ကျောင်းသား ပညာရေးမျှော်လင့်ချက်များမှသည် အမျိုးသားနေ့ဆီသို့

ကျောင်းသား ပညာရေးမျှော်လင့်ချက်များမှသည် အမျိုးသားနေ့ဆီသို့

၁၉၂၀ ပြည့်နှစ် မြန်မာပြည် ဒုတိယဘုရင်ခံ ဆာရက်ဂျီနယ် ဟင်နရီကရက်ဒေါက် Sir Reginald Henry Craddock နှင့် ပညာမင်းကြီး မက်ဟန်းတား Mark Hunter တို့က နယ်ချဲ့အရင်းရှင်စနစ်နှင့် လျော်ညီသော အရင်းရှင်ပညာရေးစနစ်ကို အကျိုးပြုသည့် ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းကိုရေးဆွဲကာ ရန်ကုန်တက္ကသိုလ် တည်ထောင်ရန်ကြိုးပမ်းခဲ့...

၁၉၂၀ ပြည့်နှစ် မြန်မာပြည် ဒုတိယဘုရင်ခံ ဆာရက်ဂျီနယ် ဟင်နရီကရက်ဒေါက်
Sir Reginald Henry Craddock နှင့် ပညာမင်းကြီး မက်ဟန်းတား Mark Hunter တို့က
နယ်ချဲ့အရင်းရှင်စနစ်နှင့် လျော်ညီသော အရင်းရှင်ပညာရေးစနစ်ကို အကျိုးပြုသည့်
ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းကို ရေးဆွဲကာ ရန်ကုန်တက္ကသိုလ် တည်ထောင်ရန်
ကြိုးပမ်းခဲ့ကြသည်။

ယင်းတက္ကသိုလ်ဥပဒေကြမ်းတွင် မြန်မာပြည်၌ ရန်ကုန်တက္ကသိုလ် တစ်ခုတည်းသာ ရှိရမည်။
ထိုတက္ကသိုလ် လက်အောက်တွင် ကောလိပ်ကျောင်းတစ်ကျောင်းသာ ရှိရမည်။
ယင်းကောလိပ်ကျောင်းသည်လည်း ရန်ကုန်မြို့တွင်သာ ဖွင့်ရမည်။ ကောလိပ်ကျောင်းတွင်
စာသင်လိုလျှင် ကျောင်းအိပ်ကျောင်းစားအဖြစ် နေရမည်။

တက္ကသိုလ်ဝင်ခွင့်ရရန် အစိုးရက ပြုလုပ်သော High School Final ခေါ် ၁၀ တန်းစာမေးပွဲ
အောင်မြင်ရမည်။ ၁၀ တန်းစာမေးပွဲအောင်မြင်ပြီးသူတို့သည် တက္ကသိုလ်ဝင်ခွင့်ရရေးအတွက်
အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတွဲ တစ်ခုကို ထပ်မံဖြေဆိုကာ ထူးချွန်စွာ အောင်မြင်မှသာ
တက္ကသိုလ်ကျောင်း တက်ခွင့်ရှိသည်။

တက္ကသိုလ် တက်ခွင့်ရလျှင် ဦးစွာတက္ကသိုလ်ပညာကို သင်ယူခွင့်မရ။ ပြင်ဆင်မှုအတန်း
Preliminary Class တွင် တစ်နှစ် တက်ရမည်။ အရည်အချင်းမပြည့်မီဟု သတ်မှတ်ခြင်းခံရလျှင်
တက္ကသိုလ် ပညာရပ်များကို သင်ယူခွင့်ရဦးမည် မဟုတ်။ ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲများ ထားရှိမည်။

ဂုဏ်ထူးနှင့် ၀ိဇ္ဇာဘွဲ့ စာမေးပွဲကို သိပ္ပံတန်းအောင်ပြီး သုံးနှစ်ကြာမှ ၀င်ရမည်။ ဂုဏ်ထူးနှင့်
၀ိဇ္ဇာဘွဲ့တန်းတွင် စာမေးပွဲတစ်ခါကျလျှင် နောက်ထပ်ဖြေဆိုခွင့် လုံးဝမပြု စသော
ပြင်းထန်တင်းကျပ်သည့် ပညာရေးဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းရန် ထုတ်ပြန်ခဲ့ရာ ၁၉၂၀ ပြည့်နှစ်
ဇူလိုင်လ ၃၀ ရက်နေ့တွင် ဂျီစီဘီအေအသင်းကြီးက ဦးစီး၍ တက္ကသိုလ်ဥပဒေကြမ်းကို
ကန့်ကွက်သော လူထုအစည်းအဝေးကြီးကို ဂျူဗလီဟောတွင် ကျင်ပခဲ့သည်။

အစည်းအဝေးကြီးက - ရန်ကုန်တက္ကသိုလ် ဥပဒေကြမ်းအတည်ပြုရေးကို လုံးဝကန့်ကွက်သည်။
ဥပဒေကြမ်းအတည်ပြုရေးကို မြန်မာနိုင်ငံသစ် စီမံအုပ်ချုပ်ရေးနှင့် ပတ်သက်၍ တရားဥပဒေပြု
လွှတ်တော်အသစ် ဖွဲ့စည်းတည်ထောင်သည့် အချိန်တိုင်အောင် ဆိုင်းငံ့ထားရန်၊ ရန်ကုန်မြို့
တစ်မြို့တည်းတွင်သာ တက္ကသိုလ် ဖွင့်လှစ်မှုကို မလိုလား။ အနယ်နယ် အရပ်ရပ်ရှိ
ကောလိပ်ကျောင်းများလည်း ဖက်စပ်ပါ၀င်နိုင်သည့် တက္ကသိုလ်မျိုး ဖွင့်လှစ်ရန်သာ လိုလားသည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင် မြန်မာလူမျိုးတို့ လုံလောက်စွာပါ၀င်ရန် လိုလားသည်။
တက္ကသိုလ်ဝင်ခွင့်ပြုရာတွင် ပြင်ဆင်မှုအတန်း Preliminary Class စနစ်ကို မနှစ်သက်၊
High School Final အောင်ပြီးသူတိုင်း တက်ခွင့်ပြုသင့်သည် စသည့်အချက်များကို
တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့သည်။

အဆိုပါ တက္ကသိုလ်ပညာရေးဥပဒေကြမ်းအရဆိုလျှင် မြန်မာနိုင်ငံသားများ ကျောင်းတက်ခွင့်ရဖို့
အလှမ်းဝေးလှသည်။

ငွေကုန်ကြေးကျခံနိုင်သော မြေရှင်၊ ဓနရှင် လူတန်းစားများနှင့် ဗြူရိုကရက် အရာရှိကြီးတို့၏
အဆက်အနွယ်များသာ အကျိုးရှိနိုင်သော ပညာရေး ဥပဒေဖြစ်နေသည်။

အဆိုပါဥပဒေအရဆိုလျှင် ထိုခေတ်က သုံးစွဲသောငွေ တစ်နှစ်လျှင် အနည်းဆုံး ကျပ် ၆၀၀ ကျော်
သို့မဟုတ် တစ်လလျှင်ပျမ်းမျှ ကျပ် ၅၀ ကျော် အကုန်အကျခံ နိုင်ရမည်ဖြစ်သည်။

ထိုစဉ်က စာရေးကြီးတစ်ယောက်၏ လစာမှာ ကျပ် ၃၀ ၀န်းကျင်မျှသာ ရရှိကြပြီး
အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံးလစာမှာ ၁၂ ကျပ် ဖြစ်ပြီး အမြင့်ဆုံးလစာမှာ ရ၅ ကျပ်ဖြစ်၍
ပျမ်းမျှခြင်းအားဖြင့် အလုပ်သမားတစ်ဦး တစ်လလျှင် ကျပ် ၂၀ မျှသာ ရရှိနေကြသည်။

နေ့စားဝန်ထမ်းများဆိုပါက တစ်နေ့လျှင် ၂၅ ပြား(တစ်မတ်)လောက်သာ ရရှိနေချိန်ဖြစ်သည့်
အတွက် သာမန် ၀န်ထမ်းမိသားစုများအဖို့ တက္ကသိုလ် တက်ရောက်ရန် အိပ်မက်ပင် မက်၍
မရနိုင်သည့် အခြေအနေ ဖြစ်သည်။

ထိုခေတ် သတင်းစာများကလည်း တက္ကသိုလ်ပညာရေးဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်
ရေးသားကြသည်။

ကန့်ကွက်နေသည့်ကြားမှာပင် ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့၌ ကရက်ဒေါက်က
ဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် ယင်းဥပဒေနှင့်အညီ ရန်ကုန် ကောလိပ်ကို တက္ကသိုလ် University
အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ကြေညာသည်။

သတင်းစာများနှင့် ကျောင်းသားထုက ပြင်းပြင်းထန်ထန် ကန့်ကွက်လာသည်။
ကောလိပ် ကျောင်းသားများထဲမှ သံတွဲဦးဘဦးကို ခေါင်းဆောင်တင်ပြီး စည်းဝေးကန့်ကွက်သည်။
ကန့်ကွက်နေသည့်ကြားမှ ရှေ့တိုးလုပ်ဆောင်လာပါက ကျောင်းသားနှင့် ပြည်သူတွဲ၍
ရှေ့တစ်လှမ်း တိုးမည်ဟု ဆုံးဖြတ်ကန့်ကွက်သည့်အတွက် ဘုရင်ခံက ဒီဇင်ဘာ ရ ရက်သို့
ရက်ရွှေ့သည်။

ထိုနေ့ကား ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၈ ရက်)
သီပေါမင်း ပါတော်မူနေ့လည်း ဖြစ်သည်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်တောင်ထောင့်(စနေထောင့်) ဗောဓိပင်ကြီး
ရှေ့တွင် နံနက် ၁၁ နာရီမှ စတင်ခါ ကျောင်းသား ၁၁ ဦး လျှို့ဝှက်စုဝေးတိုင်ပင်ကြသည်။

ရှစ်နာရီကြာမျှ တိုင်ပင်ဆွေးနွေးကြပြီးနောက် အမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အနာဂတ်အတွက်
ကောလိပ်ကျောင်းသားများ သပိတ်မှောက်ကြရန် ဆုံးဖြတ်လိုက်ကြတော့သည်။

သပိတ်မှောက်ခြင်းကို ထိုကျောင်းသား ၁၁ ဦးကပင် ဦးဆောင်မည်။

တစ်ပြည်လုံးအတိုင်းအတာဖြင့် ပါ၀င်လာအောင် လှည့်လည် ဟောပြောစည်းရုံးကြမည်။

ဒီဇင်ဘာ ၄ ရက်နေ့တွင် ဗဟန်းဦးအရိယကျောင်း၌ ကောလိပ်ကျောင်းသားများ
အထူးအစည်းအဝေးခေါ်ယူကာ ရှင်းလင်း ပြောပြရန် ဆုံးဖြတ်ခဲ့သည်။

ရန်ကုန် ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့က ကျောင်းသား ၄၀၀ ကျော်သည် ဒီဇင်ဘာ
၄ ရက် ညနေ ၅ နာရီ၌ ဗဟန်းဦးအရိယကျောင်းတွင် စုဝေးကာ တက္ကသိုလ်ဥပဒေတိုက်ဖျက်ရေး
အတွက် သပိတ်မှောက်ကြရန် အများသဘောတူ ဆုံးဖြတ်ခဲ့သည်။

နောက်တစ်နေ့ဖြစ်သော ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ်
တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့)တွင် ကျောင်းသူ၊ ကျောင်းသားများ စုဝေးကာ
တက္ကသိုလ်ပညာရေးဥပဒေကြမ်းကို လုံးဝကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့်
သပိတ်မှောက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။

ကျောင်းသားတွေ ညီခဲ့သည်။ ကောလိပ်ကျောင်းသားများသာမက အထက်တန်းကျောင်းသားများ
ကပါ ပါ၀င်လာခဲ့သည်။ ဗဟန်းတွင် ရှိသမျှ ဇရပ်အားလုံး ကျောင်းသားတွေနှင့် ပြည့်လျှံ
သွားတော့သည်။

မြန်မာတစ်နိုင်ငံလုံးက ပါ၀င်လာပြီး အထက်တန်းကျောင်းပေါင်း ၄၂ ကျောင်းက
သပိတ်မှောက်ခဲ့ကြသည်။ သပိတ်မှောက် ကျောင်းသားများကို ဗုဒ္ဓဘာသာကလျာဏယုဝ
အသင်းကြီးနှင့် မြို့လူထုတို့က ၀န်းရံကူညီထောက်ပံ့ခဲ့ကြတော့သည်။

ကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်လာအောင် ဦးဆောင်ခဲ့သည့် ၁၁ ဦးမှာ ကိုဘရှင်(ဘီအက်စ်စီ
အထက်တန်း)၊ ကေညီပိတ်(ဘီအက်စ်စီ အထက်တန်း)၊ ကိုဘိုးကွန်း(ဘီအက်စ်စီ အထက်တန်း)၊
ကိုဧ(ဘီအေ အထက်တန်း)၊ ကိုလှတင်(ဘီအေ အထက်တန်း)၊ ကိုဖေသိန်း(အိုင်အေ
အထက်တန်း)၊ ကိုထွန်းဝင်း(အိုင်အေ အထက်တန်း)၊ ကိုဘရှင်(အိုင်အေ အထက်တန်း)၊
ကိုဘခင် (အိုင်အေ အထက်တန်း)၊ ကိုအောင်ဒင်(အိုင်အေ အထက်တန်း)နှင့် ကိုဘဦး(ဘီအေ
အထက်တန်း)တို့ ဖြစ်ကြသည်။ (အဆိုပါကျောင်းသားကြီးများ သပိတ်မှောက်ရန်
စုဝေးတိုင်ပင်ခဲ့သည့် ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်တောင်ထောင့်တွင် မော်ကွန်း
ကျောက်တိုင်စိုက်ထူထားသည်ကို ယခုတိုင် တွေ့နိုင်ပါသည်)။

၁၉၂၀ ပြည့်နှစ် ပထမကျောင်းသား သပိတ်သည် အင်္ဂလိပ်နယ်ချဲ့တို့ လက်အောက်တွင်
မြန်မာနိုင်ငံ၏ ပထမဆုံး ပညာရေးလှုပ်ရှားမှုကြီးဖြစ်သည်။ ထိုလှုပ်ရှားမှုကြီး၏
အကျိုးသက်ရောက်မှုက အမျိုးသားပညာသင်ကျောင်းများနှင့် ခေတ်သစ်အမျိုးသားပညာရေး
အတွေးအဆကို ပေါက်ဖွားစေခဲ့သည်သာမက မြန်မာတစ်မျိုးသားလုံးအတွက် နိုင်ငံရေးနိုးကြားမှု၊
အမျိုးသားစည်းလုံးမှု၊ ဇာတိသွေးဇာတိမာန် မြင့်မားမှုတို့ကို မွေးဖွားပေးခဲ့သည်။

အမျိုးသားတက္ကသိုလ် ထူထောင်ရေးအတွက် သပိတ်မှောက် ကျောင်းသားများ အစည်းအဝေး
ထိုင်ကြပြီး ကော်မတီဖွဲ့ကာ ကိုယ်ထူကိုယ်ထ အမျိုးသားကျောင်းပေါင်း ၉၃ ကျောင်းအထိ
ဖွင့်လှစ်နိုင်ခဲ့သည်။

လွတ်လပ်ရေး တိုက်ပွဲတစ်လျှောက် ထင်ရှားကျော်ကြားခဲ့သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊
သခင်ဘသောင်း၊ သခင်မြ၊ သခင်ဖိုးကွန်း (ဗိုလ်ဖိုးကွန်း)၊သခင်ဗဂွမ်း၊ သခင်ထွန်းရွှေ၊ သခင်ဗသီး၊
သခင်သာဒင်တို့လို ခေါင်းဆောင်များကို ပေါက်ဖွားပေးခဲ့သည်။

ပထမကျောင်းသားသပိတ်မှ ပေါက်ဖွားခဲ့သော အမျိုးသားပညာရေး ကျောင်းများမှသည်
ဒုတိယကျောင်းသား သပိတ်ဖြစ်သော ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားမျိုးဆက်များကို
ပေါက်ဖွားပေးခဲ့သည်။

ဦးရာဇတ်၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်
ခေါင်းဆောင်များကို ပေါ်ထွန်းစေခြင်းဖြင့် မြန်မာ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သည်။

၁၉၂၁ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက် (၁၂၈၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်
၅ ရက်မှ ၈ ရက်)အထိ နဝမအကြိမ်မြောက် ဂျီစီဘီအေ မြန်မာအသင်းချုပ် နှစ်ပတ်လည်
ကွန်ဖရင့်ကို မန္တလေးမြို့တွင် ကျင်းပသည်။

ကွန်ဖရင့်သို့ မြန်မာအမျိုးသမီးအဖွဲ့များ အပါအဝင် အသင်းခွဲပေါင်း တစ်သောင်းကျော်က ပရိသတ်
တစ်သိန်းကျော်တက်ရောက်ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဂုဏ်ပြုဩဘာစာကို
ရေးသားဖတ်ကြားကာ ရွတ်ဆို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ကွန်ဖရင့်ကြီးမှ အမျိုးသားနေ့ တစ်နေ့ကို ရွေးချယ်သတ်မှတ်ရန် General Council သို့
တာဝန်ပေးချက် အရ ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်(၁၂၈၄ ခုနှစ် နယုန်လပြည့်ကျော် ၈ ရက်)တွင်
ကျင်းပသော ဂျီစီဘီအေအသင်းချုပ် General Council ၏ အထူးအစည်းအဝေးကြီးမှ
တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်သောနေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) ကို
အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။

ထိုနှစ် ထိုအချိန်မှစ၍ အမျိုးသားနေ့ အခမ်းအနားများကို ကျင်းပလာခဲ့သည်မှာလည်း ယခုနှစ်ဆိုလျှင်
၉၅ နှစ်ပင် တိုင်ခဲ့ပြီဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ကြည့်လျှင် ကြီးမားသော နိုင်ငံရေးအချိုးအကွေ့ အပြောင်းအလဲတိုင်း၌
ကျောင်းသားထု၏ အခန်းကဏ္ဍမှာ ရှေ့ဆုံးက ပါ၀င်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။

ယနေ့တိုင်လည်း မြန်မာနိုင်ငံ၏ အမျိုးသားပညာရေးဥပဒေမှာ စင်းလုံးချော မဟုတ်သေးသည့်
အတွက် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် ကျောင်းသားထုက တိုက်ပွဲဝင်
တောင်းဆိုနေကြရဆဲပင် ဖြစ်ပါသည်။

အမျိုးသားနေ့ကို ပေါ်ထွန်းစေခဲ့သော ကျောင်းသားထု၏ ပညာရေးမျှော်လင့်မှုများသည်ကား
မပြီးဆုံးသေးပါ။

ရည်ညွှန်း

(၁) တို့ဗမာအစည်းအရုံးသမိုင်း (ပ+ဒု)
(၂) အနှစ်ချုပ်မြန်မာ့သမိုင်း အဘိဓာန် ဒုတိယတွဲ(သန်းဝင်းလှိုင်)
(၃) အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာများ



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021