အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် မဟာဗျူဟာမြောက် ထွက်ပေါက်နဲ့ ပတ်သက်ပြီးအခန်းဆက်ဆောင်းပါးကို အခုလိုတင်ပြဆွေးနွေးထားပါတယ်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် မဟာဗျူဟာမြောက် ထွက်ပေါက်နဲ့ ပတ်သက်ပြီး
အခန်းဆက်ဆောင်းပါးကို အခုလိုတင်ပြဆွေးနွေးထားပါတယ်။
အစွန်းမရောက်ကြဖို့ ဘာကြောင့် အရေးကြီးရသလဲ ကမ္ဘာ့နိုင်ငံတွေမှာ အာဏာရှင်စနစ်တွေဟာ
ဘယ်လိုရှင်သန်ခဲ့ကြသလဲ၊ ဘယ်လိုကျရှုံး ကုန်ကြသလဲ။
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် တွေက ဘယ်လိုကြံ့ကြံ့ခံနိုင်ခဲ့ကြသလဲ၊ ဘယ်လိုပြိုလဲသွားခဲ့ရသလဲ။
အသွင် ကူးပြောင်းရေးတွေ ဘယ်လိုအောင်မြင် ဖြစ်ထွန်းခဲ့ကြသလဲ၊ ဘယ်လိုသွေဖည်ပြီး
လမ်းကြောင်းလွဲသွားခဲ့ကြသလဲ။
အေးအေး ဆေးဆေး အချိန်ပေးပြီး လေ့လာကြမယ်ဆိုရင် စိတ်ဝင်စားစရာလည်း
ကောင်းပါတယ်။
သင်ခန်းစာယူစရာ၊ သံဝေဂရစရာ၊ အတုယူစရာ၊ အားကျစရာတွေကလည်း အများကြီးပါ။
စိတ်ထဲမှာ နောက်ထပ် သိချင်တာကလေးတွေ ရှိတယ်ဆိုရင်တောင် မချင့်မရဲဖြစ်နေစရာ
မလိုတော့ပါဘူး။
နည်းနည်းကလေး ကြိုးစားရှာဖွေလိုက်ရင် အားကိုးအားထားပြုနိုင်တဲ့ အချက်အလက်
အထောက်အထားတွေနဲ့ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ရနိုင်ဖို့ မခဲယဉ်းတော့ပါဘူး။
အပတ်တကုတ် သုတေသနပြု ကြိုးပမ်း အားထုတ်နေကြတဲ့ ပညာရှင်တွေနဲ့ သတင်း အချက်အလက်ခေတ်ကြီးကိုပဲ ကျေးဇူးတင် နေမိပါတယ်။
အထက်က မေးခွန်းကလေးတွေကို ဆွေးနွေးတင်ပြဖို့အတွက် စဉ်းစားတဲ့အခါ မှာ ကျွန်တော်
တို့လို အပြင်လူတွေအတွက် ကတော့ ရှင်းလင်းလွယ်ကူတဲ့ ချဉ်းကပ်နည်း ကိုပဲ ရွေးချယ်လိုကြ
ပါတယ်။
နိုင်ငံရေး ပြဿနာတွေ ဘယ်လိုဖြစ်လာသလဲ။
ပြီးတော့ နိုင်ငံရေးအကျပ်အတည်းအဖြစ် ဘယ်လိုရောက်သွားခဲ့သလဲ။
နိုင်ငံရေး အကျပ်အတည်းကနေ လွတ်မြောက်ပြီး လူထု အောင်ပွဲ ဘယ်လိုဖြစ်လာခဲ့ကြသလဲ။
နိုင်ငံ ရေး အကျပ်အတည်းကနေ ထွက်ပေါက်ရှာ မရဘဲ ဘယ်လိုချာလပတ်လည် ယမ်းသွားခဲ့ရ
သလဲ။
ဒါတွေအားလုံးရဲ့ လက်သည်အရင်းခံ အကြောင်းတရားက နှစ်ခုပဲရှိပါတယ်။
တစ်ခုက အရေးကြီးတဲ့ နိုင်ငံရေးဇာတ်ကောင် တွေ ဖြစ်ပါတယ်။
နောက်တစ်ခုက သူတို့ နောက်ကွယ်မှာရှိနေတဲ့ နိုင်ငံရေးအရင်း အမြစ်တွေ ဖြစ်ပါတယ်။
ဒီနှစ်ခုကြောင့် ပဲ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ကြီးဟာ ရှင်သန်မှု၊ သို့မဟုတ် ကျရှုံး မှု၊
ကြံ့ကြံ့ခံနိုင်မှု၊ သို့မဟုတ် ပြိုလဲမှု၊ အောင်မြင်ဖြစ်ထွန်းမှု၊ သို့မဟုတ် သွေဖည်မှု တွေ ဖြစ်ခဲ့ရတာပါ။
အရေးကြီးဇာတ်ကောင်ဆိုတဲ့နေရာမှာ လူပုဂ္ဂိုလ်တွေဖြစ်နိုင်သလို အဖွဲ့အစည်းတွေ လည်း
ဖြစ်နိုင်ပါတယ်။
ဒီမိုကရေစီနိုင်ငံ တွေမှာ အရေးကြီးတဲ့ ဇာတ်ကောင်တွေက သမ္မတတွေ၊ အင်အားကြီးမားတဲ့
နိုင်ငံရေး ပါတီတွေနဲ့ လူထုအပေါ် လွှမ်းမိုးမှုရှိတဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ လှုပ်ရှားမှုတွေ
ဖြစ်ပါတယ်။
တချို့ကိစ္စတွေမှာ တပ်မတော်၊ အခြားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊
အစိုးရ မဟုတ် သော အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂ များနဲ့ စီးပွားရေးအသင်း အဖွဲ့များ
လည်း နိုင်ငံရေး ဇာတ်ကောင် ဖြစ်လာနိုင်ပါတယ်။
အာဏာရှင် အုပ်ချုပ်ရေးစနစ်မှာတော့ နိုင်ငံရေးဇာတ်ကောင်တွေက အစိုးရအဖွဲ့ ခေါင်းဆောင်၊
သို့မဟုတ် လွှမ်းခြံုကြီးစိုးမှုရှိ သော ပါတီဥက္ကဋ္ဌ၊ အဓိက အတိုက်အခံပါတီ (ရှိခဲ့လျှင်)နှင့်
တပ်မတော်ဖြစ်ပါတယ်။
နိုင်ငံရေးဇာတ်ကောင်တွေမှာ မတူညီတဲ့ နိုင်ငံရေးအရင်းအမြစ်တွေ ရှိနေကြပါတယ်။
နိုင်ငံရေးအရင်းအမြစ်ဆိုတာ လူသား စွမ်းရည်၊ စည်းလုံးညီညွတ်မှုစွမ်းရည်၊ ရုပ်ဝတ္ထု ပစ္စည်း၊
အင်စတီကျူးရှင်းနဲ့သက်ဆိုင်တဲ့ အခွင့်သာမှုနဲ့ လူထုရဲ့ ယုံကြည်စိတ်ချမှု အစ ရှိတဲ့ အဖိုးတန်
အရည်အချင်းတွေ ပါ၀င်ကြပါတယ်။
ဒီအရည်အချင်းတွေဟာ အာဏာရရှိ ရေးအတွက် ယှဉ်ပြိုင်ရာမှာ နိုးကြားတက်ကြွ စွာ ပါ၀င်လာ
နိုင်ပါတယ်။
နိုင်ငံရေး အရင်း အမြစ်တွေကို စုစည်းကျစ်လျစ်စွာ စုဖွဲ့ထား ခြင်း ရှိနိုင်သလို တစ်ပြည်လုံးအပျံ့
အနှံ့ ဖြန့်ကြက်ပြီးတော့လည်း ထားနိုင်ပါတယ်။
အစိုးရတစ်ရပ်အတွက်ဆိုရင် တပ်မတော်နဲ့ အစိုးရဌာနဆိုင်ရာများရဲ့ စွမ်းရည်ဟာ အလွန် တန်ဖိုး
ရှိတဲ့ အရင်းအမြစ်တွေပါပဲ။
အုပ်ချုပ်ရေးစနစ်တစ်ခုဟာ ဆက်လက် တည်တံ့ခိုင်မြဲနေမလား၊ သို့မဟုတ် ကျရှုံး တော့မလား၊
နိုင်ငံရေးအကျပ်အတည်းတစ်ခု ဟာ ခြိမ်းခြောက်မှုတွေက လွတ်မြောက်ပြီး အကျိုးကျေးဇူးဖြစ်လာ
စေမလား၊ ထွက်ပေါက် ရှာမရဘဲ ချောင်ပိတ်မိနေတော့မလားဆို တာ ပြောင်းလဲနိုင်တဲ့ အခြေ
အနေသုံးရပ်အပေါ်မှာ တည်တယ်လို့ လက်တင်အမေရိက နိုင်ငံပေါင်းနှစ်ဆယ်ရဲ့ အသွင်ကူး
ပြောင်းမှုတွေကို သုတေသနပြုခဲ့တဲ့ ပညာရှင် စကော့ မိန်းဝါးရင်းက ဆိုထားပါတယ်။
သူပြောတဲ့ ပြောင်းလဲနိုင်သော အခြေအနေသုံးရပ်ဆိုတာ ကတော့ (၁) နိုင်ငံရေးဇာတ်ကောင်
တွေဟာ အစွန်းမရောက်သောနိုင်ငံရေးကိုပဲ ဦးစား ပေးသလား၊ အစွန်းရောက် နိုင်ငံရေးကို ဦးစား
ပေးနေသလား။
(၂)နိုင်ငံရေး ဇာတ်ကောင်တွေမှာ ဒီမိုကရေစီဦးစားပေးတဲ့ စံနှုန်း ရှိသလား၊အာဏာရှင်စနစ်ကို
ဦးစား ပေးတဲ့ စံနှုန်းရှိသလား။
(၃) ဒေသတွင်း နိုင်ငံရေးပတ်ဝန်းကျင်ဟာ ယှဉ်ပြိုင်မှု ရှိသော အုပ်ချုပ်ရေးစနစ်၊ သို့မဟုတ်
အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ဘယ်လိုအထောက်အကူ ပြုနိုင်သလဲဟူ၍ ဖြစ်ပါတယ်။
အစွန်းရောက်နိုင်ငံရေးဦးစားပေးမှုဆိုတာကို အရင်ရှင်းလင်းတင်ပြသွားပါမယ်။
အစွန်းရောက်တယ်ဆိုတာ နိုင်ငံရေးရောင်စဉ် တစ်နံတစ်လျားမှာ လက်ဝဲဘက်သို့ဖြစ်စေ
လက်ယာဘက်သို့ဖြစ်စေ အဆောတလျင် ရရှိရန် လိုလားခြင်းကို ခေါ်ပါတယ်။
မူလ အတိုင်း ရှိနေတဲ့အခြေအနေကို လက်မခံနိုင် ကြဘဲ ကာလတို၊ သို့မဟုတ် မကြာလွန်းသော
ကာလအတွင်းမှာ မိမိတို့လိုလားချက်အတိုင်း ရရှိလိုခြင်း ဖြစ်ပါတယ်။
ဒီလို အစွန်း ရောက် ဦးစားပေးမှုရှိသူတွေမှာ စရိုက် လက္ခဏာနှစ်မျိုး ရှိပါတယ်။
တစ်မျိုးက သူတို့ရဲ့ ဦးစားပေးမှုဟာ နိုင်ငံရေးရောင်စဉ်ရဲ့ အစွန်းတစ်ဖက်ဖြစ်နေတာကြောင့်
သူတို့ ရဲ့ ဦးစားပေးမှုကို လက်ခံလိုက်ရင် အခြား ဇာတ်ကောင်တွေအပေါ်မှာ အလွန်ကြီးမားတဲ့
ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တယ်။
နောက် တစ်မျိုးကတော့ သူတို့ရဲ့ဦးစားပေးမှုက သိပ် ပြင်းထန်နေတော့ ဇာတ်ကောင်တွေဟာ
အလျှော့အတင်းလုပ်လို့ မရတော့ဘဲ မလိုက် လျောနိုင်တဲ့ အခြေအနေဆီကို ရောက်ကုန်ကြ
ရတယ်။
နောက်ပြီး သူတို့ဟာ ရေရှည် လုပ်ရမယ့် နိုင်ငံရေးပန်းတိုင် ခရီးလမ်းကိုပင် မစောင့်စားနိုင်
လောက်အောင် ဆန္ဒစောနေ ကြတယ်။
အစွန်းရောက်တယ်လို့ ကျွန်တော် တို့ ပြောနေကြတာဟာ ဘယ်ဘက်သို့သော် လည်းကောင်း
ညာဘက်သို့သော်လည်း ကောင်း အလွန်အကျွံ ထိပ်စွန်းကလေးအထိ ရောက်သွားမှ ခေါ်ရတာ
မဟုတ်ပါဘူး။
အခြား ဇာတ်ကောင်တွေရဲ့ နိုင်ငံရေး ဦးစားပေးမှုတွေ ကနေ အတော်အသင့်ဝေးကွာသွားပြီး
ဆန့်ကျင်ဘက်သဘော ဖန်တီးလာရင်လည်း အစွန်းရောက်တယ်လို့ ခေါ်နိုင်ကြပါတယ်။
ဒါကြောင့် သူတို့ရောက်ရှိနေတဲ့နေရာကြောင့် အစွန်းရောက်တယ်လို့ ခေါ်တာမဟုတ်ပါဘူး။
သူတို့ရဲ့ ခေါင်းမာမှုနဲ့ အလော သုံးဆယ်ဖြစ်မှုက အဓိကပါ။
ဒီမိုကရေစီ၊ သို့မဟုတ် အာဏာရှင်ဦးစား ပေးတဲ့ စံနှုန်းဆိုတာကတော့ နိုင်ငံရေး ဇာတ်ကောင်
တွေဟာ သူတို့ဦးစားပေးတဲ့ အုပ်ချုပ်ရေးစနစ်ကို ရရှိအောင်လုပ်ဖို့ ဒါမှမဟုတ် ကာကွယ်ဖို့အတွက်
နိုင်ငံရေးအဖိုး အခတွေ ပေးဆပ်ဖို့ဆန္ဒရှိနေခြင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။
ဇာတ်ကောင် ရဲ့ ပင်ကိုစိတ်ထဲမှာကိုက အကောင်းဆုံး ဖြစ်နိုင်မယ်ထင်တဲ့ နိုင်ငံရေးအုပ်ချုပ်မှု စနစ်
တစ်ခု ရှိပြီးသားပါ။
သာဓကအနေနဲ့ ပြောရ မယ်ဆိုရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ တစ်ခုမှာ ရှုံးနိမ့်သွားတဲ့ကိုယ်
စားလှယ် လောင်းများက အနိုင်ရတဲ့ ပြိုင်ဘက်များ ကို ၀မ်းမြောက်ကြောင်း ချီးကျူးစကားပြောကြား
ခြင်းဟာ သူတို့ရဲ့စိတ်ထဲမှာ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံသဘောထားတွေကို လက်ခံ ကြောင်း
အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။
အလားတူပါပဲ မနိုင်လည်း နိုင်ရမယ်၊ နိုင် လည်း နိုင်ရမယ်လို့ ကြွေးကြော်ခြင်း၊ တိတ်တိတ်ပုန်း
တရားမဝင်နည်းလမ်းတွေ အသုံးပြုပြီး မဲအနိုင်ရအောင် လုပ်ခြင်းတို့ဟာ မဲဆန္ဒရှင်တွေရဲ့
သဘောထားကို တန်ဖိုး မထားတဲ့ အာဏာရှင်ဦးစားပေးတဲ့ စံနှုန်းကို ဖွင့်ဟဝန်ခံခြင်းပဲ ဖြစ်ပါ
တယ်။
အစွန်းရောက်နိုင်ငံရေးဦးစားပေးမှု ရှိ တော့ ဘာဖြစ်နိုင်သလဲ။
စောစောက ကျွန်တော်တင်ပြခဲ့သလိုပါပဲ။
အစွန်းရောက်မှု ဟာ မူလအခြေအနေကို လက်မခံဘူး၊ လိုချင် တဲ့ အခြေအနေတစ်ရပ်ကို ခေါင်း
မာစွာနဲ့ ချက်ချင်းပဲရချင်တယ်။
အလျှော့အတင်းလုပ် လို့ သိပ်မရဘူး။
အဆုံးစွန် အခြေအနေမှာ တော့ သူ့ရဲ့နိုင်ငံရေး ဦးစားပေးမှု မရရအောင် အကြမ်းနည်းသုံးတော့
တာပါပဲ။
အစွန်းရောက် နိုင်ငံရေးဦးစားပေးမှုဆိုတာ ဆန့်ကျင်ဘက် ဇာတ်ကောင်မှာချည်းပဲ ရှိနိုင် တာ
မဟုတ်ပါဘူး။
အစိုးရကိုယ်၌ကလည်း ဆန့်ကျင်ဘက်နဲ့ ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ လက်ဝဲ၊ သို့မဟုတ် လက်ယာ
ဘက်သို့ တိုတောင်း သောကာလအတွင်းမှာ ရွှေ့ပြောင်းသွားခဲ့ ရင် အစွန်းရောက်တာပါပဲ။
ပွင့်လင်းစွာ အချေ အတင်ပြောဆိုမှုတွေ၊ ပြည်သူလူထုရဲ့ သဘောထားတွေ နားမထောင်တော့ဘဲ
အစိုးရတစ်ရပ်ဟာ အငြင်းပွားဖွယ် မူဝါဒတွေ ကို ခေါင်းမာစွာ ခုခံကာကွယ်နေရင် အစွန်း
ရောက်ဝါဒ ၀င်နေပြီဖြစ်ကြောင်း အချက်ပြနေတာပါပဲ။
အစွန်းရောက်အစိုးရများဟာ သိသိသာသာ အစွန်းရောက်စေတဲ့မူဝါဒတွေ ကို ချမှတ်ဖို့ပဲ
အမြဲစိတ်တိမ်းညွတ်ခြင်း၊ သို့မဟုတ် လိုလားခြင်း ရှိကြပါတယ်။
ဒီမူဝါဒ တွေဟာ ရန်လိုတဲ့အုပ်စုတွေကို ဖန်တီးပေးတယ်။
မူဝါဒကို ခိုင်မာစွာ ထောက်ခံတဲ့အုပ်စုနဲ့ ပြင်းထန်စွာ ဆန့်ကျင်တဲ့အုပ်စုတွေ ဖြစ်ပါ တယ်။
အစွန်းရောက်တဲ့အစိုးရတွေ ချမှတ်ခဲ့ တဲ့ မူဝါဒတွေဟာ အဖိုးအခကြီးမားစွာ ကုန်ကျနိုင်ပါတယ်။
ဒါတွေကို ဝေဖန် ထောက်ပြတာကိုလည်း လက်မခံနိုင်ကြတာ က သူတို့ ကိုယ်ကျင့်သိက္ခာအား
နည်းချက် ရှိမှုကို ပေါ်လွင်စေပါတယ်။
ဒီမူဝါဒတွေဟာ တရားနည်းလမ်းကျပြီး တော်တည့်မှန်ကန်ကြောင်း ဇွတ်အတင်းသက်သေပြနိုင်ဖို့
ကြိုးပမ်းအားထုတ်တတ်ကြပါတယ်။
အစိုးရတွေမှာ အစွန်းရောက်နိုင်ငံရေး ဦးစားပေးမှု ရှိလာပြီဆိုရင် ယှဉ်ပြိုင်မှုပြုရတဲ့ အုပ်ချုပ်ရေး
စနစ် (ဒီမိုကရေစီစနစ်၊ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီစနစ်) အောက်မှာ သိသာထင်ရှား
စွာ ဆုပ်စူးစားရူး အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ရှိရင်းစွဲ အခြေအနေကို အမှန်တကယ်ပြောင်းလဲဖို့ ဆန္ဒမရှိဘဲ (ရှေးရိုးစွဲအစွန်းရောက်မှု) ဖြစ်ခဲ့ရင်၊
ယှဉ်ပြိုင်မှုပြုရတဲ့ အုပ်ချုပ်ရေးစနစ် အောက်မှာ သူတို့အလေးအမြတ်ထားတဲ့ မူဝါဒတွေကို မထိခိုက်စေနိုင်တဲ့အထိသာ နိုင်ငံရေးပန်းတိုင်တွေကို ချမှတ်နိုင်ပါတယ်။
ဒီထက်ပိုပြီး ရှေ့တိုးလို့ မရတော့ဘူး။
သာဓက အနေနဲ့ ပြောရမယ်ဆိုရင် ပြည်သူလူထုရဲ့ အသံကို နားထောင်တဲ့နေရာမှာ နားထောင်နိုင်
တာကိုပဲ နားထောင်ပြီး နားမထောင်နိုင်တာကိုတော့ နားပိတ် မျက်စိမှိတ်နေဖို့ ၀န်မလေးတော့ပါ
ဘူး။
ဒီလိုအခြေအနေ ဖြစ်လာပြီဆိုတာနဲ့ အစိုးရဟာ အငြင်းပွား ဖွယ်ဖြစ်တဲ့ မူဝါဒတွေကို ယှဉ်ပြိုင်မှုရှိ
တဲ့ လုပ်ငန်းစဉ် (လွှတ်တော်အစည်းအဝေး၊ သို့မဟုတ် အချေအတင်ဆွေးနွေးပွဲ)တွေမှာ သာလွန်
သောအခြေအနေ ဖန်တီးတင်သွင်း ပြီး ရင်ဆိုင်ချင် ရင်ဆိုင်နိုင်တယ်။
ဒါမှ မဟုတ် ဒီမူဝါဒတွေကို ဆွေးနွေးလို့ မရ အောင် ယှဉ်ပြိုင်မှုလုပ်ငန်းစဉ်ကို ကန့်သတ်ချင်ရင်
ကန့်သတ်လာနိုင်ပါတယ်။
ဒီလိုနည်း နဲ့ ဒီမိုကရေစီဟာ လှိုက်စားခြင်းခံရတော့ တာပါပဲ။
ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ၊ ပါတီ တွေမှာ ဒီလိုပဲ အစွန်းရောက် နိုင်ငံရေး ဦးစားပေးမှုရှိခဲ့ရင်
အလားတူ ဒီမိုကရေစီ လျော့ပါးစေတဲ့ အလားအလာ ဖြစ်စေတာ ပါပဲ။
အစွန်းရောက်ဆန့်ကျင်ဘက် အဖွဲ့တွေဟာ အင်အားကြီးမားတဲ့ နိုင်ငံရေး ဇာတ်ကောင်တချို့ရဲ့
အကျိုးစီးပွားတွေကို အလေးထားခြိမ်းခြောက်မှုတွေ လုပ်နိုင်ပါ တယ်။
ဒီလိုလုပ်ရပ်တွေဟာ အစိုးရတွေရဲ့ အုပ်ချုပ်ရေးစနစ်ရေရှည်တည်တံ့ နိုင်ဖို့ အတွက် ချမှတ်ထားတဲ့
အစီအစဉ်တွေ၊ တွက်ချက်မှုတွေကို ထိခိုက်သွားစေနိုင်ပါ တယ်။
နောက်ပြီး သူတို့နေရာဌာနတွေမှာ အခိုင်အမာ ခြေကုပ်ယူထားကြတဲ့ ဇာတ်ကောင်တွေကလည်း
သူတို့ရဲ့ အကျိုး စီးပွားကို ကာကွယ်ဖို့အတွက် ယှဉ်ပြိုင်မှုရှိ တဲ့ အုပ်ချုပ်ရေးစနစ်ထဲ ၀င်ပူးပြီး
အစွန်း ရောက်ခေါင်းဆောင်တွေကို လက်ဦးမှုယူ ဟန့်တားသွားကြမှာ ဖြစ်ပါတယ်။
သာဓကအနေနဲ့ ၁၉၆၄ ခုနှစ်တွင် ဘရာဇီးလ်၊ ၁၉၇၃ ခုနှစ်တွင် ချီလီ၊ ဥရုဂွေး၊ ၁၉၇၆ ခုနှစ်တွင်
အာဂျင်တီးနားနဲ့ ၁၉၉၂ ခုနှစ်တွင် ပီရူးနိုင်ငံတို့ရဲ့ ဖြစ်စဉ်များကို ထောက်ပြလိုပါတယ်။
၁၉၆၀ ပြည့်လွန်နဲ့ ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ လက်တင်အမေရိကနိုင်ငံတွေမှာ ချီဂွေဗားရားကဲ့
သို့ လက်ဝဲအစွန်းရောက် တော်လှန်ရေးသမားအုပ်စုတွေ ပေါ်ပေါက် ခဲ့တာ စာဖတ်သူအများအပြား
သိထားကြပြီး ဖြစ်ပါတယ်။
ဒီအစွန်းရောက်တွေရဲ့ တွန်းပို့မှု ကြောင့် အထက်ပါနိုင်ငံတွေမှာ လက်ယာဘက်က လူတွေရဲ့
အင်အားကြီးမားတဲ့ တန်ပြန်တွန်းလှန်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီမိုကရေစီ၊ သို့မဟုတ် တစ်စိတ်
တစ်ပိုင်းဒီမိုကရေစီဖြစ်တဲ့ ယှဉ်ပြိုင်မှုရှိတဲ့ အုပ်ချုပ်ရေးစနစ်တွေ ပြိုလဲသွားခဲ့ရတယ်။
အာဏာရှင်အုပ်ချုပ်ရေး စနစ်၊ သို့မဟုတ် ဒီမိုကရေစီမဟုတ်သော အုပ်ချုပ်ရေးစနစ်တစ်ခုဆီသို့
ကာလတာ တစ်ခုစီ ပြောင်းလဲသွားခဲ့ကြရတာ အားလုံး သတိပြုမိကြမှာပါ။
ဒါကြောင့် နိုင်ငံရေးအစွန်းရောက်မှုဟာ အစိုးရများဘက်ကဖြစ်စေ၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းများ
က ဖြစ်စေ စတင်ပေါ်ထွက် လာခဲ့ပြီဆိုရင် နိုင်ငံရေးရောင်စဉ်ရဲ့ အခြား အစွန်းတစ်ဖက်စီကလည်း
အလားတူ တုံ့ပြန်မှုတွေကို ပေါက်ဖွားလာစေနိုင် ပါတယ်။
ဒီလိုအခြေအနေတွေမှာ နိုင်ငံရေး ယှဉ်ပြိုင်မှုရှိသော အုပ်ချုပ် မှုစနစ်ကို တည်ငြိမ်ငြိမ်အောင်ထိန်း
သိမ်းထားဖို့က သိပ်ခက်သွားပါပြီ။
နိုင်ငံရေးအကျပ်အတည်းတွေ အကြီး အကျယ်ဖြစ်လာပါပြီ။
ယှဉ်ပြိုင်မှုရှိတဲ့ အုပ်ချုပ် ရေးစနစ်ပြိုလဲသွားမယ်ဆိုရင် ဒီမိုကရေစီ မဟုတ်တဲ့ အုပ်ချုပ်ရေးစနစ်
တစ်မျိုးမျိုးပဲ ၀င်ရောက်လာတော့မှာပါ။
ဒီအချိန်မှာ ဉာဏ်ပညာအမြော်အမြင်ရှိတဲ့ နိုင်ငံရေးဇာတ်ကောင်တွေက လက်ရှိယှဉ်ပြိုင်မှုရှိတဲ့
အုပ်ချုပ်ရေးစနစ်ကိုတော့ အဆုံးအရှုံးခံလို့ မဖြစ်ဘူးလို့ သဘောထားကြမယ်ဆိုရင် သူတို့ ဟာ
ဒီနိုင်ငံရေးအကျပ်အတည်းက ထွက်ပေါက် ရှာကြရပါလိမ့်မယ်။
ဒီလိုထွက်ပေါက်ရှာတဲ့ အခါ အစိုးရဘက်ကရော၊ ဆန့်ကျင်ဘက်ကရော နိုင်ငံရေးဇာတ်ကောင်တွေ
အားလုံးဟာ အစွန်းမရောက်သွားကြဖို့ သိပ်အရေးကြီးပါတယ်။
သိပ်ခေါင်းမမာဖို့ သိပ်အလော သုံးဆယ်မဖြစ်ဖို့နဲ့ လူ့အဖွဲ့အစည်းတစ်ရပ် လုံးရဲ့ ဒီမိုကရေစီရေချိန်
ကို ကြည့်ပြီး ဆုံးဖြတ် နိုင်ကြဖို့ အရေးကြီးပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း လမ်းခုလတ်ရောက် နိုင်ငံတွေအပေါ် မှာ အစွန်း
ရောက်ဝါဒရဲ့ အကျိုးသက်ရောက် မှုက ဘယ်လိုရှိမလဲလို့ ကျွန်တော်ရှာဖွေကြည့် ပါသေးတယ်။
ရှေ့ဖြစ်နောက်ဖြစ် ခိုင်မာတဲ့ သီအိုရီသဘောတရားတွေနဲ့ ရှင်းပြထားတာ ကျွန်တော်တော့
မတွေ့မိသေးပါဘူး။
ဒါပေမဲ့ တွေ့ရှိထားတာတစ်ခုကတော့ အစွန်းရောက် တဲ့ ဆန့်ကျင်မှုတွေဟာ အာဏာရှင်အုပ်ချုပ်
သူ တွေကို ကြောက်အားပိုစေတယ်၊ အလိုဆန္ဒ မလိုက်လျောနိုင်ဘဲ ဖြစ်စေတယ်၊ အာဏာ
လျော့ပေါ့ပေးဖို့၊ သို့မဟုတ် ထိန်းချုပ်မှုတွေက ပိုမိုလွတ်လပ်ခွင့်ပေးဖို့ မဝံ့မရဲဖြစ်စေပြီး
ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးကို ထိခိုက် စေတယ်။
အာဏာကို ပိုမိုရှည်ကြာစွာ ဆုပ်ကိုင်ထားဖို့ လိုလားစေတယ်။ ဖိနှိပ်မှု တွေ တိုးမြင့်လာပြီး ဒါဟာ
တရားမျှတ ကြောင်း ဖော်ပြဖို့အတွက် ဆန့်ကျင်ဘက်တွေ ရဲ့ ကြမ်းတမ်းတဲ့ ဆောင်ရွက်ချက်တွေ
ကို အပြစ်ပုံချ အကြောင်းပြလေ့ရှိတယ်လို့ ဆိုပါတယ်။
အခြားတစ်ဖက်က လှည့်ကြည့်ပြန် တော့ အစွန်းရောက်တဲ့ ဆန့်ကျင်မှုဟာ အာဏာရှင်စနစ်ကို
ထောက်ခံနေသူများကို အားနည်းစေပြီး အစိုးရများရဲ့ တရားဝင် တည်ရှိမှုကို ထိခိုက်စေတယ်။
ဆန့်ကျင်ဘက်က လူတွေကိုလည်း စုစည်းကျစ်လျစ်လာစေတယ်။
ဒီလိုအဆိုးနဲ့အကောင်း ဖာထေးနိုင်မှုကလေးတချို့ ရှိနေတာကလွဲလို့ အစွန်းရောက်ဝါဒရဲ့ အကျိုး
သက်ရောက်မှုဟာ ပြည်သူလူထုအတွက် ဘာမျှရေရေရာရာ တွေးဆလို့မရနိုင်ပါဘူး။
ဒါကြောင့် နိုင်ငံရေးဇာတ်ကောင်တွေ အစွန်းမရောက်ဖို့ အရေးဟာ နိုင်ငံရေးအကျပ်အတည်းက
ထွက်ပေါက်တစ်ခုအဖြစ် အရေးကြီးရပါကြောင်း တင်ပြလိုက်ရပါတယ်။

















