အာဆီယံကို ဒီမိုကရေစီမြန်မာနိုင်ငံက ဦးဆောင်လာနိုင်မလား

အာဆီယံကို ဒီမိုကရေစီမြန်မာနိုင်ငံက ဦးဆောင်လာနိုင်မလား

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဟာ 'အာဆီယံ စီးပွားရေးအသိုက်အဝန်း' (AEC) ကို ဒီလထဲမှာ စတင်ဖို့ စီစဉ်ထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဟာ 'အာဆီယံ စီးပွားရေးအသိုက်အဝန်း' (AEC) ကို ဒီလထဲမှာ
စတင်ဖို့ စီစဉ်ထားပါတယ်။

ဒါက စီးပွားရေးအင်အား ၁၀ ခုကို ပိုပြီးစုစည်းစေပြီး မူအားဖြင့် လိုက်လျောညီထွေရှိတဲ့
ပေါင်းစည်းမှုအတွက် ထောက်ပံ့ဖို့ရည်ရွယ်တယ်လို့ ပြောနိုင်ပါတယ်။

အာဆီယံထိပ်သီးတွေ အားလုံးက မိမိတို့ ခက်ခက်ခဲခဲ ရရှိထားတဲ့ အချုပ်အခြာအာဏာကို
စွန့်လွှတ်ဖို့ တွန့်ဆုတ်နေတဲ့အတွက် လက်တွေ့မှာ အလုပ်ဖြစ် မဖြစ်ဆိုတာကတော့ ဘယ်သူမှ
သိပ်မသေချာလှပါဘူး။

မကြာသေးတဲ့ နှစ်တွေအတွင်း ဥရောပသမဂ္ဂ စီးပွားရေးအခက်အခဲတွေကြံုတွေ့တုန်းက
အဆင်မပြေခဲ့တဲ့အတွက် နိုင်ငံစုံစီးပွားရေး ကူးလူးယှက်နွှယ်မှုဆိုတာက အထူးသဖြင့်
စီးပွားရေးပမာဏနဲ့ အလားအလာမှာ အဓိက ခြားနားချက်တွေရှိနေတဲ့ နေရာမျိုးအဖို့
အတော်ခဲယဉ်းမယ့်သဘောမှာ ရှိနေပါတယ်။

အာဆီယံမှာ ထင်သာမြင်သာတဲ့အချက်က စင်ကာပူရဲ့ ကလာ့ခ်ကွေးက မီးရောင်
တောက်တောက်ပပတွေနဲ့ ချင်းတောင်တန်းတွေပေါ်က အထီးကျန်ဆန်လှတဲ့ လူသွားလမ်းတွေ
အလှမ်းဝေးနေတာပါ။

ဒီလို ကြီးမားတဲ့ ကွဲပြားမှုတွေ၊ မတူညီမှုတွေရှိနေတဲ့ ဒေသတစ်ခုကို တွဲပြီးချည်နှောင်လိုက်တဲ့အခါ
အထစ်အငေါ့မရှိဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။

သို့ပေမဲ့ ဒေသတွင်းစီးပွားရေးပုံရိပ်ကို ကြည့်ပျော်ရှုပျော်ဖြစ်လာအောင် တွန်းတွန်းတိုက်တိုက်
အားထုတ်မှုတွေ ရှိလာပါလိမ့်မယ်။

အကျိုးအမြတ်အများစုအနေနဲ့ ထိပ်သီးပိုင်းတွေရဲ့ ဆက်ဆံရေးနဲ့ သူတို့ကို အကျိုးစီးပွားဖြစ်စေမယ့်
ကုန်သွယ်မှုနဲ့ ခရီးသွား အမျိုးအစားတွေ ပိုမိုလွယ်ကူလာစေပါလိမ့်မယ်။

ဒီပိုမိုကြီးမားတဲ့ အာဆီယံနိုင်ငံချင်း ချိတ်ဆက်မှုကနေ သာမန်လုပ်သားတွေ စီးပွားရေး
လုပ်ငန်းရှင်တွေ အကျိုးအမြတ် ခံစားခွင့်ရနိုင်စေမယ့် မူဝါဒတွေကိုပါ ချမှတ် သွားနိုင်မလား
ဆိုတာကတော့ အချိန်က အဖြေပေးပါလိမ့်မယ်။

ရှိလာနိုင်တဲ့ ကောင်းကွက်တွေထဲမှာ ဒေသတွင်းရွှေ့ပြောင်း လုပ်ကိုင်မှုဆိုင်ရာ စည်းမျဉ်းတွေမှာ
ဖြေလျှော့မှု ရှိနိုင်တဲ့အချက်က အရေးအကြီးဆုံးဖြစ်ပါတယ်။

ထိုင်း၊ မလေးရှားနဲ့ စင်ကာပူတို့မှာတင် မြန်မာနိုင်ငံသားဦးရေ သန်းနဲ့ချီ ရှိနေတဲ့အတွက် မြန်မာနိုင်ငံ
အပြင်ဘက်ကို လူဦးရေအတော်များများ ရောက်ရှိနေပြီးသား နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အပယ်ခံအဖြစ် ပိုမို ချမ်းသာတဲ့၊ တစ်ခါတစ်ရံ ဒီမိုကရေစီပိုမို ထွန်းကားတဲ့
အိမ်နီးချင်းနိုင်ငံတွေက ကာလ ရှည်ကြာဝေဖန်ခဲ့ကြပေမယ့် မကြာသေးမီက ရွေးကောက်ပွဲဟာ
ဒေသတွင်းကူးလူးဆက်ဆံရေးကို ပြောင်းလဲစေဖို့ ကတိတစ်ခုဖြစ်လာခဲ့ပါပြီ။

အစဆုံးအနေနဲ့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ သမိုင်းအဆက်အဆက် မကျေမလည်
ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်။

အကွေ့အကောက်များတဲ့ နယ်နိမိတ်ထိစပ်မှုရှိပြီး တိုက်ပွဲတွေ ရံဖန်ရံခါဖြစ်တတ်တဲ့
အစဉ်အလာလည်း ရှိနေပါတယ်။

ဒုတိယကမ္ဘာ စစ်ကစတင်ပြီး ပဋိပက္ခအများစုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ
ပါ၀င်ပတ်သက်လာခဲ့သလို မြန်မာနိုင်ငံရဲ့ အမျိုးသားရေးဝါဒီတချို့က ဒီသူပုန်နယ်မြေကို
ထိုင်းက ထောက်ပံ့နေတယ်လို့ ရှုတ်ချမှုတွေ အစဉ်တစိုက် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်မှာတော့ ဆယ်စုနှစ်နဲ့ ချီပြီး အထစ်အငေါ့ မရှိလုနီးပါး စီးပွားရေး
ဖွ့ံဖြိုးတိုးတက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ကွာခြားချက်က ထင်သာမြင်သာလွန်းခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါ မြန်မာနိုင်ငံဟာ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ ယှဉ်လိုက်ရင် ဒီမိုကရေစီအရေးကို
အများကြီးပိုမိုလက်ခံနိုင်တဲ့ အသွင်ကိုဆောင်တဲ့ နိုင်ငံရေးအနေအထားမှာရှိလို့
အခွင့်အလမ်းသာနေပါပြီ။

ဒီ့အတွက် မြန်မာဟာ ဆယ်စုနှစ်များစွာတိုင် အာဏာရှင်လူတစ်စုက ချုပ်ကိုင်ထားတဲ့
အာဆီယံနိုင်ငံအများစုကြား ထိုးထွက် ရပ်တည်နေပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပလေ့ရှိတဲ့ စင်ကာပူ၊ မလေးရှားနဲ့ ကမ္ဘောဒီးယားလို နေရာတွေမှာတောင်
အတိုက်အခံတွေဆီ အာဏာလွှဲပြောင်းပေးတဲ့ အစဉ်အလာ မရှိခဲ့ပါဘူး။

တချို့ကိစ္စတွေမှာဆိုရင် အတိုက်အခံလှုပ်ရှားမှုတွေကို လုံးဝလက်မခံ သလောက်ပါပဲ။

ဗီယက်နမ်၊ လာအိုနဲ့ ဘရူနိုင်းတို့မှာဆိုရင်လည်း အယူအဆဟောင်းတွေဟာ မျိုးဆက်တစ်ခု
ကြာအောင် အရိုးစွဲလာခဲ့လို့ ကွဲထွက်သူတွေအတွက် နေရာခပ်ကျဉ်းကျဉ်းသာ ရှိပါတယ်။

သို့ပေမဲ့ အရင်နိုင်ငံရေးနည်းနာတွေက အနာဂတ်အတွက် အမြဲအသုံးမဝင်တဲ့အကြောင်း
မြန်မာနိုင်ငံရဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲက သက်သေပြလိုက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမြင့်ဆုံးအာဏာကို ရရှိခဲ့ပြီဖြစ်သလို
စစ်တပ်ခေါင်းဆောင်ပိုင်းကလည်း ပြည်သူလူထုရဲ့ဆန္ဒကိုလေးစား သင့်တယ်ဆိုတာကို
လက်ခံကြောင်း ပြသခဲ့ပါတယ်။

ဒီနေရာမှာ ကမောက်ကမ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။

ဒါပေမဲ့ အာဆီယံတွင်းက တခြားရှေးရိုးစွဲ ထိပ်သီးပိုင်းအသီးသီးကတော့ မိမိတို့
အနာဂတ်အကြောင်း တွေးဖြစ်လာပါလိမ့်မယ်။

အသစ်စက်စက် ဒီမိုကရေစီအစိုးရနဲ့အတူ ကျန်တဲ့ တစ်ကမ္ဘာလုံးရဲ့ ထောက်ခံမှုကို ရရှိထားတဲ့
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ စံနှုန်းတွေထွန်းကားရာ ဒေသတွင်းမှာ
လောလောလတ်လတ် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

အဲဒီစံနှုန်းတွေဟာ အမှန်တကယ် ပြောင်းလဲမှုကို စိတ်ဝင်စားမှုနည်းပါးတဲ့ အာဆီယံဒေသအများစု
အတွက်တော့ အဓိပ္ပာယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သာ အဲဒီအာဏာကို ခွဲဝေရယူနိုင်ရင် အဲဒီပုံသေနည်းဟာ
ပြောင်းလဲနိုင်စရာရှိပါတယ်။

ဒေသတွင်းဆွေးနွေးပွဲတွေမှာ အင်န်အယ်လ်ဒီ အခိုင်အမာနေရာရရှိတဲ့အခါ တခြားအာဆီယံ
ထိပ်သီးတွေအဖို့ အယူအဆ ကွဲထွက်သူတွေအပေါ် မိမိတို့က မာမာထန်ထန် ဆက်ဆံခဲ့မိတာတွေ
အကြောင်း အမှတ်ရစရာဖြစ်လာပါလိမ့်မယ်။

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံရဲ့အနေအထားဟာလည်း အရှေ့တောင်အာရှဒေသတွင်းကို ရိုက်ခတ်မှု
ရှိနိုင်ပါသေးတယ်။

ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲဟာ ဒေသတွင်းကအဖိနှိပ်ခံ နိုင်ငံရေးသမား
တွေကို လွှမ်းမိုးလာနိုင်ပါတယ်။

ဘယ်နိုင်ငံမှာမဆို အယူအဆခွဲထွက်သူတွေ ရှိနေမှာပါပဲ။

လက်ရှိအချိန်မှာတော့ အာဆီယံမှာ အင်န်အယ်လ်ဒီနဲ့ သဘာဝအရ မဟာမိတ်တွေအဖြစ်
ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားရှိနေပါတယ်။

ဒါပေမဲ့ စင်ကာပူကလည်း အယူအဆတွေ ငြင်းခုံမှုတွေကို တံခါးဖွင့်ထားကြောင်း ကြော်ငြာဖို့
စိတ်အားထက်သန်နေတဲ့အတွက် ဒီအုပ်စုဟာ ကြီးထွားလာနိုင်ပါတယ်။

ဖြစ်နိုင်ခြေအနေနဲ့ အဆုံးမှာ ခေတ်ဟောင်း အာဏာရှင်စနစ်ကိုကျင့်သုံးတဲ့ ထိုင်း၊ လာအိုနဲ့
ဗီယက်နမ်တို့သာ ကျန်ခဲ့မှာဖြစ်လို့ ဒီနိုင်ငံတွေဟာ လူဦးရေ သန်း ၄၀၀ ကျော်တဲ့ ကျန်တဲ့
ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွေကြားမှာ လက်ရှိအခြေအနေအတိုင်း ခိုင်မြဲဖို့
နည်းလမ်းရှာရတော့မှာပါ။

ဒီမိုကရေစီထွန်းကားတဲ့ မြန်မာနိုင်ငံဆိုတာက အခုအချိန်မှာ အယူအဆသက်သက်ပဲ
ရှိနေသေးသလို ရှေးရိုးစွဲဒီနိုင်ငံအုပ်စုအနေနဲ့ ဒေသတစ်ခုလုံးပြောင်းလဲဖို့ဆိုတဲ့ အမြင့်ဆုံး
မျှော်လင့်ချက်တွေကို ချိုးဖျက်ပြီး မူလ အခြေအနေအတိုင်း ပြန်ရောက်သွားနိုင်စရာလည်း
ရှိနေပါသေးတယ်။

ဒါပေမဲ့ စိတ်ရှည်သည်းခံတတ်တဲ့အကောင်း မြင်တတ်သူတွေအဖို့ နောက်ဆုံးမှာ ကြွယ်ဝချမ်းသာမှု
ရရှိလာနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေက ပြသလိုက်ပြီဖြစ်ပါတယ်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။

(နီကိုလပ်စ်ဖာရယ်လီသည် ဩစတြေးလျ အမျိုးသားတက္ကသိုလ်ရှိ မြန်မာသုတေသနဌာန၏
အမှုဆောင်အရာရှိတစ်ဦးဖြစ်သည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021