘက် မလိုက်ဘဲ
ဒီမိုကရေစီရေချိန်မြင့်တဲ့လမ်းကြောင်းကို ရွေးချယ်ခြင်းကသာလျှင် ကျွန်တော်တို့အတွက်
နိုင်ငံရေး အကျပ်အတည်းက လွတ်မြောက်စေတဲ့ ထွက်ပေါက် ဖြစ်နိုင်တယ်ဆိုတာကို
ပြောချင်တာပါ။
ဒါကြောင့် နည်းအမျိုးမျိုးနဲ့ ခွဲခြားထားခြင်းကြောင့်ဖြစ်ခဲ့ရတဲ့ နိုင်ငံရေး အကျပ်အတည်းက
ထွက်ပေါက်ကို စဉ်းစားကြရာမှာ အထက်မှာ တင်ပြခဲ့တဲ့ ဒီမိုကရေစီနိုင်ငံရေးလှုပ်ရှားမှု နည်းလမ်းနဲ့
ပြန်လည်ရင်ကြားစေ့ရေး နည်းလမ်းတို့ကို ပြိုင်တူကျင့်သုံးသွားရမှာ ဖြစ်ပါတယ်။
ပြန်လည်ရင်ကြားစေ့ရေး မူဝါဒကို အစကနေ အဆုံးအထိ ခြံုငုံပြီး သုံးသပ်လိုက်မယ်ဆိုရင်
အဆင့်သုံးဆင့် ပါ၀င်ပါတယ်။
ပထမအဆင့်က ပြန်လည် ရင်ကြားစေ့ရေးကို လက်သုံးကိရိယာအဖြစ် သုံးစွဲခြင်းဖြစ်ပါတယ်။
လျော်ကြေးပေးခြင်းအပါအဝင် ပေးလျော် ခြင်းအမျိုးမျိုး၊ တောင်းပန်ခြင်း၊ အထိမ်းအမှတ်ပွဲ
ပြုလုပ်ပေးခြင်း၊ အသိအမှတ်ပြုခြင်း၊ အမှန်တရားဖော်ထုတ်ခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းတို့
ပါ၀င်ပါတယ်။
ဒုတိယအဆင့်က ပြန်လည်ရင်ကြားစေ့ရေးရဲ့ ပန်းတိုင်များ သတ်မှတ်ခြင်းဖြစ်ပါတယ်။
နိုင်ငံတော်တည်ဆောက်ရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ ပေါင်းစည်း စွမ်းအင်ပေါ်ထွန်းရေး၊
တစ်နိုင်ငံလုံး အနာကျက်ရေး၊ တရားမျှတမှုပုံစံအမျိုးမျိုး (ဒဏ်ခတ်အရေးယူသော တရားမျှတမှု၊
အားသစ်လောင်းသော တရားမျှတမှု၊ သမိုင်းဆိုင်ရာတရားမျှတမှုနဲ့ လျော်ကြေးပေးသော
တရားမျှတမှု စသည်ဖြင့်) ရယူပေးရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့
ဖြစ်ပါတယ်။
တတိယအဆင့်က ကိုယ်ကျင့်တရား၊ နိုင်ငံရေးကျင့်ဝတ်၊ လူ့အခွင့်အရေး အတွေးအခေါ်နဲ့
အမျိုးသားရေး အယူအဆ၊ သို့မဟုတ် တရားမျှတမှုအယူအဆတို့ ကျယ်ပြန့်စွာ သက်ရောက်စေခြင်း
ဖြစ်ပါတယ်။
ဒါတွေက သီအိုရီသဘောပြောတာပါ။ လက်တွေ့ကျင့်သုံးတဲ့အခါမှာတော့ အခုလို
ရှင်းရှင်းလင်းလင်း ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။
ဒီလက်သုံးကိရိယာတွေ၊ ပန်းတိုင်တွေနဲ့ မူဝါဒတွေကို လိုအပ်သလို ရောစပ်ရခြင်း၊
ဆီလျော်အပ်စပ်အောင် ချိတ်ဆက်ရခြင်းတို့ကို အပန်းတကြီး အကောင်အထည်ဖော်ရတာ
ဖြစ်ပါတယ်။
အားလုံးကို ပြန်ချုပ်လိုက်မယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းတစ်ခုဟာ အချင်းချင်းဝိုင်းပယ်ခြင်း
သို့မဟုတ် ဘေးဖယ်ထားခြင်းနဲ့ ခွဲခြားဆက်ဆံခြင်းတွေ ရှိနေတာကြောင့် ပဋိပက္ခတွေ
ဖြစ်နေတာတွေကို အကြမ်းမဖက်ဘဲ တရားဥပဒေဘောင်အတွင်းကနေ ညင်သာသိမ်မွေ့စွာ
ဖြေရှင်းနိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အနည်းဆုံး ဒီမိုကရေစီ ပုံစံသုံးမျိုး ပါ၀င်တဲ့ "ကွဲပြားခြားနားခြင်းဆိုင်ရာ
နိုင်ငံရေးမူဝါဒ"နဲ့ ဖြေရှင်းနိုင်ပါတယ်။
မလွဲသာမရှောင်သာလို့ အကြမ်းနည်း သုံးလိုက်ရတယ်ဆိုတဲ့ စကားဟာ ဒီမိုကရေစီစံမမီတဲ့စကား
ဖြစ်ပါတယ်။
သမိုင်းအဆက်ဆက်က ဖြစ်ပေါ်ခဲ့တဲ့ တရားမျှတမှု မရှိခဲ့ခြင်းများ အတွက် အသိတရားနဲ့
ဉာဏ်ပညာပိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်မှုလုပ်ရာမှာတော့ "ပြန်လည် ရင်ကြားစေ့ရေးမူဝါဒ"က
မဖြစ်မနေ ပါ၀င်ရပါတယ်။ ဒီမူဝါဒနှစ်ရပ်နဲ့အညီ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်းတကျ
ဖြေရှင်းခြင်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းက ထွက်ပေါက်တစ်ခုဖြစ်သလို
လူတိုင်းတန်းတူ ညီမျှမှု အခွင့်အရေး ရရှိခံစားရန်အတွက် လမ်းခင်းပေးနိုင်ပါကြောင်း
တင်ပြလိုက်ရပါတယ်။

















